Featured
- Get link
- X
- Other Apps
အာရီယန်အရေးအသား ဗြဟ္မီအက္ခရာ
အာရီယန်အရေးအသား ဗြဟ္မီအက္ခရာ
အိန္ဒိယတိုက်၏ ရှေးအကျဆုံးသော အရေးသားမှာ အိန္ဒုမြစ်ဝှမ်း ဟာရပ္ပါမြို့ဟောင်းအနံ့အပြားဒေသတို့တွင်ကျောက်တုံး သို့မဟုတ် ကြေးပြားတို့တွင် တံဆိပ်တုံးကလေးများပေါ်မှ အရုပ်စာဖြစ်သည် အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုသည် ဘီစီ ၃၀၀၀ မှ ဘီစီ ၁၇၀၀ ထိ ထွန်းကားခဲ့သည်၊
ဘီစီ ၃၀၀၀ မှ ဘီစီ ၃၀၀ အတွင်း မည်သည့်အရေးအသားကိုမျှမတွေ့ရသော်လည်း ဗြာဟ္မဏစာပေ ဝေဒကျမ်းဝါသိဌဓမ္မသုတ္တ၏စာပေမှတ်တမ်းများကို တွေ့ရှိရသလို ဘီစီ ၄၀၀ ခန့်တွင်ပေါ်ပေါက်ခဲ့သော ပါဏိနိသဒ္ဒါကျမ်းတွင် စာရေးဆရာများဟူသော သမာသ်ပုဒ်များကိုတွေ့ရှိရသည် ဗုဒ္ဓခေတ်တွင် အက္ခရိကဟူသော ကစားနည်းတစ်မျိုးကိုတွေ့ရှိရသည် ကောင်းကင်၌သော်လည်းကောင်း မိမိနောက်ကျော၌သော်လည်းကောင်း တစ်ဦးတစ်ယောက်၏ ရေးသားသော အက္ခရာများကိုဖြေဆိုရသော ကစားနည်းဖြစ်သည်ထို့ကြောင့် ပညာရှင်များမှ ဘီစီ ၇၀၀ လောက်တွင် ပေါ်ပေါက်ခဲ့သည်ဟု ယူဆခဲ့ကြသည်၊
ဘီစီ ၅၀၀ ထက် မစောနိုင် ဘီစီ ၅၀၀ /ဘီစီ ၄၀၀ တို့တွင် ကျောက်ထက်အက္ခာရာတင်၍မရှိ အချိန်ကာလအတိအကျသတ်မှတ်နိုင်သော အစောဆုံး အရေးသားကို ဘီစီ ၃ ရာစု တွင်ရေးထိုးသော အာသောက ကျောက်စာများတွင်သာတွေ့ရှိရသည်၊
ဘီစီ ၃ ရာစု တွင် အသောကကျောက်စာ အရေးအသားများကို ကျောက်တုံး ကျောက်တိုင် ကျောက်ဂူများတွင် ဗြဟ္မီ နှင့် ခရောသျှဋ္ဌိ တို့
အရေးအသားများအပြင် အရမိ နှင့် ဂရိ အရေးအသားများဖြင့်လည်းတွေ့ရှိရသည်၊
ခရေသျှဋ္ဌိ
ခရေသျှဋ္ဌိ အရေးသားသည်ဗြဟ္မီအသုံးပြုသာ ဗျည်းများနှင့်သရများကိုသုံးသော်လည်း စာလုံးများကိုညာဘက်မှဘယ်ဘက်သို့ရေးသည်ဖြစ်၍ အာရေဗျပြည်မှ ဆီးမိုက်လူမျိုးတို့၏ ဆီမက်တစ်စာများမှဆင်းသက်သည်ဟုယုံကြည်ကြသည် ဘီစီ ၃ ရာစု မှ အေဒီ ၃ / ၄ ရာစုထိ အိန္ဒိယ၏ အနောက်မြောက်ဘက်တွင်သာအသုံးပြုခဲ့သည်၊
ဗြဟ္မီအက္ခရာ
ဗြဟ္မာကြီးတစ်ဦးမှ သက္ကဋ ဘာသာရေးသားရန် တီထွင်ခဲ့သည်ဟုယုံကြည်ကြသောကြောင့် ဗြဟ္မီဟု အမည်ပေးခဲ့သည်ဟု ယူဆရသည်၊
ဗြဟ္မီ အရေးသားသည် အီဂျစ် မက်ဆိုပိုတေမီယား တရုတ်အရေးသားများ ကဲ့သို့ အရုပ်စာမှဆင့်ကဲပေါက်ဖွားလာသည်ဟု ယုံကြည်ကြသည် ဗြဟ္မီအက္ခရာသည် အိန္ဒုမြစ်ဝှမ်း အရုပ်စာကို အခြေခံသည်ဟု ခန့်မှန်းကြသည်၊
ခရေသျှဋ္ဌိအရေးသားသည်စာလုံးများကိုညာဘက်မှဘယ်ဘက်သို့ရေးပြီး ဗြဟ္မီအရေးအသားသည် စာလုံးများကို ဘယ်ဘက်မှညာဘက်သို့ရေးသော အရေးအသားဖြစ်သည်၊
ဦးစံသာအောင် ဒေါက်တာသန်းထွန်း နှင့် ပညာရှင်အများက ဗြဟ္မီအက္ခရာ မူရင်းအတိုင်းကို ၃ ရာစု ဘီစီမှ ၂ ရာစု အေဒီအထိ သုံးစွဲခဲ့ကြကြောင်း အတိအကျ ရေးသားခဲ့ကြသည်၊
ဗုဒ္ဓစာပေအရေးအသားနှင့်ပတ်သတ်၍ ဗြဟ္မီ္မီအက္ခရာကို ခိုင်လုံသော အထောက်အထားများအဖြစ် သီဟိုဠ်တွင် ဝဋဂါမဏိမင်းလက်ထက် စတုတ္ထသင်္ဂါယနာတွင် ပေထက်အက္ခရာတင်သော တိပိဋကတော်တွင် ပိုမိုကျယ်ပြန့်စွာတွေ့ရှိရကြောင်း ဒေါက်တာဇော်ထွန်းမှရေးသားပါသည်၊
ဓညဝတီ ရဲ့ ဗြဟ္မီအက္ခရာက အေဒီအစပိုင်းဖြစ်ကြောင်း ပိုထင်ရှားပါတယ် ကမ္ဘာသုတေသီများဖြစ်ကြတဲ့ Christmas Humphreys / V.A smith နှင့် ဦးစံသာအောင် အစရှိသော မြန်မာပညာရှင်များလည်း ဆင်းတုတော်ပြုလုပ်ကိုးကွယ်မှုသည် အေဒီ ၁ ရာစုအကုန်တွင်မှ အိန္ဒိယနိုင်ငံမှ အစပြုခဲ့ကြောင်း ထို့ကြောင့် ရခိုင်မှ ဆင်းတုတော် ဗိုက်ပူဘုရားကျောက်စာ ပါဠိဘာသာပါ သစ္စကပုရဗိဧကဇိန ဗြဟ္မီအက္ခရာ သည် အေဒီ ၂ ရာစုတွင်းဖြစ်ကြောင်းအခိုင်အမာယုံကြည်ခဲ့ကြသည်၊
အာသောကခေတ် ဗြဟ္မီအက္ခရာဖြင့် ရေးထိုးခဲ့သောစာများမှာ ပါဠိ ဘာသာမဟုတ်ပဲ မဂဓိဘာသာဖြင့်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း
ဗုဒ္ဓစာပေသမိုင်းတွင် ထေရဝါဒဂိုဏ်းသည် ပါဠိစာပေကိုစတင်သုံးစွဲသည်မှာ သီဟိုဠ်ကျွန်းတွင် စတုတ္ထသင်္ဂါယနာတင်သည့် အေဒီ ၇၈ နောက်ပိုင်း အေဒီ ၁ ရာစုတွင်အစောဆုံးအသုံးပြုခဲ့သည်ကို (ပါမောက္ခ ဒေါ်အုန်း ၏ ပါဠိစာပေသမိုင်း / ရှင်ဇာဂရာဘိဝံသ ၏ အိန္ဒိယစာပေသမိုင်း (ဗုဒ္ဓစာပေကဏ္ဍ)တွင် ပါဠိ နှင့် မဂဓိ မတူညီကြောင်း အကျယ်ကို ရှုပါ၊
မာဂဓီ နှင့် ပါဠိ
ဗုဒ္ဓ ဟော်ကြားတော်မူခဲ့သောတရားတော်များကို စုစည်းထားသည့် ပိဋကတ်တော်များကို ပါဠိတော်ဟူ၍ အထွဋ်အမြတ်ထားပါသည် ဗုဒ္ဓ တရားဟောကြားတော်မူခဲ့သည့်ဘာသာစကားကို မာဂဓိ သို့မဟုတ် ပါဠိဘာသာစကားဖြစ်သည်ဟုဆိုကြသည် ဗုဒ္ဓ လက်ထက်တော်အချိန်က မဂဓတိုင်း ကောသလတိုင်းတို့တွင်ပြောဆိုကြသော ဘာသာစကားကိုမဂဓီဘာသာဟုခေါ်သည်၊
ဗုဒ္ဓဘာသာသုံး မဂဓီဘာသာကို ဂျိန်းဘာသာပိဋကတ်တော်များရေးထားသည့် အဒ္ဓ မဂဓီဘာသာနှင့်ခွဲခြားနိုင်ရန် သုဒ္ဓ မဂဓီဟုရေးသားကြသည်လည်းသိရသည် ပါဠိအဘိဓါန်တွင် ပါဠိ အနက်အဓိပ္ပါယ်ကို ဗုဒ္ဓ၏စကားစဉ်ကို စုစည်းထားသောကြောင်း ပါဠိ ဟုခေါ်ဆိုကြောင်းဖွင့်ဆိုပါသည် ထေရဝါဒအစဉ်လာရ ပါဠိ ကို မာဂဓနိရုတ္တိဘာသာဟုခေါ်သည်၊
ပညာရှင်အချို့က မာဂဓီ နှင့် ပါဠိ တူညီသည်ဆိုသည်ကို ဗုဒ္ဓ စာပေ သုတေသီတို့က မတူညီကြောင်းပြဆိုထားသည်ကိုတွေ့ရှိရပါသည်
Wedtergaard နှင့် E Kuhn တို့က ပါဠိဘာသာကို ဥဇ္ဇေနီပြည်သုံးဘာသာစကားဖြစ်သည်ဟုဆိုပါသည် အဘယ်ကြောင့်ဆိုသော ပါဠိဘာသာသည် Gujrat ရှိအသောကကျောက်စာများတွင်အသုံးပြုထားသည့်ဘာသာစကားနှင့်အနီးစပ်ဆုံးတူညီသည်ဟုဆိုပါသည်၊ Welhelm Geiger ကပါဠိသည် မာဂဓီပွားဖြစ်သည်ဟုဆိုပါသည်၊ E. Windisch က မာဂဓီဘာသာသည် ပါဠိ၏အခြေခံအုတ်မြစ်ဖြစ်သည်ဟုအခိုင်မာဆိုပါသည်၊
ပါဠိဘာသာသည် အိန္ဒိယနိုင်ငံမှမူလအခြေပြု၍ ပြန့်ပွားခဲ့သောဘာသာစကားဖြစ်ပြီး သီဟိုဠ် တွင် ဘီစီ ၆၀ တွင် အသေချာပြုစုပြီး ပေထက်အက္ခရာ တင်ပြီးမှသာလျှင် ထင်ရှားကျော်ကြားခဲ့၏ ပါဠိ သည် သီဟိုဠ်တွင် စတင်ကျယ်ပြန့်ခဲ့မှုကြောင့် ပါဠိဘာသာသည် မဂဓီဘာသာမှခွဲထွက်ကာ ပါဠိ၏မူလဘူတသည် သီဟိုဠ် ဖြစ်သည်ဟု ပညာရှင်အချို့ကဆို၏ သီဟိုဠ် သို့ဗုဒ္ဓသာသနာဖြန့်ချီခဲ့သော ရှင်မဟိန္ဒထေရ် ပြောကြားသောဘာသာစကားမှာ ဥဇ္ဇောနီပြည်သုံးဘာသာစကားဖြစ်သည် သီဟိုဠ် ဘာသာစကားသည် ပါဠိ နှင့်နီးစပ်သည်အမှန်ဖြစ်၏ ဥဇ္ဇောနီတိုင်းဖွား ရှင်မဟိန္ဒထေရ်၏ဖြန့်ချီမှု့ကြောင်း သီဟိုဠ် တွင်လွမ်းမိုးခဲ့သည်ဟု Winterniz နှင့် Geiger တို့ကသုံးသပ်၏၊
ပါမောက္ခ ဒေါက်တာဒေါ်အုန်းမှ အိန္ဒိယ အရှေ့ပိုင်းတွင်တွေ့ရသော ကျောက်စာများ မာဂဓီပိုဒ်များပါဝင်သော နှောင်းခေတ်သက္ကတစာပေများအရ ပါဠိ နှင့် မဂဓီ ကွဲလွဲကြောင်း ဥပမာ_ကတ္တုကာရက ဧကဝုစ်ကိန်းပုလ္လိင်နာမ်များအတွက် မာဂဓီတွင် ဧ နှင့်ဆုံး၍ ပါဠိ တွင် သြ သို့မဟုတ် အံ တို့ဖြင့်ဆုံး၏ မာဂဓီ ပုတ္တေ မှာ ပါဠိ ပုတ္တော ဖြစ်၍ မာဂဓီ သုခေ မှာ ပါဠိ သုခံ ဖြစ်သည ၎င်းအပြင် ဤဘာသာနှစ်ရပ်လုံးပင်သက္ကဋမှဆင်းသက်လာခြင်းဖြစ်ပြီး သက္ကဋ သ သုံးမျိုးကို ပါဠိတွင် ဒန္တဧ သွားသံ သ တစ်လုံးတည်းဖြင့်ဆုံးပြီး မာဂဓီတွင်မူ သမှာမုဒ္ဓဇအာခေါင်ဦးသံတစ်ခုတည်းဖြစ်သည်ဟုသက်သေပြထားချက်များအရမာဂဓီနှင့်ပါဠိကွဲလွဲမှုရှိကြောင်းတွေ့ရှိရသည်၊
ဗြဟ္မီပွားအက္ခရာများ
ကုသျှန အရေးသား (အေဒီ ၃ ရာစု)
ကူရှန်များဝင်ရောက်တိုက်ခိုက်သဖြင့် မောရိယအင်ပါယာပြိုကွဲပြီး အေဒီ ၃ ရာစုထိ ကူရှန်မင်းများစိုးစံခဲ့သည် ယင်းတို့၏ အကျော်ကြားဆုံးမင်းမှာ ကနိသကမင်းဖြစ်သည် ကူရှန်မင်းများလက်ထက်တွင် ဗြဟ္မီအက္ခရာကို အဆင့်တဆင့်ပြောင်းလှဲလာခဲ့သည် ယင်းအချိန်ကာလကို တိကျစွာသတ်မှတ်နိုင်သောကြောင့် ဗြဟ္မီပွားအက္ခရာကို ကူရှန်း သို့မဟုတ် ကုသျှန အရေးသားဟုခေါ်ကြသည်၊
ဂုပ္တအရေးသား
အေဒီ ၄ ရာစုတွင် ဂုပ္တမင်းဆက်တို့ နယ်ချဲ့ပြီး အင်ပါယာ ထူထောင်လာခဲ့သည် အေဒီ ၆ ရာစုတွင် ဂုပ္တမင်းဆက်တို့ အင်ပါယာပြိုကွဲခဲ့သည် ယင်းခေတ်တွင်ရေးသားသောအရေးသားမှာ ကုသျှန အရေးသားမှ ပြောင်းလဲလာသောအရေးသားဖြစ်သည် ဂုပ္တအရေးသား ဟုခေါ်ကြသည်၊
အေဒီ ၈ ရာစုတွင် ဒေသအလိုက် ကွဲပြားသော အက္ခရာများအဖြစ် ပြောင်းလဲလာခဲ့ပါသည်၊
ယသောဒမန်အရေးသား
ဟာဿအရေးသား
ပါလအရေးသား
သေနအရေးသား
ပလ္လံဝအရေးသား
ကာဒံဗအရေးသား... စသည်တို့ဖြစ်သည်၊
ဗြဟ္မီအက္ခရာမူရင်းကို ဗုဒ္ဓ အသောကခေတ်ဟု မှတ်မယူသင့်ပါ အေဒီ ၂ ရာစုအထိအသုံးပြုကြောင်းတွေ့ရပါသည်။
ပြည်ထူးစံ
ကိုးကား_
ဦးစံသာအောင်_အေဒီ ၆ ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံးအက္ခရာ
ဒေါက်တာဇော်ထွန်း_အာရိယန်အရေးအသား အနုပညာ
ဒေါက်တာသန်းထွန်း_မြန်မာရာဇဝင်စစ်တမ်း/စာရေးနည်းပညာ စာမျက်နှာ ၁၀၀
ဒေါ်အုံး_ပါဠိစာပေသမိုင်း
ရှင်ဇာဂရာဘိဝံသ(ပြန်)_အိန္ဒိယစာပေသမိုင်း (ဗုဒ္ဓစာပေကဏ္ဍ)
ပြည်ထူးစံ
မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။