Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်ပြည်ရဲ့ အလှည့်အပြောင်း စမှတ်များ

ရခိုင်ပြည်ရဲ့ အလှည့်အပြောင်း စမှတ်များ

DMG ၊ စက်တင်ဘာ ၁၀
(Review/ဆောင်းပါး) 


“သံမဏိလက်သီးတို့ဖြေလျှော့ချိန်” ဆိုတဲ့ စကားဟာ ၂၀၁၀ ခုနှစ် ဝန်းကျင်လောက်က အကြားရဆုံးစကားဖြစ်ပါတယ်။ အကြောင်းက စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီသို့ စတင်လျှောက်လှမ်းခြင်းလို့ ဆိုလိုတဲ့သဘော။ မြန်မာ့နိုင်ငံရေးမှာ ၁၉၄၈ ခု လွတ်လပ်ရေးရပြီးကတည်းက စစ်အုပ်ချုပ်ရေးနဲ့ပဲ အချိန်တွေကုန်ဆုံးခဲ့တယ်။ ဦးသန်းရွှေလက်ထက်ဖြစ်တဲ့ ၁၉၉၀-၂၀၁၀ အပိုင်းအခြားကာလကို စစ်အုပ်ချုပ်ရေးရဲ့ အဓိကအပြင်းထန်ဆုံးအချိန် စစ်အုပ်ချုပ်ရေးရဲ့ အဆိုးဆုံးကာလလို့ သတ်မှတ်ကြပါတယ်။ ရှိနဲ့ပြီးသား နိုင်ငံရေးပါတီတွေပါ မတရားအသင်းအဖြစ် ကြေညာခံထားရပါတယ်။ နိုင်ငံရေးပါတီဖွဲ့စည်းခြင်း၊ လူမှုအဖွဲ့အစည်းဖွဲ့စည်းခြင်းတို့ လုံးဝဆိတ်သုန်းတဲ့ကာလလည်း ဖြစ်ပါတယ်။ တော်လှန်ရေးအုပ်စုတွေကိုလည်း ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေချိန်ဖြစ်တယ်။ ဒီလိုနဲ့ စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးသို့ ပြောင်းလဲဖို့အတွက် သူတို့စိတ်ကြိုက်ဖွဲ့စည်းပုံတစ်ခုကိုရေးဆွဲပြီး ၂၀၁၀ ခုနှစ်မှာ စတင်ရွှေ့လျား လာတယ်။

၁၉၉၀-၂၀၁၀ ခုနှစ် ကြားကာလဖြစ်တဲ့အချိန်မှာ ရခိုင်တို့ရဲ့နိုင်ငံရေးဟာ စစ်အာဏာရှင်ဖြုတ်ချရေး၊ ဒီမိုကရေစီထွန်းကားရေး၊ ဖယ်ဒရယ်စနစ်တည်ဆောက်ရေးတို့လောက်သာ နိုင်ငံရေးရည်ရွယ်ချက်ကိုထားပြီး တိုင်းရင်းသားအဆင့်ဖြင့် မြန်မာ့နိုင်ငံရေး လောကမှာ ရောယှက်လှုပ်ရှားခဲ့ကြတယ်။ မြန်မာ့နိုင်ငံရေးမှာ ထောင်ကျ၊ တန်းကျဖြစ်ခဲ့ရလို ဘဝပျက်ခံပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့ ရခိုင့်နိုင်ငံရေးသမားတွေ အများကြီးရှိခဲ့ကြပါတယ်။ ဒီကာလဟာ ရခိုင်နိုင်ငံရေး ရောယောင်ကာလအဖြစ် သတ်မှတ်လို့ရပါတယ်။ တော်လှန်ရေးအင်အားစုတွေကတော့ ရုန်းထစ အချိန်လို့ဆိုရင်ဖြစ်လိမ့်မယ်။ နဂိုရှိရင်းစွဲတော်လှန်ရေးထဲမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)လောက်သာရှိပြီး နောက်ပိုင်းပညာတတ်လူငယ်များစုဖွဲ့ကြတဲ့ AASYC တို့ လောက်သာရှိကြပေမယ့် အင်အားကမဖြစ်စလောက်သာဖြစ်တယ်။ အဲဒီကာလဟာ ရခိုင်ပညာတတ်လူငယ်တွေ လက်နက်ကိုင်လမ်းစအတွက် ရုန်းကန်လာတယ်ဆိုရင်ဖြစ်လိမ့်မယ်။

အလှည့်အပြောင်း စမှတ် (၁)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး ၂၀၁၀ ခု၊ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်တယ်။ ဒီကာလမှာ မြန်မာ့နိုင်ငံရေး ဇဝေဇဝါကာလဆိုရင်ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးသမားတွေက လုံးဝနှိပ်ကွပ်ခံပြီး နိုင်ငံရေးဆိုတဲ့စကားလုံးကို ပါးစပ်မှာတောင်တင်လို့မရချိန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသမားအများစုကို ထောင်ထဲမှာထည့်ထားပြီး ရွေးကောက်ပွဲကိုကျင်းပခဲ့တာဖြစ်တယ်။ ရွေးကောက်ပွဲလုပ်ပြီး နိုင်တဲ့ပါတီကိုအာဏာလွှဲမပေးရင်၊ ရွေးကောက်ပွဲ နိုင်သူတွေကို ပြန်လည်ဖမ်းဆီးထောင်သွင်းအကျဉ်းချရင် စသဖြင့် ဝေဝါးတဲ့ကာလဖြစ်တယ်။ အမှန်က စစ်တပ်က သူတို့လိုချင်တဲ့ဖွဲ့စည်းပုံကို စနစ်တကျရေးဆွဲပြီး သူတို့သွားချင်တဲ့လမ်းကြောင်းကိုခင်းပြီး ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်တယ်။ 

ဒီကာလမှာ ရခိုင်နိုင်ငံရေးသမားတွေတင်မက ရှမ်း၊ ကချင်စတဲ့ နိုင်ငံရေးသမားတွေပင် ရွေးကောက်ပွဲ ဝင်သင့်၊ မဝင်သင့် ဝေခွဲရခက်တဲ့ကာလဖြစ်တယ်။ Vote နဲ့ No Vote ဆိုပြီး အပိုင်းနှစ်ပိုင်းကွဲသွားတယ်။ Vote သမားက ရွေးကောက်ပွဲဝင်ပြီး No Vote က ရွေးကောက်ပွဲမဝင်ဆိုတဲ့ အုပ်စုနှစ်အုပ်စုကွဲသွားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝဖျက်မယ်ဆိုတဲ့အုပ်စုရှိခဲ့တယ်။ ဒီလိုနဲ့ရခိုင်မှာလည်း  ၁၉၉၀ ရွေးကောက်ပွဲကာလက အင်အားကြီးပါတီဖြစ်တဲ့ ALD က ရွေးကောက်ပွဲကိုအယုံအကြည် မရှိတဲ့အတွက် ရွေးကောက်ပွဲမဝင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီကြားမှာ ရခိုင်တွေအတွက် မဲပေးစရာမရှိတဲ့အခြေအနေမှာ ရခိုင့်နိုင်ငံရေးသမားထဲကအချို့ ပါတီတစ်ခုထောင်ရမယ်။ ရခိုင်တွေ မဲပေးရမယ်ဆိုတဲ့အချက်ကိုဆုပ်ကိုင်ပြီး ပါတီတစ်ခုကို ထောင်ခဲ့ကြတယ်။ ဗမာ့လောင်းရိပ်မလွတ်ကင်းဆိုပေမယ့် ဒီကာလဟာ ရခိုင်တွေအတွက် အလှည့်အပြောင်းတစ်ခုကို စမှတ်ဖြစ်ခဲ့တယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)ကို ဖွဲ့စည်းပြီးတော့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ ရွေးကောက်ပွဲမှာ နိုင်လည်းနိုင်ခဲ့တယ်။ မြန်မာ့နိုင်ငံမှာ တတိယအနိုင်ရပါတီအဖြစ်ရပ်တည်ခဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ ဆိုရင် အအောင်မြင်ဆုံးပါတီဖြစ်ခဲ့တယ်။ 

ဒီနေရာမှာ ရွေးကောက်ပွဲနိုင်တယ်ဆိုတာထက် ရခိုင်တွေ နိုင်ငံရေးစိတ်နိုးကြွလာပြီးတော့ အမျိုးသားရေးလက္ခဏာတစ်ရပ် အနေနဲ့ ပြန်လည်လှုပ်နှိုးခံရတာဖြစ်တယ်။ ဒီအချက်ကိုစမှတ်လို့သုံးရင် လွန်မယ်လို့မထင်ပါ။ သံမဏိလက်သီး ဖြေလျော့ချိန်မှာ ရခိုင်တွေအတွက် အမြတ်ထွက်ခဲ့ရုံတင်မက အဲဒီကာလမှာနိုင်ငံရေးစကားကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခွင့်ရခဲ့တယ်။ အရင်ကပိတ်ထားခဲ့သမျှ အနာပြည်ဟာ ဒီကာလမှာပွင့်ထွက်လာခဲ့တယ်။ ပွင့်ထွက်ခွင့်ရခဲ့တယ်။ ရှမ်း၊ မွန်နဲ့ ကရင်တွေမှာလည်း ရှိရင်းစွဲ NLD ရဲ့ မိတ်ဖက် နိုင်ငံရေးပါတီတွေမဟုတ်ဘဲ နိုင်ငံရေးပါတီသစ်တွေ အသီးသီးပေါ်ထွက်လာခဲ့ကြပါတယ်။ 

စကားချပ်အနေနဲ့ဆိုရင် မြန်မာ့နိုင်ငံရေးမှာ ဦးသိန်းစိန်အစိုးရဖြစ်လာတယ်။ သူကတော့ စိန်ခေါ်မှုတွေများတယ်။ စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေး၊ ဗဟိုချုပ်ကိုင်မှုကနေ ဖြေလျော့ရေး၊ တံခါးပိတ်စျေးကွက်ကနေ စျေးကွက် စီးပွါးရေးစနစ်ကျင့်သုံးရေး။ ဒီမိုကရေစီအတွက်အသက်ဖြစ်တဲ့ လူ့အခွင့်အရေး၊ လွတ်လပ်စွာပြောဆိုခွင့် စတဲ့အချက်တွေကို လုပ်ဆောင်လာခဲ့ရတယ်။ အထက်လွှတ်တော်၊ အောက်လွှတ်တော်ဆိုတဲ့ အချက်တွေပေါ်လာပြီး စမ်းတဝါးဝါးဒီမိုကရေစီကို စတင်လာခဲ့တယ်။ ဒီအချက်တွေထဲက ရခိုင်တွေလည်း အတိုင်းအတာတစ်ခုလောက်ထိ ရသင့်ရထိုက်တဲ့ နိုင်ငံရေးလမ်းစ ရခဲ့တယ်။ ဒီကာလကို ရခိုင်တို့ရဲ့ နိုင်ငံရေးကာလလို့ဆိုချင်တယ်။ ဒါကတော့ စမှတ်ပါ။ 

အလှည့်အပြောင်း စမှတ် (၂)
၂၀၁၂ ခုကို ရည်ညွှန်းချင်ပါတယ်။ ဒီခုနှစ်ဟာ ရခိုင်ပြည်ဟာ မီဒီယာမျက်နှာစာမှာ အဖော်ပြအခံရဆုံးနဲ့ အရေးစိုက်အခံရဆုံး အချိန်ဖြစ်တယ်။ မြန်မာ့နိုင်ငံရေးမှာ အဓိကစိန်ခေါ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့အချက်တွေက အဓိကစိန်ခေါ်မှုဖြစ်နေချိန်မှာ ၂၀၁၂ ခု၊ ဇွန်လကစတင်ပြီး မွတ်ဆလင်နဲ့ ရခိုင် တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့တယ်။ ဒီပြဿနာဟာ ပြည်တွင်းပြဿနာကနေ နိုင်ငံတကာပြဿနာအထိ ကျယ်ပြန့်လာခဲ့တယ်။ ဦးသိန်းစိန်အစိုးရက တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထားနိုင်ခဲ့တယ်။ ဖြေရှင်းနိုင်တဲ့အဆင့်တော့ မရောက်ခဲ့ဘူး၊ ထိန်းထားနိုင်တဲ့ အဆင့်မှာပဲရှိခဲ့တယ်။ ယနေ့ထိလည်း မဖြေရှင်းနိုင်သေးဘူး။ ထိန်းထားတဲ့အဆင့်နဲ့ပဲ သွားနေရတယ်။ 

၂၀၁၂ ခုနှစ် ပဋိပက္ခမှာ ရခိုင်တွေအတွက် ဒုတိယအပြောင်းအလဲတစ်ခုကို စတင်ခဲ့တယ်။ ဒီပဋိပက္ခမှာ ရခိုင်လူမျိုးဟာ အမြင်ပြောင်းလဲခဲ့တယ်။ နဂိုက ရမ်းဗြဲသား၊ ရခိုင်သား၊ ချောင်းသား၊ အနောက်သား၊ မြို့သား၊ ကျွန်းသား စတဲ့ ခွဲခြားတဲ့ စရိုက်ဟာ လုံးဝနီးပါးပျောက်ဆုံးသွားခဲ့တယ်။ အားလုံးဟာရခိုင်ဖြစ်တယ်ဆိုတဲ့ အချက်မှာ ရပ်တည်လာပြီးတော့ လူမှုအဖွဲ့အစည်းတွေ(CSOs) စနစ်တွေ တွင်ကျယ်လာခဲ့တယ်။ ရခိုင်က ရခိုင်ကိုမကူညီရင် ဘယ်သူကကူညီမလဲဆိုတဲ့ စိတ်ရင်းနဲ့ လူမှုရေးစိတ်ဓာတ်နဲ့စိတ်ရင်းတွေ ပေါ်ပေါက်လာတဲ့ကာလဖြစ်တယ်။ ဝိုင်းကူ၊ တွဲထူစနစ်ကို ဒီကာလမှာ စတင်ခဲ့တယ်။ 

တခြားတစ်ဖက်မှာ ၂၀၁၂ ခုနှစ်မှာ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးကိုဖိတ်ခေါ်ချိန်၊ ရခိုင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ALP, ANC စတဲ့အဖွဲ့တွေ ပြည်တွင်းကိုဝင်ရောက်လာချိန်၊ ရခိုင်လူငယ်တွေဟာ နိုင်ငံရေးရေချိန်နဲ့အတူ တော်လှန်ရေးဖက်ကို စောင့်ကြည့်လာတဲ့ကာလလည်းဖြစ်တယ်။ လူမှုရေးအခြေတည်စိတ်နဲ့ တော်လှန်ရေးအခြေတည်စိတ်ကိုရခဲ့တဲ့ ဒုတိယ စမှတ်လို့ပြောပါရစေ။

အလှည့်အပြောင်း စမှတ် (၃)

ဒီအမှတ်ကိုတော့ ၂၀၁၄ ခုနှစ် ကျောက်ဖြူမြို့မှာပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသားညီလာခံလို့ သတ်မှတ်ပါရစေ။ ဒီညီလာခံဟာ ရခိုင်တွေရဲ့ နိုင်ငံရေးစည်းလုံးမှုနဲ့ လူထုစည်းရုံးမှုအရှိဆုံးလို့ဆိုရင် ရလောက်တယ်။ ဒီညီလာခံကိုအရင်းပြုလို့ ရခိုင်ပြည်တွင်း၊ ပြည်ပအင်အားစုတွေကို တစ်နေရာတည်းမှာ တွေ့ဆုံခွင့်၊ ဆွေးနွေးခွင့်၊ ပြောဆိုခွင့်ရသွားခဲ့တယ်။ ဒီညီလာခံဟာ တော်လှန်ရေးအင်အားစုတွေ၊ လူမှုရေးအင်အားစုတွေနဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ဆုံမှတ်ပါ။ တစ်မြို့တည်းမှာ တစ်စုတည်း ဖြစ်သွားတဲ့အချိန်။ ဒီကာလမှာ ဆွေးနွေးချက်တွေဆိုတာထက် လက်နက်ကိုင်အင်အားစုတွေအတွက် အခွင့်အလမ်း ပေါ်နေခဲ့တဲ့နေရာဖြစ်တယ်။ ရခိုင်လက်နက်ကိုင်တွေ အားလုံးနီးပါးရောက်လာချိန်မှာ လက်နက်ကိုင်တွေရဲ့“ဇ”နဲ့ ရှေ့လားရာကို ပြည်သူတွေသဲသဲကွဲကွဲဖြစ်ဖို့ ဖန်တီးသလိုဖြစ်သွားခဲ့တယ်။ ကျောက်ဖြူမြို့သား ဒေါက်တာညိုထွန်းအောင်တို့ ဦးဆောင်မှုဖြင့် ULA/AA က ဒီညီလာခံမှာ အကျိုးအမြတ်အများဆုံးနဲ့ လူထုစိတ်ဝင်စားမှုအများဆုံးအဖွဲ့ ဖြစ်သွားခဲ့တယ်။ ULA/AA ကို ရခိုင်လူထုစိတ်ဝင်စားမှုနဲ့အတူ ရခိုင်လူငယ်တွေဟာလည်း လက်နက်ကိုင်တော်လှန်ရေးကို စတင်စိတ်ဝင်စား လာခဲ့တယ်။ ဒီအမှတ်ကိုတော့ စမှတ်(၃)လို့ သတ်မှတ်ရင် မှားမယ်မထင်ပါဘူး။ 

အလှည့်အပြောင်း စမှတ် (၄)

၂၀၁၅ ခုနှစ် RNDP နဲ့ ALD ပါတီတို့ပေါင်းစည်းပြီး ANP အမည်နဲ့ သံတွဲညီလာခံကိုရည်ညွှန်းရင် ရလောက်မယ်ထင်ပါတယ်။ ဒါကတော့ ပါတီတွင်းညီလာခံဆိုပေမယ့် ပါတီပေါင်းစည်းရေးညီလာခံဖြစ်ခဲ့တယ်။ ပါတီပေါင်းစည်းရေးဟာ ရွေးကောက်ပွဲ အတွက်အရေးကြီးသလို ရဟန်းရှင်လူပြည်သူတွေအတွက်လည်း အရေးကြီးတယ်။ ရခိုင်လူထုစောင့်ကြည့်နေခဲ့ကြသလို ANP ပါတီကို အောင်အောင်မြင်မြင်ဖြစ်စေချင်တဲ့ ဆန္ဒရှိခဲ့တယ်။

သို့သော် ANP ပါတီရဲ့ နိုင်ငံရေးအရဆွေးနွေးချက်၊ တောင်းဆိုချက်တွေ အရာမထင်ဖြစ်ခဲ့သလို ပါတီတွင်းမှာလည်း အကွဲအပြဲများဖြင့် ခရီးဆက်ခဲ့ကြရတယ်။ ၂၀၁၅ ခု၊ သံတွဲညီလာခံဟာ ရခိုင်နိုင်ငံရေးအကျဘက်ကို ဦးတည်သွားတယ်။ နိုင်ငံရေး ငုတ်လျိုးဖို့ လမ်းစဖြစ်သွားခဲ့တယ်။ သံတွဲညီလာခံဟာ အောင်မြင်သောပေါင်းစည်းရေးအတွက် အရှက်ပြေပေါင်းစည်းရေးဖြစ်ခဲ့တယ်။ ဒီကာလမှာ ရခိုင်လူငယ်တွေဟာ နိုင်ငံရေးကိုစိတ်ပျက်ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးဘက်ကို ဦးတည်သွားခဲ့တယ်။ နိုင်ငံရေး အကျ၊ တော်လှန်ရေးအတက်လို့ဆိုရင် လွန်မယ်မထင်ပါဘူး။ ၂၀၁၅ ခုနှစ်ထဲမှာ ရခိုင်ပြည်မှာ AA က စတင် သေနတ်ဖောက်ခဲ့တယ်။ တိုက်ပွဲစခဲ့တယ်။ တော်လှန်ရေးရေချိန် စမြင့်လာခဲ့တယ်။

အလှည့်အပြောင်း စမှတ် (၅)
၂၀၁၅ ခု၊ ရွေးကောက်ပွဲဆိုရင် မမှားလောက်။ ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးတဲ့ကာလတစ်ခု ဖြစ်ခဲ့တယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပေမယ့် ရခိုင်ဘက်မှာတော့ သောင်မပြိုခဲ့ဘူး။ ANP ပါတီကပဲ သောင်ထွန်းခဲ့တယ်။ ဒီအချိန်ဟာ ရခိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားက ဆီနဲ့ရေကို ခွဲထုတ်တဲ့ကာလဖြစ်သွားခဲ့တယ်။ ANP ပါတီက ရခိုင်ပြည်မှာအနိုင်ရတော့ ပြည်နယ်အစိုးရကိုဖွဲ့ချင်တယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးနိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖွဲ့ခွင့်မပေး။ အဲဒါနဲ့ပဲ ၁/၂၀၁၆ စတိတ်မန့်ကိုထုတ်ပြီးတော့ နိုဗယ်ဆုရှင်နဲ့ ရခိုင်ဟာ လုံးဝလမ်းခွဲလိုက်တယ်။ 

ဒီလိုနဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တို့မှာ မောင်တောဒေက နယ်ခြားစောင့်စခန်းတွေကို ARSA က ဝင်တိုက်တယ်။ ၂၀၁၂ ခုနှစ်ကနေ နိုင်ငံတကာပြဿနာအဖြစ် ပုံဖော်ခံနေရတဲ့မောင်တောဒေသဟာ ဒီကာလမှာ လုံးဝ နိုင်ငံတကာစင်မြင့်ကို ရောက်သွားတယ်။ ဒီပြဿနာကို ဒေါ်အောင်ဆန်းစုကြည်ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာ ရခိုင်လူထုနဲ့ ရခိုင်ပါတီတွေကို လုံးဝ ဂရုမစိုက်ခဲ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူလုပ်ချင်တာကို ရခိုင်မှာလုပ်သလို ရခိုင်နိုင်ငံရေးဘောင်လည်း ကျဉ်းလာခဲ့တယ်။ လွှတ်တော်အတွင်းမှာလည်း ရခိုင်အမတ်တွေတင်သမျှအဆိုဟာ ပယ်ချခံရသလို၊ ရခိုင်တွေအပေါ် နိုင်ထက်စီးနင်းလုပ်ခဲ့တယ်။ 

အဆိုးဆုံးက ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကိုဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာဟာ ရခိုင့်နိုင်ငံရေးဘောင်ကို လုံးဝကျဉ်းမြောင်းအောင် သတ်မှတ်လိုက်တယ်။ ရခိုင့်နိုင်ငံရေးဘောင်ကို ကျဉ်းလိုက်တာထက် သတ်လိုက်တာဖြစ်တယ်။ မြောက်ဦးဆန္ဒပြရာမှာ သေနတ်နဲ့ဖြေရှင်းခဲ့မှုဟာ နောက်ဆက်တွဲရခိုင်လူငယ်တွေကို သေနတ်ကိုင်ဖို့တွန်းပို့လိုက်တာ ဖြစ်တယ်။ ဒီအချိန်မှာ ရခိုင်လူငယ်တွေဟာ သူတို့စောင့်ကြည့်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးကို အပြီးတိုင် ရွေးချယ်လိုက်ကြတာဖြစ်တယ်။ ဒီအချိန်ဟာ ရခိုင်မြေပြင်မှာ လက်သန်းနိုင်ငံရေးထက် လက်ညှိုးနိုင်ငံရေးက အားကောင်းသွားခဲ့တယ်။ ဒီနေရာမှာ ဒီအချက်ကိုလည်း စမှတ်တစ်ခုအဖြစ် သတ်မှတ်ပါရစေ။

အလှည့်အပြောင်း စမှတ် (၆)
၂၀၁၉၊ ၂၀၂၀ ကာလဟာ ရခိုင်ဟာ စစ်ပွဲအမြင့်ဆုံးကာလဖြစ်တယ်။ ဒီကာလမှာ လောင်စာတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့တစ်ဖက်တည်းရပ်တည်ခဲ့ပြီးတော့ အင်တာနက်ဖြတ်တောက်ပေးမှု၊ AA ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပေးမှု၊ ရခိုင်ပြည်သူတွေ အသတ်ခံနေရချိန်၊ ရွာတွေမီးရှို့ဖျက်ဆီးခံနေရချိန်မှာတောင် စစ်တပ်ဘက်ကရပ်တည်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရပ်တည်ချက်ဟာ ဗမာပြည်သူလူထုရပ်တည်ချက်နဲ့ အတူတူ ဖြစ်ခဲ့တယ်။ ဘယ်ဗမာခေါင်းဆောင်ကမှ ကိုဗစ်ဒုတိယလှိုင်းနဲ့စစ်ပွဲကြား အသက်လုနေရချိန် သတင်းရနိုင်ဖို့ အင်တာနက်ကို ဖွင့်မပေးခဲ့။ ရခိုင်ပြည်သူတွေကို စစ်တပ်ကလက်လွန်ခြေလွန်သတ်ဖြတ်နေချိန်၊ တရားလက်မဲ့ဖမ်းဆီးနှိပ်စက်နေချိန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗမာလူထုတွေက စစ်တပ်ဘက်ကရပ်ပြီး အားပေးအားမြှောက်လုပ်နေခဲ့ကြတယ်။ 

ဒီအချက်က ရခိုင်တွေအကုန်လုံး၊ လူငယ်အစ လူကြီးအဆုံး ဒီမိုကရေစီအိုင်ကွင်ဟာ ရခိုင်တွေအတွက်မဟုတ်ဘူးလို့ နားလည်လာကြတယ်။ စစ်တပ်ကိုတိုက်ရတာတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဘက်ပေါင်းစုံ စစ်မျက်နှာဖွင့်ခဲ့ရတယ်။ အင်တာနက် ပိတ်တဲ့အတွက် သတင်းရရှိမှုကိုတိုက်ပွဲဝင်ရသလို ရခိုင်တစ်ယောက်သေရင် အေအေသေတာ၊ သေပါစေဆိုတဲ့အချက်ထိ စိန်ခေါ်တိုက်ပွဲဝင်ခဲ့ရတယ်။ ဘက်ပေါင်းစုံစစ်ပွဲကို ဆင်နွှဲခဲ့ရတယ်။ နောက်ဆုံးအဖြေက ရခိုင်တွေဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ တစ်သားတည်းဖြစ်သွားတဲ့ စမှတ်ကိုရောက်သွားတယ်။ 

အလှည့်အပြောင်း စမှတ် (၇)
၂၀၂၀ ရွေးကောက်ပွဲကာလလို့ သတ်မှတ်ရင်ရလိမ့်မယ်။ ၂ နှစ်လောက် အသက်သွေးများစွာ စတေးခဲ့ရတဲ့ ရခိုင်စစ်မြေပြင်ဟာ ရွေးကောက်ပွဲမတိုင်မီရပ်သွားတယ်။ ရပ်သွားတာကအခုထိအောင်ပဲ။ ဒီနေရာမှာ မေးခွန်းတွေမေးစရာရှိလာလိမ့်မယ်။ နိ်ုင်ငံရေးမှာ ပလက်ဖောင်းဆိုတာအရေးကြီးတယ်။ ပလက်ဖောင်းပျောက်ရင် အရှင်းခံရတတ်တယ်။ AA က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရချိန် စစ်တပ်ဖက်က ကြဉ်း၊ ရေ၊ လေ သုံးခုပေါင်း ထိုးစစ်ဆင်နေချိန်မှာတောင် AA က ထုတ်သမျှစတိတ်မန့်တွေမှာ တွေ့ဆုံဆွေးနွေးရေးနဲ့ငြိမ်းချမ်းရေးကို လမ်းစဖွင့်ထုတ်ပြန်ခဲ့တယ်။ ထုတ်သမျှ စတိတ်မန့်တွေကိုပြန်ကြည့်၊ တွေ့နိုင်လိမ့်မယ်။ ကြားခံအဖွဲ့အစည်းအဖြစ် မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ နိုင်ငံရေးဦးသျှောင်ဖြစ်တဲ့ FPNCC လမ်းကြောင်းကို ဟထားခဲ့တယ်။ စစ်တပ်ဖက်ကလည်း အစပိုင်းမှာအပြတ်ရှင်းဆိုပေမယ့် နောက်ပိုင်းမှာ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဟပေးခဲ့တယ်။ 

နောက်ပိုင်းမှာ ဂျပန်ကိုယ်စားလှယ်ဘက်က ဝင်ရောက်လာတော့ စစ်တပ်နဲ့ AA ကြား စကားပြောဆိုဖို့ ပလက်ဖောင်း ပွင့်သွားခဲ့တယ်။ စစ်မြေပြင်မှာ ကိုယ်သေသူသေတိုက်နေချိန်ဟာ ပလက်ဖောင်းပျောက်ပြီး အပြတ်ရှင်းစနစ်ကို သွားနေချိန် ဖြစ်တယ်။ ဒါပေမယ့် စစ်ပွဲဟာအဖြေမဟုတ်ဘူးဆိုတာကို စစ်တပ်ဖက်ရော AA ဘက်ကရော လက်ခံခဲ့ကြတယ် လို့ ထင်ပါတယ်။ စားပွဲဝိုင်း နိုင်ငံရေးသည်သာအဖြေဖြစ်တယ်။ ဒါကြောင့်နိုင်ငံရေးအရ တစ်ဖက်နဲ့တစ်ဖက်ကြား စကားပြောဆိုခွင့် လမ်းစပွင့်တာနဲ့ စကားပြောခဲ့ကြတယ်။ ဒီနေရာမှာ စစ်တပ်နဲ့ AA ကြား တရားဝင်စာချုပ်စာတမ်းဆိုတာထက် နားလည်မှုနဲ့ သွားနေကြတယ်။ 

အမှန်က ဒီစကားပြောစင်မြင့်ကိုဖန်တီးရမှာက ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်၊ ဒီမိုကရေစီအိုင်ကွန် တစ်ယောက်အနေဖြင့် နိုင်ငံရေးပါးရည်နပ်ရည်ကို စနစ်တကျအသုံးချခဲ့ဖို့ကောင်းတယ်။  ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ AA ကြား စကားပြောစင်မြင့်ကို ဖျောက်ထားရုံတင်မက ရခိုင်ပြည်က ရွေးကောက်ပွဲကိုတောင် သူစိတ်ကြိုက်တည်ဆောက်ခဲ့တယ်။ စစ်ပွဲရဲ့ပင်မဖြစ်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမှာ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး စစ်ပွဲလုံးဝမရှိတဲ့ ပေါက်တောမြို့နယ်ကိုချန်ခဲ့တယ်။ ဒီအပြင် ရခိုင်ပြည်က ၉ မြို့နယ်ထိကို ရွေးကောက်ပွဲ ဖျက်ပေးခဲ့တယ်။ ဒါတွေဟာ ရခိုင်တွေအတွက် မတရားတဲ့နိုင်ငံရေးခံစားချက်တွေဖြစ်ခဲ့တယ်။

ဒီနေရာမှာ ပလက်ဖောင်းအကြောင်းကို ဆက်ပြောရင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကတည်းက စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား တွေ့ဆုံတာ၊ စကားပြောတာမကြားမိဘူး။ ဆိုလိုတာက အချိန်အကြာကြီး ပလက်ဖောင်းပျောက်သွားတယ်။ မြန်မာ့နိုင်ငံရေးမှာ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးဟာ သိပ်အရေးကြီးတယ်။ စစ်တပ်က ဘယ်လောက်ထိလျော့ပေးသလဲ လျော့ပေးသလောက် ဒီမိုကရေစီဘောင်ကျယ်လာလိမ့်မယ်။ စစ်တပ်ဆီက ဘယ်လောက်ထိ ဒီမိုကရေစီကိုတောင်းယူမလဲ၊ ဆွေးနွေးယူမလဲ၊ တိုက်ယူမလဲဆိုတာ ဒီမိုကရေစီပြောင်းလဲစနိုင်ငံအတွက် သိပ်အရေးပါတဲ့အချက်ဖြစ်တယ်။ ဒါပေမယ့် စစ်တပ်နဲ့ NLD ကြားက ပလက်ဖောင်းဟာ အချိန်အကြာကြီးပျောက်နေခဲ့တယ်။ ကြည့်သလောက် ဒေါ်အောင်ဆန်းစုကြည်မှာ ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီး တခြားသောအောင်ဆန်းစုကြည်တွေကို မမွေးထားခဲ့မိတာဖြစ်လိမ့်မယ်။ 

နောက်ဆုံး သံမဏိလက်သီးက ဖြေလျှော့မှုကို ပြန်ဆုပ်သွားခဲ့တယ်။ မြန်မာ့နိုင်ငံရေးဟာ စစ်အာဏာရှင် ဆိုတဲ့ စမှတ်ကိုပြန်ရောက်သွားခဲ့တယ်။ နောက်ဆုံး ဗမာလူငယ်တွေ အသက်ပေးဖို့ဖြစ်လာချိန်မှာ ရခိုင်ကတော့ စစ်ပွဲရဲ့ အနိဌာရုံ ကိုခံခဲ့ရပြီးတော့ ရက္ခိုင့်တပ်တော် (AA) ဦးဆောင်မှုအခန်းကဏ္ဍရဲ့ နောက်မှာ စုဖွဲ့မှု၊ အမိန့်နာခံမှုနဲ့ စနစ်တကျချီတက်နေတဲ့ စမှတ်မှာရှိနေကြောင်း။ 

#သာထွန်း_ရေးသားသည်။

Comments