Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဘာသာမတူ ရခိုင်မူကား

ဘာသာမတူ၊ ရခိုင်မူကား
(ကျွန်တော်ရေးတာ မဟုတ်ပါ။ တင်ထားတဲ့စာကို တလုံးတလေမျှ မပြင်ပါ။) “တို့ဆီပြုဗ္ဗါ၊ အရှေ့မှာနှင့်၊ ဘာသာမတူ၊ ရခိုင်မူကား၊ လူလည်းတထွေ၊ မြေလည်းတခြား၊ ဖြားလည်းတက်သက်၊ ကြောက်မက်ချင်ဘွယ်၊ ပင်လယ်ချောင်းမြောင်း၊ မကြီးတောင်းတည့်” ဘာသာဆိုသည်မှာ ကိုးကွယ်ရာ ဘာသာမဟုတ်၊ စကားအပြောအဆို ဘာသာကိုပြောခြင်းဖြစ်ပြီး ဖြားလည်းတက်သက်ဆိုသည်မှာမူ ဒီရေအတက်အကျကိုပြောခြင်း ဖြစ်ပါသည်။ ဖြားရေဆိုသည်မှာ ရခိုင်အခေါ်ဖြစ်ပြီး ဒီရေကို ခေါ်ပါသည်။ ဒီရေအတက်အကျရှိသောကြောင့် အိမ်တွေရေမမြုပ်အောင် ရခိုင်အိမ်တွေသည် ခြေတံရှည်အိမ်တွေဆောက်လုပ်တတ်ကြသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွေမှာလည်း ရခိုင်အိမ်တွေလို ခြေတံရှည်အိမ်တွေကို တွေ့ရပါသည်။ အထက်ပါ ကဗျာမှာ အင်းဝခေတ် ရဟန်းစာဆိုရှင်မဟာရဋ္ဌသာရ၏ ရခိုင်ဒေသကို ဖွဲ့ဆိုထားသောကဗျာမှ အပိုဒ်တပိုဒ် ဖြစ်ပါသည်။ တောင်တန်းကြီးတွေကာဆီးပြီး၊ ပင်လယ်မြစ်ချောင်းတွေ ပတ်ရံထားသော တောင်နှင့်ပင်လယ်တို့၏ တဘက်မှ ရခိုင်ဒေသကား ဗမာပြည်မနှင့် ဝေးကွာလှမ်းသော သီးခြားဒေသတခု ဖြစ်ပါသည်။ ဤသို့ တသီးတခြား ဒေသတခုဖြစ်၍လည်း ရခိုင်ဘာသာစကားမှာ တခြားခေတ်ပေါ် ဝေါဟာရတွေ ရောယှက်ခြင်းသိပ်မရှိလှဘဲ ရှေးခေတ်အတိုင်း ပြောဆိုခေါ်ဝေါ်နေကြသည်ကို တွေ့ရှိရပါသည်။ ရခိုင်ရှေးလူကြီးသူမတွေမှာ ရခိုင်ကို ရခိုင်ပြည်နယ်ဟုလည်း မသုံး၊ ‘ရခိုင်ပြည်’ဟုသာ ခေါ်ဝေါ်သုံးစွဲတတ်ပါသည်။ သူတို့သည် အတိတ်ကာလက တသီးတခြား ကိုယ့်မင်းကိုယ့်ချင်းနေထိုင်ခဲ့ကြရသည်ကို စွဲမြဲကာ ယခုတိုင် ‘ရခိုင်ပြည်’ဟု သုံးစွဲပြောဆိုနေသည်ကို တွေ့ရှိရပါသည်။ အသက် ၉၁ နှစ်ရှိပြီဖြစ်သော စာရေးသူ၏ မိခင်မှာ စစ်တွေက စားစရာ အသီးအနှံ ဥပမာ - တညင်းသီး၊ ခရမ်းသီး၊ မှိုဟင်း (ဗမာ-ငှက်ကြီးတောင်ရွက်)စသဖြင့် ရခိုင်ဒေသထွက် စားစရာတခုခု လက်ဆောင်ရလျှင် ‘ရခိုင်ပြည်က ပို့လိုက်တာလေ’ဟု ဝမ်းသာဂုဏ်ယူပြီး ပြောတတ်ပါသည်။ ရခိုင်ငပိဆိုလျှင်လည်း အလွန်တန်ဖိုးထားတတ်ပါသည်။ ဒီမှာလို အရောအနှောမပါ၊ သန့်သည်ဟု ဆိုပါသည်။ သူက ရခိုင်ပြည်ဟုသာ သုံးနှုန်းပြောဆိုတတ်ပါသည်။ ဗမာတွေကိုတော့ (အထူးသဖြင့် ရန်ကုန်သားများ) အောက်သားဟု ခေါ်တတ်ပါသည်။ ဤသို့ခေါ်ခြင်းမှာ ချိုးနှိမ်ခြင်းမဟုတ်ဘဲ ရန်ကုန်သည် မြန်မာပြည်၏ အောက်ဘက်ဖြစ်၍ ထိုနေရာမှလာသူများကို အောက်သားဟု ခေါ်ကြခြင်း ဖြစ်သည်။ ရခိုင်သားကြီးစာပေမှ ထုတ်ဝေသော ဒေါက်တာဇော်ထွန်း၏ ‘အဝေးရောက် ရခိုင်များ’ စာအုပ်သည် ရခိုင်လူမျိုးတို့အကြောင်း ကောင်းကောင်းလေ့လာပြီး ရေးသားထားသောစာအုပ်တအုပ် ဖြစ်ပါသည်။ စာရေးသူ၏ မိခင်မှာလည်း ထိုစာအုပ်ပါ အရပ်ဒေသများကို သူငယ်စဉ်နေထိုင်ခဲ့ရဖူး၍ သတိတရပြောပြ တတ်ပါသည်။ ရခိုင်တို့မှာ ရှေးယခင်ခေတ်က ဘင်္ဂလားဒေသအထိ ပိုင်ဆိုင်ခဲ့၍ ဘင်္ဂလားဒေ့ရ်ှနေရာ အတော်များများသို့ ရခိုင်လူမျိုးများ ရောက်ရှိနေထိုင်ကြသည်။ Cox Bazzar (ဖလောင်းချိတ်)၊ ပန်းဝါ (မဟာဗန္ဓုလတိုက်ပွဲ ဖြစ်ခဲ့သည့်နေရာ) ရွာတော် (ရင်္ဂါမတီ)၊ စိန်မြောင်၊ အဝကျွန်း စသဖြင့် ရခိုင်လူမျိုးများ ပျံ့နှံ့နေထိုင်ကြသည့် ဒေသတွေ ရှိပါသည်။ ဘုရားကျောင်းကန်၊ စေတီပုထိုးများနှင့် သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်စသည့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကိုလည်း ထိန်းသိမ်းထားကြဆဲ၊ ပွဲတော်များ ကျင်းပမြဲဖြစ်သည်ကို တွေ့ရှိရပါသည်။ စာရေးသူငယ်စဉ်က စိန်မြောင် (စစ်တကောင်းတောင်တန်းဒေသ)သို့ ဘုရားဖူးသွားခဲ့ရသည်ကို မှတ်မိနေပါသေးသည်။ ရခိုင်တို့ ပြောဆိုသုံးနှုန်းသောစကားများမှာကား အလွန်စိတ်ဝင်စားစရာကောင်းပါသည်။ မြန်မာစာပေမှ ရှေးဟောင်းစကားလုံးများ (ပေါရာဏ)များသည် ရခိုင်ဒေသမှာ ယနေ့ထိ သုံးစွဲနေဆဲ ဖြစ်သည်ကို တွေ့ရှိရပါသည်။ နေရာဒေသကိုက တောင်နှင့်ပင်လယ် ကာဆီးထားသောကြောင့်လားမသိ၊ တခြားဘာသာများ၊ ခေတ်ပေါ်ဝေါဟာရများနှင့် မရောနှောဘဲ ရှေးဟောင်းကို ထိန်းသိမ်းဆဲ၊ ထိန်းသိမ်းလျက်သားဖြစ်နေ ဟန် တူပါသည်။ အခြားလူမျိုးစုတို့နှင့် အရောအနှောမရှိသောကြောင့် မူရင်းအသုံးအနှုန်းစကားလုံး များသည် မူရင်းအတိုင်း ရှိနေသည်ကို တွေ့ရပါသည်။ ဒေါက်တာထင်အောင်က သူ၏ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော မြန်မာသမိုင်းစာအုပ်တွင် ရခိုင်ကို Archaic Burmese ဟု ရေးသားခဲ့ပါသည်။ တချိန်ချိန်မှာတော့ အခြားဘာသာစကားတို့နှင့် ရောနှောကာ မူရင်းပျောက်ကွယ်သွားနိုင်သော်လည်း ယခုလက်ရှိမှာတော့ တည်မြဲနေဆဲ ဖြစ်ပါသည်။ သို့သော် ရခိုင်လူမျိုးရှိနေသရွေ့တော့ ရခိုင်ဘာသာစကားလည်း မပျောက်မပျက် ရှိနေမည်ဟုသာ ယုံကြည်မိပါသည်။ ပထမဦးဆုံးတင်ပြလိုသည်မှာ ဘုရားထူးသည့် အလေ့အထ ဖြစ်ပါသည်။ အရှင်သခင်မို့လို့ ရာထူးဌာနန္တရ ကြီးသူမို့လို့ ဘုရားထူးခြင်းမဟုတ်ဘဲ သက်ကြီးဝါကြီးများ၊ မိမိ၏ အမိအဘ ဦးလေး၊ အဘွား စသူတို့ မိမိကိုခေါ်လိုက်လျှင် ‘ဘုရား’ဟု ထူးတတ်ကြသည်။ စာရေးသူငယ်စဉ် အဘွားရှိစဉ်က မိမိကိုလှမ်းခေါ်လျှင် ‘ဘုရား’ဟု ထူးခဲ့ရသည်။ ယခုလည်း စာရေးသူ၏ မောင်တဝမ်းကွဲအိမ်သို့လာလျှင် စာရေးသူ၏ မိခင်က သူ့ကိုပြောစရာရှိ၍ လှမ်းခေါ်လိုက်လျှင် ‘ဘုရား’ဟု ထူးတတ်ပါသည်။ ဖယားမဟုတ်ပါ။ ‘ရ’သံနှင့် ‘ဘုရား’ဟု ထူးတတ်ပါသည်။ စာရေးသူ၏အောက် မောင်၊ ညီမများကတော့ ရန်ကုန်မှာမွေးသူများဖြစ်ပြီး ဤအလေ့အထ မကျင့်သုံးတော့ပါ။ သူတို့ကိုခေါ်လိုက်လျှင် “လာပြီ” “ဘာလဲ” “ ဘာပြောမလို့လဲ”ဟုသာ ထူးကြသည်။ ကြာသော် ဘုရားထူးသည့်အလေ့ ပျောက်ပျက်သွားမှာပါပဲ။ ယခုလည်း ကွယ်ပျောက်နေပါပြီ။ ရခိုင်ဘာသာစကားမှာ ပေါရာဏများစွာ ပါပါသည်။ စနစ်တကျပြုစုခြင်းမဟုတ်ဘဲ စာရေးသူ မှတ်မိသမျှ၊ သတိပြုမိသမျှကို တင်ပြရလျှင်- ကား ‘ကား’ဆိုသော ကြိယာထောက်စကားလုံးသည် စာပေမှာသာ တွေ့ရတော့သော်လည်း ရခိုင်လူမျိုးတို့ကား ယနေ့တိုင်ပြောစကားမှာပင် သုံးစွဲနေဆဲ ဖြစ်ပါသည်။ ဥပမာ - ငါကားမသိ = (ရခိုင်) ငါမှမသိဘဲ - (ဗမာ) ထိုသို့ တပြီးကား၊ ဤသို့ဖြစ်ရကား။ (စာပေ) ထိုမင်း၏ပယ်မယား တယောက်သော်ကား (မြစေတီကျောက်စာ) အစ်ကို၊ အစ်မ အစ်ကို၊ အစ်မ [ရခိုင်အသံထွက်]ကိုက အေ့ကို၊ အေ့မဟု ထွက်ပါသည်။ ‘စ’သတ်အသံနှင့် ထွက်ပါသည်။ အကို အမ [ဗမာ] ဒင်္ဂါး တန်းဂါး၊ ဒင်္ဂါး [ရခိုင်] ပိုက်ဆံ [ဗမာ] တံခါး တံခါး=တန်းခါး [ရခိုင်] သေးသေးတင်သည် ‘မ’သတ်၊ ‘န’သတ်ဖြစ်ပြီး ရခိုင်မှာ မူရင်းအတိုင်း အသံထွက်ပါသည်။ တဂါး [ဗမာ] ခလှည့် ‘ခလှည့်’ဆိုသော ပေါရာဏစကားကို စာပေမှာ မကြာခဏ တွေ့ရပါလိမ့်မည်။ ဥပမာ- ‘စောလုံမြင်ပါခလှည့်’ဆိုသောစကား။ ပုဂံခေတ်က သင်္ကြန်မှာ ရေကစားရင်း မင်းကြီး၏ ကြမ်းတမ်းသော ရေကစားမှုကို စိတ်ကောက်သော မိဖုရားငယ် စောလုံကို မီးရှို့သတ်ပြီး ညကျတော့ ယောင်ယမ်းနိုးလာသော ရှင်ဘုရင်ကဆို ညည်းသံ ‘စောလုံမြင်ပါခလှည့်’ဆိုသော စကား။ ရခိုင်ဒေသတွင် ‘ခလှည့်’ကို ယနေ့တိုင် သုံးစွဲနေဆဲ။ ‘ပြောခလှည့်’၊ ‘လာခလှည့်’၊ ‘စားခလှည့်’ (လာစားပါ) စသည်ဖြင့် သုံးစွဲပြောဆိုနေကြဆဲ ဖြစ်သည်။ လတ် ရှေးစာပေများမှာ ‘လာလတ်၍’၊ ‘ပြောလတ်၍’ ဟူသော အရေးအသားကို တွေ့ရှိရမည် ဖြစ်သည်။ ရခိုင်တို့မှာကား ယနေ့ထိ ‘လတ်’ဆိုသော ကြိယာထောက်ကို ပြောနေကြဆဲ ဖြစ်သည်။ လီ [ရခိုင်] လေ [ဗမာ] “မုဆိုးတပိုင်း၊ မိန်းမရိုင်းကို ငါမှာတိုင်းပြောပါလေ” (ဦးပုည ဆဒ္ဒန်ဆင်မင်းဝတ္ထု) ပြောလီ၊ လာလီ [ရခိုင်] ဘိ ‘ဘိ’ကို ရှေးစာပေတွေမှာ တွေ့ရသည်။ ဥပမာ - တင့်တယ်ပါဘိ၊ လှပပါဘိ စသဖြင့် ရခိုင်မှာပြောပါဘိ (ဖိ)၊ စားပါဘိ (ဖိ) စသဖြင့် သုံးနှုန်းဆဲ။ မချိ ဝါတမိဂ၊ သမင်မသည်၊ ကြောက်လှ‘မချိ’၊ တုန်လှုပ်ဘိ၍ . . . ဟု ဥမ္မာဒန္တီပျို့မှာ ရေးထားပါသည်။ မချိတော့ စသဖြင့် ချိကို ရှေးစာပေများမှာ များစွာတွေ့ရပါသည်။ ရခိုင်စကားမှာမူ ယနေ့ထိ ‘မချိ’ကို သုံးဆဲ။ မခံမရပ်နိုင်၊ ဆန္ဒပြင်းပြခြင်းကို ဖော်ညွှန်းသောစကားလုံး ဖြစ်သည်။ နာရေမချိယာ [ရခိုင်]= အရမ်းနာနေတယ် [ဗမာ] ပြောချင်တယ် မချိယာ [ရခိုင်]= ပြောချင်လိုက်တာ မအောင့်နိုင်တော့ [ဗမာ] တိ တိသည် များပြားသောဟူ၍ အဓိပ္ပာယ်ရပါသည်။ ရှေးပေါရာဏစကားလုံးဖြစ်ပါသည်။ ဤသည်ကို လက်ရှိရခိုင်စကားမှာ ပြောဆိုနေကြဆဲ ဖြစ်သည်။ ရွှေအတိပြီးသော [ရှေးမြန်မာစာ] = အလုံးစုံရွှေနှင့်ပြုလုပ်သော ရွှေတိ၊ ငွေတိ စပါးတိ၊ ဆန်တိ [ရခိုင်]- ရွှေများ၊ ငွေများ၊ စပါးများ၊ ဆန်များ] တခါတရံတွင် ဗမာနှင့်ရခိုင် သူတဝက်၊ ကိုယ်တဝက်သုံးနေကြသော စကားလုံးများလည်း ရှိပါသည်။ ဥပမာ- ဘဇာကို ဗမာက ‘ဘာ’၊ ရခိုင်က ‘ဇာ’ဟုလည်းကောင်း၊ ငတ်မွတ်ကို ဗမာက ငတ်၊ ရခိုင်က ‘မွတ်’ဟူ၍လည်းကောင်း တဝက်စီယူသုံးနေကြသော စကားလုံးများ ရှိပါသည်။ စာရှည်လျှင် ဖတ်ချင်ကြမည် မဟုတ်ပါ။ အလွယ်တကူတွေ့ရှိရသည့် စာလုံးများကိုသာ ဖော်ပြလိုက်ရပါသည်။ စနစ်တကျ ရှာဖွေလျှင် စိတ်ဝင်စားဖွယ် ပေါရာဏများကို ယခုထိသုံးစွဲဆဲဖြစ်သည်ကို တွေ့ရပါမည်။ လူမျိုးတိုင်း၊ ဘာသာစကားတိုင်းမှာတော့ စိတ်ဝင်စားဖွယ်ရာများစွာ ရှိနေတတ်ပါသည်။ (တင်တင်ဦး) ကျေးဇူး။ 🌟━─━─━─━─━🌟━─━──━─━─━🌟 Zaw Zaw (ရက္ခပူရတိုင်း) Blogger.

Comments