ဘာသာမတူ ရခိုင်မူကား
ဘာသာမတူ၊ ရခိုင်မူကား (ကျွန်တော်ရေးတာ မဟုတ်ပါ။ တင်ထားတဲ့စာကို တလုံးတလေမျှ မပြင်ပါ။) “တို့ဆီပြုဗ္ဗါ၊ အရှေ့မှာနှင့်၊ ဘာသာမတူ၊ ရခိုင်မူကား၊ လူလည်းတထွေ၊ မြေလည်းတခြား၊ ဖြားလည်းတက်သက်၊ ကြောက်မက်ချင်ဘွယ်၊ ပင်လယ်ချောင်းမြောင်း၊ မကြီးတောင်းတည့်” ဘာသာဆိုသည်မှာ ကိုးကွယ်ရာ ဘာသာမဟုတ်၊ စကားအပြောအဆို ဘာသာကိုပြောခြင်းဖြစ်ပြီး ဖြားလည်းတက်သက်ဆိုသည်မှာမူ ဒီရေအတက်အကျကိုပြောခြင်း ဖြစ်ပါသည်။ ဖြားရေဆိုသည်မှာ ရခိုင်အခေါ်ဖြစ်ပြီး ဒီရေကို ခေါ်ပါသည်။ ဒီရေအတက်အကျရှိသောကြောင့် အိမ်တွေရေမမြုပ်အောင် ရခိုင်အိမ်တွေသည် ခြေတံရှည်အိမ်တွေဆောက်လုပ်တတ်ကြသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွေမှာလည်း ရခိုင်အိမ်တွေလို ခြေတံရှည်အိမ်တွေကို တွေ့ရပါသည်။ အထက်ပါ ကဗျာမှာ အင်းဝခေတ် ရဟန်းစာဆိုရှင်မဟာရဋ္ဌသာရ၏ ရခိုင်ဒေသကို ဖွဲ့ဆိုထားသောကဗျာမှ အပိုဒ်တပိုဒ် ဖြစ်ပါသည်။ တောင်တန်းကြီးတွေကာဆီးပြီး၊ ပင်လယ်မြစ်ချောင်းတွေ ပတ်ရံထားသော တောင်နှင့်ပင်လယ်တို့၏ တဘက်မှ ရခိုင်ဒေသကား ဗမာပြည်မနှင့် ဝေးကွာလှမ်းသော သီးခြားဒေသတခု ဖြစ်ပါသည်။ ဤသို့ တသီးတခြား ဒေသတခုဖြစ်၍လည်း ရခိုင်ဘာသာစကားမှာ တခြားခေတ်ပေါ် ဝေါဟာရတွေ ရောယှက်ခြင်းသိပ်မရှိလှဘဲ ရှေးခေတ်အတိုင်း...