Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မြို့မောင်တော မှ မဟာကျန်ဘုရား

“မြို့မောင်တော မှ မဟာကျန်ဘုရား”



သဇင်ပန်းခိုင်ဂျာနယ် Jan 2020

မောင်မေယု(ဘူးသီးတောင်) ရေးသားပူဇော်သည်

      မောင်တောမြို့သည် မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရှိပြီး မြန်မာနိုင်ငံ၏ အနောက်ဘက်ဆုံးမြို့ ဖြစ်သည်။ ဤမြို့သည် အရေးအခင်းများနှင့် မငြိမ်းချမ်းသော မြို့လည်း ဖြစ်သည်။ ဒေသ၏ အခြေအနေအရ ရိုးရာပွဲလမ်း သဘင်များ မရှိသလောက် နည်းပါးသော မြို့လည်း ဖြစ်၏။ သို့သော် ရခိုင်ရိုးရာအစဉ်လာမပျက် နှစ်စဉ် ဆင်နွှဲသော ပွဲတော်ကြီးနှစ်ပွဲ ရှိလေသည်။ ထိုပွဲများမှာ တပို့တွဲလပြည့်နေ့တွင် ကျင်းပသော ရခိုင်ရိုးရာ ရထားဆွဲပွဲ နှင့် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသော မဟာကျန်ဘုရားပွဲ ပင်ဖြစ်သည်။ ယခုနှစ်တွင် ဒေသလုံးဝ မတည်ငြိမ်သောကြောင့် ရိုးရာရထားဆွဲပွဲအား မကျင်းပနိုင်ခဲ့သော်လည်း မဟာကျန်ဘုရားပွဲ အား ကျင်းပကြ သည်ကို တွေ့ရပါသည်။ 

 မောင်တောမြို့ရှိ မဟာကျန်ဘုရားသည် မဟာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် တတိယ ဓညဝတီခေတ် ဘုရင်စန္ဒာသူရိယ သွန်းလုပ်ပူဇော်ခဲ့သော ဘုရားတစ်ဆူ ဖြစ်သည်။ ရခိုင်ပြည်၌ တန်ခိုးတော် ကြီးမားသော ဘုရားလေးမျိုးအနက် တစ်မျိုးလည်း ဖြစ်၏။ တန်ခိုးကြီးမားသော ဘုရားလေးမျိုးမှာ မဟာမုနိ ၊ မဟာကျန် ၊ မဟာကျီ နှင့် မဟာကျိန် တို့ဖြစ်ကြသည်။

 မဟာမုနိဘုရားသည် ဗုဒ္ဓမြတ်စွာဘုရား၏ ရင်ငွေ့တော်ဖြင့် သွန်းလုပ်တော်မူသော ဘုရားဖြစ်သည်။ မဟာကျန်ဘုရားသည် မဟာမုနိ ရုပ်ပွားတော်ကို သွန်းလုပ်ပြီးနောက် ကြွင်းကျန်သော ရတနာများဖြင့် ဆက်လက် သွန်းလုပ်ထားသော ဘုရားဖြစ်သည်။ မဟာကျန် ဘုရား (၉) ဆူ ရှိ၏။ ထိုဘုရားများအား ညီတော်ဘုရား ဟုလည်း ခေါ်ကြသည်။ မဟာကျီဘုရားသည် မဟာကျန် ဆင်းတုတော်များကို သွန်းလုပ်ပြီးနောက် ရှိစုမဲ့စု အစအန မကျန်အောင် ဆက်လက် သွန်းလုပ်ထားသော ဘုရားပင် ဖြစ်သည်။ (ကျီ ဆိုသော စကားသည် ရခိုင်ဘာသာစကား ဖြစ်ပြီး မြန်မာလို  ပြီးစီးခြင်း ဟု အဓိပ္ပါယ်ရသည်) မဟာကျီဘုရား (၂၈) ဆူရှိ၏။ မဟာကျိန်ဘုရားများမှာမူ ရှေးရခိုင်ဘုရင်မင်းများလက်ထက် ရာဇဘိသေက မင်္ဂလာပွဲတော်များတွင် ဦးထိပ်ရွက်ပန်ဆင်၍ ကျမ်းသစ္စာ ကျိန်ဆိုရန် အထူးစီမံသွန်းလုပ်ထားသော ဘုရားများပင် ဖြစ်သည်။ 


 ယခုမောင်တောမြို့ မြို့မကျောင်းတော်၌ သီတင်းသုံး ကိန်းဝပ်တော်မူလျှက်ရှိသော မဟာကျန်ဘုရားမှာ ရှေးဟောင်းမဟာကျန်ဘုရားကိုးဆူ အနက် တစ်ဆူ အပါအဝင် ဖြစ်သည်။ ထိုဘုရား၏ ဉာဏ်တော်အမြင့်မှာ (၁၀) လက်မ  (၃) မတ် ဖြစ်ပြီး အနံအားဖြင့် (၉) လက်မ ရှိသည်။ မကိုဋ်တန်ဆာ အပါအဝင် စုစုပေါင်းအလေးချိန် (၂) ပိဿာ (၅၅) ကျပ်သား ရှိပါသည်။

 ထိုဘုရားအား မြို့မကျောင်းရှိ ဘုရားသိမ်တော်၌ အချိန်ပြည့် ပိတ်ထား၏။ ရပ်ခြား မြေခြားမှ ဘုရားဖူးများ ရောက်လျှင် ဆရာတော်၏ ခွင့်ပြုမိန့်ဖြင့်သာ ဖူးတွေ့ခွင့် ရကြသည်။ သို့သော် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပသည့် တန်ဆောင်မုန်း လပြည့်နေ့တွင်မူ မည်သူမဆို ဖူးတွေ့ခွင့်ရကြသည်။ ထိုပွဲတော်နေ့ နံနက်ခင်းတွင် သံဃာတော် များအား အရုဏ်ဆွမ်းကပ်လှူခြင်း ၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း ၊ ပန်း ဆီမီး အမွှေးနံ့သာများဖြင့် ပူဇော်ခြင်းများ ပြုလုပ်ကြသည်။ ညနေပိုင်းတွင် ရုပ်ပွားတော်မြတ်ကြီးအား ယာယီစံနန်းတော်၌ ကန်းဝပ်စံပါယ်လျှက် မြို့တစ်ပတ် အပူဇော်ခံ ကြွရောက်လေ၏။ ညည့်အချိန်တွင် ရိုးရာကပွဲ နှင့် စတိတ်ရှိုးများဖြင့် စည်ကားစွာ ကျင်းပ ကြလေသည်။ 

 ရှေးကျလွန်းပြီး ရခိုင်ပြည်၌ ထင်ရှား ကျော်ကြားသော မြို့မောင်တောမှ မဟာကျန်ဘုရားအား တစ်ခေါက်တခါ အရောက်လာ ဖူးရန် ဖိတ်ခေါ်ချင်ပါသည်။ နယ်စပ်ဒေသ၏ အလှတရားများနှင့် မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်ခြားမြစ်ဖြစ်သည့် နတ်မြစ်၏ သဘာဝအလှကို ကြည့်ရှုခံစားပြီး သမိုင်းဝင်ဘုရားအား ဖူးတွေ့ရန် လာရောက်ကြပါဟု တိုင်းရင်းသားညီကို မောင်နှမများအား ဖိတ်ခေါ်ချင်ပါသည်။




မောင်မေယု(ဘူးသီးတောင်)

ကိုကား - မဟာကျန် ဗုဒ္ဓရုပ်ပွားတော် ဘုရားသမိုင်း အကျဉ်းချုပ် (ဦးဉာဏ-ပိန္နဲကျောင်း)

Photo - crd

Comments