" အဖရခိုင်ပြည်လော အမိရခိုင်ပြည်လော "
မင်းပြား မင်းသိန်းဇံ
တစ်လောက သဇင်ပန်းခိုင်ဂျာနယ်တွင် ကလောင်ရှင်တစ်ဦးက ရခိုင်ပြည်ကို ခေါ်တွင်ရခြင်းနှင့်ပတ်သက်၍ (အမိရခိုင်ပြည်) ဟုခေါ်သင့်ကြောင်း သဘောထားအမြင်တစ်ရပ်ကို တင်ပြသွားခဲ့ပါသည်။
ထိုကလောင်ရှင်က လူတို့၌ မိဘနှစ်ပါးရှိကြရာတွင် ဖခင်ထက် မိခင်ကသာလျှင် အဓိကကျကြောင်း ကမ္ဘာ့နိုင်ငံအားလုံးလိုလိုတွင် မိခင်၏ဂုဏ်ကျေးဇူး၊ မိခင်၏ကြင်နာယုယမှု၊ ထွေးပိုက်မှု၊ သည်းခံခွင့်လွှတ်မှု၊ နို့ချိုတိုက် ကျွေးမွေးပြုစုမှုနှင့် နှိုင်းယှဥ်ကာ (အမိမြေ) (အမိနိုင်ငံ) ဟုသာလျှင် သုံးနှုန်းသင့်ကြောင်း ဖခင်၏ဂုဏ်ကျေးဇူးနှင့် ထပ်တူပြုသောနိုင်ငံမှာ ကမ္ဘာပေါ်၌ (၃) နိုင်ငံ (၄) နိုင်ငံလောက်သာရှိကြောင်း ဆိုလေသည်။
ထိုကလောင်ရှင်၏ဆန္ဒမှာ ရခိုင်ပြည်ကို အဖရခိုင်ပြည်ဟု မခေါ်သင့်ပဲ အမိရခိုင်ပြည်ဟူ၍သာ ပြောင်းလဲခေါ်ဆိုသင့်ကြောင်း အဆိုတစ်ရပ်ကို တင်ပြခြင်းဖြစ်လေသည်။
လူမှုလောကနယ်ပယ်၌ ဖခင်ထက် မိခင်၏ကျေးဇူး တရားကြီးလှသည်ကို သိမြင်နိုင်ကြသော်လည်း ရခိုင်သမိုင်းဖြစ်စဥ်၌ ဤသို့မလာရှိသည်ကို အထူးသတိပြုသင့်ပါသည်။ ထိုကလောင်ရှင်မှာ ရခိုင်သမိုင်းကို အတွင်းကျကျ
မသိမြင်၍ မှားမိမှားရာ အရပ်သားအတွေးဖြင့် တင်ပြချက်သာ ဖြစ်ပါသည်။
ရှေးဦးရခိုင်ပြည်သို့ ဝင်ရောက်လာကြသော ရခိုင်ပြည်ကြီးကို ထူထောင်အုပ်ချုပ်ခဲ့ကြသည့် ဘုရင်မင်းမျိုးမင်နွယ်များမှာ အိန္ဒိယနိုင်ငံ မာဂဓတိုင်းသား၊ ကပိလဝတ်ပြည်သားများဖြစ်ကြသည်။ အိန္ဒိယနိုင်ငံမှ အန္ဒိယသားတို့သည် နောင်ဖြတ်ကျော်လာမည့်ရခိုင်ပြည် ရခိုင်အရပ်ဒေသို့ (၄) ကြိမ်တိုင်တိုင် ဝင်ရောက်လာကြသူများကို အထင်အရှားတွေ့ရသည်။
၁။ ပထမအကြိမ်
အိန္ဒိယနိုင်ငံ မာဂဓတိုင်း ကမ္ဘာဦးအစ မဟာသမ္မတမင်း၏ သားတော် ဒေဝသာဂရမင်းသားသည် ရခိုင်ပြည်ထဲသို့ ဦးစွာဝင်ရောက်လာပြီး
ကစ္ဆပနဒီကုလားတန်မြစ်၏ လက်ျာဘက် တည်နေရာ (ယခု ဥသလင်းစေတီ-ပလက်ဝ) အရပ်အနီးဝန်းကျင်တွင်(ဥတ္တရမဓူမြို့)ကို တည်ထောင်လျှက် ထီးနန်းဖွင့်ကာ အုပ်ချုပ်ရေးကို စတင်ခဲ့သည်။
၂။ ဒုတိယအကြိမ်
အိန္ဒိယနိုင်ငံ မဇ္စျိမဒေသမြောက်ပိုင်း ဥတ္တရာပထတိုင်း အသိတဥ္စနမြို့ ကံသမင်း၏အနွယ် ဝါသုဒေဝ၊ ဗလဒေဝ ညီနောင်တို့သည် ရခိုင်ပြည်တောင်ပိုင်းသို့ ဝင်ရောက်လာပြီး ဒွာရာဝတီမြို့ကိုသိမ်းယူကာ အုပ်ချုပ်မင်းလုပ်ခဲ့ကြသည်။
၃။ တတိယအကြိမ်
အိန္ဒိယနိုင်ငံ ကပိလဝတ်ပြည်မှ အဇ္ဇုနဘုရင် (နောင် ရသေ့) ၏သားတော် မာရယုမင်းသည် ရှေးဦးဝေသာလီမြို့တော်ကို သိမ်းယူပြီးနောက် သရီချောင်းလက်ယာကမ်းနား၌ ဓညဝတီမြို့ကို ထူထောင်ကာ တိုင်းပြည် နိုင်ငံကိုအုပ်ချုပ်ခဲ့သည်။
၄။ စတုတ္ထအကြိမ်
အိန္ဒိယနိုင်ငံ ကပိလဝတ်ပြည်မှ အဘိရာဇာမင်းကြီးသည် ထိုအရပ်မှထွက်လာပြီး တကောင်းသင်းတွဲပြည်ကို ထူထောင်လျှက် မင်းလုပ်ခဲ့သည်။ ၄င်းမှအဆက်အနွယ် ကံရာဇာကြီးသည် ရခိုင်ပြည်ထဲသို့ဝင်ရောက်လာပြီး ရခိုင်ပြည်မြောက်ပိုင်း မီးချောင်းဖျားအရပ်၌ ကျောက်ပန်းတောင်မြို့ကိုတည်သည်။ ထိုမှ ဒုတိယဓညဝတီ တတိယဓညဝတီမြို့ကို တည်ထောင်ကာ တိုင်းပြည်နိုင်ငံကို အုပ်ချုပ်ခဲ့သည်။
ဤသို့လျှင် ရခိုင်ပြည်တွင်အုပ်ချုပ်ခဲ့ကြသော မင်းမျိုးမင်းနွယ်များတို့သည် ဤအရပ်ဒေသအရင်းခံ မဟုတ်ကြသည်ကို အထူးသတိပြုသင့်သည်။ အန္ဒိယနိုင်ငံ မင်းမျိုးမင်းနွယ်များထဲမှ ဆင်းသက်လာကြသူများဖြစ်ကြောင်းမှာ အထူးထင်ရှားလေသည်။ ဤအကြောင်းကို အမိန့်ပြန်တမ်းတခုတွင် -
" ကမ္ဘာအစ၊ မဟာသမ္မတအနွယ်
ဘေးတော်သာဂရ၊ စသည်စဥ်လာ
ဝါသုဒေဝ၊ ဃဋပဏ္ဍိတ
ဗြဟ္မဏရာဇာ၊ မာရယုမင်း
အဘိရာဇာ၊ အာဏာထွန်းလင်း
မင်းဆက်များစွာ" ...ဟူ၍ ဂုဏ်ယူစွာ ဖော်ပြထားသည်။
တခါ မင်းရာဇာကြီး ပေမူ (က)ချပ် ကြောဖက်၌ -
"မဇ္စျိမဒေသ သောဠသ ၁၆ ပြည်နိုက်
မင်းဖြစ်တော်မူသော မင်း မဇ္စျိမဒေသ ၁၆ ပြည်ထောင် အပိုင်းအခြား အယုဇပူရ ရက္ခပူရတိုင်းတို့နိုက် ဖြစ်သောမင်းတို့သည်
မဇ္စျိမဒေသ တိုင်း သာဂီဝင်မင်းမျိုး ... " ဟူ၍
ဖော်ပြချက်က ရခိုင်မင်းမျိုးနွယ်တို့သည် အိန္ဒိယနိုင်ငံမှ ဆင်းသက်လာရကြောင်း ပိုမိုထင်ရှားလေသည်။
ရခိုင်ရာဇဝင်အစောင်စောင်၌ ရခိုင်မင်းမျိုးမင်းနွယ်တို့ကို ဖော်ပြရာ၌ ( သကျသာကီဝင်)ဟူ၍ ထပ်ခါထပ်ခါ ဖော်ပြချက်ကို တွေ့ရပါသည်။
ထိုထိုသော သာကီဝင်မင်းမျိုးနွယ်တို့ကား စစ်ရေး၌ ထူးချွန်ကြသလို အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ကို သိမြင်ကြသည်။ ဒေသခံပြည်သူများကို အုပ်ချုပ်ကြရာ၌ မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်နိုင်ခဲ့သည်။ ပြည်သူထက် ခေါင်းတစ်လုံးစာ အတွေးအခေါ်မြင့်ကြသည်။ တိုင်းပြည်နိုင်ငံကို တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။
ဖခင်ဘုရင်မင်း ကွယ်လွန်လျှင် ထီးမွေနန်းမွေကို သားဖြစ်သူက ဆက်ခံသည်။ ကြားဝင်အမတ်များရှိကြသော်လည်း တာရှည်မအုပ်ချုပ်နိုင်။ မကြာခင် ထိုသာကီဝင်မင်းမျိုးမင်းနွယ် လက်ထဲသို့ ထီးနန်းက ပြန်၍ရောက်ရှိသွားကြသည်။ တစ်ခါတစ်ခါ၌ ဖခင်ထီးနန်းကိုဆက်ခံရန် အရည်အချင်းမရှိ အခက်အခဲများရှိလာလျှင် ၄င်းနှင့်ဆွေမျိုးရင်း ညီ၊ ပထွေး၊ ဦးရီး၊ တူ၊ မြေး စသည်တို့က ထီးနန်းကိုလက်ခံ၍ အုပ်ချုပ်ခဲ့ကြသည်။ သို့သော်လည်း သမိုင်းတစ်လျှောက်၌ အနည်းငယ်မျှလောက်သာ တွေ့ရသည်။
အထူးသဖြင့် ရခိုင်ရာဇဝင်များတွင် ဖော်ပြထားရှိသော မင်းဆက်ဇယားများကို အသေးစိတ်လေ့လာကြည့်လျှင် မင်းမျိုးမင်နွယ်တို့သည် ပထမဓညဝတီခေတ် မာရယုမင်းလက်ထက်မှစ၍ ဒုတိယမြောက်ဦးခေတ် အဆုံးထိတိုင်
သားစဥ်မြေးဆက် အုပ်ချုပ်သူများဖြစ်ကြသည်မှာ အထူးထင်ရှားသည်။ တတိယမြောက်ဦးခေတ်တွင် သာကီဝင်မင်းမျိုးမင်းနွယ် ပြတ်တောက်ခဲ့သည်။ တိုင်းပြည်၌ အမတ်မျိုး၊ ပြည်သူအမျိုးမျိုးက ခေါင်းဆောင်လုပ်၍ ရခိုင်ထီးနန်းကို အုပ်ချုပ်ခဲ့ကြရာ အရည်အချင်းညံ့ဖျင်းပြီး ပြည်တွင်းစစ်များပြားကာ နောက်ဆုံး၌ အချုပ်အခြာအာဏာ ကျဆုံးခဲ့ရသည်ကိုလည်း တွေ့ရသည်။
ဤနေရာ၌ ဥပမာတစ်ခုပေး၍ တင်ပြလိုသည်။ မင်းဗာကြီးနှင့် သျှင်မြဝါတို့မှာ အမိညီအစ်မ တော်စပ်သော ညီအစ်ကိုများဖြစ်ကြသည်။ မင်းဗာကြီးဖခင်မှာ ဘုရင်မင်းရာဇာဖြစ်သည်။ သျှင်မြဝါ၏ဖခင်မှာ ဆင်ကဲကြီးဖြစ်သည်။ ထီးနန်းကိုပိုင်ဆိုင်မှု၌ ဘုရင်၏သားဖြစ်သူ မင်းဗာကြီးနှင့်သာလျှင် သက်ဆိုင်သည်။ မရင်မဟုတ်သော ဆင်ကဲကြီးသား သျှင်မြဝါမှာ ထီးနန်း မပိုင်ဆိုင်ပါပေ။ ထို့နည်းတူစွာ ပညာရှိသုခမိန် မဟာပညာကျော် မည်မျှပင်စွမ်းဆောင်နိုင်ပါစေ၊ ဘုရင့်သားတော်ဆွေမျိုး မဟုတ်သည့်အတွက် ထီးနန်းကို မပိုင်ဆိုင်နိုင်ပါ။ ဤသို့လျှင် ရခိုင်ပြည်တွင် အုပ်ချုပ်သူမင်းက ထီးပိုင်နန်းပိုင်ဖြစ်ရန်ကို
ကဏ္ဍခွဲခြား သတ်မှတ်ချက် ရှိကြလေသည်။
နောက်တစ်ခုမှာ ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့ကြသော ဘုရင်တို့သည် သာကီဝင်မင်း မျိုးရိုးဗီဇကိုထိန်းသိမ်းခဲ့ကြသည်။ ရခိုင်ဘုရင်၌ မိဖုရားလည်း အများအပြားရှိခဲ့ကြသည်။ ၄င်းမှမွေးဖွားလာသော သားသမီးများကို အမတ်မျိုးရိုးဖြင့်သော်လည်းကောင်း၊ အခြားမျိုးရိုးဖြင့်သော်လည်းကောင်း ထိမ်းမြားပေးအပ်လေ့မရှိခဲ့ကြပေ။ ဖခင်တူအမိကွဲ မောင်နှမရင်းချာများကိုသာ ထိမ်းမြားပေးလေ့ရှိခဲ့ကြသည်။ ဤသည်မှာ သကျသာကီဝင်မင်းမျိုးတို့၏ သွေးသားကို အခြားသူများနှင့် မရောနှောစေရန် စောင့်ထိန်းခြင်းဖြစ်လေသည်။
ထိုသာကီဝင်မင်းမျိုးတို့ကား ကမ္ဘာဦးအစကပင် ဆင်းသက်လာခဲ့ကြသည်။ မျိုးရိုးကို အထူးစောင့်ထိန်းကြသည်။ သာကီဝင်မင်းမျိုးတို့၏ လမ်းစဥ်အတိုင်း မင်းကျင့်တရားနှင့်ပြည့်စုံကြသည်။ အသမ္ဘိန္န မပြိုကွဲသော ခတ္တိယမျိုးနွယ်အုပ်စုဟု ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်။
ရခိုင်သမိုင်းတစ်လျှောက်တွင် မာရယုမင်းမှစ၍ ဒုတိယမြောက်ဦးခေတ်အဆုံး သီရိသုဓမ္မရာဇာမင်းအထိ သားစဥ်မြေးဆက် ထီးနန်းစံလာခြင်း သည် ဖခင်အုပ်ချုပ်သူများထံမှ ဆင့်ကဲဆင့်ကဲ အုပ်ချုပ်လာကြသူများ ဖြစ်ကြသည်။ ထိုထီးမွေနန်းမွေကို အကြောင်းခံကာ ရခိုင်ပြည်ကို အဖရခိုင်ပြည် (Father Land) ဟူ၍ ခေါ်တွင်ခဲ့ရခြင်းဖြစ်သည်။
သဇင်ပန်းခိုင် သတင်းဂျာနယ်တွင် တင်ပြခဲ့သော ကလောင်ရှင်သည် ရခိုင်သမိုင်းကို အတွင်းကျကျမသိရှိ၍ တင်ပြခြင်းသာလျှင်ဖြစ်သည်။ ရခိုင်သမိုင်းဖြစ်စဥ်ကို မလေ့လာမသိရှိပဲ မိမိထင်ရာအတွေးနှင့် ရေးခြင်းသည် ရခိုင်သမိုင်းကို ပျက်စီးစေနိုင်သဖြင့် လမ်းမှန်သမိုင်းမှန်ကို သိမြင်နိုင်စေရန် တင်ပြလိုက်ရပါသည်။ ဤမျှဆိုလျှင် သဘောပေါက်နားလည်နိုင်ပြီဟု ယူဆပါသည်။ ကျန်နေသည့်အထောက်အထားများကို မဖော်ပြလိုက်တော့ပြီ။ အကြောင်းဆုံလာမှ ထပ်မံဖော်ပြပေးပါမည်။
မင်းပြား မင်းသိန်းဇံ
၂၆- ၂- ၂၀၂၁
ကျမ်းကိုး -
၁။ ဦးစန္ဒမာလာလင်္ကါရ- ရခိုင်ရာဇဝင်သစ်ကျမ်း
( ပ+ ဒု )
၂။ ဇေယျာသိန်- မင်းရာဇာကြီးစာတမ်း(ပေမူကူး)
၃။ ဦးကဝိသာရ- ဓညဝတီအရေးတော်ပုံကျမ်း
---------------------------------------------------------------
မိမိကဲ့သို့ စာပေဝါသနာပါသော
လူငယ်များ သိသင့်သည်ထင်၍
စိုင်းတင်ရင်ခွင်မဂ္ဂဇင်း အမှတ်(၁) ၌ ပါရှိသော ရခိုင်သမိုင်းသုတေသီ မင်းပြား-မင်းသိန်းဇံ၏ ဆောင်ပါးကို ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။
အများနားလည်အောင် ရေးသားတင်ပြသော ဆရာမင်းသိန်းဇံအား ကျေးဇူးအထူးတင်ရှိပါသည်။
အရှင်ပဏ္ဍိတမဏိ
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။