Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဂုဏ်ယူစရာကောင်းသော ရခိုင်ဒင်္ဂါးများ

ဂုဏ်ယူစရာကောင်းသော ရခိုင်ဒင်္ဂါးများ
**************************************

                      ယနေ့ မြန်မာနိုင်ငံဟုခေါ်သော နယ်မြေအဝုိင်းအ၀န်းအတွင်း၌ ရှေးအခါက ရခိုင်၊မွန်၊ပျူ၊ဗမာ လူမျိုးအသီးသီးတို့သည် ကိုယ့်ထီး ကိုယ့်နန်း နှင့် တခမ်းတနား နေလာခဲ့ကြသော လူမျိုးများဖြစ်ကြသည်။ ထိုကဲ့သို့ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ဘုရင်စနစ်ဖြင့် နေထိုင်လာခဲ့ကြသော လူမျိုးများတွင် တိုင်းကားပြည်ရွာ စည်ပင်သာယာဝပြောရေးအတွက်  ရောင်း၀ယ်ဖောက်ကား စီးပွားလုပ်ကြရာတွင် ဖြတ်တောက်ရန်မလိုဘဲ တစ်ပြေးညီ သုံးစွဲနိုင်ရန် ရွှေဒင်္ဂါး ငွေဒင်္ဂါးများကို တိုင်းပြည်အုပ်ချုပ် ဘုရင်မင်းတို့သည်  အာမခံကာ ခပ်နှိပ် သွန်းလုပ် သုံးစွဲခဲ့ကြသည်။

         ထိုသို့ ရှေးက လူမျိုးအသီးသီးတို့၏ သက်ဦးဆံပိုင်ဘုရင်များ ထုတ်လုပ်သုံးစွဲခဲ့ကြသည့် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ကြေး ဒင်္ဂါး၊ ခဲဒင်္ဂါး၊ သံဒင်္ဂါးများအထဲတွင် ရခိုင်ပြည်မှ ရခိုင်ဘုရင်များခပ်နှိပ်ခဲ့သော ရွှေဒင်္ဂါး၊ငွေဒင်္ဂါးများသည် တမူထူးခြားပြီး၊ ခေတ်ပြိုင်ဒင်္ဂါးများနှင့် နှိုင်းယှဉ်လျင် စံထားလောက်သော ဒင်္ဂါးများဖြစ်သည်ဟုဆိုနိုင်ပေသည်။ ခေတ်ပြိုင်ဒင်္ဂါးများစွာထဲတွင် အဘယ်ကြောင့် ရခိုင်ဘုရင်များခပ်နှိပ်သော  ရခိုင်ဒင်္ဂါးများက ထူးကဲစွာ စံထားရ သနည်း၊ အခြားသော လူမျိုးတို့ ၏ ဘုရင်မင်းများခပ်နှိပ်သော ဒင်္ဂါးများက အဘယ်ကြောင့် စံမ၀င်သနည်းဟု မေးစရာရှိပေလိမ့်သည်။  အကြောင်းရင်းမှာ - 
*


ပျူဒင်္ဂါး
====
ပျူခေတ်- တကောင်း၊ဟန်လင်း၊ဗိဿနိုး၊သရေခေတ္တရာ တို့တွင် တွေ့ရသော ပျူဒင်္ဂါးဟု ခေါ်ဝေါ်သမုတ် သတ်မှတ်ထားကြသော ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများ၌  မင်းအမည်၊ ခပ်နှိပ်သည့်သက္ကရာဇ်တို့ မပါရှိပေ၊ ထို့ကြောင့် ထိုဒင်္ဂါးများကို ဘယ်ဘုရင်မင်းက မည်သည့်ခုနှစ်တွင် မည်သည့်တိုင်းပြည်ကို အုပ်ချုပ်ခဲ့စဉ်က ခပ်နှိပ်ခဲ့သည်ဟု သုတေသနရှုဒေါင့် (ဝါ) ပညာရှင်များလက်ခံနိုင်လောက်အောင် ခုနှစ်သက္ကရာဇ်၊ မင်းအမည်တို့ကို အတိအကျ ပြောရန်(ဝါ) ချပြရန် လွန်စွာ ခဲ့ယဉ်းလှပေသည်။ ချပြလျှင်လည်း မှန်းဆချက်သာဖြစ်ပေလိမ့်မည်။  (ပုံ-၁) 
          ယနေ့အချိန်ထိ တွေ့ရှိပြီးသော  ပျူခေတ် ကျောက်စာတစ်ချို့တွင် မင်းအမည်အချို့ တွေ့ရှိရသော်လည်း ပျူခေတ်ဒင်္ဂါးဟု သမုတ်ထားကြသော ဒင်္ဂါးများတွင် မင်းအမည်မပါ သောကြောင့် ထိုဒင်္ဂါးများကို မည်သည့်မင်း ခပ်နှိပ်ခဲ့သည်ဟု ပြောရန် ခက်ခဲလှပေသည်။ ပျူဒင်္ဂါးဟု ခေါ်နေကြသော ဒင်္ဂါးမှာ၌ မင်းအမည် ခုနှစ်သက္ကရာဇ် မပါသောကြောင့်  ထိုဒင်္ဂါးများကို တစ်ချို့သော စာအုပ်စာတမ်းများတွင် ဖူနန်ဒင်္ဂါးများဟုလည်း ဖော်ပြကြသည် ကိုတွေ့ရသည်။ 

**





မွန်ဒင်္ဂါးများ
======
ရှေးက မွန်တို့ဌာနေဟု ခေါ်ဝေါ်သတ်မှတ်ကြသော  ဒွါရာ၀တီ၊ သု၀ဏ္ဏဘူမိ၊ ကျိုက်ထို၊ သထုံ၊ ဟံသာ၀တီ(ဝါ)ပဲခူး ဘုရင်နေပြည်တော်များမှ ဘုရင်များ ခပ်နှိပ်ခဲ့သော ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ခဲဒင်္ဂါးများတွင်လည်း မင်းအမည်၊ ခုနှစ်သက္ကရာဇ်တို့ ပါရှိသည်ကို မတွေ့ရပေ။ ခရုသင်းရုပ်၊ ဟင်္သာရုပ်နှင့် အခြားသော အရုပ်များ၊ သင်္ကေတများသာပါရှိကြသည်။ (ပုံ-၂)
                  ထို့ကြောင့် အဆိုပါ မွန်ဒင်္ဂါးများဟု ခေါ်ဝေါ်သတ်မှတ်ထားကြသော ဒင်္ဂါးများကို မည်သည့်ခုနှစ်က မည်သည့်် ဘုရင်မင်း ခပ်နှိပ်ခဲ့သည်ဟု အတိအကျ ပြောရန်(ဝါ) ပညာရှင်များလက်ခံနိုင်လောက်အောင် ခိုင်လုံ စွာ ချပြဖို့ရန် လွန်စွာခက်ခဲ့ပေသည်။ 
 (ခြွင်းချက်-သု၀ဏ္ဏဘူမိခေတ် ဒင်္ဂါးဟု ခေါ်ဝေါ်ကြသော ဒင်္ဂါးတစ်ချို့တွင် မင်းအမည် ရှိကောင်းရှိမည်။ သို့သော်လည်း ထိုဒင်္ဂါးတွင် မည်သည့် ခုနှစ်သက္ကရာဇ်က သွန်းလုပ်သောဒင်္ဂါးဖြစ်သည်ဟု ကျောက်စာအထောက်အထား မရှိသောကြောင့် ထိုဒင်္ဂါးများကို မည်သည့်မွန်ဘုရင်၊ မည်သည့်မွန်မင်း၊မည်သည့် ခုနှစ်က ခပ်နှိပ်ခဲ့သော ဒင်္ဂါးဖြစ်သည်ဟု သုတေသနအမြင်ရှုဒေါင့်ဖြင့်   တပ်အပ်သေချာ တိကျစွာ ပြောဖိုရန် ခဲယဉ်းနေမည်ဖြစ်သည်။ ဒင်္ဂါးပါ အက္ခရာများကိုကြည့်ခေတ်ကာလကို ရာစုဖြင့်သာ မှန်းဆကြရသည်။
                ထို့ကြောင့် မွန်ဒင်္ဂါးဟုခေါ်ဝေါ်သမုန်ကြသော ဒင်္ဂါးပါ အက္ခရာ  နှင့် အမှတ်အသားသင်္ကေတများ ကို ကြည့်၍ ခေတ်တစ်ခုလုံးကို ခြုံငုံကာ တွေ့ရှိရသော ဒေသကိုအစွဲပြုပြီး  အဆိုပါဒင်္ဂါးများသည် မွန်ဒင်္ဂါးများဖြစ် သည်ဟု  ယေဘူယျ မှတ်ချက်ပြုကြခြင်းသာဖြစ်သည်။ 

***



ဗမာဒင်္ဂါးများ (ကုန်းဘောင်ခေတ်)
==================
ကုန်းဘောင်ခေတ်အစောဆုံး ဒင်္ဂါးခပ်နှိပ်ခဲ့သောမင်းမှာ တွေ့ရှိရသမျှသော ဒင်္ဂါးများအထောက်အထား များအရ ဘိုးတော်မောင်ဝုိင်း(ဗဒုံမင်း)သည်  အစောဆုံး ဒင်္ဂါးခပ်နှိပ်ခဲ့သော မင်းတစ်ပါးဖြစ်သည်။  ထိုမင်းသည် ရခိုင်ပြည်ကိုလည်း စစ်အောင်နိုင်ခဲ့သော မင်းတစ်ပါးလည်းဖြစ်သည်။ 
                 ကုန်းဘောင်ခေတ်၌ ခပ်နှိပ်သွန်းလုပ်ခဲ့သော ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါး၊ခဲဒင်္ဂါးများတွင် တိုင်းပြည် အမည်နှင့်  ခုနှစ်သက္ကရာဇ်ကို ရေးထိုးခပ်နှိပ်ထားကြသည်။  ယင်းမှာ (၁၁၄၆-အမရပူရဆင်ဖြူများရှင်နိုင်ငံ )ဟု ခပ်နှိပ်ထားသော ဘိုးတော်ဘုရားဒင်္ဂါး၊  (တံဆိပ်တော်၊ ရတနာပုံနေပြည်တော် - ၁၂၁၄)ဟုရေးထိုးပါရှိသော မင်းတုန်းမင်း ဒေါင်းတံဆိပ်ဒင်္ဂါးများ၊ (တိုးတံဆိပ်တော်၊ ရတနာပုံနေပြည်တော်-၁၂၄၀ ) ဟု ရေးထိုးပါရှိသော သီပေါမင်းဒင်္ဂါးတို့၌ တိုင်းပြည်အမည်သာပါရှိပြီး မင်းအမည်များမပါရှိကြပေ။ မင်းအမည်ကို သိလိုက ဒင်္ဂါးပါ ခုနှစ်သက္ကရာဇ်ကို  ကျောက်စာ ၊ ပေစာ၊ ကျမ်းဂန် ရာဇ၀င်တို့ကို အကိုးအကားပြု၍  မည်သည့် မင်းလက်ထက် က ခပ်နှိပ်သွန်းလုပ်ခဲ့သော ဒင်္ဂါးဖြစ်ကြောင်း ညှိယူကြရသည်။

ဤနေရာတွင် မူရင်း post မှာ မပါ မပြောထားသောလဲ ကျနော် အနေနဲ့ ပြည့်စွပ်ပြောလိုတာက
 (၁၁၄၆-အမရပူရဆင်ဖြူများရှင်နိုင်ငံ)ဆိုတသည့် ဒင်္ဂါးဟာ ရခိုင်ပြည်မှာ ရှိရင်း ရခိုင်ဒင်္ဂါး နေရာမှ အစားထိုးပြီး ရခိုင်ပြည်မှာထုတ်ပြီး ရခိုင်ပြည်မှာ အသုံးပြုတဲ့ ရခိုင် ဒင်္ဂါး စစ်စစ်ဖြစ်သည်။ ဗမာဒင်္ဂါးမဟုတ်ချေ။ 
 (ပုံ-၃)
****




ရခိုင်ဝေသာလီခေတ်ဒင်္ဂါးများ
================
               ရခိုင်ဝေသာလီခေတ် (အေဒီ ၁ ရာစုမှ အေဒီ ၁၀ ရာစု)ထိ ဝေသာလီ ဘုရင်များ ခပ်နှိပ်ခဲ့သောဒင်္ဂါး များတွင် ခရုသင်းအမှတ်တံဆိပ်ပါ ဒင်္ဂါးများမှအပ၊ ကျန်နွားလားဥဿဘ အရုပ်ပါဒင်္ဂါးများတွင် မင်းအမည်များ ပါရှိကြသည်။  ထိုနွားလားဥဿဘ အရုပ်ပါ ရခိုင်ဝေသာလီခေတ်ဒင်္ဂါးများတွင် ခုနှစ်သက္ကရာဇ် မပါရှိပေ။ သို့သော်လည်း ဝေသာလီခေတ် ခပ်နှိပ်ခဲ့သော ဒင်္ဂါးပါ မင်းအမည်များကို မည်သည့်ခုနှစ်၊ မည်သည့်သက္ကရာဇ် တွင် ခပ်နှိပ်ခဲ့သနည်းဆိုသည်ကို သိရှိရန်  (အေဒီ- ၆၄၉) ခုနှစ်တွင်  အာနန္ဒစနြ္ဒမင်းကြီး ရေးထိုးထားခဲ့သော ရခိုင်ဝေသာလီ သင်္ဂါယနာတင်မော်ကွန်း ကျောက်စာ၌ ထိုထိုသော နွားလားဥဿဘ ဒင်္ဂါးများပါ မင်းအမည်များ အားလုံး ပါရှိနေကြသည်။ ထို့ကြောင့်  ဝေသာလီခေတ် နွားလားဥဿဘ ဒင်္ဂါးပါ မင်းအမည်များကို အာနန္ဒစနြ္ဒ မင်းကျောက်စာအား အကိုးအကားပြု၍ ဒင်္ဂါးပါမင်းအမည်နှင့် ဒင်္ဂါးခပ်နှိပ်ခဲ့သော ခုနှစ်သက္ကရာဇ်များကို  ကျောက်စာအကိုးအကားဖြင့် တိတိကျကျ ချပြပြောဆိုနိုင်ခြင်းဖြစ်ပေသည်။ အာနန္ဒစနြ္ဒမင်းကျောက်စာပါမင်းအမည်နှင့် ဒင်္ဂါးပါမင်းအမည်ကို ပူးတွဲပြထားသည်။(ပုံ-၄)
*****




မြောက်ဦးခေတ် ရခိုင်ဒင်္ဂါးများ
=================
           မြောက်ဦးခေတ် ရခိုင်ဘုရင်များခပ်နှိပ်သော ဒင်္ဂါးများတွင်ကား ဒင်္ဂါးခပ်နှိပ်သည့်ခုနှစ် နှင့် မင်းအမည်ကို တစ်ခါတည်း ထည့်သွင်း ခပ်နှိပ်ထားသောကြောင့် မြောက်ဦးခေတ်ဒင်္ဂါးတစ်ပြားကိုမြင်သည်နှင့် အဆိုပါဒင်္ဂါးပြား သည် မြောက်ဦးခေတ်က  မည်သည့်မင်း၊ မည်သည့်ခုနှစ်က ခပ်နှိပ်ခဲ့သော ဒင်္ဂါးဖြစ်သည်ဟု ဒင်္ဂါးပါ သက္ကရာဇ် နှင့် မင်းအမည်ကို ဖတ်တတ်ရုံဖြင့် တပ်အပ်သေချာ အတိအကျပြောပြနိုင်ပေသည်။ 
တစ်ချို့သော မြောက်ဦးခေတ် ရခိုင်ဘုရင်များသည် မင်းတစ်ပါးတည်း ဒင်္ဂါးလေးမျိုးထိ ခပ်နှိပ်ခဲ့ကြောင်း တွေ့ ရှိရသည်။ လေးမျိုးခပ်နှိပ်ရသည့်အကြောင်းရင်းများကလည်း ရှိနေသည်။ အနည်းငယ်မျှ ချပြရမည်ဆိုလျှင် နန်း တက်ဘိသိက်ခံသည့်အခါ ခပ်နှိပ်သောဒင်္ဂါး၊ ဆင်ဖြူရသောအခါ ဆင်ဖြူသခင်ဟူသောဘွဲ့ကိုခံယူကာ ခပ်နှိပ် သော ဒင်္ဂါး၊ ဆင်နီရသောအခါ ဆင်ဖြူသခင်၊ ဆင်နီသခင် ဘွဲ့ယူခံ၍ ခပ်နှိပ်သောဒင်္ဂါး၊ အပြည်ပြည်ကို စစ် အောင်နိုင်ခြင်း အထိမ်းအမှတ်ဖြင့် မဟာဘွဲ့ခံ ဒင်္ဂါးမျိုးတို့ ဖြစ်ကြသည်။ 
            ရှေးခေတ် ရခိုင်ပြည်မှ ဘုရင်များ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများ၌ မင်းအမည် နှင့် သက္ကရာဇ်တို့ကို ထည့်သွင်း ခပ်နှိပ်ထားသောကြောင့်  အခြားသော ခေတ်ပြိုင်တိုင်းပြည်များရှိ ဘုရင်များခပ်နှိပ်ခဲ့သော သက္ကရာဇ်မပါ၊ မင်းအမည်မပါ၊ ခုနှစ်ပါသော်လည်း မင်းအမည်မပါသော  ဒင်္ဂါးများနှင့် နှိုင်းယှဉ်လျှင် ရခိုင်ဒင်္ဂါးများသည် အလွန် ဂုဏ်ယူစရာကောင်းသောကြောင့်၊  ရခိုင်ဘုရင်များ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများသည် စံထားလောက်သော ဒင်္ဂါးများဖြစ်ကြောင်းကို ဒင်္ဂါးများပါ မင်းအမည်နှင့် ခုနှစ်သက္ကရာဇ်များက သက်သေခံနေကြပေသည်။ 
မောင်ဖြူ (ကြွီတဲကျွန်း)
26.12.2020


Comments