မြောက်ဦး Mrauk U

ဗမာတစ်ယောက် ရေးထားတဲ့ စာသားတွေ ကြိုက်လို့.. Copy ယူတင်ခြင်းပါ။
*******************

မြောက်ဦး တဲ့ 🖤

အလယ်ချောင်းက မြွေနဂါးတွေလို တစ်မြို့လုံးကို ရစ်ခွေစီးနေတယ် 

အဦးဆုံး ပြီးမြောက်အောင်မြင်ခဲ့လို့ မြောက်ဦး လို့ တွင်ပါသတဲ့

မြင်ယောင်ကြည့်ပါဦး
လက်ဦးအစ တည်သူမင်းစောမွန်က သူ့အသက်ထက် မြို့သက်ကို ပိုရှည်အောင် တည်ခဲ့သတဲ့

ဒါ့ကြောင့် မြောက်ဦးမြို့သက်က ၃၅၄ နှစ်ထိ မင်းပေါင်း ၄၉ ပါး ရှိခဲ့ပေမယ့် သူ့နန်းသက်က ၃ နှစ်ပဲ ရှည်ခဲ့တယ်

ဒီလိုဘုရင်တွေကြောင့်မို့
သီလနဲ့ အုပ်ချုပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံ တွင်တာပေါ့

ဘားဘူရှိယင့် ဆန့်ရှိယင့် တဲ့
ပြည်သူတွေ လိုသလောက် ဆန်ကို ထုတ်ယူဖို့ စပါးကျီတွေကို အမြဲတန်း တံခါးဖွင့်ထားတဲ့ မြို့

အတိုးမဲ့ ငွေတွေကို ဘုရင်ကိုယ်တိုင် ထုတ်ချေးပေးတဲ့မြို့

ဘုရင်ကိုယ်တိုင် ပြည်သူ့လယ်ထဲဆင်းပြီး အထွက်ကောင်း မကောင်း စစ်ပေးခဲ့တဲ့ မြို့

ဂျပန်ဆာမူရိုင်းတွေ ပေါ်တူဂီတွေအပါအဝင် ကိုယ်ရံတော် ၄၂၀၀၀ ထိ ခန့်နိုင်အောင် ဘုန်းတန်းခိုးကြီးခဲ့တဲ့ မင်းတို့ရဲ့ မြို့

ဘင်္ဂလား ၁၂ မြို့ကို အင်ပါရာ ချဲ့နိုင်ခဲ့တဲ့ထိ စစ်အင်အားကြီးခဲ့တဲ့ မြို့

ဒင်္ဂါးပြားမှာ ရခိုင် နဲ့ အာရဗီဘာသာအထိ သွန်းလုပ်နိုင်လောက်အောင် အရှေ့ အနောက် ကုန်သွယ်ပြီး ချမ်းသာကြွယ်ဝခဲ့တဲ့ မြို့

မြောက်ဦးမှာလေ..

မြတန်းဆောင်းဆရာတော်လို သီဟိုဋ်ထိ သာသနာပြုနိုင်တဲ့ ထေရ်ရှင်ရဟန်းတွေ ရှိခဲ့တယ် 

မင်းဗာဘုရင်လို ဘုန်းကြီးတဲ့မင်းတွေ ရှိခဲ့တယ်

သျှင်မြဝါလို လောကီအတတ် တဖက်ကမ်းခတ်တဲ့သူတွေ ရှိခဲ့တယ်

မဟာပညာကျော်လို ပညာရှိအမတ်သူရဲကောင်းတွေ ရှိခဲ့တယ်

ဖဒူမင်းညိုလို စာဆိုရှင်တွေ ရှိခဲ့တယ်

မြောက်ဦးမှာလေ..

ကိုးသောင်းလို ထုထည်ကြီးတဲ့ ဘုရားကြီးကို ၆ လနဲ့ ပြီးစီးအောင် ဗိသုကာမှာ စွမ်းခဲ့တယ်

သျှစ်သောင်းလို ကျောက်ဆစ်လက်ရာမှာ ကမ္ဘာကျော်အောင် အနုပညာဂုဏ် မြောက်ခဲ့တယ်

ထုက္ကန့်ပုထိုးလို ဆင်းရဲသားကနေ မင်းဧက္ကရာဇ်ထိ ရခိုင်ဆင်ယင်ထုံးဖွဲ့မှုကို အသေးစိတ် ကျောက်ရုပ်ကြွတွေ ရာထောင်ချီနဲ့ တန်ဆာဆင်နိုင်အောင် ယဥ်ကျေးမှု ကြွယ်ဝခဲ့တယ် ။

အံတော်သိမ်မှာ မင်းတို့ရဲ့ ရာဇပလ္လင် ၈ ခန်းကို ပုံဖော်နိုင်အောင် ဘာသာရေး နိုင်ငံရေး အားကောင်းခဲ့တယ်

လောင်ပွန်းပြောက်မှာ စဥ့်ချပ်ရောင်စုံနဲ့ ခြယ်သနိုင်လောက်အောင် စီးပွားရေး အထွတ်အထိတ်ထိ ရောက်ခဲ့တယ်

လေးမျက်နှာ မြတန်းဆောင်း ရတနာပုံ မုတ်ဆိတ်ဓာတ်စေတီ မဟာဗောဓိရွှေဂူ ဘုရားအုပ် ဘုရားပေါ် မင်းခေါင်ရွှေတူ စန္ဒာမုနိ နဲ့ ၅ မာန်အောင် ဘုရားစုံ ပါပဲ တကယ်က တောင်ရှိရင် ဘုရားရှိတဲ့ မြို့မြောက်ဦး

ဒါ့ကြောင့်လဲ သဇင်ပန်းခိုင် တစ်မြိုင်မြိုင် ရခိုင်ဘုရားပေါင်း တဲ့

ဘုရားအဆူပေါင်း ၆၃၅၂၇၅၅ ရှိပါသတဲ့

မြောက်ဦး ရယ်
မင်းက ရခိုင်ပြည်တွက်သာ မဟုတ်ဘူး မြန်မာကနေ ကမ္ဘာအထိ တန်ဖိုးထားခံရမယ့် မြို့ပါ

ပုဂံက မြန်မာတို့ရဲ့ နှလုံးသားဆို မင်းက ငါတို့ရဲ့ အသည်းတစ်ခြမ်း ပေါ့

မြောက်ဦး
ထာဝရ ငြိမ်းချမ်း စိမ်းလန်းပါစေ

(မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ရည်သန်လျှက်)

ကောင်းသောနေ့ 🖤🌿










Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)