Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

တြိပူရဒေသမှ ရခိုင်များအကြောင်း Tripura

အိန္ဒိယနိုင်ငံထုတ် Times of India သတင်းစာ (၆ ဧပြီ ၂၀၁၇) တွင်ပါရှိသော 
“တြိပူရဒေသမှ ရခိုင်များအကြောင်း မြန်မာနိုင်ငံ [ရခိုင်ပြည်]မှ ပညာရှင်တစ်ဦး ဖော်ထုတ်” ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် သတင်းဆောင်းပါးတစ်ပုဒ်။ 

(ဂူဝါဟာတီမြို့မှ သတင်းပေးပို့သည်) 

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းသို့ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသများမှ လူမျိုးစုတို့ ပြောင်းရွှေ့နေထိုင်မှု သမိုင်းဖြစ်စဉ်တွင် ရခိုင်ပြည်နယ်မှ တြိပူရသို့ မောဂ်လူမှုအဖွဲ့အစည်းတို့ ရွှေ့ပြောင်းမှုမှာ လေ့လာမှု အနည်းဆုံး ကဏ္ဍတစ်ခု အဖြစ် တည်ရှိနေကြောင်း သမိုင်းပညာရှင်များက ဆိုကြသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ [ရခိုင်ပြည်]မှ ပညာရှင်တစ်ဦးဖြစ်သူ ဦးကျော်မင်းထင် အနေဖြင့် သမိုင်းဖြစ်စဉ်အဆင့်ဆင့်အတွင်း တြိပူရသို့ ရခိုင်လူမျိုးတို့ ရွှေ့ပြောင်းမှု သမိုင်းကွင်းဆက်များကို ဖော်ထုတ်ရန် အထူးစိတ်ဝင်စား ခဲ့ခြင်း ဖြစ်သည်။ ရခိုင်များကို တြိပူရတွင် မောဂ်ဟု လည်းကောင်း၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ စစ်တကောင်း တောင်တန်းဒေသတွင် မရမာ ဟု လည်းကောင်း ခေါ်ဝေါ်ကြကြောင်း စင်ကာပူ အမျိုးသား တက္ကသိုလ် (National University of Singapore) တွင် ဒေါက်တာဘွဲ့ အတွက် သုတေသနပြုနေသည့် ဦးကျော်မင်းထင်က ပြောသည် [မှတ်ချက်။  ။ မရမာ (စစ်တကောင်းနယ်ရှိ ရှေးရခိုင်များ) နှင့် မရမာကြီး (ဘရူးဝါးလူမျိုး) မတူပါ]။ 

တြိပူရတွင် မောဂ်ဟု အမည်ရခေါ်တွင်သူ အရေအတွက် ၃,၈၀၀၀ ဦးခန့် ရှိပြီး၊ ဘင်္ဂလားဒေ့ရ်ှတွင် မရမာဟု အမည်ခေါ်တွင်သူ နှစ်သိန်းခန့် ရှိသည်။ မြန်မာနိုင်ငံတွင် ရခိုင်လူမျိုး အရေအတွက် နှစ်သန်း ပတ်ဝန်းကျင် ရှိသည်။ မောဂ်လူမှုအဖွဲ့အစည်းသည် တြိပူရတောင်ပိုင်းတွင် အများဆုံး နေထိုင်ကြပြီး၊ တြိပူရမြောက်ပိုင်း တွင်လည်း အခြေချ နေထိုင်မှုများ ရှိသည်။ 

ဦးကျော်မင်းထင်သည် ဂူဝါဟာတီ တက္ကသိုလ်ရှိ Indian Council of Historical Research (အိန္ဒိယနိုင်ငံ သမိုင်းသုတေသန ကောင်စီ) အရှေ့မြောက်ဒေသ စင်တာတွင် - “Discovering Arakan in Northeast India: Myths and Histories of the Mog Community” (အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ရခိုင်ပြည်အား ရှာဖွေ တွေ့ရှိခြင်း - မောဂ်လူမှုအဖွဲ့အစည်း၏ ဒဏ္ဍာရီ နှင့် သမိုင်း) ခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောပွဲ တစ်ခုကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည်။ 

သမိုင်းသုတေသီ ဆရာတော် အရှင်ပညာစာရနှင့် ထိတွေ့မှု နောက်ပိုင်းတွင် ရခိုင်ပြည်နှင့် မောဂ်လူမှုအဖွဲ့အစည်းတို့၏ ဆက်နွယ်မှုကို လေ့လာရန် ပိုမို စိတ်ဝင်စားလာခဲ့ကြောင်း၊ အရှင်ပညာစာရသည် ၁၉၈၀ ပြည့်လွန်နှစ်များ အတွင်းက တြိပူရနှင့် မီဇိုရမ်သို့ လာရောက်ပြီး မောဂ်လူထု အကြောင်းကို လေ့လာခဲ့ကြောင်း၊ ဆရာတော်၏ ယခင်လေ့လာ သုတေသနပြုမှုက သူ့အား လှုံ့ဆော် တွန်းအားပေးခဲ့ကြောင်း ဦးကျော်မင်းထင်က Times of India သတင်းစာကို ပြောပြသည်။ 

ဦးကျော်မင်းထင်သည် တြိပူရကို သွားရောက်ခဲ့ပြီး မောဂ်လူမှုအဖွဲ့အစည်းဝင်များ၊ သုတေသီများနှင့် ထိတွေ့ လေ့လာခဲ့ကာ ရခိုင်ပြည်မှနေ၍ အိန္ဒိယပြည်နယ်တစ်ခုဖြစ်သော တြိပူရသို့ ရခိုင်တို့ ရွှေ့ပြောင်းထွက်ခွာမှုနှင့် ပတ်သက်သည့် ရှေးဟောင်းသုတေသန အထောက်အထားများ၊ အစဉ်အလာ ပြောဆိုချက်များနှင့် ရာဇဝင်မှတ်တမ်း အချက်အလက်များကို ရှာဖွေခဲ့သည်။ 

လက်ရှိ အနေအထားတွင် ရခိုင်ပြည်သည် မြန်မာမှုပြုခြင်း ခံနေရကြောင်း ဦးကျော်မင်းထင်က ပြောသည်။ အခြားတစ်ဖက်တွင် ယနေ့ ရခိုင်ပြည်တွင် မတွေ့ရတော့သည့် ရှေးဟောင်း ယဉ်ကျေးမှု အစဉ်အလာများ နှင့် ရိုးရာဓလေ့ အချို့ကို မောဂ်လူမှုအဖွဲ့အစည်း အတွင်းတွင် တွေ့ရှိရကြောင်း၊ တြိပူရမောဂ် တို့သည် ရှေးဟောင်း ရခိုင်အက္ခရာများဖြင့် စာပေ ရေးသားလျက် ရှိကြောင်း ဦးကျော်မင်းထင်က ဆိုသည်။ 

မောဂ်ဒေသခံတို့၏ ပါးစပ်ရာဇဝင်နှင့် အစဉ်အလာ ပြောဆိုချက်များအရ မောဂ်လူမှုအဖွဲ့အစည်းသည် တြိပူရဒေသတွင် အေဒီ ၅ ရာစု ကတည်းက အခြေချခဲ့သည်ဟု ဆိုကြသည်။ သို့ရာတွင် ရှေးဟောင်းသုတေသန [ကျောက်စာ၊ ဒင်္ဂါးစာ] အထောက်အထားများ အရ ရခိုင်ပြည်နှင့် တြိပူရ-ကုမ္မီလာဒေသ တို့၏ ဆက်စပ်မှုကို အေဒီ ၇ ရာစုတွင် စတင် တွေ့ရှိရကြောင်း၊ အေဒီ ၈ ရာစု နှင့် ၁၀ ရာစု အတွင်းတွင် တြိပူရဒေသသို့ ရခိုင်ပြည်မှ လူတို့၏ ရွှေ့ပြောင်းထွက်ခွာမှု အကြောင်းအရာများ နှင့် ပတ်သက်၍ ရခိုင်ရာဇဝင်များတွင် ဖော်ပြချက်များ ရှိကြောင်း ဦးကျော်မင်းထင်က ဆိုသည်။ [မြောက်ဦးခေတ်] ရခိုင်ဘုရင်များသည် အေဒီ ၁၆ ရာစု အတွင်းတွင် တြိပူရကို ပိုင်စိုးခဲ့ကြောင်း သမိုင်းဆိုင်ရာ အချက်အလက်များက ဖော်ပြသည်။ အေဒီ ၁၈ ရာစု အတွင်း [ဓားပိုင်ကြီး] မြစံ ခေါင်းဆောင်သည့် လူအုပ်စု၏ ရွှေ့ပြောင်း ထွက်ခွာမှုအား ရခိုင်တို့ တြိပူရသို့ နောက်ပိုင်းကာလ အခြေချမှု အဖြစ် တွေ့ရှိရကြောင်း ဦးကျော်မင်းထင်က ဆိုသည်။ 

[အထက်ဖော်ပြပါ Times of India သတင်းစာပါ ဆောင်းပါးမှာ ၂၀၁၇ ဧပြီလ ၆ ရက်နေ့က ရေးသား ဖော်ပြချက်ဖြစ်ပြီး၊ ဒေါက်တာ ကျော်မင်းထင် စင်ကာပူအမျိုးသား တက္ကသိုလ်မှ PhD ပါရဂူဘွဲ့မယူမီ လအနည်းငယ် အလိုတွင် ဖော်ပြခဲ့သော သတင်းဆောင်းပါး ဖြစ်ပါသည်။ ဒေါက်တာ ကျော်မင်းထင်သည် ရခိုင်ယဉ်ကျေးမှု အနုပညာရှင် ဆရာကြီး ဦးလုံး၏ မြေးဖြစ်သည်။] 

Times of India သတင်းစာမှ ဘာသာပြန်ဆို ဖော်ပြပါသည်။ 
Credit - 
အိန္ဒိယသတင်းစာ မူရင်းလင့်ခ် ---->  

https://timesofindia.indiatimes.com/city/guwahati/myanmarese-scholar-throws-light-on-arakanese-migration-to-tripura/articleshow/58038643.cms




Comments