Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင် ဗုဒ္ဓဘာသာသာသနာ နှင့် မဟာမုနိဆင်းတု


ရခိုင် ဗုဒ္ဓဘာသာသာသနာ နှင့် မဟာမုနိဆင်းတု

~~~~~~~~~~~~~~~~~~~~~~~~

ရခိုင်ရာဇဝင်အစောင်စောင်တို့က ရခိုင်လူမျိုးများသည် တတိယဓညဝတီခေတ် စန္ဒသူရိယမင်းလက်ထက် ဘီစီ ၅၈၈ ခု မဇ္ဈိမအိန္ဒိယဒေသ၌ ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မှုပြီး ဝါတော် ၂၀ လွန်ပြီးကာလ ဘီစီ ၅၆၈ ခုတွင် ကြွရောက်တော်မှု၍ ဓမ္မတရားတော်များကို ဟောကြားတော်မူပြီးသကာလမှစ၍ ရခိုင်လူမျိုးတို့သည် ဗုဒ္ဓဘာသာဝင် အရိယာအနွယ်ဝင်သူတော်ကောင်းများအဖြစ်ခံယူကြလေသည် ဗုဒ္ဓရှင်မြတ်ကြွရောက်ခဲ့ကြောင်း ဗုဒ္ဓ၏ရင်ငွေ့တော် ၇ ဆုပ်ဖြင့်သွန်းလောင်းကာ မဟာမုနိဆင်းတုတော်ကိုကိုးကွယ်ယုံကြည်ကြပါသည်၊

သို့သော်လည်း သုတေသနပညာရှင်အချို့က ဗုဒ္ဓ သည် မဇ္စိုမဒေသအပြင်ဘက်ကိုမကြွခဲ့ ဆင်းတုထုလုပ်ကိုးကွယ်မှုသည် အေဒီ ၇၆ ခုနှစ်တွင်မှ အိန္ဒိယတွင်စတင်ခဲ့ကြောင်း မဟာမုနိဆင်းတုတော်သည် အာနန္ဒစန္ဒြ ကျောက်စာပါ ဘီစီ ၆၃၈ မှ အေဒီ ၃၇၀ ထိ ဓညဝတီခေတ်မင်းများထဲမှ အေဒီ ၁၄၆ ခု စန္ဒြာဒယမင်း (သူတော်စင်ဟုသမုဒ်ထိုက်သော ဝိသေသနအကြောင်းပြု၍) သွန်းလုပ်သောဆင်းတုတော်ဖြစ်နိုင်ကြောင်းသုံးသပ်ကြပါသည် ဒေါက်တာသန်းထွန်း အပါဝင်ပညာရှင်အချို့က ...

အလံ ဝက္ကလိ ၊ ကိံတေဣမိနာ ပုတိကာယေန ဒိဋ္ဌေန ၊ ယောခေါ ဝက္ကလိ ၊ ဓမ္မံပဿတိ ၊ ယောမံဿတိ ၊ သောဓမ္မံပဿတိ ။

ဓမ္မံဟိ ဝက္ကလိပဿန္တောမံပဿတိ ။ မံပဿန္တော ဓမံပဿတိ ။

အို ဝက္ကလိ၊ဤသို့မအောက်မေ့လင့်၊ဖူးမြင်အပ်သော ဤအပုပ်ကောင်ဖြစ်သော ကိုယ်ဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း။ အို ဝက္ကလိ၊ အကြင်သူသည် တရားကိုမြင်၏။ ထိုသူသည် ငါဘုရားကိုမြင်၏။ အကြင်သူသည် ငါဘုရားကိုမြင်၏။ ထိုသူသည် တရားကိုမြင်၏။ အို ဝက္ကလိ စင်စစ် တရားကိုမြင်သောသူသည် ငါဘုရားကိုမြင်၏။ ငါဘုရားကိုမြင်သောသူသည် တရားကိုမြင်၏။

ဤတရားတော်ကြောင့် ဗုဒ္ဓရှင်မြတ်သည် ဆင်းတုရုပ်ပွားတော် ကိုးကွယ်မှုကိုခွင့်မပြုခဲ့ဟုကိုးကားကြပါသည်၊

ဗုဒ္ဓရှင်မြတ်ကြွရောက်ခဲ့ကြောင်း ရခိုင်လူမျိုးတို့သည် အေဒီ ၁ ရာစု ခန့်ကတည်းက ရေးသားခဲ့ကြသည် သီဟိုဠ် တွင် အေဒီ ၆ ရာစု ခန့်တွင် ဗုဒ္ဓရှင်မြတ်ကြွရောက်ခဲ့ကြောင်းရေး၏ အေဒီ ၁၆ ရာစုနောက်ပိုင်းတွင် ယခု ဗုဒ္ဓဘာသာဝင် လူမျိုး / နိုင်ငံအချို့က ရေးကြသည်၊ ရခိုင်တွင် ဗုဒ္ဓဘုရားရှင်ကြွရောက်၍ စန္ဒသူရိယမင်း မှ ဖူးမျော် တရားနာ၍ ဗုဒ္ဓရှင်တော်မြတ်မှ တရားဟောတော်မူဟန် အေဒီ ၅ ရာစု ကာလမှာပင် ဗုဒ္ဓရှင်မြတ်ကြွရောက်ခဲ့ကြောင်းယုံကြည်ထုလုပ်ကိုးကွယ်နေသည်ကိုပင်တွေ့ရှိရပါသည်၊

ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မဇ္စိုမပြင်ဘက်မကြွခဲ့ဟူသည့်အဆိုတွက် ရခိုင်ဒေသသည် မိဇ္စိုမဒေသမှ တိုင်းတစ်တိုင်းဖြစ်ပါသည် မဟိံသကမဏ္ဍလတိုင်းအမည်ရှိပါသည် မဟိံသကမဏ္ဍလတိုင်းသည် မဟိံသက၊ အန္ဓကဝိဒ၊ သြဂိုယာန၊ ဘင်္ဂလား၊ စစ်တကောင်း၊ ဖလောင်းချိတ်၊ ပန်းဝါ၊ ရခိုင်ပြည်အဝန်းကို မဟိံသကမဏ္ဍလတိုင်းဟုဆိုကြောင်းရေးသားချက်များအမြောက်အများတွေ့ရပါသည် မြန်မာဘုရင် မင်းတုန်းမင်းလက်ထက်တွင်လည်း အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းရာ/မဟာမုနိဘုရားကြီး ထီးတော်လှဲသည့်မော်ကွန်းတွင်လည်း ဓညဝတီကို မဟိံသကတိုင်းဟုတွေ့ရပါသည်၊

ဗုဒ္ဓရှင်တော်မြတ်သက်ရှိထင်ရှားရှိစဉ်က ဆင်းတုတော်ထုလုပ်ခဲ့ကြောင်း ပဏ္ဏာသဇတ်တော်တွင်တွေ့ရပါသည် ထိုဇတ်တော်သည် သင်္ဂါယာနာတင်ကျမ်းမျိုးတွင်မပါဝင်/ သဘောယုတိမတန်ချင့်မိ၍ဆိုပြီး ပညာရှင်တို့ ဥပက္ခာပြုကြပါသည်၊ သို့သော် ထိုကျမ်းလာ ကောသလာမင်းကြီး ဘုရားရှင်ကို စန္ဒကူးရုပ်ပွားတော်ထုလုပ်ကိုးကွယ်ခြင်းသည် အေဒီ ၅ ရာစုတွင် တရုတ်ရဟန်းတော် အရှင်ဖာဟီယန် အိန္ဒိယ သီဟိုဠ် ဘုရားဖူးကြွခဲ့ချိန်က သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်သည် မီးသင့်လောင်၍ ဆင်းတုတော်မှာ မီးထဲတွင်မပျက်စီးခဲ့၍ ကျောင်းတော်အသစ်ပြန်လည်ဆောက်လုပ်ပြီး ကောသလမင်း ထုလုပ်ကိုးကွယ်တဲ့ စန္ဒကူးရုပ်ပွားတော်ကို ဖာဟီယန်ကိုယ်တိုင်ထိုကျောင်းသစ်သို့ရောက်၍ဖူးမျော်မှတ်တမ်းကို အေဒီ ၅ ရာစုကရေးသားခဲ့ပါသည်၊ ဗုဒ္ဓဘုရားရှင် လက်ထက်တော်အချိန်က ဘုရားရှင်သည် အမျိုးသမီးတွေ သာသနာဘောင်ဝင်ခွင့်ကိုတင်းတင်းကျပ်ကျပ်တားမြစ်သော်လည်း ရှင်အာနန္ဒာ၏ လျှောက်ထားမှုကြောင့် ဘိက္ခူနီ သာသာနာခွင့်ပြုခဲ့ရလေသည်၊

ရခိုင်ပြည်တွင် အေဒီ ၅ ရာစု ရှေးပိုင်းတွင် မဟာမုနိဆင်းတုတော်မှအပ တခြား ဗုဒ္ဓဆင်းတုတော်မတွေ့ရှိရခြင်းသည် မဟာမုနိကိုမဏ္ဍိုင်ပြု၍ သာသနာပြန့်ပွားသောကြောင်း ဆင်းတုတော်ကို တုပ၍ထုလုပ်ခဲ့မှု မရှိခဲ့ခြင်းဖြစ်ကြောင်း ပညာရှင်များသုံးသပ်သလို အိန္ဒိယတွင်လည်း အေဒီ ၁ ရာစုရှေးပိုင်းတွင် စန္ဒကူးရုပ်ပွားတော်ကို တုပ၍ထုလုပ်မှုမရှိခဲ့ခြင်းဖြစ်မည်ဟုသုံးသပ်မိပါသည် ခေတ်ဦးပိုင်းရုပ်ပွားတော်များထုလုပ်ကိုးကွယ်သည့်အချိန်တွင်လည်း ထေရဝါဒဘာသာဝင်များသည် ဝါဒအတိုင်း ရုပ်ပွားဆင်းတုတော်များကို ကွဲပြားမှုနည်းအောင်ထုလုပ်ကြသည်ကိုတွေ့ရှိရတယ် ဆင်းတုတော်သွန်းလုပ်မှုအတတ်ပညာကို ဂရိ မှရရှိသည်ဟူသောအဆိုကို အိန္ဒိယ ရှေးသု တွေက အိန္ဒိယတွင်လက်မှုပညာအတတ်သည် ရောက်ရှိလာသောပညာမဟုတ်ပဲ သူတို့ထက်ပင်စောသောအထောက်ထားများတွေ့ရှိထားရကြောင်းငြင်းဆိုပါသည် အိန္ဒိယကျွန်းဆွယ်သည် ခေါမဥရောပနိုင်ငံများထက် Bronze age ကို နှစ်ပေါင်း တစ်ထောင်မျှစောရောက်ပါသည် မိုဟန်ဂျိုဒါရို၊ ဟရပ္ပခေတ်များကပင် အိန္ဒိယကျွန်းဆွယ်တွင် ကြေး ကိုကောင်းစွာသုံးစွဲနေပြီဖြစ်ကြောင်းတွေ့ရှိရပါသည် ဘီစီပိုင်းခေတ်များတွင် ရခိုင်ဒေသသို့ဝင်ရောက်ခဲ့သူများသည် အိန္ဒိယ အရှေ့မြောက်ပိုင်းသားများအပါဝင် မိုဟန်ဂျိုဒါရို ဟာရပ္ပ မှ ဒြာဗီဒီယန်များလည်းပါဝင်ပါသည် ကြေးခေတ်ရောက်ရှိမှု နှစ်တစ်ထောင်ခန့်နောက်ကျသော ဂရိနိုင်ငံ အေသင်မြို့တွင် ဘီစီ ၅ ရာစုအစပိုင်းတွင်း ကြေးနတ်ဘုရားရုပ်တုကြီးများသွန်းလုပ်နေပြီဖြစ်သလို အိန္ဒိယကျွန်းဆွယ်မှဝင်ရောက်လာကြသော ဓညဝတီသားတို့ ဘီစီ ၆ ရာစု တွင် မဟာမုနိကြေးဆင်းတုတော်ထုလုပ်ကိုးကွယ်ခြင်းအတတ်ပညာထွန်းကားနေုပြီဆိုတာယုတ္တိတန်ပေသည်၊ ယခု မဟာမုနိဆင်းတုတော်သည် ကျောက်တော်မြို့တွင် ကျောက်ညိုဖြင့်ထုလုပ်ထားသည့်ဆင်းတုတော်ဖြစ်ပြီး မန္တလေး မဟာမုနိကြေးဆင်းတုတော်မှာ မီးဘေးဒဏ်ကြောင့် မင်းတုန်းမင်းလက်ရာအဖြစ်ပြောင်းလှဲသွားပြီး ခေတ်လက်ရာကိုပိုင်းခြားမရတော့ပေ၊

ဘီစီ ၃ ရာစု အသောကမင်းသာသနာပြုအဖွဲ့ဟာ ၉ တိုင်း ၉ ဌာနသို့ ကြွရောက်ကြရာ အဖွဲ့ ၂ ရှင်မဟာဒေဝထေရ်ဦးဆောင်ကာ ရဟန်း ၅ ပါး မဟိံသကတိုင်း (ရခိုင်အပါဝင်)သို့ ကြွရောက်ကြောင်းတွေ့ရှိရပါသည် ရခိုင်ဒေသတွင် ဘီစီ ၃ ရာစု တွင် အသောကသာသနာပြုရောက်ရှိကြောင်း မောရိယလက်ရာ ကျောက်ချပ်တချပ်ကို သျှစ်သောင်းပုထိုးတော်တွင်တွေ့ရှိရပါသည်

ဤကျောက်ချပ်ရှိပုံတွေကို Forchammar က ဗြဟ္မဏဝါဒကို ကိုယ်စားပြုသော ခရုသင်းမှ ဗုဒ္ဓကိုယ်စားကြာပန်းပုံ ထွင်းထုလာပြီး ဗုဒ္ဓတရားတော်ကိုယ်စား ဓမ္မစင်္ကြာအဝိုင်းထွင်းထုထားသည့် ရှေးကျသော ခြေတော်ရာဖြစ်ကြောင်း မောရိယအနုပညာလက်ရာဖြစ်ကြောင်း မောရိယအနုပညာခေတ်သည် ဘီစီ ၃ ရာစုဖြစ်သောကြောင့် ရခိုင်ရှိခြေတော်ရာသည် ဘီစီ ၃ ရာစုဟုသတ်မှတ်ရမည်ဖြစ်သည်၊ Forchammar ရဲ့အဆိုကိုယခုချိန်ထိ မည်သည့်ပညာရှင်မှ စောဒကတက် ကန့်ကွက်မှုမရှိသေးပါ၊

ဝေသာလီခေတ်

ဝေသာလီခေတ် အေဒီ ၄/၅ ရာစုတွင် ဗုဒ္ဓသာသနာသည် လွန်စွာထွန်းကားပြန့်ပွားနေပြီဖြစ်ကြောင်း ထေရဝါဒ ၏ အဆီအနစ်ဖြစ်သော ယေဓမ္မ ဂါထာ ရေးထိုးပါ ကျောက်စာများနှင့် ဘုရားဆင်းတုတော်များကို ရခိုင် တောင်ပိုင်း/မြောက်ပိုင်း တွေ့ရှိချက်တို့က သက်သေခိုင်မာလျက်ရှိသည်၊

ရခိုင်ဒေသသည် ပင်မအိန္ဒိယတိုက်နှင့် ပထ၀ီအနေထားရ အနီးကပ်ဆုံးဖြစ်သည်(ထိုအချိန်က ဘင်္ဂလားသည် ရခိုင်ပိုင်နယ်မြေ ကိုသိစေလိုပါသည်)

ပျူ တို့၏ သရေခတ္တရာ မွန်တို့၏ ဒွါရာဝတီသို့ ဗုဒ္ဓသာသနာသည် ပင်လယ်ဖြတ်၍ သီဟိုဠ်မှဝင်ရောက်လာစရာမလိုပဲ ကုန်းလမ်းခရီးဖြင့် ရခိုင်ဒေသမှ မလွဲမသွယ် ဝင်ရောက်မည်ဖြစ်သည်၊ အိန္ဒိယ၏ အရှေ့မြောက်ပိုင်းနှင့်နီးစပ်လျက်ရှိသောကြောင့် ယင်းဒေသ၏ မဟာယန အယူဝါဒသည်လည်း ရခိုင်သို့ ကူးစက်လာခြင်းဖြစ်သည်

မြန်မာပညာရှင်များ၏ မဟာယနကိုးကွယ်မှုသည် ပျူတို့ဆီသို့ ရခိုင်မှ ကူးစက်လာသည်ဆိုသလို ဟိနယာန ကိုးကွယ်မှုသည်လည်း ရခိုင်မှဖြတ်သန်းလာမည်မှာ ဧကန်မုတ်ချပေ (ဤဂိုဏ်းနှစ်ရပ်သည် အခြေခံအားဖြင့် ဗုဒ္ဓ၏ အဆုံးမများသာဖြစ်၍ အပေါ်ယံကွဲပြားခြားနားမှုသည် ထိုခေတ်က လွန်စွာကွဲပြားသေးဟန်မတူချေ)

ရခိုင်တို့၏ ဝေသာလီ ပျူ တို့၏ သရေခတ္တရာရှိ ဘုရားဆင်းတုတော်များကို သမိုင်းရှုဒေါင့်မှ လေ့လာကြည့်လျှင် အိန္ဒိယ၏ ဂုပ္တခေတ် ပုံစံလွမ်းမိုးမှု တူညီတာတွေ့ရှိရသလို မြန်မာတို့၏ ပုဂံခေတ် ရခိုင်တို့၏ လေးမြို့ခေတ် ဆင်းတုတော်များအနေနှင့်လည်း ဘင်္ဂလားဒေ့ခ်ျ ဒေသတွင်ပေါ်ပေါက်ခဲ့သော အိန္ဒိယ၏ ပါလခေတ် ပါလသေနအနုပညာလက်ရာများမှ ကိုယ်ပိုင်ဟန်ပြောင်းလဲဖို့ကြိုးစားခဲ့ကြတာတွေ့ရှိရတယ်၊

ရခိုင်ဒေသ သည် သီဟိုဠ်(သိလာမေဃ)နှင့် ဝေသာလီ ခေတ်ကတည်းက ဆက်ဆံမှုရှိခဲ့သည် သီဟိုဠ်ပုံစံ ဆင်းတုတော်များကို လေးမြို့ခေတ်နောက်ပိုင်း အေဒီ ၁၃ ရာစု လောက်တွင်မှ တွေ့ရှိရသည် ရခိုင်ဒေသမှ သီဟိုဠ်သို့ ဗုဒ္ဓသာသနာပြု စေလွတ်ပေးခဲ့ရသည့်သမိုင်းကြောင်းရှိခဲ့သည်၊

ဓညဝတီ ဝေသာလီ မြို့ဟောင်းများတူးဖော်မှု မပြုရသေးချိန်က ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံသို့ သီရိလင်္ကာ (သီဟိုဠ်)မှ ပြန့်ပွားရောက်ရှိလာခြင်းဆိုသည်မှာ မှားယွှင်းကြောင်း မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာသည် ရခိုင်မှဝင်ရောက်လာခြင်းဖြစ်ကြောင်း ငြင်းမရတာ ရခိုင် နှင့် ပျူ တို့၏ ထိုခေတ်ကဆက်သွယ်မှုများက သက်သေခံနေပါသည်။

ဗုဒ္ဓသာသနာသည် ရခိုင်ဒေသ၌ ဗုဒ္ဓရှင်မြတ်သက်တော်ရှိစဉ်ကတည်းက ယခုရှိထိ စဉ်ဆက်မပြတ်ထွန်းကားလျှက်ရှိပါသည်၊

My Opinion

သုတေသနကိုပိုမိုနှစ်သက်သော်လည်း

Mindset ကဖျောက်ရခက်ပါတယ်

ပြည်ထူးစံ

Comments