ဆောင်းဒီဇင်္ဘာကို ရောက်ပြန်ပြီ
လလည်းကွယ် ပြည်လဲဆုံး သမိုင်းတကွေ့၏
အကျည်းအတန် မြို့မြောက်ဦး၏ နိဂုံး
နောက်ဆုံးဘုရင် မဟာသမ္မတရာဇာ
(မြောက်ဦး နိဂုံး )
ဓမ္မရဇ်ရာဇာမင်းလွန်လျှင် ထိုမင်၏ တူမတော်လင်ဖြစ်သော လက်ဝဲမြန်သတိုးအောင်ကို ပြည်သူအပေါင်းနှင့် မှူးမတ်တို့ ညီညွတ်ကာ နန်းအပ်ကြလေသည်။ မိဖုရားစောမယ်ပုံနှင့် ဘိသိက်ခံ၍ (၁၇၈၂) ခု (၁၄၄၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်)တွင် ရွှေနန်းတက်၏။ မဟာသမ္မတဘွဲ့ကို ခံယူ၍ တံဆိပ်ကို မဟာ သမ္မတ မင်းတရားဟု ခတ်နှိပ်သည်။
လက်ဝဲမြန်ကုလားဖြူ၊ လက်ယာမြန်မောင်ထွေးနှင့် မှူးမတ်တို့အား အဆောင်အယောင် ထီးစလွယ် သင်း ကျပ်တို့ကို ပေးသနား၏။ ငါးဇင်ရိုင်းချောင်းတွင် ငသံတွေသည် သောင်းကျန်းလာပြန်၍ မဟာသမ္မတရာဇာ ချီတက်လေလျှင် ထွက်းပြေးရလေသည်။ နောက်တွင် သစ္စာ၀င်ခံလာ၍ ငသံတွေအား ကုလားတန်စား ပေး အပ်၏။ တစ်ဖန် ကုလားတန်မှရသော ဘဏ္ဍာတို့ကို သိမ်းယူပြီး ဘုရင်အား ထောင်ထား၏။ ဓါးပိုင်ကြီး ငသံတွေဟု နာမည်ကြီးလေသည်။
ဓမ္မရဇ်ရာဇာ၏သားတော် လက်ဝဲမြန်ကုလားဖြူသည် သမ္မတရာဇာမင်းတရားကို မခစားလိုသောကြောင့် မြို့တော်မှထွက်သွားပြီး ပိန်းနဲချောင်းမှ ပုန်ကန်နေသော ကောင်းညွန့်ရန်တိုင်၊ ထွန်းပေါ်ဝေတို့နှင့် သွားပေါင်း ကာ ရဲမက်ဗိုလ်ပါနှင့်ချီလာပြီး တပ်မော်အရပ်တွင် လှေတည်၍နေ၏။ သမ္မတရာဇာမင်းကြီး ချီတက်၍ တိုက်လေသော် ပျက်စီး၍ ပြေးကြလေ၏။ လက်ဝဲမြန်ကုလားဖြူ ပြောင်းသီးမှန်၍ သေလေ၏။
ရမ်းဗြဲကျောက်ချောင်းသား ဗိုလ်မင်းသားရေ၀တ်ကျော်ထွေးသည် တန္တစစ်အောင်ဘွဲ့ခံကာ တန်းလွှဲမြို့တော် တွင် မင်းပြု၍နေ၏။ ကျော်ထွေးသည် ဓမ္မရဇ်ရာဇာမင်း၏ ယောက်ဖ ဆင်ကဲကြီးချေးစု၊ ရမ်းဗြဲအုပ်အောင်လှ တို့၏ တပ်ကိုတိုက်ရာ ဆင်ကဲကြီးနှင့် အောင်လှတို့ လက်နက်မှန်၍ သေသည်။ ကျော်ထွေးသည် ဇင်ချောင်း ထိအောင် သွားတိုက်လျှင် ဓမ္မရဇ်မင်း၏သားတော် သက်စံရွှေ ထွက်ပြေးရသည်။ ကျော်ထွေးသည် သက်စံရွှေ၏ နန်းကို မီးတိုက်ပြီး တန်းလွှဲသို့ပြန်ခဲ့သည်။ တောင်မင်းကျော်ထွေးသည် ထမ်းစင်မစီး၊ နာရီ စည်မောင်းမတီး၊ ဒင်္ဂါးမခတ်နှိပ်။ သို့သော် ကျန်အခြင်းအရာများတွင်ကား သမ္မတရာဇာမင်းကဲ့သို့ ပြုမူ၏။ မင်းကြီးသည် ယောက်ဖတော် ဓါးပိုင်ကြီးကျော်ပုံအား စေလွှတ်၍ ကျော်ထွေးအားတိုက်သည်။ တောင် မင်းကျော်ထွေးသည် အဝေးသစ္စာတော်ခံ၍ လက်ဆောင်ဘဏ္ဍာ ဆက်သလိုက်၏။
ထိုကာလ၌ အမရပူရမြို့ကို တည်ထောင်အုပ်စိုးနေသော ဘိုးတော်မင်းတရားသည် မြောက်ဦး အခြေအနေ ကို လေ့လာစုံစမ်းရန် ဗိုလ်ငခိုင်လှနှင့် ဗိုလ်ငချင်းခိုင်တို့ကို စေလွှတ်လိုက်၏။ သူတို့သည် ကုန်သည် ဟန်ဆောင်ကာ တောင်မင်းကျော်ထွေးအား မိတ်ဆွေဖွဲ့ပြီး ယူခဲ့သောမြင်းကို ဆက်သ၏။ ငခိုင်လှနှင့် ငချင်းခိုင်တို့သည် ရမ်းဗြဲကျွန်းသို့လာ၍ ပြည်ရွာခြင်းရာကို စုံစမ်းကြလေ၏။ နောက်တစ်ကြိမ်တွင် အမရပူရမင်းသည် ရှင်ယောင်နှစ်ဦးကို ထပ်လွှတ်၏။ တစ်ဦးသည် တောင်မင်းကျော်ထွေးကို လှည့် ပတ်ပြောဆိုလျက် ရမ်းဗြဲကျွန်းသို့ သွား၏။ နောက်တစ်ဦးသည် မြောက်ဦး မဟာသမ္မတမင်းထံ ၀င်ရောက် ဖူးမြင်၏။ ထို့နောက် မဟာမုနိသိမ်တော်သို့ သွားသည်။ ဘုရားရှေ့တော်၌ ပြုလုပ်ထားသော ၀သုန္ဓရေတွင်း၌ အစီအမံပြု၏။
(၁၇၈၄)ခု (၁၁၄၆ နယုန်လ)တွင် ဂစ္ဆပနဒီမြစ်ရေသည် ခုနစ်ရက်တိုင်တိုင် ထူးကဲစွာကြီးသည်။ မြစ် နံဘေးပြည်သူများ အတိဒုက္ခကြီးစွာ ရောက်ရသည်။ အနီးအပါး ပြည်သူများသည် မဟာမုနိသိမ်တော်တွင် လာရောက်နေထိုင်ရသည်။ မြစ်ရေသည် မဟာမုနိကုန်းတော်ခြေရင်းထိ ရောက်ခဲ့လေသည်။ လူများစွာ တို့ သေကြေပျက်စီးရလေသည်။
မဟာသမ္မတမင်းသည် ဝါဆိုလဆန်းတွင် မဟာမုနိဘုရားသို့ ကြွချီကာ ဖူးမြော်ကန်တော့၏။ ရှေးမင်းတို့၏ အစဉ်အလာအတိုင်း ၀သုန္ဓရေတွင်း၌ ရေစက်သွန်းချကာ ဒင်္ဂါးများ ထည့်လှူ၏။
အမရပူရမင်းသည် ရခိုင်ပြည်သို့ သူလျှိုအကြိမ်ကြိမ်စေလွှတ်ပြီးနောက် အကြောင်းစုံသိလျှင် အရှေ့ပြည် တောင်စဉ်ခုနစ်ခရိုင်မှ မြို့စား၊ ရွာစားတို့ထံမှ ဆန်၊ ရိက္ခာ တောင်း၏။ တောင်ကုပ်နှင့် ဖိုးခေါင်တောင်ရိုးမသို့ ၀င်၀စခန်းတွင် ဆန်ကျီတည်၍ ထားလေသည်။ ထိုအကြောင်းကို တောင်မင်းကျော်ထွေးကြားလျှင် ကင်းအတန်တန် စောင့်၍နေလေသည်။
အမရပူရ ရွှေနန်းရှင် ဘိုးတော်မင်းတရားသည် သားတော်အိမ်ရှေ့စံ မောင်ပေါ်၊ စကုမြို့စားနှင့် ကာမမြို့စား သုံးယောက်တို့ကိုခေါ်၍ ဓည၀တီရခိုင်ပြည် မြောက်ဦးကို တိုက်စေဟု အမိန့်ချသည်။ လက်နက်ကိုင် လူသူရဲမက် ကိုးသောင်းပါသည်။
အိမ်ရှေ့မင်းသည် ရွှေလှေပြဿဒ်စီးလျက် တော်သလင်းလဆန်းတွင် ရေကြောင်းချီလာသည်။ သမ္မတ ရာဇာမင်းသည် ဤသတင်းကိုကြားသိရ၍ သိုက်တက်ခေါင်းဖြူတောင်ဆရာတော် အစရှိသော ရဟန်း ပညာရှိ၊ လူပညာရှိတို့နှင့် တိုင်ပင်၏။ မဟာသမ္မတရာဇာဟူသော အမည်သည် ကမ္ဘာတည်စက သမုတ် ကြသော မင်းအမည်ဖြစ်သောကြောင့် သမ္မတဘွဲ့အမည်ကို မခံအပ်ဟု မိန့်ကြားလျှောက်ထားကြသည်။ မင်းကြီးသည် မှူးမတ်အပေါင်းခြံရံလျက် ဝါကျွတ်လဆန်းတွင် နှစ်ကြိမ်မြောက် ဇေယျဘိသိက်သွန်း၍ အဂ္ဂေါပုညစောရာဇာဘွဲ့ကို ခံယူသည်။ တံဆိပ်ခတ်နှိပ် ထုတ်ပြန်သည်။
အမရပူရမင်း၏သားတော် အိမ်ရှေ့မင်းသည် ရေကြောင်းစုန်လာ၍ ရန်ကုန်သို့ရောက်လျှင် တလိုင်းဗိုလ်ချုပ် အမတ်ဒိန်၊ ဇင်းမယ်ဗိုလ်၊ ပုသိမ်ဗိုလ်တို့ကို နဂါးရစ်မော်တင်ကြောင်း စေလိုက်သည်။ တောင်ကြောင်း ၊ ရေကြောင်းချီလာသည်များကို တောင်မင်းကျော်ထွေးသိလျှင် နောင်တော် ဓားပိုင်ကြီးစံပိုင်ရွှေကို တန်းလွှဲမြို့တွင် ကြီးမှူးထားခဲ့သည်။ သားမယားမိသားစုတို့ကို ရမ်းဗြဲကျွန်း သင်းပန်းကိုင်းအရပ်သို့ပို့သည်။ မာန်အောင်စားထွန်းအောင်၊ အိမ်ရှေ့မင်းသက်စံရွှေနှင့် မြောက်ဦးမင်း သမ္မတရာဇာထံ တမန်စေလွှတ် စာပို့လေသည်။
ကြည်းကြောင်းချီ မြန်မာစစ်တပ်တို့သည် နတ်တော်လဆန်းတွင် တောင်ကုပ်သို့ ရောက်၏။ တောင် မင်းကျော်ထွေး၏ ရခိုင်တပ်သည် အိမ်ရှေ့၀န်ငချွန်းနှင့် မင်းတုန်း၀န်ကျော်ထင်တရဖျားတို့၏ မြန်မာတပ်တို့ ကို တန်းလွှဲတွင် ဆီးကြိုတိုက်လေသော် မြန်မာကင်းတပ်ဗိုလ်နှင့် များစွာသော စစ်သည်တို့ သေကြေ ပျက်စီးကြ၏။ ကျော်ထွေးသည် နောင်တော် ဓားပိုင်ကြီးစံပိုင်ရွှေ၊ ရမ်းဗြဲစား ပေါလုံး၊ လမူးစား ငလှခိုင်၊ ရမ်းဗြဲငယ်စား ထွန်းအောင်တို့နှင့် စည်းရုံးကာ သူရဲတစ်သောင်းကျော်ရလျှင် တန်းလွှဲမြို့တောင်သို့ ချီ၍ ရွှေတုံးပြင်တွင် တပ်စွဲထားသော မြန်မာစစ်သည်တို့ကို တိုက်သည်။ ရွှေတုံးပြင်တွင် အရေးနိမ့် ၍ မြန်မာတို့ သဲတောင်သို့ ဆုတ်ကာ ခံတိုက်သည်။ ငါးရက်အကြာတွင် အိမ်ရှေ့မင်း မောင်ပေါ်တို့ ကြည်းရေအင်အား ဖိစီးကာ သံတွဲမြစ်၀တွင် ရောက်ရှိလာသည်။ တောင်မင်းကျော်ထွေးသည် တန်းလွှဲစစ် အရန်တပ်ကို ဖြုတ်ကာ ရမ်းဗြဲသို့့ ပြန်လာသည်။ သားမယားလူသူတို့ကို ကုလားဖုန်းအရပ်သို့ ရွှေ့
ပြီးမှ မြန်မကျည်းအရပ်ရှိမြန်မာတလိုင်းတပ်တို့ကို တိုက်ရာ အရေးနိမ့်၍ ဆုတ်လာခဲ့ရသည်။
ရမ်းဗြဲကျွန်းတုံးကျောက်ဆိပ်တွင် မြန်မာဗိုလ်မင်း နရသမိုင်းကျော် တပ်ဆွဲလာသည်။ တောင်ကုပ်တွင် ဆီးစားဗိုလ်မင်း တပ်ဆွဲထားသည်။ တောင်မင်းကျော်ထွေးသည် သူရဲလက်နက် စုဆောင်းကာ အင်အား သုံးသောင်းနှင့့် တုံးကျောက်ဆိပ်မှ မြန်မာဗိုလ်မင်းတပ်ကို ၀င်တိုက်သည်။ အစတွင် မြန်မာကင်းစောင့်တို့ ပျက်ဆီးသေကြေ၏။ ဗိုလ်မင်းနရသမိုင်းကျော် အင်အားစုကာ ဖိစီးတိုက်သော် တောင်မင်းကျော်ထွေး စစ်ရေးမသာသောကြောင့် ဆုတ်ခွာပြေးရကာ ကုလားဖုန်းကျွန်းသို့ ရောက်လာ၏။
တောင်မင်းကျော်ထွေးက ဤရခိုင်ပြည်တွင် ငါတစ်ယောက်တည်း မင်းပြုသည်မဟုတ်။ များစွာသော မင်းတို့လည်း ရှိလေသည်ဟု စဉ်းစားတွေးတောပြီးလျှင် မယားသားတို့ကို ခေါ်ယူ၍ ပိန်းနဲချောင်းကျွန်းတွင် တပ်ချာထားသော ကောင်းညွန့်ရန်တိုင်နှင့် ထွန်းပေါ်ဝေတို့ထံ သွား၏။ တောင်မင်းကျော်ထွေး၌ မြောက်နန်း မိဖုရားအလျာထားသော စောမျိုးဖြူကို ဗိုလ်မင်းဓါးပိုင်ကြီး ငချွန်း ခိုးယူသွားလေသည်။ ကျော်ထွေးလည်း ဤမတရားသူတို့နှင့် ပေါင်းဖော်ချေသော် အပြစ်သာသင့်အံ့ဟုတွေးကာ မယူမြစ်ညာဖြစ်သော ကုလား ပန်ဇင်းအရပ်သို့ ရွှေ့ပြောင်းနေထိုင်လေသည်။
ဓမ္မရဇ်ရာဇာမင်း၏ သားတော် သက်စံရွှေသည် ယောက်ဖတော် ငချေးစွယ်ကို စစ်ကွပ်ဗိုလ်ချုပ်ခန့်၍ ရမ်းဗြဲမြောဖက်လေးရွာသားတို့နှင့် ချီလာပြီး ရမ်းပေါက်ဝြမစ် လက်ဝဲကမ်းဘက်တွင် တပ်တည်ကာ မြန်မာ တပ်တို့ကို ပြောင်းနှင့်ပစ်၏။ မြန်မာတို့ လက်နက်ထိမှန်သေကြ၍ တပ်ဆုတ်ကာ သပြေကျွန်း၌ နေသည်။ ဗိုလ်ချုပ်ငချေးစွယ်သည် သပြေကျွန်းကို တိုက်ရာ သေနပ်ထိမှန်၍ ကျလေ၏။ မင်းသားသက်စံရွှေလည်း ဇင်ချောင်းဒေသမှ ထွက်ပြေးရလေသည်။ မေဃ၀တီ မာန်အောင်ကျွန်းသည် မြို့ငယ်ဖြစ်၍ မြန်မာတပ်တို့ မတိုက်ဘဲ ချန်ထား၏။
တောင်ခွင်ကြိမ်သလီ၊ သံတွဲခရိုင်တောင်စဉ်နှင့် ရမ်းဗြဲကျွန်းရပ်ရွာနေသူ လူအပေါင်းတို့ ဓည၀တီဘက် သို့ ပြေးလာကြ၏။
ရခိုင်ပြည့်ရှင် သမ္မတရာဇာသည် မှူးတော်မတ်တော်များနှင့် တိုင်ပင်သည်။ တောင်မင်းကျော်ထွေး တမန်လွှတ်စစ်ကူတောင်းစဉ် ဖိုးခေါင်တောင်သားတို့နှင့် ကျော်ထွေးတို့ အခင်းဖြစ်သည်ထင်မှတ်၍ စစ်ကူမပေးမိ။ ယခုကား ခုနစ်ခရိုင်တောင်စဉ်၊ ရမ်းဗြဲ၊ သံတွဲကို အောက်သားမြန်မာတို့ ရလေပြီဟု ဆို၏။ မြောက်ဦး၌ ညွှံကျုံး၊ ရေကျုံး ကျုံးခြောက်၊ ကျုံးပင်လယ်၊ တံခါးကြီး၊ တံခါးငယ်၊ သူရဲခို၊ သူရဲကပ် ၊ ပြအိုး၊ ပဉ္စင်ရင်တားတို့ကို ခိုင်ခန့်စွာ လုပ်စေသည်။ ရင်တားပတ်လည်တွင် ပြောင်းလက်နက်ကြီးများ တင်ထားသည်။ အရှေ့ပေါင်း၀တွင် ခံတပ်လုပ်စေပြီး သူရဲအပေါင်းတို့ စောင့်သည်။
အိမ်ရှေ့မင်း မောင်ပေါ်သည် ငါးဇင်ရိုင်းချောင်းမှ စစ်ပန်သူ ဓါးပိုင်ကြီး ငသံတွေ၊ လေးခက်တောင်စား ငထွန်းစံတို့ကို ခေါ်ကာ ပြာသိုလတွင် လောင်းကြက်မြို့ဟောင်း၌ တပ်တည်သည်။ ကြည်းကြောင်းချီ ရှမ်းတပ်တို့သည် ပြိုင်းတပ်တောင်ခြေရင်းသို့ ရောက်လာကာ ပိုးခြည်ကျွန်း၌ တပ်တည်၏။ နဂါးရစ်မော်တင်စွန်းကြောင်း ချီလာသော တလိုင်းအမတ်ဒိန်တို့ ရတနာပြင်တွင် တပ်တည်၏။
မဟာသမ္မတမင်းသည် ညီတော် အိမ်ရှေ့မင်းချစ်လှရွှေ၊ ယောက်ဖတော် ဓါးပိုင်ကြီးကျော်ပုံ၊ လက်ဝဲမြန်၊ လက်ယာမြန်၊ မှူးမတ်အပေါင်း၊ ရဟန်းပညာရှိ၊ လူပညာရှိတို့နှင့် မြန်မာတို့အား တိုက်မည့်အကြောင်း တိုင်ပင်လေသည်။
ယောက်ဖတော် ဓါးပိုင်ကြီးကျော်ပုံက အမရပူရမင်း စေလွှတ်ချီလာသော စစ်ရေးသည် အားအင်ကြီးကျယ် လှသည်ဖြစ်သောကြောင့် သမီးကညာနှင့် လက်ဆောင်ပဏ္ဍာဆက်သပြီး ကြည်ဖြူသာယာစွာ ပြေဆို၍ မဟာမိတ်ဖြစ်တော်မူကြမှ ပြည်ထဲအရေး ငြိမ်းချမ်းသာယာပါမည်ဟု လျှောက်ထား၏။
ရှေးဘေးလောင်းတော် ဘိုးလောင်းတောင်တို့လက်ထက် ဤရခိုင်ပြည်သို့ တစ်တိုင်းတစ်နိုင်ငံမှ စစ်ပြိုင် လာသော မင်းတို့ကို လက်ဆောင်ပဏ္ဍာနှင့် သမီးကညာဆက်သဖူးသည် မရှိလေ။ ငါတို့ရခိုင်ပြည်သို့သာ ထိုသို့သော ဆက်သဖူးကြောင်း သမိုင်းရာဇ၀င်တို့တွင် ရေးတင်ပါရှိသည်။ ယခု ငါ့လက်ထက်တွင်မှ ဆက်သရချေသော် နောင်လာမင်းတို့သည် ကမ္ဘာကြေသော်လည်း ဥဒါန်းစကား မကြေရှိလိမ့်မည်ဟု မဟာသမ္မတရာဇာ မိန့်လေသည်။ ညီတော်ချစ်လှရွှေကို ဗိုလ်ချုပ်ခန့်၍ လက်ဝဲမြန်၊ လက်ယာမြန်၊ အရှေ့၀င်းမှူး၊ အနောက်၀င်းမှူး တို့ကို ပြောင်းလက်နက်တင် လှေ (၈၀)နှင့် ရေကြောင်းချီစေသည်။ ကိုယ်ရံကြီး၊ ဆင်ကဲကြီး၊ ရေဇုံန္တာတ်တို့သည် မြောက်စည်တိုက်တီးကာ အရှေ့ဘက် ကွမ်းချေးပေါင်း၀မှ ကြည်းကြောင်းချီသည်။
ပြာသိုလဆုတ် ၆ ရက်တွင် လောင်းကြက်မြို့ဟောင်း၌ တိုက်ပွဲကြီးစွာဖြစ်သည်။ စစ်ရေးအင်အား မတူသောကြောင့် ကြည်းအား၊ ရေအား နှစ်ခုစလုံး မြို့တော်သို့ ဆုတ်ခွာလာခဲ့ရသည်။ မင်းကြီးသည် မှူးမတ် သူရဲတို့အား ဆုလာဘ်ပေးကာ ရွှေ၀င်းတော်အထဲမှ ဆီးခံ၍ တိုက်ရန်ကြံစည်သည်။ ဓါးပိုင်ကြီးကျော်ပုံက ဤတစ်ပြည်သားစစ်ကို တိုက်၍ နိုင်မည်ထင်သလောဟုဆိုကာ မိမိနေအိမ်ကို မီးရှို့၊ တိုက်ရေယာဉ်ငါးစီးနှင့် သားမယားတို့ကို ခေါ်ယူကာ မြို့တော်မှ စွန့်ခွာလေသည်။
မဟာသမ္မတမင်းသည် မိမိအကြံအစည် မမြောက်သောကြောင့် ညီတော် အိမ်ရှေ့မင်း ချစ်လှရွှေ၊ အရှေ့၀င်း မှူး၊ အနောက်၀င်းမှူး၊ ပါနိုင်စွမ်းသမျှ လူသူအပေါင်းတို့စုကာ သန်းခေါင်အချိန်တွင် ရွှေမြို့တော်မှထွက်ပြီး တိုက်လှေသုံးဆယ်နှင့် မြောက်ဦးကို စွန့်ပြေးလေသည်။
အမရပူရပြည့်ရှင် ဘိုးတော်မင်း၏ သားတော် အိမ်ရှေ့မင်း မောင်ပေါ်သည် (၁၁၄၆)ခု ပြာသိုလဆုတ် ၇ ရက်၊ စနေနေ့တွင် မြောက်ဦးမြို့ကို အောင်နိုင်ခဲ့လေသည်။
မဟာသမ္မတရာဇာသည် မိမိချက်မြှုပ် ရမ်းဗြဲသို့သွားရာတွင် ရန်သူတို့ ထူထပ်၍ ခရီးမရောက်ဘဲ ကျွန်းသာ ယာတွင် ၀င်ခိုနေရ၏။ ထိုသတင်းကို ကာမမြို့စားနှင့် တပ်မှူးတို့ရသောကြောင့် လိုက်လေသော် ဖမ်းမိ၏။ နန်းစံ ၂ နှစ်၊ သက်တော် (၄၂) ဖြစ်သည်။ မြန်မာတပ်မှူးသည် ရခိုင်ဘုရင်အား အိမ်ရှေ့မင်းမောင်ပေါ်ထံ ပို့ဆက်သည်။ သံခြေကျင်းခတ်၏။ ဓည၀တီဘုရင်သည် စစ်ရှုံးသုံ့ပန်း ဖြစ်ရလေတော့သည်။
မြန်မာတပ်များသည် မြို့ရွာများ၌ ပုန်ကန်သူများကို ရှာ၏။ ဓမ္မရဇ်ရာဇာ လက်ထက်ကတည်းက မြောက်ဦးကို ပုန်ကန်လာခဲ့သော ကောင်းညွန့်ရန်တိုင်နှင့် ထွန်းပေါ်ဝေတို့ မြန်မာဗိုလ်ထံ အ၀င်ခံသော်လည်း သူကောင်းပြု မခံရဘဲ အသတ်ခံခဲ့ရလေသည်။ မြန်မာတို့သည် နန်းစံ ၃ လတွင် ကျောက်ပေါက်၍လွန်ခဲ့သော သီရိသု ရာဇာမင်း၏ သားတော်ကို နန်းတင်မည့်ဟန်ပြုကာ ပြည်သူတို့မထိတ်လန့်အောင် အရပ်ရပ်မြို့ရွာ ဇနပုဒ်တို့၌ လက်နက်ကိုင်သူရဲတို့ကို အစောင့်ထားလေသည်။ ရွာလူကြီးတို့အား စာချွန်ပေးအပ်ပြီး လူကြီး၊ လူငယ်၊ မိန်းမ၊ ယောက်ျား၊ အားလုံးကို ပေထန်းရွက်တွင်၊ ဝါးစိတ်ခြမ်းတွင် "နေထွက်ဘုရင် ကျွန်တော်မျိုး"ဟု စာရေး ပြီး လည်ပင်းတွင် ဆွဲထားစေသည်။ ထိုသူတို့ကိုသာလျှင် မြန်မာဘက်သား ဖြစ်သည်ဟု သတ်မှတ်၏။ ထိုသို့မဆွဲသောသူတို့သည် တောင်မင်းကျော်ထွေး၏ သစ္စာခံလူဖြစ်သည်ဆိုကာ ကြေးငွေတောင်း၏။ နှိပ် စက်၏။ ရွာသူရွာသားတို့သည် အသက်ရှင်သန်ရေးအတွက် ချောင်းနားမြစ်နား၊ တောစပ်တောင်စပ်တို့ တွင် နေရလေသည်။
အိမ်ရှေ့မင်းမောင်ပေါ်သည် မြောက်ဦးမြို့တော်တွင် နန္ဒပကျန်ကို မြို့တော်၀န်ခန့်သည်။ စစ်ပန်ခေါ်လာသူ ငထွန်းခံကို မြို့သူကြီးခန့်သည်။ ကိုးမြို့သခင်နှင့် လမိုင်း၀န်တို့ကို သူရဲတစ်ထောင်နှင့် မြို့စောင့်ထားခဲ့သည်။ ရခိုင်သားတို့ စစ်ပြန်လျှင် ခရီးလမ်းထောက်စေရန် မီးချောင်း၀၌ စစ်တပ်တည်၍ သွေးသောက်လူကြီးတို့ကို အစောင့်အရှောက်ထားခဲ့သည်။ အရပ်ရပ် ကျေးလက်မြို့ရွာတို့၌ အသီးသီး အစောင့်အရှောက်ထားခဲ့သည်။
မဟာသမ္မတဘုရင်နှင့် မိဖုရားများ၊ မင်းညီမင်းသား၊ မှူးမတ်များ၊ ပိဋကတ်စောင်ရေ (၆၄)ကျမ်း၊ ယိုးဒယား ဘုရင် ဗြသာအဓိပတိရာဇာ အရုပ်၊ အတောင်နှစ်ဆယ်ပြောင်းကြီးနှင့် ပြောင်းငယ် သုံးထောင်၊ ပုဏ္ဏား မိသားစုများ၊ အတတ်ပညာသည်များ၊ မြစ်ကမ်းခြေနေသူများ၊ ဆင်မြင်းရွှေငွေတို့ကို ယူဆောင်ကာ အိမ်ရှေ့ မင်းသည် တောင်ကုပ်မှတစ်ဆင့် ပြန်ခဲ့သည်။
မဟာမုနိဘုရားကြီးကို အသင့်ခေါ်ဆောင်လာသော ကုလားသွေးသောက်တပ်မှ တာ၀န်ယူပြောင်းရွှေ့ ရသည်။ တောင်ကုပ်မြို့သို့ ရောက်သောအခါ ရထားသုံးဆူ ပြုလုပ်ရသည်။ မဟာမုနိ ရှင်တော်မြတ်ကို ကုလားတို့သည် ချွတ်ဖြုတ်သင့်သည်ကို ချွတ်ဖြုတ်၍ (သုံးပိုင်းချွတ်ဖြုတ်၍) ရထားသုံးဆူပေါ်တင်ကာ စက်နှင့်ဆွဲငင်သည်။ ပန်းတောင်းသို့ရောက်လျှင် ချွတ်ဖြုတ်တင်ယူခဲ့သည်ကို ရှေးနဂိုအတိုင်း ပြန်လည်တပ် ဆင်လျက် လှေဖောင်သို့တင်သည်။ ဧရာ၀တီမြစ်ကြောင်းအတိုင်း အမရပူရမြို့သို့ ဆန်တက်တော်မူ၏။
မင်းနှင့်တကွ လက်ရဖမ်းလာသူ နှစ်သိန်းကို အမရပူရပြည့်ရှင် ဘိုးတော်မင်းတရားကြီးထံ ဆက်၏။ မဟာ မုနိရုပ်ရှင်တော်ကိုလည်း မင်းကြီးထံဆက်သ၏။ မဟာမုနိရုပ်ရှင်တော်ကို အမရပူရမြို့တော် အရှေ့မြောက် မန္တလေးအရပ်တွင် သိမ်တော်ဆောက်လျက် ကိုးကွယ်၏။ ဖမ်းဆီးလာသူများကို အသီးသီးရွာတည်ပေးလေ သည်။
ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်းကို ညီတော်ပခန်းစားအိမ်တွင် နေစေ၏။ မေးဖွယ်ရာများရှိလျှင် သံတော် ဆင့်တို့ကို စေခိုင်း၍ မေး၏။
တစ်ခါတွင် အမရပူရမင်းက ရခိုင်မင်းအား ရခိုင်မင်းသည် အဘယ်ကြောင့် စစ်ဆိုင်၍ မတိုက်သနည်းဟု မေး ၏။ ရခိုင်မင်းက အမရပူရပြည့်ရှင်သည စစ်ထိုးမည့်အကြောင်းကို ရာဇသံနှင့် တမန် မရောက်သောကြောင့် မတိုက်နိုင်လေဟု ဆိုသည်။
ရခိုင်မင်းသည် နန်းကဆင်း၍ အဘယ်ကြောင့်ပြေးလေသနည်းဟု မေး၏။ ရခိုင်မင်းက ဘုရားသခင်လက် ထက်တော်၌ ဗိမ္ဗိသာရမင်းသည် ဇမ္ဗူပတိမင်းကိုကြောက်၍ ပြေးရဖူးသကဲ့သို့ ပြေးရပေသည်ဟု ဆိုသည်။
ပြေးလျှင် အဘယ်ကြောင့် မလွတ်လေသနည်းဟု ဘိုးတော်မင်းက မေး၏။ မဟာသမ္မတမင်းက ကိုယ်ရံ သက်တော်စောင့်တို့ မရှိလေသောကြောင့် မလွတ်နိုင်ဖြစ်ရလေသည်ဟု ဆိုလေသည်။
ရခိုင်မှာ ပိဋကတ်ဗေဒင် တတ်သိလိမ္မာသူတို့ မရှိလေသလောဟု ဘိုးတော်မင်းကမေးသည်။ ရခိုင်မင်းက အမရပူရမင်း၌ ပိဋကတ်ဗေဒင် သိမြင်တတ်သိ လိမ္မာသူတို့ မရှိလေသောကြောင့် သူတစ်ပါးနိုင်ငံကို တိုက်ဖျက်လုယူသလောဟု ဆိုလေလျှင် ဘိုးတော်မင်းသည် နောက်ဆက်၍ မမေးဘဲ ဆိတ်ဆိတ်နေတော် မူ၏။
ရခိုင်မင်း၏ တန်ဆောင်းမိဖုရား မြသန္တာသည် အရောင်အဆင်းနှင့်ပြည့်စုံသောကြောင့် ဘိုးတော်မင်းတရား သိမ်းယူလိုသည်။ မြသန္တာအား မဟာသမ္မတမင်းကို မလိုဟု တရားစွဲဆိုခြင်းပြုစေ၍ တရားစရိတ်ငွေ တစ်ထောင်ကို ဘိုးတော်မင်းအား အမတ်လေးဦးကို ပေး၏။ တန်ဆောင်းမိဖုရား မြသန္တာကို ဘိုးတော်မင်း သိမ်းယူသည်။
မြောက်ဦးမြို့၀န် နန္ဒပကျန်နှင့် မြန်မာတပ်များကို ဓါးပိုင်ကြီးကျော်ပုံနှင့် တောင်မင်းကျော်ထွေးတို့ စတင်တော် လှန်ကြသည်။ ရခိုင်တို့ စစ်ရေးအသာစီးမရချေ။ ဖမ်းဆီးရမိသူများကို သတ်ဖြတ်ပစ်၏။ နန္ဒပကျန်နှင့် မြို့သူ ကြီးငထွန်းစံတို့သည် ရခိုင်မြို့ရွာအနှံ့မှ လူတို့အား ပြောင်းလက်နက်ချရန် ဆင့်ခေါ်ပြီး ပေါင်းတုပ်ပြင်၊ သရက် အုပ်၊ ကြက်ရိုးတောင်၊ စံကားတောင်တို့၌ ထားသည်။ ထို့နောက် သတ်ပစ်၏။ ပုခက်တွင်းမှ ကလေးသူငယ် များကို ဓါးကစား၏။ ဘုရားပေါ်၊ ဒိုင်းကျီ၊ မောင်းဆွဲ၊ ငါရကောက်၊ ခေါင်းဖြူတောင်၊ ပရိန်ပေါင်းတုတ်၊ ရတနာပြင်လက်မ၊ တောတန်းအရပ်၊ ကိုးဆယ့်ကိုးတောင်အရပ်၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်တို့၌ လူပေါင်း တစ်သိန်းရှစ်သောင်းလေးထောင် သေရလေသည်။
မြို့သစ်ချောင်းမှ တောင်မင်းကျော်ထွေး စစ်ရေးပြင်နေသည်ဟု နန္ဒပကျန်ကြားလျှင် မြုံသက်တို့ကို လမ်းပြစေ လျက်တိုက်ရာ (၁၇၈၆)ခု မေလတွင် တောင်မင်းကျော်ထွေး လက်နက်မှန်၍ သေသည်။ သားမယားတို့ ကို ခြေ လက်တို့၌ ကြိုးချည်ကာ မြစ်တွင်းသို့ ပစ်ချလေသည်။ အနောက်ပြည်မှ လာသူများကို တောင် မင်းကျော်ထွေး လူဟူ၍ သတ်ပစ်ကြလေသည်။ သမ္မတရာဇာ၏ညီ အိမ်ရှေ့မင်းချစ်လှရွှေအား ဖမ်းမိလျှင် သတ်ပစ်လေ၏။ ဓမ္မရဇ်ရာဇာ၏သားတော် အိမ်ရှေ့မင်း သက်စံရွှေလည်း သေနတ်ထိမှန်၍ သေလေသည်။
ရခိုင်မြို့၀န် နန္ဒပကျန်က ဓည၀တီရခိုင်ပြည် မြောက်ဦးတွင် နေသောသူတို့သည် ရွှေငွေတို့ကို ဒင်္ဂါးခတ်နှိပ်၍ သာ သုံးပါသည်ဟု အမရပူရဘိုးတော်မင်းထံ လျှောက်စာတင်သည်။ ဘိုးတော်မင်းသည် "၁၁၄၆ အမရပူရ ဆင်ဖြူများရှင် နိုင်ငံဟု တံဆိပ်ခတ်လျက် ဒင်္ဂါးရိုက်လေ။ ထိုဒင်္ဂါးကို ပုံတော်ဒင်္ဂါးဟု ခေါ်လေ" ဟု အာဏာပေးသည်။ ဒင်္ဂါးရိုက်နှိပ်၍ ပုံတော်ဒင်္ဂါးဟုခေါ်ကာ ရခိုင်လေးမြို့၌ အသီးသီးသုံးကြ၏။
ရခိုင်ပြည်သည် စစ်၏ခေါင်းမည်သော စစ်သူကြီး၊ စစ်၏မျက်စိဖြစ်သော ဟူးရားတတ်၊ စစ်၏နားဖြစ်သော သူလျှိုလိမ္မာ၊ စစ်၏အားဖြစ်သော ဗိုလ်ပါရဲမက်၊ စစ်၏ခံတွင်းဖြစ်သော တမန်လိမ္မာ၊ စစ်၏အစွယ် အမတ်သူရဲကောင်း၊ စစ်၏ခြေဖြစ်သော ခြေသည်သူရဲ၊ စစ်၏အင်္ဂါဖြစ်သော ဆင်ကောင်း၊ မြင်းကောင်း၊ လက်နက်ကောင်းဆိုသည့် စစ်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံခဲ့သည်။ နောက်နောင် ပြန်လည်ရုန်းထလာမည်ကို စိုးရိမ်၍ အဘယရာဇာသားတော်၊ သမုနရာဇာသားတော်၊ ဓမ္မရဇ်ရာဇာ သားတော်၊ ဓါးပိုင်ကြီး၊ မင်းသား၊ မင်းသမီး၊ ဝိနည်းဓိုရ်ရှစ်သောင်း၊ တေဇရာမ၊ ဇိနမာရ်အောင်၊ လောကမာရ်အောင်၊ ပိန်းနဲတောင် ဆရာတော်များ၊ ပုဏ္ဏား၊ ပရောဟိတ်၊ ဗေဒင်တတ်၊ ဆေးသမား၊ ကိုယ်တော်ရံ ယောက်ျား၊မိန်းမတို့ကို ဘိုးတော်မင်းတောင်းသောကြောင့် လူပေါင်း ၇၇၀၀ ကို (၁၇၇၇)ခုတွင် နန္ဒပကျန်သည် အမရပူရသို့ ပို့ဆက်ရလေသည်။
ရေ၌ပွင့်သောပန်း၊ ကြည့်၌ပွင့်သောပန်းတို့ကို ဆက်သွင်းရသည်။ သဇင်ပန်းသည် မင်း၏ဘဏ္ဍာဖြစ် သည်။ ရေ၌ဖြစ်သော ငါးဟင်းတို့လည်း ဆက်သွင်းရသည်။ ကျောက်ကြိုးကို နှစ်စဉ်ဆက်သရ၏။ ပိဋကတ် ကျမ်း၊ ဗေဒင်ဗာဟိရကျမ်း၊ ငါးဆယ့်ခြောက်စောင်ကို ပေးဆက်ရလေသည်။
နန္ဒပကျန်သည် ငထွန်းစံအား ရခိုင်မြို့သူကြီးအရာမှ နုတ်၍ ရမ်းဗြဲမြို့သူကြီး ခန့်၏။ စစ်ပန်သူ ငါးဇင် ရိုင်းချောင်းသား ငသံတွေအား ရခိုင်မြို့သူကြီး ခန့်၏။ သမက်သက်နှံဝေကို လေးမြို့သူကြီး ခန့်၏။ မြို့၀န် နန္ဒပကျန်နှင့် မြို့သူကြီး ငသံတွေတို့သည် ကျေးရွာအရပ်ရပ် အုပ်ချုပ်ရေး၌ မြန်မာတစ်ဦးစီ ခန့်ထားခဲ့ကြ၏။ နန္ဒပကျန်သည် လေးနှစ်တိုင်တိုင် ရက်စက်ဖိနှိပ်အုပ်ချုပ်ပြီး ၁၇၈၈ ခုတွင် သေလွန်သည်။
(၁၇၈၉)ခုတွင် ဇင်းမယ်သို့ချီရန်အတွက် လူပေါင်း (၆၀၀၀)ကို ရခိုင်မှ အမရပူရသို့ ပို့ရသည်။ စစ်သည် အများအပြာင်း ငှက်ဖျားနှင့် သေဆုံးသည်။ ဘိုးတော်မင်းသည် မင်းကွန်းစေတီတည်ရန် ရခိုင်မှ လူ (၂၀၀၀) တောင်းသည်။ ရခိုင်မြို့သူကြီး ငသံတွေ၏သားမျက် လက်ရုံးဗိုလ်တို့ လူသူစုဆောင်းစဉ် ပုန်ကန် မှုဖြစ်ပေါ်သည်။ (၁၇၉၈) ခုတွင် ငသံတွေသည် သားဖြစ်သူ စိုင်းတင်စားချင်းပြန်အား များစွာသော ရဲမက် လက်နက်နှင့် ချေမှုန်းတိုက်ခိုက်ရန် စေလွှတ်သည်။ ချင်းပြန်သည် ပုန်ကန်သူများနှင့် ပူးပေါင်းကာ မယူကမ်းတွင် အောင်တပ်တည်၍ တော်လှန်ခြားနားလေသည်။ (၁၈၁၁)ခုတွင် ချင်းပြန်သည် မြောက်ဦးကို ၀င်တိုက်၏။ အမရပူရမင်းသည် စစ်အင်အား အလုံးအရင်းစေလွှတ်ကာ ချင်းပြန်သူပုန်အား ချေမှုန်းရန် ကြိုးပမ်းခဲ့သည်။ တိုက်ခိုက်မှုများ ပြင်းထန်စွာ ဆက်တိုက်ဖြစ်ပေါ်ပြီး (၁၈၁၃)ခုတွင် စစ်ရေးမလှသဖြင့် စစ်တကောင်း (ပင်းဝါ)နယ်ထဲသို့ ချင်းပြန် တိမ်းရှောင်သွားခဲ့ရသည်။
မြောက်ဦးမြို့တော်တွင် ကျောင်းကြီးသုံးဆယ်၊ ကျောင်းငယ် သုံးထောင့်ခုနစ်ရာ၊ ရခိုင်ပြည်အနှံ့ သိမ်ကျောင်းစေတီပုထိုးတို့ကို ဖျက်ဆီးပစ်ခဲ့သည်။ မြောက်ဦးမြေ၌ ပညာရှိအမတ်မရှိ၊ အကျင့်သီလပြည့် စုံသော ရဟန်းတော်မရှိ၊ ဗေဒင်ဟူးရား ဆေးသမားမရှိ၊ မင်းဆွေမင်းမျိုး မရှိ၊ သူဌေးသူကြွယ် မရှိ၊ လက်နက် ကိရိယာ၊ စစ်သည်သူရဲမရှိ။
ရွှေနန်းတော်၊ နာရီစင်၊ ယွန်းစည်၊ မြို့၀င်တံခါးများ၊ မြို့ရိုးတံတိုင်းတို့ ပျက်စီးရလေသည်။ နန္ဒပကျန်တို့သည် အောင်စေတီနှင့် ကျောင်းသိမ်အသစ်တည်ဆောက်၏။ ဓည၀တီမြောက်ဦးသည် မြေလှန်မီးရှို့ဖျက်ဆီးခြင်း ခံလိုက်ရလေသတည်း။
မောင်ခိုင်အောင်
Copied and Shared by Maung Khine Ag ' Post.
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။