ရခိုင်ပြည်လေးမြို့ခေတ် ပဉ္စမ သင်္ဂါယနာ နှင့် ဧကဒဿမ သင်္ဂါယနာ
===========================================
လေးမြို့ခေတ် ပဉ္စာမြို့၌ စန္ဒသင်မင်း၏သားတော် ရခိုင်ဘုရင်မင်းရင်ဖြူ သည် ကောဇာသက္ကရာဇ် (၂၀၅-၂၃၅ )ခုနှစ် AD (843 )ခုနှစ် သာသနာနှစ်(၁၃၇၄ )ခုနှစ်တွင် နန်းတက်၍ နန်းစံ ၄ နှစ်မြောက် သာသနာနှစ် (၁၃၇၈) ခုနှစ်တွင် ထိုမင်း၏ ပစ္စည်းလေးပါးချီးမြှောက်ခြင်းကို ခံယူလျှက် ရဟန္တာ အသျှင်နန္ဒယ ၊ အသျှင်ဘဒ္ဒိယ တို့ ဦးဆောင်သော သံဃာတော်အရှင်မြတ် (၈၀၀)ပါး တို့သည် ရှေးဝေသာလီသင်္ဂါယနာမူကို အခြေခံ၍ ရက္ခ၀ဏ္ဏအက္ခရာဖြင့် ရွှေပြားပေါ်တွင် ပိဋကတ်တော်များကို ဒုတိယအကြိမ် သင်္ဂါယနာတင်ကြပြန်သည်ဟု ဆိုပါသည်။
တင်ရခြင်းအကြောင်းရင်းမှာ ဝေသာလီခေတ်ရာဇ၀င်အလို (327 A.D To 816 A.D ) ပျက်စီးပြီးနောက် နှစ်ပေါင်း(၂၀၀) ကျော် ကြာညောင်းနေသည်ကတစ်ကြောင်း ၊ဝေသာလီပြည်တွင် တင်ခဲ့သော စတုတ္ထသင်္ဂါယနာ ကြိုးတန်းပိဋကတ်တော် ပေမူများ မပျက်စီး မပျောက်ဆုံးခင် သင်္ဂါယနာတင်ထားလိုသည့် ဆန္ဒရှိနေသည် ကတစ်ကြောင်း ၊ဝေသာလီခေတ် သင်္ဂါယနာမူတွင် ရေးသားခဲ့သည့် အက္ခရာနှင့် သူ့လက်ထက်တွင် ရေးသားနေသော စာပေအက္ခရာတို့အား နိုင်းယှဉ်ပါက ဘုရင်မင်းရင်ဖြူလက်ထက်တွင် စာပေလက်ရေး လက်သားများသည် တဟုန်ထိုး တိုးတက်ပြောင်းလဲနေသောကြောင့် ဝေသာလီမူကို နှောင်းလူများလေ့လာ ရာတွင် အခက်အခဲ့ရှိလာမည်ကို စိုးရိမ်မိသည်က တစ်ကြောင်း၊ ဘုရင်းမင်းကိုယ်တိုင်က ထေရဝါဒ သာသ နာအပေါ်မှာ ဗုဒ္ဓဘာသာ၀င်ပီပီ ကံ ကံ၏အကျိုးကို ယုံကြည်၍ သူ့လက်ထက်တွင် သာသနာတော်ကို အထောက်အပံ့ပြုမည်ဟူသော အကြောင်းရင်းများကြောင့် ဝေသာလီပြည် သင်္ဂါယနာတင် သီရိစနြ္ဒားမင်း ကောဇာ (၅၆၀)ခုနှစ်ကို ဖြိုးခွင်းပြီး မှ တဖန် ရေတွက်လာသော ဂေါဇာသက္ကရာဇ် (၂၀၅) ခုနှစ်၊ ခရစ်နှစ် (843 –A.D) သာသနာနှစ်(၁၃၇၄) နှစ် သို့ရောက်သောအခါတွင် ဝေသာလီ သင်္ဂါယနာမူကို အခြေခံ၍ လေးမြို့ ခေတ်သုံး ရက္ခ၀ဏ္ဏဖြင့် အသစ် ထပ်မံ သင်္ဂါယနာတင်ကြသည်ဟု ရခိုင်ရာဇ၀င် ကျမ်းအစောင်စောင်တွင် ဖေါ်ပြထားကြသည်ကိုတွေ့ရသည်။
ထို ရခိုင်ဘုရင်မင်းရင်ဖြူ တင်ခဲ့သည့် သင်္ဂါယနာတွင် ပိဋကတ်သုံးပုံနှင့် အဌကထာကျမ်းအစုံကို အက္ခရာတင်ရန်အတွက် ရွှေအတိကို ပတ္တာ အပြားခတ်လျှက် ရွှေပြားပေါ်တွင် ရေးထိုးသင်္ဂါယနာတင် သည်ဟုဆို သည်။ ရွှေပြားတစ်ချပ်၏ အရွယ်အစား မှာ အလျားတစ်တောင်၊ အနံတစ်ထွာ၊ (အချို့ကျမ်းများတွင် အနံလက်လေးသစ်) ရှိသည်ဟုဖေါ်ပြကြပြီး ရွှေပြားချပ် တစ်မျက်နှာစီ၌ စာကြောင်းရေ (၇) ကြောင်းစီ ရေးကူးထားပြီး ရွှေပြား တစ်ချပ်၏ အလေးချိန်မှာ ရွှေချိန် ((၁၅) ကျပ်သား (0.240. Kilogram) ခန့်ရှိသည်ဟုဆိုပါသည်။ ၄င်းသင်္ဂါယနာတင်ခဲ့သော ပိဋကတ်သုံးပုံ နှင့် အဌကထာကျမ်းများကို လေးမြို့ခေတ်တစ်ခေတ်လုံး ရခိုင်မင်းအဆက်ဆက် တို့ နန်းတွင်းဘဏ္ဍာတော် ရွှေတိုက်၌ ထိန်းသိမ်းထားပြီး မူပွါး များစွာရေးကူးကာ ဘုန်းတော်ကြီးကျောင်းများတွင် ပရိယတ္တိ စာသင်သားများအတွက် အသုံးပြုခဲ့ကြသည်။
ထိုမှတဆင့် မြောက်ဦးခေတ်လယ်သို့ ရောက်သောအခါ ရခိုင်ဘုရင်မင်းဘာကြီး၏ သား မင်းဖလောင်းသည် ဘုရင်မင်းရင်ဖြူ၏ သင်္ဂါယနာမူ ရွှေပြားပိဋကတ်များကို ပုဏ္ဏားကျွန်းမြို့နယ်ရှိ ( ဦးရစ်တော် စေတီ)တွင် ဌာပနာထားခဲ့သည်ဟု တစ်ဆယ့်တစ်အင်္ဂါရှိသော ရာဇပုံကျမ်း၌ ပြဆိုထားပါသည်။ တဖန် ရခိုင်ဘုရင်မင်းရင်ဖြူသည် (ဧက ဒဿမ)အကြိမ်မြောက် သင်္ဂါယနာကိုလည်း တင်၏ဟု (သီတဂူဆရာတော် အရှင်ဥာဏိဿရ နှင့် ဦးဦးသာထွန်း -ရခိုင်မြန်မာပဏ္ဍိတ် အမေးအဖြေ မေးခွန်းနံပါတ်(၄)မှာ ဖြေဆိုထားသည်ကိုလည်း တွေ့ရှိရပါသည်။လေးမြို့ခေတ်တွင် ရခိုင်ဘုရင် မင်းရင်ဖြူ တင်ခဲ့သည့် သင်္ဂါယနာ နံပါတ်စဉ်သည် ပါဠိမူအားဖြင့် ရေတွက်လျှင် ငါးကြိမ်မြောက်တွင် ကျရောက်မည်ဟု ယူဆမိပါသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။