Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသမိုင်း အကျဉ်းချုပ်

ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသမိုင်း အကျဉ်းချုပ်



 
နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒဿ ပဉ္စဂုဏာ အဟံ ၀န္တာမိ။ဘုရားသမိုင်းလင်္ကာ
———————

ဇမ္ဗူဒီပါ၊ ကျွန်းတောင်ယာ၀ယ်၊ ရတနာထူပြော၊ စဉ်ပင်ပေါသည်၊ မနောရမ္မာ၊ ကျွန်းအောင်ချာထက်၊ ရှိကလူပေါင်း၊ ရှိလူဟောင်းရို့၊ ပျော်ကောင်းလူ့ဘောင်၊ သေလာတောင်၀ယ်၊ ခေါ်ဆောင်မှန်ကူ၊ ရွာကျောက်ဖြူထက်၊ ရှိမူမော်ကွန်း၊ တည်ထွန်းစဉ်လာ၊ ရွာချခါ၀ယ်၊ ခေါ်ရာပရေ။ ရပ်၀ယ်လူများ၊ အရပ်သားနှင့်၊ အောင်သားမည်ခါ၊ ငသထာဟု၊ ခေါ်မှုမှန်စွာ၊ ကွန်ဆရာသည်၊ လင်းခါချိန်ထေက်၊ မိုးလင်းရောက်က၊ မြစ်စယောင်ယောင်၊ ငပြီတောင်နား၊ ကွန်ပစ်လားရာ၊ ငသထာဟု၊ ခေါ်ရာထိုသူ၊ ပစ်သည်ဟူက၊ ကွန်မူထွီးယှက်၊ ငြိလျှက်ဟိရာ၊ စမ်းကြည့်ပါသော်၊ မြတ်စွာရုပ်ပွား၊ ဆင်းတုအားကို၊ တွိပြီးသောခါ၊ ရွာပြန်လာရောက်၊ ကြောက်မက်စဖွယ်၊ မြစ်ပင်လယ်မှာ၊ ဇာနှယ်ကဲ့သို့၊ ဖြစ်ဖို့သနည်း၊ ပုထိုးတဆူ၊ ဟိသည်ဟူ၍၊ လူများသိစီ၊ ပြောကြားလီသော်၊ ကြီးသူမောင်၀မ်း၊ ရွာဆော်ရွန်း၍၊ ရွှင်လန်းအားရ၊ ရပ်သားရွာသူ၊ ကျွက်ကျွက်ဆူမျှ၊ ပင့်ယူလတ်သော်၊ ခုမူတည်ရာ၊ ရက်ခံသာက၊ ပြောင်းကာတတိတ်၊ ပင့်ဖိတ်ကြရာ၊ မရပါသော်၊ လွန်သာထယ်ဆွဲ၊ ကြိုးစားပေလည်း၊ လွန်ကြိုးပြတ်ကျ၊ ပင့်မရတည်း။

မြတ်ဗုဒ္ဓ၏၊ တေဇတောက်ထွန်း၊ ဘုန်းရောင်လျှမ်းသည်၊ ထွန်းနီပမာ၊ စောမြတ်စွာကို၊ တကာပရေ၊ တည်သည်သက္ကရာဇ်၊ နှစ်၏ကောဇာ၊ တရာ့လေးဆယ်၊ စွန်း၀ယ်ခုနှစ်၊ ရတုဟေမာန်၊ တပို့တွဲလ၊ ဆန်းစပုဏ္ဏမီ၊ တိထီခြောက်ရက် ဇီဝါရက်တွင်၊ တည်ရက်မှန်လှ၊ မြတ်ဗုဒ္ဓကို၊ ခေါ်ထမိန့်မော၊ ကန့်ကော်တော၀ယ်၊ မနောကြေငြာ၊ တည်ထားပါသည်။ ရောင်ဝါခြောက်သွယ်၀င်းစီသောဝ်။

(ဤကား မြောက်ဘက်ဘုရား ရုပ်ပွားတော်ကြီး အကြောင်းအရာများပေတည်း။)

၁။ တကာပရေ = ရွာကို ကြီးကြပ်အုပ်ချုပ်သူ။
၂။ မောင်၀မ်း(ရွာသူကြီး) = ရွာတွင် ဆော်သြသူ။
၃။ သထာ(ကွန်ဆရာ) = ကွန်ပစ်သူ (ဘုရားတွိသူ)

ဤလင်္ကာအရလည်း ကံ့ကော်တောဘုရားရုပ်ပွားတော်များမှာ ကောဇာ (၁၄၇) ခုနှစ် တပို့တွဲလဆန်း ခြောက်ရက်နိ ကိုးကွယ်သည်ဟု မှတ်ယူရပါသည်။

မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးအချိန်အခါမှစ၍ ပေါ်ပေါက်လျက်ဟိသော စကားရပ်များမှာ ကံ့ကော်တောဘုရား ရုပ်ပွားတော်များနှင့် ဆက်စပ်လျှက်ဟိသော စကားတရပ်ပင်ဖြစ်သည်။

ရှိသရောအခါ၌ ကောတုံတရစ်တိုင်းဟု၍ တိုင်းကြီးတတိုင်းမှာ ထင်ရှားစွာဟိသည်။ ၄င်းတိုင်း၏အကျယ်အ၀န်းမှာ ရှိဘက်သို့ မော်တင်စွန်းအထိနှင့် အနောက်ဘက်သို့ ဘင်္ဂလားအော်အထိ ကျယ်ပြန့်သည်။ အဆိုပါတိုင်းပြည်တွင် မဒ္ဒရာဇ်မင်းကြီးစိုးစံအုပ်ချုပ်ပြီး သားတော် (၃) ပါး ထွန်းကားသည်။ နောင်တော်ကြီး၊ နောင်တော်ချေနှင့် အာ၀ဟူ၍ အသီးသီးခေါ်တွင်၏။ အခါတပါးသောနိ၌ ဘခမည်းတော်မဒ္ဒရာဇ်မင်းကြီး နတ်ရွာလားသော် သားကြီးဖြစ်သော နောင်တော်ကြီးမင်းသားအား ထီးနန်းအပ်နှင်းသည်။ ညီတော်အလတ် နောင်တော်ချေက အိမ်ရှိစံအဖြစ်လည်းကောင်း၊ ညီတော်အာ၀မင်းသားအား စစ်သူကြီးရာထူးဖြင့် အသီးသီးဝီမျှအုပ်ချုပ်သည်။ ထိုသို့ ညီနောင်(၃) ဦး စီးမံအုပ်ချုပ်မင်းလုပ်နီစဉ်တွင် ပြည့်သျှင်မင်းဖြစ်သော နောင်တော်ကြီးသည် ဥပုသ်၀င်လိုလှသော အာသီသစိတ်ပြင်းပြလာသဖြင့် ညီတော်လတ်ဖြစ်သည့် နောင်တော်ချေအိမ်ရှိမင်းသားအား ထီးနန်းအပ်နှင်းတော်မူပြီး တောအရပ်သို့ ထွက်ခွာလားတော်မူသည်။ ထိုသို့ နောင်တော်ကြီးဘုရားတောထွက်၍ နှစ်များအတန်ကြာညောင်းသော် ပြည့်သျှင်မင်းနောင်တော်ချေသည်လည်း အစ်ကိုနောင်တော်ကြီးနည်းတူပင် အညရဝါသီတောရပ်မှီးလီတော့သည်။

ထီးနန်းအရိပ်အရာအား ညီတော်အငယ်ဆုံး အာ၀မင်းအုပ်ချုပ်သည်။ သို့နှင့် နောင်တော်ချေမင်းကြီးသည် ထီးနန်းစွန့်ပြီး နောင်တော်ကြီးလားရာအရပ်ဘက်သို့ ရှိရှုပြီးလိုက်လီသော် တိုင်းပြည်တော်နှင့်အလွန်ဝီးကွာသော တောတန်းတခုတွင် တွိဆုံသည်။ ထို့သို့ တွိဆုံရာတွင် တိုင်းပြည်ရေးရာအကျိုးအကြောင်းနှင့်စပ်လျဉ်း၍ပြောဆိုပြီးသော် မိမိအားလည်း နောင်တော်နှင့်အတူတကွ တရားအားထုတ်ခွင့်ပြုပါရန် လျှောက်တောင်းပန်သော် နောင်တော်ကြီးက ငါ့ညီတော်တရားအားထုတ်လိုသော် ထိုဘက်တောင်တန်းမှာ နီလီလော့ဟုညွှန်ကြားသည်။ ညီနောင်နှစ်ဦးလည်း မိမိနီရပ်၌ပင် တရားအားထုတ်၍ အသက်ထက်ဆုံးနီလီကုန်၏။

၄င်းအရပ်သည် ရမ်းဗြဲကျွန်းမြောက်ဘက်ကျသည့် ပင်လယ်ထဲတွင်ဟိ၏။ ထိုနီရာအား နောင်တော်ကြီးတောင်နှင့် နောင်တော်ချေတောင်ဟူ၍ ယခုထက်တိုင်ခေါ်ဝေါ်လျှက်ဟိ၏။ ထိုစဉ်အခါ ကောတုံတရာဇ်တိုင်းပြည်၌ ညီငယ်တော်အာ၀မင်းသားသည် မင်းကျင့်တရားဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါးနှင့် ညီညွတ်မှုမဟိသောကြောင့် တိုင်းပြည်တွင် ခိုးသားဓားမြသောင်းကျန်း၍ အငတ်ဖီးဆိုက်၍ မငြိမ်မသက်ဖြစ်လတ်၏။

တိုင်းပြည်တွင် တန်းခိုးကြီးရုပ်ပွားတဆူဟိ၏။ (တချို့က နှစ်ဆူဟိသည်ဟူ၍လည်း ပြော၏။) ထိုတန်းခိုးကြီးရုပ်ပွားတော်ကြီးအား မရိုသေမကိုင်းညွတ်ပဲ မသင့်လျှော်သောအမှုကို ပြည်သူမျာ ပြုကျင့်ကြကုန်၏။ ထိုတိုင်းပြည်၌ သီလသမာဓိမြဲသော ငပုအမည်ဟိသော အဘိုးအိုလင်မယားနှစ်ဦးကိုးကွယ်သော တန်းခိုးကြီးဘုရားအား ဤသို့ပြုကျင့်နီခြင်းမှာ မသင့်လျှော်ကြောင်း ပြောဆိုဟန့်တားသော်လည်းမရ။ ငပုလင်မယားမှလွဲ၍ ၄င်း၏သားသမီးများပင်လျှင် မကောင်းသောအမှုပြုကျင့်ကြကုန်၏။ (တချို့က ငပုနှင့် ငလာ ညီအစ်ကိုနှစ်ယောက်ဟိကြောင်းဆို၏။)

နတ်များအိမ်မက်လာပီးခြင်း။

တညသောအခါ၌ ငပုလင်မယားအိပ်နီစဉ် သမာဒေ၀နတ်များလာပြီး ဤကောတုံတရာဇ်တိုင်းအား ရက်သတ္တပါတ်အတွင်း နဂါးရီနှစ်ကဇတ်တော့မည်ဖြစ်၍ သင်ရို့လင်မယားလွတ်ရာသို့ ပြီးလီကုန်လော့။ ထိုသို့လားသောအခါ၌ သင်ရို့နှစ်ဦးမှလွဲ၍ မည်သူ့အားမှ အသိမပီးလီနှင့် အိပ်မက်ပီး၏။ ငပုအဘိုးအို အိပ်ရာမှလန့်နိုးလတ်သော် အနီးတွင် ငွေအသပြာတထောင်ထုပ်ကို တွိ၏။ မိုးသောက်အလင်းရောက်သော် အဘိုးကြီးသည် မယားသည်ဝါကြီးမအား အိမ်မက်အကြောင်းပြောကြား၍ ငွေထုပ်အားပီးပြီး တယောက်သောသူကိုမျှ မပြောရန်မှာကြား၏။ ဝါကြီးမက မိခင်ဖြစ်ခြင်းကြောင့် သားသမီးနှစ်ဦးအား တိတ်တဆိတ်ပြောရာ လားချိန်နီးတွင် ငပုအဘိုးကြီးဘုရားလားပင့်သော် ပင့်မရဘဲဟိ၏။

ထိုအခါ ငပုအဘိုးသည် ဘုရားရုပ်ပွားတော်အား အကြိမ်ကြိမ်ပင့်သော်လည်း အချီးအနှီးဖြစ်နီလီသောကြောင့် ဝါကြီးမအား မှန်ရာပြောရန်မီးမြန်းရာ ဝါကြီးမက သားသမီးများအားထုတ်ဖော်ပြောမိကြောင်း၀န်ခံ၏။

ထို့ကြောင့် ဘုရားအားပင့်မရခြင်းဖြစ်ကြောင်း အမှန်သိသဖြင့် အဆိုပါ နိရက်တွင်မလားတော့ဘဲ နောင်တွင် မည်သူမျှအသိမပီးဘဲ တိတ်တဆိတ်ဘုရားအားလားရောက်ပင့်ယူရာ လွယ်ကူစွာရခြင်းကြောင့် ဝါကြီးမအား နတ်ပီးသော ရွှေထုပ်အားရွက်စီကာ ကောတုံတရာဇ်တိုင်းပြည်မှ တိတ်တဆိတ်ထွက်ခွာလားကြလီ၏။ ထိုသို့ထွက်လားယင်းပင် ယခုအခေါ် လိပ်ခမော် ရွာဟောင်းအနီး တောင်ငယ်တခုသို့ရောက်၍ အညောင်းဖြေရပ်နား၏။ ၄င်းတောင်ငယ်ကို ယခုထက်တိုင် “ငပုတောင်မော်” ဟု ခေါ်တွင်လျှက်ဟိ၏။

ရှာမတွိသော မဟာမြတ်မုနိအရပ်

အဘိုးငပုလင်မယားသည် ၄င်းတောင်ငယ်၌ အညောင်းအညာဖြီနီကြပြီး မိမိရို့လာရာလမ်းအတိုင်း အနောက်ဘက်သို့မျှော်၍ကြည့်လီသော် ကောတုံတရာဇ်တိုင်းပြည် သမုဒ္ဒရာပင်လယ်ရီပြင်အတိဖြစ်နီသည်ကို တွိမြင်ရ၏။ ထိုပင်လယ်ကမ်းစပ်တွင် ယခု ဂေါ်တူခေါ်ရွာငယ်တခုဟိ၏။ တခါတရံ ဖြားစစ်ချိန်တွင် ပင်လယ်သမုဒ္ဒရာထဲဟိ နန်းခေါင်တိုင်အား မြင်ရကြောင်းဆို၏။

ငပုလင်မယားကား ခရီးတထောက်ဆက်လျှောက်ရပြန်သော် အလွန်ပင်ပန်းနွမ်းရိလာခြင်းကြောင့် ဝါကြီးမက ဤဘုရားရုပ်ပွားတော်နှင့် ငွေထုပ်အားထားခရန်ပြောသော်လည်း ငပုအဘိုးအိုကား ရှိသို့ဆက်၍ယူရန်သာပြောပြီး ခရီးဆက်၏။ သို့နှင့် ယခုကျောင်းအနီး သရက်တောအုပ်ကြီးထဲသို့ ရောက်လာ၏။ ဤနီရာတွင် ရပ်တန့်အညောင်းဖြေပြီးလျှင် ငွေထုပ်အား သရက်ပင်များအောက်တွင် မြှုပ်နှံ၍၄င်း၊ ဘုရားရုပ်ပွားတော်မြတ်အား သင့်လျှော်သောနီရာတွင်ထား၍ ပူဇော်ကန်တော့ပြီး မဟာမုနိအရပ်ဘက်သို့ ထွက်လားလီ၏။ မဟာမုနိအရပ်ကား ပဇာအရပ်ကိုခေါ်သနည်း။ ကျောက်တော်ဘက် မဟာမုနိဘုရားအရပ်ကိုခေါ်လီလား ယခုတိုင် အတိအကျမသိရပေ။

“ကံ့ကော်တောဘုရား” ခေါ်တွင်ခြင်း

ရှိလွန်လီပြီးသောအခါက လူနီအိမ်ခြီ လှီကားတထောင်ဟိသော ရွာကြီးတရွာသည် ကျောက်ဖြူတောင်အနီးတွင်တည်၍ ကျောက်ဖြူရွာဟုခေါ်တွင်သည်။ ယခုတိုင် ကျောက်ဖြူတောင်ခြီရင်းတွင် အင်တန်ကြီးသော ကျောက်ဖြူလုံးကြီးနှစ်လုံးဟိသည်။ အချို့က ၄င်းကို ကျောက်မောင်နှစ်မ၊ အချို့က ကျောက်လင်မယားဟုပြောဆိုသည်။ ၄င်းကျောက်ဖြူနှစ်လုံးကိုအစွဲပြု၍ ကျောက်ဖြူတောင်၊ ကျောက်ဖြူရွာဟုခေါ်သည်။ ထိုရွာတွင် လူကြီးဖြစ်သော ငပုချေဆိုသူ တောသို့လား၍ ငပုလင်မယားထားခသော ရုပ်ပွားတော်အားတွိ၍ မိမိနီရပ်သို့ပင့်ယူလာရာ ကျောက်ဖြူရွာအနီး ချောင်းကမ်းထိပ်သို့ရောက်သော် အညောင်းအညာဖြီရပ်နားရာတွင် ဘုရားရုပ်ပွားတော်အား ပြန်လည်ပင့်ဆောင်မရဖြစ်လီ၏။ ထိုအခါရွာသားများအားခေါ်ယူပြီး ရထားပြုလုပ်၍ဆွဲလီသော် လွန်ကြိုးရအလီလီပြတ်၍ ပင့်မရခြင်းကြောင့် ထိုနီရာတွင်ပင် ကျောင်းတော်ဆောက်၍ တည်ထားကိုးကွယ်၏။ ဘုရားပင့်မရခြင်းအကြောင်းသော်ကား ထိုချောင်းငယ်သည် ရွာသားများမစင်စွန့်ရာချောင်းဖြစ်၍ မဖြတ်လိုခြင်းကြောင့်လည်းကောင်း၊ ယခုတိုင် ၄င်းချောင်းနီရာကို ချီးတောချောင်းဟုခေါ်သည်။ ဘုရားရုပ်ပွားတော် သီတင်းသုံးတော်မူရန် သင့်လျှော်လျှောက်ပတ်သော မြီသန့်မြီမြတ်သို့ရောက်တော်မူ၍လည်းကောင်း၊ ထိုနီရာမှ ပင့်ဆောင်မရခြင်းဖြစ်သည်။ ထိုနီရာတွင် ကံ့ကော်ပင်များ တောအုပ်သဖွယ် ပေါက်ခြင်းကိုအစွဲပြု၍ “ကံ့ကော်တောဘုရား” ဟု ခေါ်တွင်ခြင်းဖြစ်သည်။ ဤကား တောင်ဘက်မှ သီးတင်းသုံးနီတော်မူသော ရုပ်ပွားတော်ငယ်၏ သမိုင်းအကြောင်းတည်း။ ထို့ကြောင့် ရုပ်ပွားတော်ငယ်မှာ ကံ့ကော်တောအုပ်သို့ ဦးစွာရောက်ကြောင်းထင်ရှားသည်။

မြောက်ဘက်မှ သီတင်းသုံးတော်မူသော ရုပ်ပွားတော်ကြီးအကြောင်း

ဤရုပ်ပွားတော်ကြီးအား ကျောက်ဖြူရွာသားတံငါသည် ငသထာသည် ငပြီတောင်မော်စွန်းအနီး ပင်လယ်ကမ်းစပ်တွင် လားရောက်ငါးဖမ်းရာ ပိုက်ကွန်အတွင်း၌ အဆိုပါရုပ်ပွားတော်ကြီး ငြိတွယ်ပါလာ၏။ ငသထာသည် ကြောက်လန့်ကြီးစွာ သူ၏ပိုက်ကွန်၌ ဘုရားပုထိုးတဆူပါလာကြောင်း ရွာသားများအားပြောကြားသော် ရွာသူကြီး ငပချေနှင့် ရွာဆော်မောင်၀န်းသည် ရွာသားများအားခေါ်ယူပြီး ဘုရားရုပ်ပွားတော်အားပင့်ဆောင်ရာ ကံ့ကော်တောအုပ်အနီး ချောင်းကမ်းစပ်တွင်ရပ်နားစဉ် ယခင်ရုပ်ပွားတော်ကဲ့သို့ပင် ပင့်ယူမရဖြစ်ပြန်သည်။

ဘုရားရုပ်ပွားတော်ကြီးသည်လည်း ဤမစင်ချောင်းကို မဖြတ်လိုခြင်းကြောင့်လည်းကောင်း၊ မြီထွက်မြီမြတ်တွင် ယခင်ရုပ်ပွားတော်နှင့်အတူ သီတင်းသုံးတော်မူလိုခြင်းကြောင့် ပင့်ဆောင်မရခြင်းဖြစ်သည်။ ထိုရုပ်ပွားတော်ကြီးအား တချို့သောသူများက သီဟိုဌ်ကျွန်းမှ ကြွလာတော်မူသည်ဟုပြောသည်။ အချို့အချို့သောသူများကမူ ကောတုံကရာဇ်တိုင်းမှ ငပုညီ ငလာဆိုသူ ပင့်ယူလာခသောဘုရားဖြစ်ပြီး လောင်းလှီမှောက်၍ ရီထဲသို့ကျလားခြင်းဖြစ်ကြောင်း အချို့သောသက်ကြီးဝါကြီးများက ပြောသည်။ ငလာနီခသဖြင့် ယခုထက်တိုင် ငပြီတောင်တဘက်တွင် ငလာကုန်းဘောင်မှာ ထင်ရှားစွာဟိသည်။

နှစ်ဆန်းတရက်နိ ဘုရားပွဲပြုလုပ်ရခြင်းအကြောင်း

ဤတန်ခိုးကြီးရုပ်ပွားတော်မြတ်နှစ်ဆူအား သမ္မာဒေ၀နတ်ကောင်းနတ်မြတ်များ အစဉ်စောင့်လျှောက်လျှက်ဟိသည်။ တခုသောနှစ်ဆန်းတရက်နိတွင် နတ်သဘင်ပေါင်းစုံ စည်းဝေးရန်ကြုံသောကြောင့် ဤဘုရားတွင် ထိုနိထိုရက်၌ အစောင့်အယှောက်များကင်းမဲ့နီမည်ဖြစ်၍ မသူတော်များလာရောက်ဖျက်ဆီးခြင်းမခံရစီရန် နှိုးဆော်စောင့်ယှောက်စီခြင်းဖြစ်သည်။

ပွဲတော်ချရန်ရေးအခက်အခဲ၊ ဟင်းအခက်အခဲများတွိရစဉ် ရီကို ဘုရားအနီးတွင်တူးဖော်ရဟိပြီး ဤပြိန်းတောကြီးမှ ခူးယူချက်ပြုတ်ခြင်းဖြင့် ဟင်းအဖြစ်ပြုလုပ်၍ ပွဲတော်ချနိုင်ကြောင်း အိပ်မက်ပီး၍ ဘုရားတန်ခိုးတော်အား ယုံကြည်ခြင်းဖြင့် ပွဲတော်ပြုလုပ်လာလတ်သည်မှာ ယခုတိုင်ဖြစ်သတည်း။ မည်သည့်အချိန်ကာလသက္ကရာဇ်တွင် ဘုရားပွဲတော်စတင်ပြုလုပ်သည် အမှတ်အသားလည်းမထားခချေ။

ရှိနှစ်ပေါင်းများစွာကပင် ထင်ပေါ်ကြော်ကြားလျှက်ရှိခလီသော ကံ့ကော်တောဘုရားဟု ခေါ်ဝေါ်သမုတ်လျှက်ဟိသော ရှိဟောင်းပေါ်တော်မူမြတ်စွာဘုရား ရုပ်ပွားတော်နှစ်ဆူသည်ကား ရခိုင်ပြည်ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်၏ ဂုံးချိန်ကျွန်းရွာတောင်ဘက် ကံ့ကော်ပင်များဟိရာအရပ်၌ တည်ဟိသည်။ အဆိုပါ တန်ခိုးကြီးရှိဟောင်း ပေါ်တော်မူရုပ်ပွားတော်မြတ်ကြီးနှစ်ဆူ သီတင်းသုံးကိန်း၀ပ်တော်မူရာသိမ်တော်မှာ ကျောက်ဖြူမြို့နှင့် (၅) မိုင်ကျော်ခန့် အကွာဝီးတွင်တည်ဟိပြီး ဂုံးချိန်ကျွန်းရွာနှင့်မူ (၂) ဖာလုံခန့်လောက်ဝီးသည်။ ထိုတန်းခိုးကြီး ရှိဟောင်းရုပ်ပွားတော်မြတ်နှစ်ဆူ၏ဘုရားပူဇော်ပွဲတော်မှာ နှစ်စဉ်နှစ်ဆန်း တရက်နိတွင်သာလျှင် ပြုလုပ်ကျင်းပလေ့ဟိသည်။ ဤကဲ့သို့ သင်္ကြံန်လွန်စ ထူးမြတ်သောနှစ်ဆန်းတစ်ရက်နိတွင် ကျင်းပပြုလုပ်သော ဘုရားပူဇော်ပွဲမျိုးကား မဟိသလောက် အလွန်ပင်ယှားပါးသည်။ ဤကံ့ကော်တော်ဘုရားပွဲတော်သည်ကား ကျောက်ဖြူမြို့နယ်တခုလုံးတွင် အထူးထင်ပေါ်ကျော်ကြားသော ဘုရားပွဲတော်ကြီးဖြစ်သည်။ ရှိဟောင်းရုပ်ပွားတော်မြတ် (၂) ဆူ၏ တန်ခိုးတော်သတင်းစကားများကြောင့်လည်း အရပ်ရပ်မှ လာရောက်ဖူးမျှော်ကန်တော့ကြသည်။ ရခိုင်သက္ကရာဇ် နှစ်ဆန်း (၁) ရက်နိသည်ကား ဗုဒ္ဓဘာသာ၀င်ရခိုင်လူမျိုးများအတွက် အလွန်ထူးမြတ်သော နိကောင်းနိမြတ်တရက်ဖြစ်သည်။ ထို့ကြောင့် နှစ်ဟောင်းမှ မကောင်းသောဖီးဒါဏ်၊ ရန်မာန်အပေါင်းကင်းဝီးစီကြောင်းအလို့ငှာ သင်္ကြန်အခါတွင်း၌ အိမ်ဦးခန်းတွင် အန္တရာယ်ကင်းအဖြစ် သပြီပန်းနှင့် ရီချမ်းအိုးများတည်ခြင်း၊ တချို့လူကြီးမိဘများသည် မိမိရို့သားသမီးများအား ရွှေရည်ငွေရည်၊ တရော်ကင်မွန်းရည်များဖြင့် ဂေါင်းဆီးမင်္ဂလာ ဆံလျှော်ပီးခြင်းများပြုလုပ်ပြီး အန္တရယ်အပေါင်းကင်းဝီး ကျန်းမာချမ်းသာဆုတောင်းမိတ္တာပို့ခြင်းများပြုလုပ်ပေသည်။

ဤသို့ထူးမြတ်သော နှစ်ဆန်း (၁) ရက်နိတွင် ကံ့ကော်တောဘုရားပွဲပြုလုပ်ရန်အတွက် သင်္ကြန်အတက်နောက်ဆုံးရက်တွင် လူအပေါင်းသည် မခေါ်မဖိတ်ပဲလျှက်နှင့် မိမိရို့စိတ်ဆန္ဒအလျှောက် မြို့ရောကျွန်းပါ ရွာပေါင်းများစွာမှ လူကြီးလူငယ်၊ ယောင်္ကျားမိန်းမ၊ အချေသူငယ်များပါမကျန်၊ အပျိုလူပျိုများအားလုံး စုပေါင်းပြီးလျှင် သီဆိုကခုန်တီးမှုတ်၍ ဆီမီးပန်းနံ့သာအမျိုးမျိုးဖြင့်လည်းကောင်း၊ ရီချမ်းအိုးများကိုယ်စီရွက်ကာ လာရောက်ရီသပ္ပါယ် ကန့်တော့ကတ်သည်မှာ ပွဲတော်တမျှစည်ကားလှပေသည်။

ဤကံ့ကော်တောဘုရားပွဲတော် ဖြစ်မြောက်ရေးအတွက် ဂုံချိန်ရွာမှ ဘုရားဂေါပကအဖွဲ့၀င် ဥပသကာလူကြီးများမှာ ကြာသားပတီးနိတိုင်း ငါးခရီးဝီးကွာသော ကျောက်ဖြူမြို့ပေါ်သို့ အပါတ်စဉ်မှန်မှန်တက်ရောက် အလှူခံပေသည်။ အမျိုးသမီးကြီးများအဖွဲ့ကလည်း ပွဲတော်ရက်မတိုင်မှီ တစ်လခန့်အလို တပေါင်းလမှပင် မြို့ပေါ်သို့လားရောက်ပြီး အိမ်တိုင်းစိ၀င်ကာ ဆန်နှင့်အလှူငွေများကို စေတနာပေါက် တတ်အားသမျှ ပါ၀င်လှူဒါန်းရန် ပြောဆိုအလှူခံယူသည်။ ၄င်းမှရသော အလှူငွေများဖြင့် ပွဲတော်လာပရိတ်သတ်အား စတုဒီသာ နိလုံးပေါက်ထမင်းကျွေးနိုင်ရေးအတွက် လိုအပ်သောငါးပိငါးခြောက်မှအစ ပစ္စည်းများကို ပြည့်စုံစွာ၀ယ်ယူပေသည်။ ကျောက်ဖြူမြို့နယ်တခုလုံးနှင့် အရပ်ရပ်မှ အလှူသျှင်များကလည်း ဤကံ့ကော်တောဘုရားပွဲတော်အတွက် စေတနာထက်သန်စွာဖြင့်
ပါ၀င်လှူဒါန်းပေသည်။ ဤသို့ဖြင့် တန်ခိုးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ကံ့ကော်တော ပေါ်တော်မူဘုရားပွဲတော်သည် မိုးထက် (၄) ချက်တီး အာရုံဆွမ်းတော်ကပ်လှူချိန်ကပင် စတင်ကျင်းပရာ ညဇာသား (၄) ချက်တီးအထိ တနိတာမျှပြုလုပ်သော ဘုရားပွဲတော်ဖြစ်သည်။

ဤသို့ တနိတရက်တည်းပြုလုပ်သော ဘုရားပွဲတော်ဖြစ်ခြင်းကြောင့်လည်း တခြားဘုရားပွဲတော်များကဲ့သို့ အငြိမ့်ဇတ်ပွဲများ လုံး၀မပါပေ။ သို့သော် မိုးထက်သားဆွမ်းပို့ချိန်တွင်မူ ရွာပေါင်းများစွာမှ မိမိရပ်ရွာဓလေ့ထုံးစံအလိုက် အမျိုးမျိုးသော ကခုန်သီဆိုတီးမှုတ်ခြင်းများဖြင့် လှူဒါန်းဖွယ်ရာများနှင့် ဆွမ်းအိုးများကိုယ်စီရွက်၍ ဘုရားသိမ်တော်အား သုံးခေါက်ပတ်၍ တချို့ရွာများမှ ငါးခေါက်လှည့်ပတ်၍လည်းကောင်း၊ တချို့သောရွာများမှ ခုနှစ်ခေါက်လှည့်ပတ်၍လည်းကောင်း ဘုရားသိမ်တော်အား လှည့်ပတ်ဦးခိုက် ပူဇော်ကန်တော့သိမ်ပတ်ပွဲမှာ ကြည့်၀မဆုံးအောင် အလွန်ကြည်နူးဖွယ်ဖြစ်သည်။

ပွဲတော်နိခြင်းပိုင်းတွင် ကျင်ကိုင်ပွဲနှစ်စဉ်ပါ၀င်သည်။ ကျင်ကိုင်ပွဲတွင် ပထမရသောသူသည် ရွှေမောင်း (ရွှေခွက်)၊ ဒုတိယရရှိသောသူသည် ငွေမောင်း (ငွေခွက်) ရသည်။ ရွှေမောင်းငွေမောင်းဆွဲချိတ်ပြီး အိမ်အပြန်လှလိုသော ကျင်သန်များမှာ တဦးနှင့်တဦးအကြိတ်အနှယ် ဗိုလ်လုရ၏။ ဤပွဲတော်မှာ အထူးစည်ကားသည်။ ထို့ပြင် နိလုံးပေါက်ကျွေးသော စတုဒီသာမဏ္ဏပ်ကြီး၌လည်း နာမည်ကျော်ပြိန်းဟင်းအား တိုးဝှေ့တောင်းယူစားသောက်ရသည်မှာလည်း ပျော်စရာတမျိုးဖြစ်သည်။ ဤသို့ဖြင့် ကံ့ကော်တောရှင်ရုပ်ပွားတော်မြတ်နှစ်ဆူ၏တန်းခိုးမှာ အံ့သြ၍မကုန်နိုင်လောက်အောင် များပြားခြင်းကြောင့် မိဘဘိုးဖီးအစဉ်အဆက်ဆက်ကိုးကွယ်လာကြသည်မှာ ယခုတိုင်ဖြစ်သည်။ ထို့ကြောင့်လည်း ကံ့ကော်တောဘုရားခေါ် ရှိဟောင်းရုပ်ပွားတော်နှစ်ဆူ၏ အံ့ဖွယ်ရာတန်ခိုးသတင်းများအား ရပ်နီးရပ်ဝီးနီကုန်သော ရဟန်းသျှင်လူ သူတော်စင်များအားလုံး သိဟိကုသိုလ်ပွားများနိုင်စီရန် ရွီးသားဖော်ပြလိုက်ပါသည်.။

အသက်အတိုအရှည် တိုင်းတာခြင်းနှင့် လိုရာဆုများဓိဌာန်ခြင်း

ဤကံ့ကော်ရှင်မြတ်နှစ်ဆူတွင် တောင်ဘက်မှ သီတင်းသုံးနီတော်မူသော ရုပ်ပွာတော်ငယ်အား တန်ခိုးပို၍ ထင်ရှားတော်မူသည်ဟု ယုံကြည်မှုဟိသည်။ ထိုသို့ယုံကြည်ခြင်းကြောင့် အသက်တိုင်းတာ အဓိဌာန်ပြုကြရာတွင်လည်း ရုပ်ပွားတော်ငယ်ထံတွင်၌သာ ဆုတောင်းဓိဌာန်ပြုခြင်းကိုတွိရသည်။ မည့်သည့်အချိန်အခါမဆို မိမိရို့အသက်ရှည်ခြင်း တိုခြင်းများနှင့် လိုရာဆုများတောင်းလျှင် အချိန်အနည်းငယ်အတွင်း၌ ထင်ရှားစွာ ပြတော်မူသည်။ အသက်တိုမည် ရှည်မည်သိနိုင်ရန် အသက်တိုင်းတာခြင်းများပြုလုပ်ရန် လုံး၀မသင့်တော်ပေ။ ရှိအယင်က တချို့သောသူငယ်များမှာ ဤကဲ့သို့ အသက်တိုင်းတာခြင်းပြုလုပ်ရာတွင် အသက်တိုမည်သိရသောအခါ စိတ်ဓါတ်ကျ၍ ရက်မကြာသီဆုံးလားတတ်သည်ကို တွိကြုံရ၍ အသက်တိုင်းတာပြုလုပ်ခြင်းကို လူကြီးမိဘများက ဟန့်တားထားပေသည်။

သို့ကြောင့် တခြားသောလိုလားရာဆုများကိုရာတောင်းရန်သာ မှာကြားသည်။ ဓိဌာန်ဆုတောင်းနည်းမှာကား အလွန်လွယ်ကူသည်။ ဝါခြမ်းနှီးပြားစငယ် တခုခုကို တန်းတောင်ဆစ်မှ လက်ခလယ်ထိပ်ဖျားအထိ တိုင်းတာပိုင်းဖြတ်ပြီး ရီဖြင့်စင်ကြယ်စွာ ဆီးကြောရသည်။ ထို့နောက် ရုပ်ပွားတော်ငယ်ရှိတွင် ယုံကြည်သောစိတ်ဖြင့် ငါးပါးသီလခံယူလျှက် လိုရာဆုတောင်း၍ အသျှင်ဘုရား၏တန်ခိုးတော်အား ပြတော်မူပါဘုရားဟု ရှိခိုးကန်တော့ကာ ရုပ်ပွားတော်ငယ်၏ရင်ခွင်ပေါ်တွင်
၀ါးခြမ်းစငယ်အား ကပ်လှူရသည်။ အချိန်အနည်းငယ်ခန့်ကြာသော် ပြန်ယူပြီး မိမိလက်ဖြင့် တိုင်းတာကြည့်ရသည်။ အသက်ရှည်၍ အလိုပြည့်မည်ဆိုလျှင် ထိုဝါးခြမ်းစမှာ သိသိသာသာကြီးရှည်နီခြင်းကို တွိရပြီး၊ အသက်တို၍ အလိုမပြည့်သူများအတွက်မူ နဂိုထက် တိုနီကြောင်း ထင်ထင်ရှားရှားတွိရသည်။ ယခုခေတ်နှင့်လျှော်ညီစွာ ဤကဲ့သို့တိုင်းတာပြုလုပ်ခြင်းများ နည်းပါးလားပြီးဖြစ်သည်။ သို့သော် အကုန်စင်ကား မပျောက်သိမ့်ပေ။ ဤသို့ထူးခြားချက်များမှာ ကံ့ကော်တောဘုရား၏ အံ့သြဖွယ်ရာများပင်ဖြစ်သည်။

သိုက်ဘုရားဟု ထင်မှတ်ခံရခြင်း

ရှိအယင်က ဂုံးချိန်ကျွန်းရွာတွင် အချိန်ကာလမဟုတ်ဘဲလျှက် လီကြီးမိုးကြီးလိုက်ခြင်း၊ လျှပ်စိမ်းမိုးကြိုးပစ်ခြင်းဖြစ်ပေါ်ရာ ရွာသားများစုရုံးပြီး ဒုတ်ဒါးများကိုင်ဆောင်၍ ကံ့ကော်တောဘုရားရှိရာသို့ ပြီးလိုက်ရာ ဘုရားသိမ်တော်အတွင်း၌ သိုက်တူးသမားများ အထည်မရအထုပ်မရ ကြောက်ကြောက်ဖြင့် ထွက်ပြီးကြရသည်။ ထိုသို့သိုက်တူးရန်ကြံစဉ်ခြင်းမှာ ဘုရားငယ်အား သိုက်ဘုရားဟု ထင်မှတ်ခြင်းကြောင့်ဖြစ်သည်။ ဤအကြောင်းများကို နောင်တွင်လုပ်ကြံရာ၌ပါ၀င်သူများက ဖွင့်ပြောပြ၍သိရပေသည်။ ဤသည်မှာလည်း အလွန်အံ့သြဖွယ်ရာဖြစ်ပါတော့သည်။

ဘုရားအနီး အသက်သတ်မှုယှေင်ကြည်ရခြင်း

ကံ့ကော်တော ပေါ်တော်မူဘုရားပွဲတော်တွင် မည်မျှပင် စတုဒီသာကျွေးသော အလှူမဏ္ဍပ်ဟိစီကာမူ ပွဲတော်လာပရိတ်သတ်များပြားလွန်းခြင်းကြောင့် မြို့ရောကျွန်းပါမကျန် အပိုထမင်းဆိုင်များလာရောက် ရောင်းချရသည်။ တချို့မိသားစု၊ ဆွီမျိုးစုများမှာ အိမ်မှပင် စုပေါင်းချက်ပြုတ်ယူလာကြသည်။ တချို့မှာလည်း စုပေါင်း၀ယ်ခြမ်းယူလားပြီး သစ်ရိပ်ကောင်းနီရာများတွင် တပျော်တပါးချက်ပြုတ်စားသောက်ကြသည်။ မည်သို့ပင် ရောင်းချစားသောက်စီကာမူ အမဲကြက်ငှက်အစဟိသော သတ္တဝါများ၏အသက် သတ်ဖြတ်ခြင်းကို ဘုရားအနီး၀န်းကျင်တွင် လုံး၀မပြုလုပ်ဘဲ ယှောင်ကြည်ရသည်။ တခါတရံ မသိ၍သော်လည်းကောင်း၊ မထီမဲ့မြင်ပြု၍ အသက်သတ်ခြင်းကြုံလျှင် ပွဲတော်နိတွင် မိုးကြီးပြင်းစွာရွာခြင်းများဖြစ်ပေါ်တတ်သည်။ ဤသို့ မိုးရွာခြင်းနှင့်ကြုံတွိရလျှင် ဘုရားအနီးအသက်သတ်ခြင်းကြောင့် သွီးဆီးမိုးရွာခြင်းဖြစ်သည်ဟု လူကြီးသူမများက ပြောဆိုတတ်ကြပေသည်။

ပွဲတော်အတွင်း အန္တရာယ်ကင်းဝီးခြင်း

ဘုရားပွဲတော်ကျင်းပပြုလုပ်သော နှစ်ဆန်းတရက်နိနှင့် သင်္ကြန်အတက်နောက်ဆုံးနိ ဘုရားရီသပ္ပါယ်သောအချိန်များတွင်ကား လူထုပရိတ်သတ် အလွန်များပြားလှပေသည်။ ဤကံ့ကော်တောဘုရား ရီသပ္ပါယ်ရာတွင်လည်း အခြားဘုရားများကဲ့သို့ ရောက်လျှင်ရောက်ချင်း ရီသပ္ပါယ်ခြင်း ထုံးစိုင်မဟိပေ။ ရွာပေါင်းများစွာမှ တရွာပြီးတရွာ သီဆိုကခုန်တီးမှုတ်ပြီး အမွှီးနံ့သာရီချမ်းအိုးများ ကိုယ်စီရွက်၍ ဘုရားသိမ်တော်အား မိမိစိတ်ကြိုက် လှည့်ပတ်ပူဇော်ပြီးမှ ရီပ္ပါယ်ခြင်းပြုလုပ်လေ့ဟိသည်။ ဤသို့ ရီသပ္ပါယ်ရာတွင်လည်း စိတ်ဟိသလောက် တဦးလျှင် (၃) အိုး ၊ (၅) အိုး၊ (၉) အိုးထိလည်းကောင်း၊ တချို့ သက်စိအဖြစ်ဖြင့်လည်းကောင်း၊ ဘုရားအနီး နတ်ရီကန်ဟုခေါ်တွင်သော ရီကန်ငယ်မှခပ်ယူပြီး ရီသပ္ပါယ်နီသော ယောက်ျားများအားပီး၍ ရီသပ္ပါယ်ခြင်းပြုလုပ်သည်။ ဤသို့ဖြင့် နိခြင်း (၁) ချက်တီးလောက်မှ ညဇာသား (၅) ချက်တီးကျော် (၆) ချက်တီးရောက်မှ ရီသပ္ပါယ်ခြင်းပြီးစီးသည်။ မိမိရပ်ရွာသို့ နီ၀င်ချိန်မှပင်ပြန်ကြရသည်။ လားရမည့်ခရီးမှာလည်း မနီးလှပေ။ အနီးဆုံးခရီးမှာ (၂) ဖာလုံ (၃) ဖာလုံ (၅) ဖာလုံခန့်ဟိပြီး အဝီးခရီးမှာ မိုင်အင်တန်ဝီးသော ခရီးကို ခြီကျင်လျှောက်ပြန်ရသည်။ ရွှေငွေလက်၀တ်လက်စား မည်မျှပင်၀တ်ဆင်စီကာမူ လုယက်ခြင်းများလုံး၀မဟိ။ အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းလည်းမဟိ။ ပကတိအီးအီးချမ်းချမ်းပွဲတော်ပြီးမြောက်သည်မှာ အလွန်အံ့သြဖွယ်ကောင်းသော ဘုရား၏တန်ခိုးတော်များပင်ဖြစ်သည်။

နိမိတ်တော်ပြခြင်း

တိုင်းပြည်ရေး၊ရပ်ရွာရေးများ ထိခိုက်ပျက်စီးမည့်အကြောင်းများပေါ်ပေါက်မည်ဆိုလျှင် ဤကံ့ကော်တောဘုရား ရုပ်ပွားတော်များမှ ချွေးတော်ကျခြင်း၊ မျက်လုံးတော်နီမြန်းခြင်း၊ မျက်နှာတော်အက်ကွဲကြောင်းထင်ခြင်းစသည့် မကောင်းသော အမင်္ဂလာနိမိတ်များ ပြတော်မူသည်။ ပထမကမ္ဘာစစ်ကြီးအတွင်းနှင့် ထီးကျိုးစည်ပေါက်သောအချိန်များတွင်လည်း အထက်ဖော်ပြပါ အတိတ်နိမိတ်များဖြစ်ပေါ်ကြောင်းကြားဖူးပေသည်။ ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးပြီးချိန်တွင်လည်း ဤကဲ့သို့ နိမိတ်ပြတော်မူ၍ မြို့ရောကျွန်းပါမကျန် အုံးအုံးကျက်ကျက် လားရောက်ကြည့်ရှုသည်ကို တွိမြင်ဖူးပါသည်။ ဤသည်မှာလည်း ထူးဆန်းအံ့သြဖွယ်သော ဖြစ်ရပ်များပေတည်း။

ဥာဏ်တော်ငယ်သော်လည်း ဝါစဉ်တော်ကြီးခြင်း

ဤရှိဟောင်းပေါ်တော်မူ ကံ့ကော်တောဘုရားရုပ်ပွားတော်နှစ်ဆူမှာ ဥာဏ်တော်အကြီးတဆူနှင့် ဥာဏ်တော်အငယ်တဆူဖြစ်သည်။ ရှိအယင် မိဘဘိုးဘောင်များလက်ထက်ကတည်းကပင် ဤရုပ်ပွားတော်နှစ်ဆူတွင် မည်သည့်ရုပ်ပွားတော်က ဥာဏ်တော်ကြီးသည်၊ ငယ်သည်ဟူ၍ အတိအကျမသိပေ။ သတိမမူမိကြခြင်းကြောင့်ဖြစ်သည်။ ယခုကား ထူးခြားချက်ဟိခြင်းကြောင့် သတိပြုမိကြ၍ ဥာဏ်တော်ငယ်သော ရုပ်ပွားတော်ငယ်မှာ ဝါတော်ကြီးကြောင်းသိရပေသည်။ အကြောင်းသော်ကား ကောဇာသက္ကရာဇ် (၁၃၃၃) ခုနှစ်တွင် မှန်စီရွှေချ ဖန်မှန်ပလ္လင်တော်ကြီး ပြုလုပ်ဆက်ကပ်လှူဒါန်းရန်အတွက် ယာယီပလ္လင်ပေါ်သို့ ရုပ်ပွားတော်ကြီးအား ဦးစွာပင့်ယူလာရန် သေချာစွာမှာကြားပြောဆိုသော်လည်း ရုပ်ပွားတော်အငယ်သာလျှင် ယာယီပလ္လင်ပေါ်သို့ ဦးစွာပင့်ယူလာခြင်းကို တွိရသည်။ ယင်းသို့ ပထမအကြိမ် ထူးခြားချက်ကိုတွိရခြင်းကြောင့် နောက်ထပ်ပြုလုပ်ရန်များကို အထူးဂရုစိုက်သတိထား၍ လုပ်ဆောင်ကြသည်။ မုခ်ဆောင် (၂) ခုနှင့် မှန်စီချယ်သော ပလ္လင်တော်မြတ်ကြီးပြုလုပ်ရာတွင် ရန်ကုန်မြို့မှ ပန်းရံကျွမ်းကျင်သောဆရာကြီးများအဖွဲ့နှင့် ကျောက်ဖြူမြို့မှ လက်သမားဆရာကြီးများကိုယ်တိုင်ပါ၀င်၍ ပလ္လင်တော်မုခ်ပေါက်နှစ်ခုအား အနိမ့်အမြင့်တူညီရန် အထူးသတိထားတိုင်းတာ၍လုပ်ကိုင်စီကာမူ တောင်ဘက်ရုပ်ပွားတော်ငယ်၏ပလ္လင်တော်နှင့်မုခ်မှာ မြောက်ဘက်ပလ္လင်တော်ထက် သိသာစွာမြင့်နီကြောင်းတွိရသည်။ အကြိမ်ကြိမ်ချိန်ချတိုင်းတာပြုလုပ်ပါသော်လည်း အနည်းငယ်ခန့်သော်လည်းမြင့်နီ၍ လက်သမားများနှင့် ပန်းရံဆရာကြီးများမှာ လက်လျှော့၍ ဤအတိုင်းပြုလုပ်ရပေတော့သည်။ မှန်ပလ္လင်တော်ကြီးပြီးစီးသည့်အခါတွင်လည်း ရုပ်ပွားတော်ကြီးအား ပလ္လင်ပေါ်သို့ ဦးစွာပင့်ခိုင်းပြန်ရာ ပင့်ယူသူကလည်း ရုပ်ပွားတော်ကြီးကိုပင့်ယူသည်ဟုထင်သော်လည်း ရုပ်ပွားတော်ငယ်သာလျှင် မှန်ပလ္လင်အသစ်ကြီးအထက် ဦးစွာကြွရောက်တော်မူခြင်းကို တွိရပြန်သည်။ ဤသည်များကြောင့့် ကံ့ကော်တောရုပ်ပွားတော် (၂) ဆူတွင် အငယ်ရုပ်ပွားတော်သည် အမှန်ပင် ဝါတော်ကြီးမည်ဖြစ်ကြောင်းသိရသည်။ ဤအရာများမှာကား အလွန်ထူးဆန်းအံ့သြဖွယ်ရာများဖြစ်သည်။

နာမည်ကျော်ပြိန်းဟင်းအကြောင်း

ပြိန်းဟင်းများသည် ယားယံတတ်သော ဟင်းမျိုးဖြစ်၍ လူတိုင်းမစားဝံ့။ အလွန်ကောင်းသော ပြိန်းယဉ်မျိုးပင်လျှင် တခါတရံသွီးနှင့်မတည့်လျှင် ယားယံတတ်သည်။ ထို့ကြောင့် ပြိန်းဟင်းကို လူကြောက်ဟင်းဟုခေါ်သည်။ သို့သော် ဤကံ့ကော်တော်ဘုရားပွဲတော်တွင် ချက်ကျွေးသော ပြိန်းဟင်းမှာကား လုံး၀ယားယံခြင်းမဟိ။ ဤသည်မှာ ကံ့ကော်တောဘုရား၏ ထင်ရှားသောအံ့ဖွယ်တည်း။ ဤဘုရားပွဲတော်တွင် ရှိအစဉ်အလာ ပြိန်းဟင်းမှလွဲ၍ မည်သည့်ဟင်းနှင့်မျှ ပြောင်း၍မကျွေး။ ဤဟင်းသည်သာ ပွဲတော်လက်စွဲဟင်းဖြစ်သည်။ ထောင်ပေါင်းများစွာသော ပွဲတော်လာပရိတ်သတ်များအတွက် ပြိန်းမျိုးကောင်း ပြိန်းယဉ်ဟင်းပင်များကို ပဇာအရပ်တွင် ရနိုင်ပါမည်နည်း။ ယင်းကြောင့် ပွဲတော်မလုပ်မှီ တပါတ်ခန့်ကြိုတင်၍ အရပ်တကာပေါက်သော ပြိန်းများအား လားရောက်ရှာဖွေကြရသည်။

ရှိအယင်က ဘုရားအနီးတွင် ပိန်းတောကြီးများဟိ၍ တခြားသို့ တကူးတကရှာဖွေရန်မလို။ ထိုသို့ အရပ်ရပ်မှရှာဖွေ၍ရသော ပြိန်းပင်များအားပိုင်းဖြတ်ပြီး ဒယ်အိုးကြီးများဖြင့် ဖိသိပ်ချက်ပြုတ်ထားသည်မှာ စားဝံ့စရာမဟိ။ သို့သော် ပြိန်းအိုးကျက်သည်နှင့် တအိုးပြီးတအိုးကုန်ကျလား၍ စောင့်ဆိုင်းနီရသည်။ ဤသည်တို့ကြောင့် ကံ့ကော်တောဘုရားဖူးဇောင်လားခြင်းကို ပြိန်ဟင်းစားရန်လားသည်ဟု တင်စားပြောဆိုသည်။ ကံ့ကော်တောဘုရား၏တန်ခိုးတော်ကား ထင်ရှားပေ၏တကား။

အံ့သြဖွယ်ရီကန်ငယ်

ဘုရားပွဲတော်များ ပြုလုပ်ကျင်းပရာတွင် ရီသည်အလွန်ကြီးသည်။ ရီမဟိသောအရပ်တွင်လည်းကောင်း၊ ရီနှင့်ဝီးလွန်းသောနီရာတွင်လည်းကောင်း ပွဲတော်လုပ်ရန် အလွန်ခက်ခဲသည်။ ယခုကံ့ကော်တောဘုရားရှိရာ ဂုံးချိန်ရွာနှင့် (၂) ဖာလုံ (၃) ဖာလုံခန့်ဝီးလေသည်။ အယင်ခါက ထိုရွာတွင်လည်း ရီတွင်းရီကန်များ မဟိသလောက်နည်းလှပေသည်။ မိမိအိမ်သုံးလက်ယက်သဲတွင်းငယ်များကိုသာ အသုံးပြုလေ့ဟိသည်။ နွီရာသီတန်းခူးလဆိုလျှင် ရီယှားချိန်ဖြစ်သည်။ ထို့ကြောင့် ကံ့ကော်တောဘုရားပွဲတော်တွင်လည်း ရီဒုက္ခဖြစ်မည်ထင်ရသော်လည်း ဘုရားတန်ခိုးတော်ကြောင့် ရီဒုက္ခကင်းသည်။ အကြောင်းသော်ကား သိမ်တော်အနီးမှ (၄) ပေခန့် အနက်ဟိသော ရီကန်ငယ်မှ အချိန်မရွီးခပ်ယူနိုင်ခြင်းကြောင့်ဖြစ်သည်။

ထိုရီကန်ငယ်အား လူတိုင်းက နတ်ရီကန်ဟုခေါ်သည်။ ၄င်းရီကန်ငယ်မှာ တခြားသောရီတွင်းရီကန်များကဲ့သို့ လူသူအများခပ်ယူနိုင်ခြင်းမဟိ။ တဦးတယောက်တည်းသာ ၀င်ရောက်ခပ်ယူနိုင်သော အလွန်ထူးဆန်းစွာပြုလုပ်ထားသော ရီကန်ငယ်မျိုးဖြစ်သည်။ ရီကန်ငယ်၏ပုံသဏ္ဏန်မှာလည်း လေးထောင့်ကျကျဆီထည့်သောကန်တော့ပုံကဲ့သို့ အထက်ကျယ် အောက်ကျိုင်းပြီး ရီအိုးတလုံးသာသာကန်ရုံ ဆန်းကြယ်စွာပြုလုပ်ထားသည်။ အတွင်းသို့ဆင်းနိုင်ရန် တန်းခါးငယ်နှစ်ပေါက်ဟိသည်။ ကန်တွင်းပတ်ပတ်လည် အုတ်ဟောင်းများကို လှီကားထစ်သဖွယ် ရီခပ်ဆင်းနိုင်ရန် ပြုလုပ်ထားသည်။ မည်မျှပင်ခပ်ယူစီကာမူ ကုန်ခမ်းခြင်း၊ နောက်ကျိခြင်းမဟိ။ ဤရီကန်ငယ်မှရီဖြင့် တပွဲလုံးလုံလောက်သည်။ မိန်းမများ ရီမခပ်ရ။ ယခုနောက်ထပ် လူအများခပ်ယူနိုင်သော ရီတွင်းကြီးနှစ်တွင်းနှင့် သံပိုက်လုံးတင် ရီလှောင်ကန်ကြီးများပါ ပြုလုပ်လှူဒါန်းထားကြပေသည်။

ကံ့ကော်တောဟုခေါ်တွင်ခြင်းနှင့် ကံ့ကော်ပင်များဦးခိုက်ခြင်း

ရှိအယင်က ဤနီရာတဝိုက် ကံ့ကော်ပင်များမှလွဲ၍ တခြားမည့်သည့်အပင်မျှမပေါက်။ ရာပေါင်းများစွာသော ကံ့ကော်ပင်များပေါက်ရောက်ပြီး အလွန်မွှီးကြိုင်သာယာသော တောအုပ်ဖြစ်ခြင်းကြောင့် ကံ့ကော်တောဟု ရှိအယင်ခါကပင် ခေါ်ဝေါ်သမုတ်ခြင်းဖြစ်သည်။

ဤပေါ်တော်မူဘုရားရုပ်ပွားတော်များအား သိမ်တော်ဆောက်၍ ကိုးကွယ်ကြသည့် အချိန်မှစ၍ ဟိသမျှသောကံ့ကော်ပင်များအားလုံးမှာ ဘုရားသိမ်တော်ဘက်သို့ ထူးဆန်းစွာ ကိုင်းညွတ်ဦးခိုက်ကြောင်းကြားဖူးသည်။ ယခုအခါ လီပြင်းမုန်တိုင်းဒါဏ် အကြိမ်ကြိမ်ခံရခြင်းအားဖြင့်လည်းကောင်း၊ ထို့ပြင် ထင်းခြွီသော တောခွတ်သမားများ၏ လက်ချက်ကြောင့် အပင်အနည်းငယ်ခန့်ကျန်ပြီးဖြစ်သည်။ ယခုကျန်ဟိနီသော ကံ့ကော်ပင် (၇) ပင်မှာလည်း သိမ်တော်ဘက်သို့ ကိုင်ညွတ်လျှက်ဟိသည်။




























Comments