သက္ကရာဇ်အကြောင်း တစ်စေ့တစ်စောင်း
===========================
****************************************
သက္ကရာဇ်ဆိုသည်မှာ သျှက္ကရာဂျာ= သက္က + ရာဇာ စကားနှစ်လုံးမှ ရွေ့လာသော စကား လုံးဖြစ်သည်။ သကရာဇာ ဆိုသည်မှာ မင်းတစ်ပါး အမည်ဖြစ်သည်။ ထိုသကရာဇာမင်းကို ကနိသျှကမင်းဟူ၍ လည်းကောင်း၊ သာလိဝါဟန ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။ သကရာဇာမင်းဖြိုသောနှစ်မှရေတွက် လာသော သက္ကရာဇ်ဖြစ်ေ သာကြောင့် သက္ကရာဇ - သက္ကရာဇ်ဟု ခေါ်ကြခြင်းဖြစ် သည်ဟုဆိုကြသည်။
ထို့အပြင် သက္ကရာဇ်ဆိုသည်မှာ အချိန်ကာလ ပိုင်းခြား သတ်မှတ်ခြင်း၊ ရက်အပိုင်းအခြား၊ လအပိုင်းအခြား၊ ဥတုရာသီအ ပိုင်း အခြား၊နှစ်အပိုင်းအခြားတို့ကို သတ်မှတ်ထားသော စံတစ်ခုဖြစ်သည်။ ရှေးကာလက ရက်အပိုင်းအခြားသည် ပထမနေထွက်ချိန်မှ၊နောက်တစ်နေ့ နေထွက်ချိန်ထိကို တစ်ရက် ဟူ၍ သတ်မှတ်ကြ၏။နေထွက် မှ နေ၀င်ကို နေ့ပိုင်း၊ နေ၀င်မှ နောက်တစ်နေ့ နေထွက်သည်အထိညဉ့် ပိုင်းဟူ၍ တစ် ရက်ကို အချိန်နှစ်ပိုင်း သတ်မှတ်ကြသည်။
စက်မှုခေတ်ရောက်၍ စက်နာရီများ ပေါ်ပေါက် လာသောအခါ ညဉ့်သန်းယံအချိန်မှ နောက်တစ်နေ့ သန်းခေါင်ယံအချိန်ထိ ( ၂၄ ) နာရီကို တစ်ရက် ဟု သတ်မှတ်ကြသည်။ လအပိုင်းမှာလည်း ကောင်းကင်သဘာ၀ (စန္ဒာ-လ)၏ အလင်းရောင်ကို ကြည့်ကာ တစ်လ၏ လဆန်းတစ်ရက်မှ ၁၅ ရက် လပြည့်ထိကို လဆန်းပက္ခပိုင်းဟူ၍လည်းကောင်း၊ လဆုတ်တစ် ရက်မှ လကွယ်ထိကို လဆုတ်ပက္ခပိုင်းဟူ၍လည်းကောင်း ပက္ခနှစ်ခုကို တစ်လ သတ် မှတ်ကြသည်။ အချိန်၌လည်း (၂၄) နာရီကို တစ်ရက်၊ (၇)ရက် တစ်ပတ်၊ ရက်ပေါင်း(၃၆၅)ရက်ကို တစ်နှစ်ဟု အကြမ်း အားဖြင့် သတ်မှတ်ကြသည်။ ထိုအချိန်ကာလကြာညောင်းမှုကို ဖေါ်ပြကြရာ၌ သက္ကရာဇ် အခေါ်အဝေါ် အားဖြင့် တစ်နှစ်ဟု ခေါ်ဝေါ်သတ်မှတ်သည်။
ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ ထုတ်ဝေသည့် မြန်မာ အဘိဓာန်တွင် သက္ကရာဇ်ဟူသော စကားရပ်ကို မြန်မာတို့မှတ် သားသုံး စွဲလာခဲ့သော နှစ်အရေအတွက်ဟူ၍ ဖေါ်ပြထားသည်။
သက္ကရာဇ်ဖြိုခြင်း
==========
သက္ကရာဇ်အကြောင်းပြောလျှင် သက္ကရာဇ်ဖြိုခြင်းအကြောင်းကို မလွဲမသွေသိရှိထားရပါမည်။ သက္ကရာဇ်ဖြိုခြင်းဆိုသည်မှာ ရှေးက ရေတွက် အသုံးပြုခဲ့သော သက္ကရာဇ်ကိန်းဂဏန်းများမှာ မှတ်ရရေး ရ ပြောရခက် လာ ၍သော်လည်းကောင်း၊နှစ်ဆိုးအခါဆိုးနှင့်တွေ့ကြုံရသဖြင့် ဗေဒင်ကိန်း ခန်း အရ ယတြာ ပြုလို၍သော်လည်းကောင်း၊ လူတို့သုံးစွဲနေသော ပက္ခဒိန်နှင့် ကောင်းကင် ဂြိုလ်သွားနက္ခတ်တို့၏ အနေ အထား မကိုက်ညီ၍သော် လ ည်းကောင်း၊ ဥတုရာသီမကိုက်ညီဖြစ်လာ၍သော်လည်းကောင်း၊ တိုင်းပြည် အုပ်ချုပ် မင်းလုပ်သူတို့သည် ရောက်ဆဲသက္ကရာဇ်ကို အသုံးမပြုတော့ဘဲ ဖြိုဖျက်ကာ၊ သက္ကရာဇ်အသစ် စတင်ရေတွက်သည်ကို သက္ကရာဇ်ဖြိုခြင်း ဟုခေါ်သည်။
ရခိုင် ရာဇ၀င်များအလိုအရ (၁၁၄၉၇၈၅) ခုနှစ် ကို အာကာသရဠမင်း ဖြိုလေသည်။ ထိုအာကာသရဠမင်း ဖြို ခွင်း သက္က ရာဇ်(၁၄၉၃၈၅၆၀) ခုနှစဉ် ကို ကုသမင်းဖြိုသည်။ ထိုကုသမင်းဖြိုသော သက္ကရာဇ်မှ ရေတွက်လာ သော သ က္ကရာဇ် (၈၆၄၅) ခုကို ယင်းနှစ် တပေါင်းလကွယ်၊ စနေနေ့ ၌ “ ဏ.၀. စန္ဒေ ” ကိန်းဖြင့် ဘိုးတော် အဉ္စနမင်း ( ၈၆၄၃) ကို ဖြိုလေသည်။ အဉ္စနမင်းဖြိုပြီးမှ ရေတွက် လာသောသက္ကရာဇ်ကို မဟာ သက္ကရာဇ် ဟုခေါ်သည်။
မဟာသက္ကရာဇ်ဟု ခေါ်ရခြင်းအကြောင်းရင်းမှာ ဘိုးတော်အဉ္စနမင်း သက္ကရာဇ်(၂ မှ ၁၄၈)ခုသည် မြတ်ဗုဒ္ဓမွေးဖွားခြင်းမှ ပရိနိဗ္ဗာန်ပြုသည်အထိ အကျုံး၀င်သောခုနှစ်သက္က ရာဇ်များဖြစ် သောကြောင့်ယင်း ခုနှစ် ကို “မဟာ သက္ကရာဇ်”ဟုခေါ်သည်။ ထိုမဟာသက္ကရာဇ်သည် ကိန်းဂဏန်း အားဖြင့် (၁၄၈) ခုနှစ်အထိသာ ရှည်လျားခဲ့သည်။ တစ်နည်း ထိုသက္ကရာဇ်ကို ဘိုးတော်အဉ္စနမင်းသက္ကရာဇ် “Anjana Era” ဟုလည်း ခေါ်ကြ သည်။ ယင်းသက္ကရာဇ်ကို ကိုးကားဖေါ်ပြကြရာတွင် မြန်မာလို မဟာသက္ကရာဇ်ဟုရေးကြပြီး အင်္ဂလိပ်လိုလည်း (Maha Sakarit) ဟုရေးကြသည်။ တစ်ချို့ (Great Era)ဟု ရေးသားဖော်ပြကြသည်။
ရာလာမာယုမင်းနှစ်(ဒုတိယဓည၀တီ)
အိန္ဒိယတွင် ကုသမင်းသက္ကရာဇ်ကို ဘိုးတော်အဉ္စနမင်း ဖြိုသည် ကိန်းနှင့်ခေတ်ပြိုင် ရခိုင်ရာဇ၀င်၊ မော်ကွန်းလင်္ကာများအလိုအရ ဒုတိယ ဓည၀တီခေတ် ကံရာဇာကြီးမင်း(ဝါ) ကမ္မရာဇာမင်းမှ(၂၄) ဆက်မြောက်ဖြစ်သော ရာလာမာယုမင်းသည် ကုသမင်းခုနှစ် (၈၆၄၅) ကို “မိဘစံဇီ” ကိန်းဖြင့် (၂) ခု ကြွင်းထား၍ ဖြိုသည်ဟုဖေါ်ပြကြသည်။ ရာလာမာယုမင်းသက္ကရာဇ်ဖြိုခဲ့သည်ကို မေဓပညာ သင်္ဂါယနာ တင်မော်ကွန်းလင်္ကာ၌
( “ ဂေါတမပူရမ်၊ ကျမ်းညွှန်အလာ ၊ရက္ခပူရ၊ ဓညသခင်၊ ဘုရင်ရာဇာ၊ ရာလမာယု၊ မင်းဟုသမိုက်၊ဘိသိက် ကြိုက်ခါ ၊ ဂေါစာဘိန္န ၊ သဓကကျမ်း ၊ ကိန်းခန်းအရ၊ မိဘစံဇီ ၊ ဖြိုလီကြွင်းနှစ်၊”) ဟု စပ်ဆိုရေးသား ထား သည်။
အဇာတသတ်မင်းနှစ် (ဝါ) သာသနာနှစ်
အိန္ဒိယတွင် ဂေါတမမြတ်စွာဘုရားရှင်သည် ဘိုးတော်အဉ္စနမင်းခုနှစ် (ဝါ) မဟာသက္ကရာဇ် (၁၄၈) ခုနှစ်တွင် ပရိနိဗ္ဗာန် စံ၀င်တော်မူသည်။ ပရိနိဗ္ဗာန်စံ၀င်တော်မူပြီး လေးလအကြာ၌ ရာဇဂြိုဟ်ပြည် ၌ အဇာတသတ်မင်း အထောက်အပံ့ဖြင့် ပထမသင်္ဂါယနာတင်သည်။ သင်္ဂါယနာတင်ပြီးနောက် ထိုမဟာ သက္ကရာဇ်(၁၄၈)ကို အဇာတသတ်မင်း သည် “ပသျှူ စတု ရူပ” ကိန်းဖြင့်ဖြိုကာ(၁)ခုမှစတင်၍ ရေတွက် လေသည်။ တစ်ချို့သောကျမ်းဂန်များ၌“ဒေဝီယ”ကိန်းဟုဖေါ်ပြသည်။ ပသျူ စတု ရူပကိန်းနှင့် ဒေဝီယ ကိန်းတို့သည် (၁၄၈) ကိုဆိုလိုခြင်းပင်၍ ကိန်းဂဏန်းအားဖြင့် မကွဲပြားချေ။ ထိုသက္ကရာဇ်ကို အဇာတသတ်မင်းနှစ် (ဝါ) သာသနာနှစ် ဟု ခေါ်သည်။ မြန်မာအဘိဓာန် တွင် (သာသနာနှစ်- ဘုရားပရိနိဗ္ဗာန်စံဝင်သည့်နှစ်မှ စတင်ရေတွက်သော နှစ်အရေအတွက်)ဟု ဖော်ပြ ထားသည်။ မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင် year based on the Buddhist Era (reckoned from the time Lord Buddha attained nirvana in (544); AB (Anno Buddhae) ဟုဖော်ပြထားသည်။
စန္ဒာသူရိယနှစ် (ဝါ) စန္ဒာသူရိယသက္ကရာဇ်။
အိန္ဒိယ၌ အဇာတသတ်မင်း မဟာသက္ကရာဇ်(၁၄၈)ကိုဖြိုသည်နှင့် ခေတ်ပြိုင် ရခိုင် ဒုတိယ ဓည၀တီတွင် မော်ကွန်းလင်္ကာများအဆိုအရ ရာလာမာယုမင်းသည် “မိဘစံဇီ” ကိန်းဖြင့် (၈၆၄၅) နှစ်ဖြို ပြီး ရေတွက် လာသောခုနှစ် (၁၄၈) ခု ကို ရောက်သောအခါ၊ တတိယဓည၀တီမြို့တည် စန္ဒာသူရိယမင်း သည် ထိုသက္ကရာဇ် (၁၄၈)ခုကို “ ဇီ၀က” ကိန်းဖြင့် ဖြိုလေသည်။ ပညာမေဓာ သင်္ဂါယနာတင်မော်ကွန်း လင်္ကာတွင် (သကြစ်မဟာ၊ တရာသုံးခု၊ ပွင့်မူတွိကြုံ၊ ကဆုန်ပုဏ္ဏ၊ ဂေါတမဟု၊ ဗုဒ္ဓတံထွာ၊ ဖြစ်လာဟောကြား၊ လေးဆယ်ငါးဝါ၊ ရောက်တေခါကား၊ ရာလေး ဆယ့် ယှစ်၊ ပြည့်ခိုက် ကဆုန်၊ နိကြုံအင်္ဂါ ၊ နိဗ္ဗူတာ သို့၊ မှန်စွာရောက်ဟိ၊ ခတ္တိငါးဆက်၊ မပျက်စဉ်လာ၊ စန္ဒသူရိယ၊ “ဇီ၀က” ကိန်း၊ ဖြိုသိမ်း ပြီးမှ၊ တစ် ကစလိုက်၊ သကြစ်လာ၊ သာသနာနှစ်၊ စဉ်လိုက်မပျက်၊) ဟု ရေးစပ်ထားသည်။
စန္ဒာသူရိယမင်းဖြိုပြီး ရေတွက်လာသောခုနှစ်ကို စန္ဒာသူရိယမင်းနှစ် ဟုခေါ်သလို(ဝါ)သာသ နာနှစ် ဟုလည်းခေါ်လေသည်။
သကရာဇာနှစ် (ဝါ) သက္ကရာဇ်(ဝါ) ကနိသျှကနှစ်(ဝါ) သာလိဝါဟနနှစ်
အိန္ဒိယတွင် အဇာတသတ်မင်း “ပသျူစတုရူပ” ကိန်းဖြင့် (၁၄၈) ခုကို ဖြိုပြီး သာသနာနှစ် အဖြစ် ရေတွက်လာသည်။ သာသနာနှစ် (၆၂၂)၊ ခရစ်နှစ်အလို အားဖြင့် အေဒီ (၇၈) ခု ရောက်သောအ ခါ၊ သကရာဇာမင်းသည် အိန္ဒိယ မဓယပရာဒေခ်ျ့နယ် (အ၀န္တိကတိုင်း- မဟေသယပြည်) ရှိ ဥဇ္ဇနီမြို့ကို တိုက်ခိုက်အောင်မြင်သည်။ စစ်အောင်သည့်အထိမ်းအမှတ်အဖြစ် ယင်းဒေသနယ်တခွင်၊ တိုင်းငယ်ပြည် ငယ်များအတွင်းသုံးစွဲနေသော သက္ကရာဇ်များကိုဖျက်သိမ်းကာ၊ တစ်ခုတည်းသောသက္ကရာဇ်အဖြစ်သုံးစွဲ ရန် သက္ကရာဇ်အသစ် သတ်မှတ်အစပြု၍ ရေတွက်လေသည်။
သကရာဇမင်းသည် ပတ်၀န်းကျင်တိုင်း ငယ် ပြည်ငယ်များသုံးစွဲသော ခုနှစ်များကို ဖြိုဖျက်ကာ၊ သူလက်ထက်မှအစပြု ရေတွက်လာသော ခုနှစ် ဖြစ်သောကြောင့် သကရာဇာနှစ်(ဝါ)သက္ကရာဇ်ခေါ်လေသည်။ သကမင်းအစပြုရေတွက်သောခုနှစ်သည် ခရစ်နှစ် အလိုအားဖြင့် အေဒီ(၇၈) ဖြစ်သည်။ သကမင်းသက္ကရာဇ်အသစ် သတ်မှတ်ရေတွက်ပြီးနောက် ပိုင်း အိန္ဒိယတွင်သက္ကရာဇ်ဖြိုခြင်းမရှိတော့ချေ။ သကမင်းဖြိုသောသက္ကရာဇ်သည် အဇာတသတ်မင်းဖြို ပြီး ရေတွက်လာသော သာသနာနှစ်(၆၂၂) နှင့် ညီမျှသည်။
သူရိယစိတြမင်းသက္ကရာဇ်
အိန္ဒိယတွင် သကရာဇာမင်း အသစ်ပြု သတ်မှတ်သော သက္ကရာဇ်သည်၊ တတိယဓည၀တီ ခေတ် စန္ဒာသူရိယမင်းဖြိုခဲ့သောနှစ် (၁၄၈) မှ ရေတွက်လာသောနှစ် (၆၂၂) ကိုရောက်သောအခါ ရခိုင် ၌ သူရိယစိတြမင်းသည် ယင်း ( ၆၂၂ ) ကိန်းကို ဖြိုလေသည်။
ပညာမေဓာ သင်္ဂါယနာတင် မော်ကွန်းလင်္ကာတွင် ( စဉ်လိုက်မပျက်၊ ဆယ့် ခြောက်ဆက်ခါ၊ သူရိယာစိတြ၊ “ဓနဉ္စ” ကိန်း၊ မယိမ်းဖြိုလေ၊) ဟု ရေးစပ် ထားသည်။ ထိုသက္ကရာဇ် ဖြိုပြီး ရေတွက်လာသောခုနှစ်ကို သူရိယစိတြမင်းနှစ် (ဝါ) သူရိယစိတြ သက္ကရာဇ်ဟုလည်း ခေါ်သည်။ တစ်ချို့စာပေကျမ်းဂန်များ၌ (၆၀၉) နှစ်ဟုလည်းဖေါ်ပြကြသည်။ ဤသို့ကွဲလွဲမှုဖြစ်ရခြင်းမှာ ပညာမေဓာ မော်ကွန်းကို ခေတ်အဆက်ဆက် ကူးယူသည့်အခါ ကွဲလွဲမှုများဖြစ်ခဲ့မည်ဟု ယူဆရသည်။ ဥပမာ ပညာ မော်ကွန်းတွင် ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောကလိယုတ်နှစ်ကို (သြဆာ ဂါရ-၂၅၇၀)ဟု၍ ဖော်ပြထားသည်။ (သြဆာဂါရ) ဟူသော စကားရပ်ကို ပိဋကတ်သင်္ချာနည်းဖြင့် ဂဏန်းဖေါ်ယူ လျှင်(၂၃၇၀)သာ ရရှိသည်။ ( သြဆာဂါရ)မှသာ ( ၂၅၇၀)ဟူသော ကိန်းကိုရမည် ဖြစ်သည်။ (ဂါ နှင့် ဂါ) ကွဲလွဲမှုကြောင့် ရခိုင်းသမိုင်းတွင် သက္ကရာဇ်အယူအဆ (၁၃)နှစ် ကွာဟနေခြင်းဖြစ်သည်ဟု ယူဆသည်။ ( သြဆာဂါရ -၂၅၇၀)သည် မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံ၀င်သော ကလိယုတ်နှစ်ဖြစ်သည်။ တစ်ချို့သော သုတေသီများ သည် ဗုဒ္ဓပရိနိဗ္ဗာန်စံ၀င်သော ကလိယုတ်နှစ်ကို (၂၅၅၇ ) ဟု ဖေါ်ပြကြသည်။ (၂၅၅၇) ကိန်းဟုဆိုလျှင် ပညာမေဓာ မော်ကွန်း၌ ရေးစပ်ထားသော( သြဆာဂါရ-၂၅၇၀)ဟူသော စကားရပ်နှင့် မကိုက်ညီချေ။
အာနန္ဒစနြ္ဒမင်းနှစ် (ဝါ) သီရိစနြ္ဒမင်းနှစ် (ဝါ) ဓည၀တီပက္ခဒိန်ပါ သက္ကရာဇ်
သူရိယစိတြမင်း (၆၂၂) ကို ဖြိုပြီးရေတွက်လာသော ခုနှစ် (၅၆၂ ) နှစ်ကို ရောက်သောအခါ ကျောက်စာအလို အာနန္ဒစနြ္ဒ မင်း(ဝါ) ရာဇ၀င်အလို သီရိစနြ္ဒမင်းသည် (၅၆၂)ကိန်း ကို “ဥတ္တမ” ကိန်း ဖြင့် (၅၆၀)ဖြိုကာ၊ ၂ ခုအကြွင်း၍ ရေတွက်လေသည်။ ယင်းကို ရခိုင်တို့က ကောဇာသက္ကရာဇ်ဟုခေါ်ကြ လေသည်။ အာနန္ဒစနြ္ဒမင်း(ဝါ)သီရိစနြ္ဒမင်းဖြိုသော ခုနှစ်(၅၆၀)သည် (အေဒီ ၁၁၈၂) နှင့် တူညီမျှသည်။ အာနန္ဒစနြ္ဒမင်း(ဝါ) သီရိစနြ္ဒမင်းဖြိုပြီး ရွေတွက်လာသောခုနှစ် သည် ယနေ့ ရခိုင်လူမျိုးတို့ သုံးစွဲနေသော ဓည၀တီပက္ခဒိန်ပါ သက္ကရာဇ် ပင်ဖြစ် သည်။ တစ်နည်း အာနန္ဒစနြ္ဒမင်း (ဝါ) သီရိစနြ္ဒမင်းသက္ကရာဇ် ပင်ဖြစ် သည်။ ယင်းနောက်ပိုင်း ရခိုင်၌ သက္ကရာဇ်ဖြိုသောမင်း မရှိတော့ပေ။
သုမုန္ဒရီနှစ် (ဝါ) သုပညာနာဂရဆိန္ဒ သက္ကရာဇ်
ခေတ်ပြို င်အားဖြင့် သာသနာသက္ကရာဇ် (၆၂၄) ခု သို့ရောက်သော အခါ သရေခေတ္တရာ ပျူ တို့ပြည်၌ သုမုန္ဒရိမင်း (ဝါ) သုပညာနာဂရဆိန္ဒမင်း သည် ( ၆၂၄) ခုကို ဒေါဒေါရသ (၆၂၂) ကိန်းဖြင့် ဖြို လေသည်ဟု မြန်မာ ရာဇ၀င်များက ဖော်ပြကြသည်။
ပုပ္ပါးစောရဟန်းမင်းသက္ကရာဇ်(ဝါ)ပုဂံသက္ကရာဇ်(ဝါ) မြန်မာသက္ကရာဇ်
သရေခေတ္တရာ၌ သုမုန္ဒရီ(ဝါ) သုပညာနာဂရဆိန္ဒမင်း သက္ကရာဇ် (၆၂၂)ကို ဖြိုပြီး ရေတွက် လာသော သက္ကရာဇ် (၅၆၂)ခုသို့ ရောက်သော အခါ၊ ပေါက္ကံပြည့်ရှင် သင်္ဃရာဇ် ခေါ် ပုပ္ပါးစောရဟန်းမင်း (ပုဂံမင်းဆက် ၂၁ ဆက်မြောက်မင်း)လက်ထက် (ခ ဆ ပဉ္ဇာ) ကိန်းကို ဖြိုသည်ဟု ရေးသား ကြ သည်။ (ခ-ဆ- ပဉ္စာ) ကို ပိဋကတ်သင်္ချာနည်းဖြင့် ဂဏန်းဖေါ်လျှင် (၅၆၂) မဟုတ်ဘဲ ( ၅၇၂) သာဖြစ်သည်။ ( ခ ဂ ပဉ္စာ ) ဟု ယူဆရသည်။ ( ခ - ဂ- ပဉ္စာ) မှ သက္ကရာဇ်ကိန်း (၅၆၂) ဖြစ်သည်။ ( ဆ) နှင့် (ဂ) လွဲ မှားလေသလား တွေးထင်ရသည်။ တစ်ချို့ (ခန်းဆပဉ္စာ)ကိန်းဟု ဖေါ်ပြကြသည်။ ထို ( ခ ဂ ပဉ္ဇာ = ၅၆၂ ) ကို (၂) ခုကြွင်းထား ဖြိုပြီး ရေတွက်လာသော ခုနှစ် သက္ကရာဇ်ကို ပေါက္ကံသက္ကရာဇ် (ဝါ) ပုဂံသက္ကရာဇ် ဟုခေါ်ကြလေသည်။ ထိုသက္ကရာဇ်သည် ယနေ့ မြန်မာ= ဗမာတို့သုံး စွဲနေသော မြန်မာသက္ကရာဇ် ပင်ဖြစ်သည်။ မြန်မာ-အင်္ဂလိပ် အဘိဓာန်တွင် (the present year-according to the Myanmar calendar) ဟုပါရှိသည်။ တချို့သော စာအုပ်စာတမ်းများတွင် Myanmar Era (M.E) ဟုရေးကြသည်။
ထို့နောက် ပုပ္ပါးစောရဟန်းမင်းဖြိုပြီး ရေတွက်လာသော သက္ကရာဇ် (၈၀၀) သို့ ရောက်သော အခါ မိုးညှင်းမင်းတရားကြီးသည် ( အဋ္ဌ န၀ သတ္တကိန်း) သို့မဟုတ် (ဗသျှုဆိဒ္ဒမုနိ ) ကိန်းဖြင့် (၇၉၈) ကို ဖြိုသော်လည်း ကိန်းခမ်းမရောက်၍ မပြိုမကြေဟု ဆိုကြကုန်၏။ ယင်းနောက်ပိုင်း သက္ကရာဇ်ဖြိုသော မင်း မရှိတော့ပေ။
ဘီစီနှစ်= B C
ဘီစီနှစ် B.C ဆိုသည်မှာ ခရစ်တော်မဖွားမီ ခုနှစ် (Before Christ.)ကို အတိုကောက်ခေါ် ဝေါ်ခြင်းဖြစ်သည်။ အင်္ဂလိပ် - မြန်မာအဘိဓာန်တွင် ခရစ်တော် မပေါ်မီကာလ ရေတွက်သော ခုနှစ် (Before Christ.) ဟု ဖေါ်ပြထားသည်။
ခရစ်နှစ် ၊ အေဒီ - A D
ခရစ်နှစ် (အေဒီ A D ) ဆိုသည်မှာ ခရစ်တော် ဖွားမြင်တော်မူပြီးမှ ရေတွက်သော ခုနှစ် (Anno Domini ) ကို အတိုကောက် ခေါ်ဆိုခြင်ြး ဖစ်သည်။ တစ်နည်း ( Anno Domini After Christ ) ယေရှုခရစ်တော် ဖွားမြင်တော်မူပြီးမှ ရေတွက်သော နှစ်ကို ဆိုလိုသည်။ လက်ရှိ ကမ္ဘာသုံး အင်္ဂလိပ်ခုနှစ် ပြက္ခဒိန်နှစ် ဖြစ်သည်။ မြန်မာအဘိဓာန်တွင် (ခရစ်နှစ်) ကို ခရစ်တော် ဖွားမြင်တော်မူသောနှစ်မှ စတင် ကာ ရေတွက်သောနှစ်) ဟုရေးသားထားသည်။
အာလမ္ဗီဋကိန်း
အာလမ္ဗီဋကိန်း သက္ကရာဇ်ဆိုသည်မှာ ဖြိုဖျက်ခဲ့ပြီးသော ခုနှစ်သက္ကရာဇ်တို့ စုပေါင်းပြဆိုသည့် (၁၃၃၀) ကိန်းဂဏန်းကိုခေါ်သည်။ တစ်နည်း ရာလာမာယုမင်း (၈၆၄၅)ကို ဖြိုခွင်းပြီး ရေတွက်လာသော သက္ကရာဇ်၊ ယင်းသက္ကရာဇ် (၁၄၈) ကို ရောက်သောအခါ စန္ဒာသူရိယမင်းသည် (၁၄၈) သက္ကရာဇ်ကို ဖြို သည်။ ယင်းသက္ကရာဇ်မှ ရေတွက်လာသော် (၆၂၂) ကိုရောက်သောအခါ သူရိယစိတြမင်းဖြိုသည်။ ယင်း သက္ကရာဇ်မှဆက်ကာ ရေတွက်လာသော် အာနန္ဒစနြ္ဒမင်း လက်ထက်ထိ၊ သက္ကရာဇ် (၅၆၂) ကိုရောက် သောအခါ (၅၆၀) ကိုဖြိုသည်။ထို ဖြိုခဲ့သောကိန်းများ ၁၄၈+၆၂၂+၅၆၂=၁၃၃၂ ကို(အာလမ္ဗီဋကိန်း- ၁၃၃၀) ဖြင့် (၂) ခု ကြွင်းထား၍ ဖြိုလေသည်။ ယင်း (အာလမ္ဗီဋကိန်း)ဖြင့် ဖြိုပြီးမှ ရေတွက်လာသော သက္ကရာဇ်သည် ယနေ့ရခိုင်တို့သုံးစွဲနေသော ဓည၀တီပက္ခဒိန်ပါ ခုနှစ်သက္ကရာဇ်ဖြစ်သည်။
“အာလမ္ဗီဋ” ဟူသောစကားရပ်ကို တစ်ချို့သောသူများသည် အာလမ္ဘီက၊ အာလိန္ဘိဋ၊ အာ လန္ဘိတ၊ အာလမ္ဗီတ- ဟူ၍ ခေါ်ကြ၊ ရေးသားဖော်ပြကြပေသည်။ ယင်းသို့ရေးသားကြလျှင် ( အာလမ္ဗီဋ ကိန်း= ၁၃၃၀)ကိန်းနှင့် ကွဲလွဲသွားလေ၏။ အကြောင်းမှာ“အာလမ္ဘီက”ဆိုလျှင် ၄င်းစာလုံးကို ပိဋကတ် သင်္ချာနည်းဖြင့် ဂဏန်းဖေါ်လျှင်(၁၄၃၀)ဟူ၍သာရ၏။ တစ်ဖန် “အာလန္ဘိဋ” ဆိုလျှင်လည်း(၁၄၃၀) ဟူ သော ကိန်းဂဏန်းကိုသာ ရမည်ဖြစ်သည်။ အာလန္ဘိတ ဟူသော စာလုံးများကို ပိဋကတ်သင်္ချာနည်းဖြင့် ဂဏန်းဖေါ်လျှင်လည်း (၆၄၃၀) ဟူသော ကိန်းကိုသာရမည်ဖြစ်သည်။ ( အာလမ္ဗီဋ ) ဖြစ်မှသာ ဖြိုခဲ့ပြီး သော သက္ကရာဇ်များ (၁၄၈+၆၂၂+၅၆၀=၁၃၃၀) ကိန်းကို ရသည်ဖြစ်သောကြောင့်၊ သက္ကရာဇ်ကို အ ထူးပြု လေ့လာနေသော သုတေသီများအတွက် သတိပြု ဆင်ခြင်နိုင်ရန် တင်ပြရခြင်းဖြစ်သည်။
သက္ကရာဇ်ဖြိုသည့်အခါ ရှေးကမင်းများ သက္ကရာဇ်ဖြိုသည့်အခါ ဖြိုသော ကိန်းဂဏန်းကို အမှတ် ရလွယ်ကူစေရန် (မိဘစံဇီ၊ ဇီ၀က၊ ဓနဉ္စ-ခဌဉ္စ၊ ဥတ္တမ)ဟူ၍ စာချိုးလေးများထားကာ အသုံးပြုခဲ့ကြသလို အာနန္ဒစနြ္ဒမင်းသည် သက္ကရာဇ်ဖြိုသည့်အခါ ရှေးကမင်းများကဲ့သို့ (အာလမ္ဗိဋ)ဟူသော စာချိုးကိုထားခဲ့ ဟန်တူလေသည်။
ကလိယုဂ်နှစ်၊
ကလိယုဂ်နှစ်ဆိုသည်မှာ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံ၀င်သောနှစ်ကို ဆိုလိုသည်။ တစ်နည်း သူရိယစိ တြမင်းဖြိုခွင်းသက္ကရာဇ် (၆၂၂)+အာနန္ဒစနြ္ဒမင်း (ဝါ) သီရိစနြ္ဒမင်းဖြိုခွင်းသက္ကရာဇ် (၅၆၀)+ ယခုရောက် ဆဲကောဇာသက္က ရာဇ်) ၁၃၈၀) ကိုပေါင်းလဒ်ကို ကလိယုဂ်နှစ်ဟုခေါ်သည်။ ကလိယုဂ်နှစ်နှင့် ပက်သက်၍ ပညာမေဓာသင်္ဂါယနာတင်မော်ကွန်းလင်္ကာ၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသည့် ကလိယုဂ်နှစ်ကို “သာကီသကျ၊ဂေါတမဟု၊ လောကလူရွာ၊ ဖြစ်ပွင့်လာရွယ်၊ ဒေဝါ မနု၊ ကျွတ်မှုဟောကြား၊ လေးဆယ့်ငါးဝါ၊ ပြည့်ရေခါကား၊(သြဆာဂါရ)၊ သာခပုဏ္ဏီ၊ ငြိမ်းလီနိဗ္ဗာန်။” ဟု ရေးစပ်ထားသည်။
( သြဆာဂါရ) ကို ပိဋကတ်သင်္ချာကောက်နည်းဖြင့်ဖေါ်ယူလျှင် (၂၅၇၀) ဖြစ်သည်ဟု ရခိုင် သမိုင်းအလင်းပြကျမ်း(စာ ၂၅၂)တွင် ဖေါ်ပြထားသည်။ (၂၅၇၀ ) ဆိုသည်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုသည့် ကလိယုဂ်နှစ်ဖြစ်သည် ဟုဖော်ပြထားသည်။ ယင်းရခိုင်သမိုင်းအလင်းပြကျမ်းတွင် ဖေါ်ပြသော ကလိယုဂ်ကိန်း ( သြဆာဂါရ) ဟူသော စာလုံးများကို ပိဋကတ်သင်္ချာကောက်နည်းဖြင့် ဂဏန်းဖြင့်ဖေါ်ယူသော် (၂၅၇၀)မဟုတ်ဘဲ (၂၃၇၀) သာ ဖြစ်၏။ ( သြဆာဂါရ )စာလုံးများ၌ တတိယမြောက်စာလုံးဖြစ်သော (ဂါ) စာလုံးတွင် သက္ကတစာလုံး(ဂါ) အလယ်က အဆံပါမှသာ (၂၅၇၀) ဟူသော ကလိယုဂ်ကိန်းကို ရမည်ဖြစ်သည်။ (သြဆာဂါရ) ဆိုလျှင် (၂၃၇၀)ဟူသော ကိန်းကိုသာ ရမည်ဖြစ်သည်။ (ဂါ) နှင့် (ဂါ) လွဲမှားမှုကြောင့်ဟု ယူဆရသည်။ ( သြဆာဂါရ )မှသာ (၂၅၇၀) ကလိယုဂ်ကိန်းကိုရပေသည်။ ဤသို့ဖြစ်ရသည့် အကြောင်းရင်း မှာ ပညာမေဓာသင်္ဂါယနာမော်ကွန်းသည် မူလက သက္ကတဘာသြာ ဖင့်ရှိခဲ့ဖြစ်ေ ကြာင်း ဖော်ပြနေသည်။ ခေတ်အဆက်ဆက် ကူးယူကြသည့်အခါ “သြဆာဂါရ” ၌ (ဂါ) စာလုံးမှာ အလယ်က အဆံပါသည်ကို သတိမထားခဲ့မှုကြောင့်လည်းကောင်း၊ ပုံနှိပ်စာလုံးအဖြစ် ပြောင်းသည့်အခါ စာလုံးပုံစံမရှိ၍့သော်လည်း လည်းကောင်း၊ ထိုသို့ ဖြစ်သွားရသည်ဟု ယူဆရသည်။
(သာခပုဏ္ဏီ)သည် ကဆုန်လပြည့်ကိုဆိုလိုသည်။ တစ်ချို့ သုတေသီများသည် ဗုဒ္ဓပရိနိဗ္ဗာန်စံ ၀င်သော ကလိယုဂ်နှစ်ကို (၂၅၅၇) ဟုဖေါ်ပြကြသည်။ ပညာမေဓာ ရေးစပ်သော သင်္ဂါယနာတင် မော် ကွန်းပါ ( သြဆာဂါရ) စကားရပ် အရဆိုလျှင် ကလိယုဂ်ကိန်းမှာ (၂၅၇၀) သာဖြစ်သည် ။
မြန်မာသက္ကရာဇ်ကို ခရစ်နှစ်အဖြစ်သိလိုက( ၆၃၈)ပေါင်းလျှင် ခရစ်နှစ်ဖြစ်သည်။ အဘယ် ကြောင့် (၆၃၈)ကိန်းကို ပေါင်းထည့်ရသနည်းဟူမူကား အိန္ဒိယ၌ ကနိသျှကမင်း-သကမင်း သက္ကရာဇ်ဖြို ခဲ့သည့်အချိန် အေဒီ(၇၈) ဖြစ်သည်။ ယင်း(၇၈) မှ တတိယဓည၀တီ စန္ဒာသူရိယနှစ် (၆၂၂) ညီမျှသည်။ ယင်း သက္ကရာဇ်(၆၂၂)ရောက်သောအခါ သူရိယစိတြမင်း ဖြိုလေသည်။ ထို့ကြောင့် သူရိယစိတြ သက္က ရာဇ်သည် (၀) ခုသည် အေဒီ (၇၈) နှင့် ညီမျှခြင်းဖြစ်သွားသည်။ သရေခေတ္တရာ၌လည်း သုမုန္ဒရီ-သုပ ညာနာဂရဆိန္ဒလက်ထက်မင်း(၆၂၂) ကိန်းကို ဖြိုသည်နှင့် ခေတ်ပြိုင်ဖြစ်သည်။ ရခိုင်-မြန်မာသက္ကရာဇ် (၀) သည် အေဒီ (၇၈) ညီမျှသည်ကို ဆိုလိုသည်။ ယင်း (၆၂၂) ကိန်းကို ဖြိုပြီး ရေတွက်လာသော ကိန်း( ၅၆၂) ကို ရောက်သောအခါ (၂) ခုကြွင်းထား၍ ဖြိုသဖြင့်၊ ယနေ့ အသုံးပြုနေသော ရခိုင်- မြန်မာ သက္ကရာဇ်သည် (၀) သည် (၇၈+၅၆၀= ခရစ်နှစ် ၆၃၈) နှင့် ညီမျှသွားခြင်း ဖြစ်လေသည်။
ထို (၅၆၂)ကိန်းကို ရခိုင်ဝေသာလီတွင် အာနန္ဒစနြ္ဒမင်း-သီရိစနြ္ဒမင်းက ဥတ္တမကိန်းဖြင့် (၅၆၀) ကို ထပ်မံဖြိုသည်။ ပုဂံတွင်လည်း ပုပ္ပါးစောရဟန်းမင်း (၅၆၀)ကို ဖြိုလေသည်။ ထိုကြောင့် မြန်မာသက္က ရာဇ်ကို ခရစ်နှစ်အဖြစ် သိလိုက (၇၈+၅၆၀=၆၃၈) ကိန်းသေကို ပေါင်းရခြင်းဖြစ်လေသည်။
ရောက်ရှိ ကောဇာသက္ကရာဇ်ကို သာသနာနှစ်အဖြစ် - သိလိုပါလျှင် ရောက်ဆဲကောဇာသက္ကရာဇ် + သက္ကရာဇ်ဖြိုခဲ့သောသက္ကရာဇ်များ (၆၂၂)နှင့်(၅၆၀)တို့၏ပေါင်း လဒ်(၁၁၈၂)ကိန်းကို ပေါင်းလိုက်ပါက သာသနာနှစ်ကို ရရှိမည်ဖြစ်သည်။
ရောက်ရှိခရစ်နှစ်ကို မြန်မာသက္ကရာဇ်အဖြစ်သိလိုပါလျှင် ရောက်ရှိခရစ်နှစ် (ဝါ) အင်္ဂလိပ်ခုနှစ်တွင် ( ၆၃၈)ကို နှုတ်လိုက်ပါက ကောဇာ/ မြန်မာသက္ကရာဇ် ကို ရသည်။
ရောက်ရှိသာသနာနှစ်ကို ကောဇာ/ မြန်မာသက္ကရာဇ်အဖြစ် သိလိုပါလျှင် ရောက်ရှိ သာသနာနှစ်မှ ဖြိုခဲ့ပြီးသော ခုနှစ်များ (၆၂၂+၅၆၀=၁၁၈၂) ကို နှုတ်သော် ကောဇာ/ မြန်မာသက္ကရာဇ်ကို ရသည်။
ရောက်ရှိခရစ်နှစ်ကို သာသနာနှစ်အဖြစ် သိလိုပါလျှင် ရောက်ရှိ ခရစ်နှစ် အေဒီကို (၅၄၄) ပေါင်းလိုက်ပါက သာသနာနှစ်ဖြစ်သည်။
မောင်ဖြူ(ကြွီတဲကျွန်း)
ကျမ်းကိုး ● ကံညွန့်၊ဒေါက်တာ။ သူရိယသိဒ္ဓန ္တကျမ်း၊သာသနာရေးဦးစီးဌာန၊ရန်ကုန်၊၁၉၆၁။ ● ကိုကိုဦး။ သမိုင်းစဉ်ဆက် သက္ကရာဇ်မှတ်တမ်းများ၊ ပြည်မြန်မာစာအုပ်တိုင်၊ရန်ကုန်၊ ၂၀၀၅၊ ● ထွန်းလှခိုင်၊ဦး။ အင်္ဂလိပ်၊ရခိုင်၊မြန်မာသုံးပါဒပါရှိသည့် နှစ်(၁၀၀)ပက္ခဒိန်၊ ရခိုင်ခေတ်စာပှုံနှိပ်တိုက်၊စစ်တွေ၊၁၃၃၂၊ ● ရွှေဇံ၊ဦး။ ရှေးခေတ်ရခိုင်နိုင်ငံသုံး သက္ကရာဇ်များနှင့်ခေတ်သုတေသီများက ဓည၀တီနှင့်ဝေသာလီခေတ်များကို ရေးသားတင်ပြရာတွင် အသုံးပြုနေကြသော သက္ကရာဇ်များစာတမ်း။ ● အုံးကြိုင်။ဦး။ မြန်မာ့ပက္ခဒိန်သုတေသနကျမ်း၊၁၉၇၇၊ ● ဥတ္တမသီရိ၊အသျှင်။ရခိုင်အဓိမာသ်ကျမ်း၊ စာပေနှင့်သမိုင်းရေးရာကော်မတီ၊မြောက်ဦးမြို့၊၁၉၈၅၊ ● သောတုဇန http://thotuzana.blogspot.com/2013/01/blog-post_795.html အရှင်သုနန္ဒာလင်္ကာရ ( သီဟိုဠ် ) link; http://sanwinkpg.blogspot.com/2013/04/blog-post_30.html
Credit
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။