Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရက္ခပူရ သာသနာရေးရာ အဖြာဖြာ

ရက္ခပူရ သာသနာရေးရာ အဖြာဖြာ 
==================








ရခိုင်ပြည်တွင် ရှေးရခိုင်ဘုရင်များလက်ထက်က ဗဟုစာရဂိုဏ်း (ဂါမဝသီ) နှင့် အရညဝါသီသံဃာ ဧကစာရဂိုဏ်း (အရညဝါသီ) ဟူ၍ နှစ်မျိုးသာ သတ်မှတ်ကြောင်း သိရ၏။ ထိုသံဃာတော်များ ကိုလည်း မဟာသုဓမ္မာနိကာယာ (ကံဂိုဏ်း) ဝင် သံဃာတော်များဟုသာ ခေါ်ဝေါ်ကြသည်ဟု ဆို၏။သို့ရာတွင် သံဃာဂိုဏ်းမှာမူ တစ်ခုတည်းသာ ဖြစ်သည်ဟု သက်တော်ရှည် မဟာထေရ်များ၏ မိန့်ကြားချက်အရ သိရပါသည်။  

ထိုသို့ သမိုင်းအစဉ်အလာကြီးမားသော ရက္ခပူရ မဟာသုဓမ္မာဂိုဏ်းသည် ၁၁၄၆ ခုနှစ် အထိ အစဉ်အဆက် တည်ရှိခဲ့ပါသည်။ ကောဇာ ၁၁၄၆ ( အေဒီ ၁၇၈၄) ခုနှစ်တွင် ရခိုင်ပြည်ကို ဗမာဘုရင် ဗဒုံမင်းက တိုက်ခိုက်သိမ်းပိုက်လေ သည်။ ထို့နောက်တွင် ဗဒုံမင်း၏ စီမံချက်အရ ဗမာတိုင်းရင်းသား ရဟန်းတော်များသည် ရခိုင်ပြည်သို့ကြွရောက်၍ သာသနာရေးရာ ကိစ္စများကို စီမံဆောင်ရွက်ခဲ့ကြသည်ဟု သိရပါသည်။ 

မြို့ဝန်ခေတ် ရက္ခပူရ သာသနာရေးရာ
================= 
ရခိုင်ပြည်ကို ဗဒုံမင်း သိမ်းပိုက်ပြီးနောက် နှစ်ပေါင်း (၄၀) အတွင်း မြို့ဝန် (၉) ဆက် အုပ်ချုပ်ခဲ့သည်ဟု သိရသည်။ ထိုခေတ်ကို မြို့ဝန်ခေတ်ဟု ခေါ်ကြပြီး မြို့ဝန်ခေတ်တွင် ရခိုင်ပြည်သာသနာသည် ကမောက်ကမ ဖြစ်ခဲ့ရသည်ဟု ဆိုပါသည်။ ထေရ်ကြီးဝါကြီးများကို အတင်းအဓမ္မ သိက္ခာချ ၍ လူဝတ်လှဲခိုင်း၏။ ထို့နောက် သိမ်ဝင်၍ ရဟန်းခံစေပြန်သည်။ ထိုသို့ ကမောက်ကမ လုပ်ဆောင်ချက်များကြောင်း မထေရ်ကြီးများက သိက္ခာတော် ငယ်သွားရပြီး မထေရ်ငယ်များက မထေရ်ကြီး ဖြစ်သွားကြရသည်ဟူ၏။ ထိုသို့ လုပ်ဆောင်သည်ကို လက်မခံလိုသော ရခိုင်သံဃာတော်များနှင့် ဒကာ ဒကာမများသည် ပုန်းအောင်းနေထိုင်ကြရပြီး ဘေးလွတ်ရာ ဗြိတိသျှလက်အောက်ခံ ဘင်္ဂလားနယ်သို့ တိမ်းရှောင် ကြရသည်ဟု ရခိုင်ရာဇဝင်သစ်ကျမ်း တွင် မှတ်တမ်းတင်ထားသည်ကို တွေ့ရပါသည်။ 
သို့ရာတွင် မြန်မာမြို့ဝန်များ နှစ်ပေါင် (၄၀) အုပ်ချုပ်ပြီးနောက် ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီ (၂၆) ရက်နေ့တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်အရ ရခိုင်ပြည်သည် ဗြိတိသျှလက်အောက်သို့ ရောက်သွားရပြန်လေသည်။ ထိုအခါ တိမ်ရှောင်နေကြသော သံဃာတော်များနှင့် ပြည်သူများသည် မိမိတို့၏ ဇာတိဌါနေသို့ ပြန်လည်ဝင်ရောက် လာကြပြီး အေးချမ်းစွာ နေထိုင်ကြပြန်လေသည်။ 

ဗြိတိသျှအစိုးရလက်ထက် ကောဇာ (၁၂၀၉) ခုနှစ်တွင်မူ ရက္ခပူရမှ သာသနာပြုဆရာတော် အသျှင်သာရမေဓာအား ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခဲ့သည်ဟု ဆိုပါသည်။ ထိုဆရာတော်ကို သံဃရာဇာဆရာတော်ဟု ခေါ်တွင်ကြပြီး ဆရာတော်တည်ထောင်ခဲ့သော သံဃအဖွဲ့အစည်းကိုမူ "သံဃရာဇာဂိုဏ်း” ဟု ခေါ်ကြပါသည်။ ဆရာတော်ရရှိခဲ့သည့် 
သာသနာပိုင်တံဆိပ်တော်၌ ၁၂ဝ၉ ခုနှစ်ဟု ပါရှိသဖြင့်....
ယခုအခါ ဂိုဏ်း(၉) ဂိုဏ်းအဖြစ် သိနေကြသော...
က။ သုဓမ္မာဂိုဏ်း (၁၂၂၈ ခု)
ခ။ ရွှေကျင်ဂိုဏ်း (၁၂၂၂ ခု)
ဂ။ မူလဒွါရဂိုဏ်း(၁၂၁၇ ခု)
ဃ။ မဟာဒွါရဂိုဏ်း 
င။ အနောက်ချောင်းဒွါရဂိုဏ်း 
စ။ ဝေဠုဝန်ဂိုဏ်း 
ဆ။ ငှက်တွင်းဂိုဏ်း 
ဇ။ မဟာရင်ဂိုဏ်း 
စျ။ ဂဏဝိမုတ္တိကူးတို့ဂိုဏ်း.... 
စသော သံဃာ့ပဝါရဏာဂိုဏ်းများ မပေါ်ပေါက်မီ ကတည်းကပင် ရခိုင်ပြည်ရှိ #သံဃရာဇာဂိုဏ်း မှာ ထင်ရှားနေပြီဟု သိနိုင်ပါသည်။

တဖန် မြန်မာနိုင်ငံ အထက်ပိုင်းကို အုပ်ချုပ်သော  မင်းတုန်းမင်းလက်ထက်  ကောဇာသက္ကရာဇ်- ၁၂၂၂ မှ ၁၂၃၀ ခုနှစ် ( အေဒီ- ၁၈၆၀ မှ ၁၈၆၉)  အတွင် မန္တလေး၌ ကျင်းပသည့်  သင်္ဂါယနာတင် ပွဲတော်သို့ ရခိုင်ဆရာတော် (၃) ပါး ကြွရောက်ကြသည်ဟု ဆိုပါသည်။ ထို ဆရာတော်များမှာ ...
၁။ သံဃရာဇာဆရာတော် အသျှင်သာရမေဓာ
၂။ ကွမ်းတောင်ဆရာတော် အသျှင်အဂ္ဂ
၃။ ရမ္မာဝတီမှ ဆရာတော်အသျှင်သာရမဉ္ဇူ ဟူ၍
ဆရာတော် (၃) ပါး ဖြစ်ကြသည်ဟုသိရ၏။ ထို့ကြောင့် ရက္ခပူရမဟာသုဓမ္မာနိကာယဝင် သံဃာတော်များသည် ရခိုင်ဘုရင်ခေတ်က အစဉ်အဆက် ဆင်းသက်လာကြသော သံဃာတော်များဖြစ်ကြောင်း သိနိုင်လေသည်။ 

ဗြိတိသျှခေတ် ရက္ခပူရသာသနာ
===============
ဗြိတိသျှခေတ်တွင် ရခိုင်ပြည်သာသနာသည် ပြန်လည်၍ အားအင်ပြည့်ဖြိုးလာသည်ကို လေ့လာတွေ့ရှိရပါသည်။ ထိုအချိန်တွင် သြဇာကြီးသော မဟာထေရ်များသည် ရွာအမည်၊ ထောင်နယ်အမည်၊ ကျောင်းတိုက်အမည်များဖြင့် ဒေသန္တရသံဃပဝါရဏာဂိုဏ်းများ ထူထောင်၍ သာသနာပြုခဲ့ကြသည်ကို လေ့လာတွေ့ရှိရပါသည်။

ကျောက်ဖြူ မြို့နယ်ရှိ ပဝါရဏာဂိုဏ်းများ
=====================
၁ ။ ဓမ္မဟိတ (မင်းရပ်) ဂိုဏ်း
ခ။ နဂါးဂိုဏ်း (ကောဇာ ၁၂၄၅ ခု။ ဦးအင်္ဂုရ)
ဂ။ ယပ်လှဲဂိုဏ်း (၁၂၄၈ ခု။ ဦးသာဂရ)
ဃ။ ဘယာဂိုဏ်း
င။ ဝမျှောင်ဂိုဏ်း
စ။ ကညင်ကောက်ဂိုဏ်း
ဆ။ အင်းတောင်ဂိုဏ်း (၁၁၉၇ ခု။ ဦးကေလာ) စသည်ဖြင့် သံဃပဝါရဏာဂိုဏ်းများ ရှိကြောင်း သိရ၏။ 

ဤတွင် #နဂါး ပဝါရဏာဂိုဏ်း၌--- 
၁။ တောင်စိုင်- နဂါးဂိုဏ်း။  
၂။ ကျွန်းစိုင်- နဂါးဂိုဏ်း
၃။ လေးတောင်-နဂါးဂိုဏ်း..စသည်ဖြင့်.. ပဝါရဏာဂိုဏ်းများ ရှိသေးကြောင်း ကျောက်ပြောက်ဆရာတော်က မိန့်ကြားတော် မူပါသည်။ 

ကျောက်ဖြူမြို့နှင့်အတူ စတင်ပေါ်ပေါက်  ထင်ရှားလာသော နဂါးပဝါရဏာဂိုဏ်း (၁၂၄၅ ခု) ၏ သက်တမ်းမှာလည်း နှစ်ပေါင်း (၁၃၀) ကျော်ပြီဟု သိရပါသည်။ 

မင်းရပ်ပဝါရဏာဂိုဏ်း
===========
မင်းရပ်ပဝါရဏာဂိုဏ်းသည် ရခိုင်ဘုရင်များခေတ်က အစဉ်အဆက် ဆင်းသက်လာသော သံဃရာဇာပဝါရဏာဂိုဏ်း နှင့် ရွှေစေတီပဝါရဏာဂိုဏ်းများ ကဲ့သို့ပင် မင်းရပ်ပဝါရဏာဂိုဏ်း၏ သမိုင်းဖြစ်စဉ်သည် ရှေးရခိုင်ဘုရင်များ စိုးစံချိန်ကာလနှင့် ဆက်နွယ်လျက်ရှိသည်ဟု ဓမ္မဟိတ-မင်းရပ်ပဝါရဏာဂိုဏ်း၏ အဓိအပတိမဟာနာယက သက်တော်ရှည် မြို့နယ်ပရဟိတဆရာတော်ကြီးက မိန့်ကြားတော်မူပါသည်။ သို့သော် 
မင်းရပ်ပဝါရဏာဂိုဏ်းကို ၁၃၃၉ ခုနှစ်မှစ၍ #ဓမ္မဟိတပဝါရဏာဂိုဏ်း ဟု အမည်သစ် ခေါ်တွင်ကြကြောင်း ကုန်ဗွေဆရာတော်ကြီး အသျှင်နန္ဒိယထေရ်၏ မိန့်ကြားချက်များအရ သိရ၏။ သို့ရာတွင် ဒေသခံအများစုကမူ "မင်းရပ်ဂိုဏ်း” ဟုသာ ခေါ်ကြပါသည်။ 

ရမ္မာဝတီ နှင့် မေဃဝတီ နယ်နိမိတ်အတွင်း၌ အလွန်ထင်ရှားသော #မင်းရပ်ဂိုဏ်း သည် ကျောက်ဖြူမြို့ကို မတည်ထောင်မီအချိန် ကတည်းကပင် ရှိသည်ဟု သိနိုင်၏။ ထို့ကြောင့် #မင်းရပ်ဂိုဏ်းသည် အလွန်ရှေးကျသည်ဟု ဆိုရပါမည်။  

မင်းရပ်ပဝါရဏာဂိုဏ်းမှ ...
၁။ ကျက်သရီ အခြေခံဒေသ
၂။ ဘယာ အခြေခံဒေသ
၃။ ကညင်ကောက် အခြေခံဒေသ
၄။ ဝမြှောင် အခြေခံဒေသ
၅။ ဗောဓိ အခြေခံဒေသ
၆။ မာန်အောင် အခြေခံဒေသ... စသည်ဖြင့် အခြေခံဒသများ ခွဲခြားကာ ပဝါရဏာပြု၍ သြဝါဒခံယူကြရ သည်ဟု မင်းရပ်ဆရာတော် အသျှင်ဝဏ္ဏထေရ်က မိန်ု့ကြားဖူးပါသည်။ ထို့ကြောင့်ပင် ကုန်ဘောင်ကြီးကျောင်း (ဘယာပဝါရဏာဂိုဏ်း) နှင့် ကုန်ဘွေကျောင်း (ဓမ္မဟိတပဝါရဏာဂိုဏ်း) တို့သည် ရှေးအခါက ပဝါရဏာဂိုဏ်း အတူတူဖြစ်သည်ဟု ဆိုကြခြင်း ဖြစ်ပါသည်။

သို့ဖြစ်ရာ ယခုရှိနေကြသော...
က။ ဘယာပဝါရဏာဂိုဏ်း
ခ။ ကညင်ကောက်ပဝါရဏာဂိုဏ်း နှင့်
ဂ။  ဝမြှောင်ပဝါရဏာဂိုဏ်းတို့သည် ရှေးအခါက မင်းရပ်ပဝါရဏာဂိုဏ်းဝင် မဟာထေရ်များ၏ တပည့်သားမြေး အဆက်အနွယ်များ ဖြစ်ကြသည်ဟု ဆိုရပါမည်။

ရမ္မာဝတီသာသနာရေးနှင့် မင်းရပ်ပဝါရဏာဂိုဏ်း 
======================
ရမ္မာဝတီနယ်နိမိတ်ကို အခြေခံသော သံဃပဝါရဏာဂိုဏ်းများ အနက်----
 #မင်းရပ်ပဝါရဏာဂိုဏ်း သည် ရခိုင်ပြည်ရှိ သံဃပဝါရဏာဂိုဏ်းများတွင်း၌ အထူးထင်ရှား၍ အလွန်ရှေးကျကြောင်း အထက်တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ကောဇာ  ၁၁၈၆ ခု (အေဒီ ၁၈၂၄ ) ခုတွင် ကျောက်ဖြူ မြို့ကို စတင်တည်ထောင် သည်ဟု ဆိုကြသည်။ ထိုသို့ ကျောက်ဖြူမြို့ကို မတည်ထောင်ရသေးမီ  အချိန် ကတည်းကပင် #မင်းရပ်ပဝါရဏာဂိုဏ်းအမည် ထင်ရှားနေပြီး ဖြစ်သည်ဟု သက်တော်ရှည်  မြို့့နယ်ပရဟိတ ဆရာတော်ကြီးက  မိန့်ကြားတော် မူဖူးပါသည်။ 

ထို့ကြောင့် ရက္ခပူရသံဃနိကာယဆိုင်ရာ  ရှေးဟောင်းသမိုင်း မှတ်တမ်းများတွင် မှတ်တင်ခြင်းခံရသော သံဃရာဇာပဝါရဏာဂိုဏ်း နှင့် ရွှေစေတီပဝါရဏာဂိုဏ်းတို့၏ သမိုင်းမှတ်တမ်းများ ကဲ့သို့ပင် မင်းရပ်ပဝါရဏာဂိုဏ်းသည်လည်း ရှေးရခိုင်ဘုရင်များလက်ထက်က အစဉ်အဆက် ဆင်းသက်လာခဲ့ကြသော မဟာထေရ်ကျော်များ၏   အဆက်အနွယ်ပင် ဖြစ်သည်ဟု သက်တော်ရှည်မဟာထေရ်များက မိန့်ဆိုကြ ခြင်း ဖြစ်ပါသည်။   

ရမ္မာဝတီ-ရမ်းပြည့်မြို့ အပိုင် ကျောက်ချောင်းထောင်နယ် ၊ လေးတောင် ထောင်နယ် နှင့် မေဃဝတီ-မာန်အောင်ကျွန်း နယ်နိမိတ် အတွင်း၌လည်း မင်းရပ်ပဝါဏာ ဂိုဏ်းဝင် သံဃာတော်များ ရှိကြကြောင်း သိရ၏။ ထိုကြောင့် မင်းရပ်ပဝါရဏာဂိုဏ်း နှင့် မင်းရပ်ဆရာတော်ကြီး၏ သီလ သမာဓိ ပညာကြီးမာပုံကို မှန်းဆနိုင်ပါသည်။ တဖန် မင်းရပ်ဆရာတော်ကြီး အသျှင်ပညာဝံသ 
(ကောဇာ ၁၂၅၃ -၁၃၂၇ ) မတိုင်မီ အချိန်အထိ မင်းရပ်ကျောင်းသည် #မင်းရပ်ပဝါရဏာဂိုဏ်း၏ ပင်မဌါကြီးတစ်ခုအဖြစ် ရှိနေခဲ့ကြောင်း ဆိုကြ၏။ 

မင်းရပ်ဆရာတော်ကြီး အသျှင်ပညာဝံသအား ဗြိတိသျှအစိုးရက ရွှေထီးတော်၊ ရွှေထမ်းစင် (ဝေါယဉ်)၊ ပိုသင်္ကန်းနှင့် ကျောက်စီဖိနပ် ဆက်ကပ်လှူဒါန်းဖူးသည်ဟု လိပ်တင်-ချောင်းဝ ဆရာတော်ကြီး အသျှင်ဒေဝိန္ဒထေရ်က  မိန့်ကြားဖူးပါသည်။  ထို့ကြောင့် မင်းရပ်ဆရာတော်ကြီး အသျှင်ပညာဝံသ မတိုင်မီ ကတည်းကပင် #မင်းရပ်ပဝါရဏာဂိုဏ်းသည် 
ရမ္မာဝတီနယ်နိမိတ် အတွင်း၌ အထင်အရှား ရှိနေပြီးဖြစ်သည်ဟု သိနိုင်လေသည်။ 

#မင်းရပ်-ဘယာပဝါရဏာဂိုဏ်း၏ အဓိပတိ မင်းရပ်ဆရာတော်ကြီး  အသျှင်ပညာဝံသ (၁၂၅၃ -၁၃၂၇-) သည် ဗြိတိသျှခေတ်တွင် အထူးထင်ရှားခဲ့၏။ ထို့အတူ ပဝါရဏာဂိုဏ်းချုပ် မင်းရပ်ဆရာတော်ကြီး၏တပည့် မင်းရပ်ဆရာတော် အသျှင်ဝဏ္ဏ (၁၂၈၆-၁၃၆၈)  သည်လည်း  ရက္ခပူရ သာသနာရေးလောက၌ အလွန်ထင်ရှားခဲ့ ပါသည်။ ထို့ပြင် မင်းရပ်ဆရာတော် အသျှင်ပညာဝံသ၏ တပည့်ဖြစ်သော မင်းရပ်ထောင်နယ် ၊ ဝက်ရပ်ရွာ ဇာတိဖွား လိပ်တင်-ချောင်းဝဆရာတော်ကြီး 
အသျှင်ဒေဝိန္ဒထေရ် (သက်တော် ၁၀၁ နှစ်) သည် ရခိုင်စာပေလောက၌ ထင်ရှားခဲ့ပါသည်။ 

မင်းရပ် ပဝါရဏာ  ဂိုဏ်းသည်  (၁၃၃၈) ခုနှစ် အထိ မူလအမည်ဖြင့် အထင်အရှား ရှိခဲ့ပြီး ယင်းနောက်ပိုင်းတွင်မူ အမည်ပြောင်းလဲ ခေါ်ဝေါ်ကြကြောင်း မထေရ်ကြီးများ၏ မိန့်ကြားချက်အရ သိရကြောင်း
အထက်တွင် ဆိုခဲ့ပြီး ဖြစ်ပါသည်။  ထို့ကြောင့် ရမ္မာဝတီ အခြေခံနယ်နိမိတ်အတွင်းရှိ သံဃပဝါရဏာ ဂိုဏ်းများတွင် #မင်းရပ်ပဝါရဏာဂိုဏ်း သည် အလွန်သက်တမ်းရှည်ကြာခဲ့ပြီး ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ 

ရမ်းပြည့်မြို့နယ်ရှိ ပဝါရဏာဂိုဏ်းများ
=====================
၁။ ဓမ္မဟိတ (မင်းရပ်) ဂိုဏ်း 
ခ။ ဂြင်းတောဂိုဏ်း (၁၂၄၅ခု၊ ဦးသောဘိတ)
ဂ။ တောင်ကျောင်း + အင်းတောင်ဂိုဏ်း
ဃ။ မြောက်ကျောင်း (မူလဒွါရ) ဂိုဏ်း 
င။ ဗန္တောင် (မူလဒွါရ) ဂိုဏ်း 
စ။ ဆည်ခုံဂိုဏ်း 
ဆ။ ခမောင်းချောင်းဂိုဏ်း 
ဇ။ ဦးမာလာ (ပြားကြီး) ဂိုဏ်း 
စ။ လေးတောင်- နဂါးဂိုဏ်း
ဆ။ ကညင်ကောက်ဂိုဏ်း 
ဇ။ ငရန့်ချောင်း (မူလဒွါရ) ဂိုဏ်း ဟူ၍ 
ပဝါရဏာဂိုဏ်းများ ရှိကြောင်း သိရ၏။ ၁၃၇၈ ခုနှစ်တွင် ဂြင်းတော်ပဝါရဏာဂိုဏ်း၏ (၁၃၅) နှစ်မြောက် ပွဲတော်ကို ကျင်းပသောအခါ ဂြင်းတောပဝရဏာဂိုဏ်းနှင့် ပြားကြီး (ဦးမာလာ) ပဝါရဏာဂိုဏ်းတို့မှာ ပြန်လည်၍ ပေါင်းစည်းသွားကြသည်ဟု သိရပါသည်။ 

ဂြင်းတောပဝါရဏာဂိုဏ်းသည် သက်တမ်း (၁၃၅) နှစ်ပြည့်ပြီးဖြစ်သည်ဟု သမိုင်းဖြစ်စဉ်ကို တပည့်အဆက်ဆက်တို့က မှတ်တမ်းတင် ဖော်ပြထားကြသည်ကို တွေ့ရပါသည်။ 

တဖန် ရှေးအခါက ရမ်းပြည့်မြို့နယ်တွင် မင်းရပ်ပဝါရဏာဂိုဏ်း၏ အဆက်အနွယ်ဖြစ်သော #ကျက်သရီပဝါရဏာဂိုဏ်းဟု ရှိဖူးကြောင်း သိရ၏။ ယခုအခါ ထိုအမည်ကိုသိသူ မရှိသလောက် ဖြစ်နေကြပါသည်။ သို့ဖြစ်ရာ ရမ္မာဝတီသာသနာဝင်ကို ပြုစုမည်ဆိုပါက အလွန်ရှေးကျသော ပဝါရဏာဂိုဏ်းများ၏ သမိုင်းကိုလေ့လာ၍ ဖော်ထုတ်ကြရပါမည်။ သို့မှသာ (၁၁၄၆) ခု မတိုင်မီနှင့် (၁၁၄၆) ခု နောက်ပိုင်းကာလ ရမ္မာဝတီကျွန်း၏ အမျိုး ဘာသာ သာသနာရေးရာ သမိုင်းနောက်ခံများကို သိရှိနိုင်မည် ဖြစ်ပါသည်။

ဓညဝတီ အခြေခံနယ်နိမိတ် သာသနာရေး
======================
ဓညဝတီ အခြေခံဒေသ၌ ဖော်ပြပါ သံဃပဝါရဏာဂိုဏ်းများ ရှိသည်ဟု သိရသည်။ 
၁။ သံဃာ့ရာဇာဂိုဏ်း (၁၂၀၉ ခု)
၂။ ရွှေဇာတီ (ရွှေစေတီ) ဂိုဏ်း 
၃။ မင်းကန်ဂိုဏ်း
၄။ ကျားရုပ်ဂိုဏ်း
၅။ လှံပျောက်ဂိုဏ်း
၆။ ကမ်းနီဂိုဏ်း
၇။ သောင်းဒြားဂိုဏ်း
၈။ ရွက်ညိုတောင်ဂိုဏ်း
၉။ ဇာတီတောင်ဂိုဏ်း
၁၀။ ကျွန်းစိုင်ဂိုဏ်း
၁၁။ ရွှေကျောင်းဂိုဏ်း
၁၂။ မြို့သစ်ဂိုဏ်း
၁၃။ ဒါးပိုင်ဂိုဏ်း--- စသည်တို့
ဖြစ်ကြောင်း ဆိုကြ၏။ 

နောက်ပိုင်းတွင်မူ ပြည်မဘက်က
ဂိုဏ်းဝါဒများကို လက်ခံလာကြ၍----
 က။ မူလဒွါရဂိုဏ်း
ခ။ မဟာဒွါရဂိုဏ်း
ဂ။ ရွှေကျင်  (ဒွါရချေ)ဂိုဏ်း 
ဃ။ သုဓမ္မာဂိုဏ်း  စသည် တိုးပွားလာကြကြောင်း အသျှင်ဇယန္တဗောဓိက မိန့်ကြားတော်မူ၏။ သို့ဖြစ်ရာ လိုိုအပ်ပါက ဖြည့်စွက် ပြင်ဆင် ပေးကြစေလိုပါသည်။ 

မေဃဝတီ နှာင့်  သာသနာရေးရာ
================
မေဃဝတီ  နယ်နိမိတ် အတွင်းမှာ မင်းရပ်ပဝါရဏာဂိုဏ်းဝင် (၁၉) ကျောင်းရှိသည်ဟု ရေမျက်ချောင်းဆရာတော် အသျှင်ပုညထေရ်က မိန့်ကြား၏။ သို့ရာတွင်  
နောင်အခါ ရွှေကျင်းဂိုဏ်းဝင် ဖြစ်သွားကြသည်ဟု သိရပါသည်။ မေဃဝတီ- မာန်အောင်ကျွန်း၌ ... 
လက်ရှိ အမည်နာမ ထင်ရှားနေသေးသော သံဃပဝါရဏာဂိုဏ်းများမှာ.. 
၁။ မောင်တောပဝါရဏာဂိုဏ်း 
၂။ မြို့ဂိုဏ်းပဝါရဏာနှင့်
၃။ ရွှေကျင်ဂိုဏ်း တို့ ဖြစ်သည်ဟု သိရ၏။
ကျန်ရှိနေသေးသော သံဃာဂိုဏ်းများ၏ အမည်နာမ ကို ပြင်ဆင်ဖြည့်စွက်ကြစေလို ပါ၏။ 

ထိုထက်ပို၍ စွမ်းဆောင်နိုင်ပါက----
၁။ ပဝါရဏာဂိုဏ်း အမည်--
၂။ စတင်ထူထောင်သူပုဂ္ဂိုလ်
၃။ စတင်ထူထောင်သော ခုနှစ်
၄။ ဂိုဏ်းပိုင်ကျောင်းပေါင်း
၅။ ဂိုဏ်းဝင်ကျောင်ပေါင်း
၆။ ဂိုဏ်းဝင်ရွာများစာရင်း
၇။ ထူးချွန်သော ပုဂ္ဂိုလ်များ
၈။ မှတ်စရာ သြဝါဒများ
၉။ စာအုပ် စာပေ ထုတ်ဝေမူ မှတ်တမ်းများ
၁၀။ ထူချွန်သော လုပ်ဆောင်ချက်များ
၁၁။ သမဂ္ဂအဖြစ် ဆက်စပ်သော ဂိုဏ်းများ ---
   စသည့် ဖြစ်စဉ်/ ဖြစ်ရပ်များကို စုစည်း၍ ကူညီကြစေ လိုပါသည်။

ဒွါရာဝတီ သာသနာရေးရာ
=============
ဒွါရာဝတီ နယ်နိမိတ်အတွင်းရှိ အများသိသော သံဃပဝါရဏာဂိုဏ်းများမှာ ဖော်ပြပါအတိုင်း ဖြစ်သည်ဟု  ဆိုကြပါသည်။ 
၁။ ငလျင်တောင်ဂိုဏ်း
၂။ ဝေဠုဝန်ဂိုဏ်း
၃။ မြေနီတောင်ဂိုဏ်း
၄။ ဂျီပြင်ဂိုဏ်း
၅။ ဇီးကျွန်းဂိုဏ်း
၆။ ဂျိက္ကယ်တောင်ဂိုဏ်း ( က)
၇။ ဂျိက္ကယ်တောင်ဂိုဏ်း (ခ)အုပ်စု 
၈။ တောင်ခွင်ဂိုဏ်း
၉။ ကညင်ချောင်း-ကုန်းတန်းဂိုဏ်း
၁ဝ။ ကင်းရုံးဂိုဏ်း
၁၁။ ညောင်ဝိုင်းဂိုဏ်း
၁၂။ ကံပိုင်ဂိုဏ်း 
စသည်ဖြင့် ဒွါရာဝတီနယ်နိမိတ် အတွင်း၌ သံဃပဝါရဏာဂိုဏ်း (၁၂) ခု ရှိသည်ဟု သိရ၏။ လိုအပ်သည်များကို ပြင်ဆင်ပေးကြစေလိုပါ၏။

ဤတွင်အခွင့် ကြုံသဖြင့် ရခိုင်သမိုင်းသုတေသီ ဆရာတော်အသျှင်စက္ကိန္ဒထေရ် ရေးသားခဲ့သည့် ဆောင်းပါးတစ်ခုကို ဖော်ပြလိုပါသည်။ ထိုစာစုသည် ဒွါရာဝတီနယ်နိမိတ်၏ သာသနာတော်ရေးရာနှင့် ဆက်စပ်နေသောကြောင်းပင် ဖြစ်ပါသည်။

သံတွဲမြို့ကဝိသာရဂိုဏ်းအုပ်ဆရာတော်
**************************
ဆရာတော်သည် ရခိုင်မင်းလက်ထက်တွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်ခဲ့သည်။ သံတွဲမြို့၌ သာသနာပြုဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်ဖြစ် ဆောင်ရွက်တော်မူခဲ့သည် ဟူ၍လည်း သိရ၏။ ဘွဲ့တံဆိပ်တော်ကို ထောက်ထားက မင်းဆရာ ရာဇဂုရုဖြစ်ကြောင်း ထင်ရှားသည်။ ဆရာတော် ရရှိခဲ့သော တံဆိပ် အပြည့်အစုံကား “ကဝိသာရာဘိ သီရပဝရ အဂ္ဂမဟာဓမ္မ ရာဇာဓိရာဇဂရု” ဟူဖြစ်ပါသည်။ 
ထိုဆရာတော်သည် ရခိုင်ဘုရင်မဟာသမ္မတရာဇာ လက်ထက်အထိ တိုင်အောင် သံတွဲမြို့၌ သီတင်းသုံး နေထိုင်ခဲ့သည်။ သံတွဲမြို့ အပါအဝင် ရခိုင်တစ်ပြည်လုံးကို ဗဒုံမင်း သိမ်းပိုက် အုပ်ချုပ်စဉ်ကလည်း သံတွဲမြို့၌ပင် တည်ရှိမြဲတည်ရှိနေသည်။ ထိုစဉ် မြန်မာမြို့ဝန်များ၏ သာသနာပြုလုပ်ငန်းကို ၁၁၄၉-ခု၊ တပေါင်းလတွင် ဆောင်းရွက်ခဲ့ရလေသည်။
ဆရာတော်သည် သာသနာပြု လုပ်ငန်းဖြင့်သာမကဘဲ စာပေ ရာဇဝင်ကျမ်းများကိုလည်း ရေးသားခဲ့သည်။ ကျမ်းဂန်ဖက်၌ကား အထူးပြောဆိုနေရန် လိုအပ်မည်မထင်။ ရခိုင်အမျိုးသား သမိုင်းရာဇဝင်များကို စောင့်ရှောက် ထိန်းသိမ်း လာခဲ့သည်ဟု ယုံကြည်ကြရသည်။ ထိုကြောင့် ဆရာတော် ရေးသားပြုစုခဲ့သော ဓညဝတီအရေးတော်ပုံ၊ မဟာပညာကျော်လျှေက်ထုံးတို့က သက်သေခံနေသည်။
ဓညဝတီအရေးတော်ပုံကို ယခုတိုင် မှီငြမ်း အားကိုးနေကြရသည်။ ရာဇက္ကမသင်္ခေပကျမ်း၌ ဆရာတော်ဦးစန္ဒမလာလင်္ကာရက ဦးကဝိသာရ ပုဂ္ဂိုလ်မြတ်သည် ဒိုးဝေရေး ရာဇဝင်ဟောင်းမှ ၁၁၄၉ ခုနှစ် ထုတ်နှုတ်ရေးသည် ဆို၏။ ဆရာတော် ဦးဉာဏ (ရသေ့တောင်မြို့နယ်၊ အထက်ကျောင်းတောင်) က ပြည်ရာဇဝင်မှ ထုတ်နှုတ်ရေးသားခဲ့သည် ဆို၏။ ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ရှိသောမူတွင် ရခိုင်ကြီးမင်း အရေးတော်ပုံဟုဆို၏။
ထို့အပြင် ၄င်းမူ၌ ဒိုးဝေ၏ ရာဇဝင်ကို မူလရာဇဝင်ကြီးက နှုတ်ကောက်၍ ၁၁၄၉ ခု၊ တပေါင်းလဆန်း (၅)ရက်နေ့၊ ဒွါရာဝတီမြို့ သာသနာပြုဆရာတော် ကဝိသာရရေးသည်ဆို၏။ မြန်မာစာပါမောက္ခ ဖြစ်သော တက္ကသိုလ် မောင်မောင်ကြီး၏ စာမျက်ရှု (၂၈၉) တွင်လည်း ရခိုင်ဆရာတော် ပြုစုဟု အတည်ပြုကြစို့ဟူ၍ ဆုံးဖြတ်ထားသည်။
ရန်ကုန်မြို့၊ မြန်မာသံတော်ဆင့် မီးစက်ကြီး ပုံနှိပ်တိုက်မှ ခရစ် ၁၈၈၁ ခုနှစ်၊ ဓညဝတီအရေးတော်ပုံကို ပုံနှိပ်ခဲ့ရာ "အဂ္ဂမဟာဓမ္မရာဇာဓိရာဇဂုရု ဆရာတော်" ဟူ၍ ရေးသားခဲ့သည်။
ခရစ် ၁၉၂၃ ခုနှစ်ထုတ် သုဓမ္မဝတီပုံနှိပ်တိုက် ရိုက်မူတွင် အရေးတော်ပုံ ငါးစောင်တွဲ၌ ရခိုင်ဆရာတော် ဘုရား ရေးသည်ဟု ဖော်ပြထား၏။
ကျွန်ုပ်တို့ ရခိုင်မှ ရရှိသော ပေမူတွင် ရခိုင်ပြည်ကြီးစာခေါ် ရခိုင်ပြည်ကြီးမင်းတို့ အရေးတော်ပုံဆို၏။ (က) ချပ်မှ (စျ)ချပ်ပေ အထိပါရှိ၏။ ထို့ကြောင့် ရေးသားသောပုဂ္ဂိုလ်မှာ ရခိုင်ဆရာတော် ဦးကဝိသာရ ပင်ဖြစ်ကြောင်း ထင်ရှားသည်သာတည်း။
ဓညဝတီအရေးတော်ပုံ၌ သက္ကရာဇ်များကို ရှေ့ပိုင်း၌ ဖော်ပြလေ့မပြုခဲ့။ လောင်းကြက်မြို့ပျက်သည့် သက္ကရာဇ် ၆၉၅ ခုမှ စတင်၍ ဖော်ပြပါရှိ၏။
မဟာပညာကျော် လျှောက်ထုံးကို စုသည်း၍ 
ဆရာတော်သည် မဟာပညာကျော် လျှောက်ထုံး ဟူ၍လည်း ကျမ်းတစ်စောင်တစ်ဖွဲ့ ပြုစုခဲ့သည်။ တစ်ချို့က သီးခြားကျမ်းမဟုတ်ဘဲ ဓညဝတီအရေးတော်ပုံမှ မဟာပညာကျော်၏ လျှောက်ထုံးများကို သီးခြား ထုတ်နှုတ် ရေးသား ထားခြင်းတစ်ခုဟုသာ ဆို၏။
ဓညဝတီအရေးတော်ပုံကို စာစောင်၌လည်း မဟာပညာကျော်၏ လျှောက်ထုံးများသည် ထက်ဝက်ကျော်ကျော် ဖြစ်သည်ဆို၏။ ဓညဝတီ အရေးတော်ပုံဆိုလျှင် ရခိုင်ပညာရှိ အမတ်ပေါင်းစုံတို့၏ လျှောက်ထုံး ပေါင်းစုံကျမ်း ဟု ဆိုနိုင်ရာသည်။
မဟာပညာကျော်လျှောက်ထုံးတွင် ကျမ်းပြီးနိဂုံးမှာ ဝညဝတီအရေးတော်ပုံနှင့် ထပ်တူပင်ဖြစ်၏။ မဟာပညာကျော်လျှောက်ထုံးသည် ဓညဝတီအရေးတော်ပုံနှင့် ထပ်တူပင်ဖြစ်၏။ မဟာပညာကျော် လျှောက်ထုံးသည် ဓညဝတီ အရေးတော်ပုံပါ မဟာပညာကျော်နှင့် ဆိုင်ရာ အခန်းကဏ္ဍများကိုသာ မင်းပါကြီး (မင်းဗာကြီး) လက်ထက် လျှောက်ထုံးများလည်း တွေ့ရ၏။ ထို့အပြင် ဒသရာဇာမင်း ဘိသိက်ခံပုံကို အစီအရင်၊ စစ်ချီစဉ် ၊ အတိတ်နိမိတ် စသောအချက်များ၊ သိမှတ်ဖွယ်ရာများလည်း တွေ့ရှိရ၏။
ထို့ပြင် ဓညဝတီအရေးတော်ပုံနှင့် အရေးအသား ကွဲပြားချက်များကိုလည်း တွေ့ရရာ ကျမ်းသီးခြား သာ ဖြစ်နိုင်ပြီး ထိုဆရာတော်ပင် အစီအစဉ်တစ်မျိုးဖြင့် ထုတ်နှုတ်ပြုစု ထားခြင်း ဖြစ်နိုင်ရာသည်။
မဟာပညာကျော်လျှောက်ထုံးကို ထုံးပုံဝတ္ထုတို့၌ လည်းကောင်း၊ ဖတ်စာတို့၌လည်းကောင်း
ကာက်နှုတ်ချက် တွေ့နိုင်၏။ အစုံအလင်ကို မြန်မာနိုင်ငံသုတေသနအသင်းမှ တစ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ဖူးသည်။ ဟံသာဝတီ ပုံနှိပ်တိုက် မှလည်း ခရစ် ၁၉၆၄ ခုနှစ်က တစ်ကြိမ် ထုတ်ဝေခဲ့ဖူးပေ၏။
ဆရာတော်၏ စာပေနှင့် ပတ်သက်၍ ဤမျှသာတွေ့ရ၏။ ဆရာတော်ကား ကျမ်းဂန်စာပေ၌ ထင်ရှားသော တံဆိပ်တော်ရ ဆရာတော်ပင်တည်း။ ဆရာတော်၏ ဖော်ပြပါ စာပေနှစ်ကျမ်းကပင် လောကီလောကုတ္တရာ ဗဟုသုတ စုံလင်လှသည်။ ကျမ်းဂန်ကိုးချက်များ၊ လောကနီတိကျမ်းများ၊ ထိုထိုကျမ်းထွက်ထုံး၊ နိဂုံး၊ လင်္ကာ စသည်များက အင်အားအဖြစ် ဖော်ပြ သက်သေခံနေသတည်း။

ရက္ခပူရ သာသနာရေးရာ
==============
၁။ ဓညဝတီ နယ်နိမိတ်
၂။ ရမ္မာဝတီနယ်နိမိတ်
၃။ ဒွါရာဝတီ နယ်နိမိတ်နှင့်
၄။ မေဃဝတီ နယ်နိမိတ် အတွင်း ရှိ သံဃပဝါရဏာဂိုက်းများ၏ နာမည်များကို မိမိလက်လှမ်းမီသမျှ စုစည်းထားခြင်းပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျန်ရှိနေသော သံဃပဝါရဏာဂိုဏ်များ ရှိနေပါက...
က။ ပဝါရဏာ ဂိုဏ်းနာမည်--
ခ။ စတင်ထူထောင်သူပုဂ္ဂိုလ်
ဂ။ စတင်ပေါ်ပေါက်လာသော ခုနှစ်
ဃ။ ဂိုဏ်းပိုင်ကျောင်းပေါင်း
င။ ဂိုဏ်းဝင်ကျောင်ပေါင်း
စ။ ကိုးကွယ်သူ ရပ်ရွာများ
ဆ။ ထူးချွန်သူ ပုဂ္ဂိုလ်ကျော်များ
ဇ။ လက်ရေး/ပုံနှိပ်  ထုတ်ဝေသော စာမူ
စျ။ ဂဏအဓိပတိ မဟာထေရ်များ၏  သြဝါဒကထာများ 
ည။ ထူးချွန်ထင်ရှားသော သာသနာရေး လုပ်ဆောင်ချက်
ဋ။ ဆက်စပ်သော သမဂ္ဂသံဃာဂိုဏ်းများ
ဌ။ ဓါတ်ပုံ မှတ်တမ်း အထောက်အထား
ဍ။ မျက်မှောက်ကာလ အခြေအနေ------  
---  စသည့် (စသည့်) ဖြစ်ဉ်/ ဖြစ်ရပ်တို့ကို မှတ်တမ်းတင်ထားနိုင်မည် ဆိုပါက
နောင်အခါ ရက္ခပူရ (ခ) ရက္ခင်္ဂဒေသ ၏ သာသနာရေးရာ သမိုင်းမှတ်တမ်းများအတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်မိပါသည် ။

သို့ရာတွင် လက်ရှိထင်ရှားသော သံဃဂိုဏ်းကြီး (၉)ဂိုဏ်း စာရင်းတွင် ရက္ခပူရမှ...

က။ သံဃရာဇာဂိုဏ်း (၁၂၀၉) ခု 
၂။ ရွှေစေတီဂိုဏ်း
၃။ မင်းရပ်ဂိုဏ်း
၄။ နဂါးဂိုဏ်း (၁၂၄၅ ခု )
၅။ ဂြင်းတောဂိုဏ်း (၁၂၄၅) ခု 
၆။ ကမ်းနီဂိုဏ်း....စသော အလွန်ရှေးကျသည့် သံဃာဂိုဏ်းများမှာ စာရင်းမဝင်ဘဲ ဖြစ်နေကြပါသည်။ ထို့ပြင် ရခိုင်ပြည်နယ် တစ်ခုလုံးတွင်လည်း နိုင်ငံတော်သံဃ မဟာနာယက (မ.ဟ.န) အဖွဲ့ဝင် တစ်ပါးတည်းသာ ရှိသည်ဟု သိရပါသည်။ ထို့ကြောင့် ရက္ခပူရရှိ .... 
၁။ ရွှေကျင် (မေဃဝတီတွင် အလွန်များ၏) နှင့်
၂။  ဒွါရဂိုဏ်းများ (ုဝတီလေးရပ်၌ ရှိ၏) ... 
ထိုဂိုဏ်းများကို ကိုယ်စားပြု၍ မ.ဟ.န အဖွဲ့ဝင် နောက်ထပ်လတစ်ပါးမျှ ပါဝင်ခွင့်ရနိုင်ပါက ရခိုင်
ပြည်နယ် ကိုယ်စားပြု မ.ဟ.န ဆရာတော်ကြီး (၂) ပါး ဖြစ်လာမည် ဖြစ်၍ တစ်ပါတည်း စီမံဆောင်ရွက်သည်ထက် အကျိုးများပါလိမ့်မည်။ တနည်းဆိုရသော် ရခိုင်ပြည်နယ် ကိုယ်စားပြု မ.ဟ.န အဖွဲ့ဝင် ဆရာတော်ကြီး (၂)  ပါး ရှိပါက ရက္ခပူရ သာသနာရေးရာ၌ တံခွန် နှင့် ကုက္ကားပမာ အလွန်ပဏာရအံ့ဟု ယုံကြည်မိပါသည်။

Dr.အသျှင်ဣန္ဒစာရ (ရမ္မာဝတီ)
Credit 

Comments