Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မဟာမုနိ ကိုယ်ပွားတော် မန္တ​လေးသို့ ရောက်/မရောက်

မဟာမုနိရုပ်ပွားတော် မန္တလေးသို့ ရောက်/မရောက်
==================================================================

မဟာမုနိအကြောင်းပါ သမိုင်းစာအုပ်များကို အနည်းအကျဉ်း လေ့လာဖတ်ရှူဖူးသူတိုင်းသည် မြတ်ဘုရားရှင်၏ ရင်ငွေ့တော်ရ မဟာမုနိ ရုပ်ပွားတော်မြတ်ကို သွန်းလုပ်မပြီးစီးမှီ သျှင်ကျော်နှင့်သျှင်ငယ် ရုပ်ပွားတော်နှစ်ဆူကို သွန်းလုပ်ဖြစ်ခဲ့ပုံကို ဖတ်ရှူသိရှိကြပါမည်။

ပထမဆုံးသွန်းလုပ်သည့် ရုပ်ပွားတော်မှာ ဘုရားရှင်၏ ကိုယ်တော်ထက်ငယ်နေ၍ `သျှင်ငယ်ဘုရား´ဟု လည်းကောင်း၊ ဒုတိယသွန်းလုပ်သည့် ရုပ်ပွားတော်မှာ ဘုရားရှင်၏ ကိုယ်တော်ထက်ကြီးနေ၍ `သျှင်ကျော်ဘုရား´ဟု လည်းကောင်း ခေါ်ဆိုပါသည်။
မဟာမုနိရုပ်ပွားတော်ကို သက္ကရာဇ်(၁၂၃)ခု ကဆုန်လပြည့်ကျော်၁ရက် ကြာသပတေးနေ့ နံနက်တွင် သွန်းလုပ်ပြီးစီသည်ကို `မှတ်ထားပါ´။

ကောဇာသက္ကရာဇ်( ၁၁၄၆)ခု ပြာသိုလဆုတ် (၇)ရက်နေ့တွင် ဘိုးတော်ဘုရင် တိုက်ခိုက်သိမ်းယူ၍ မြောက်ဦးမြို့ ကျလေသည်။ဘိုးတော်ဘုရား၏သားတော် အိမ်ရှေ့မင်းလည်း မဟာမုနိဘုရားကုန်းသို့ တက်ရောက်၍ ဖူးမြော်ခဲ့သည်။ဗမာဘုရင်၏ ရခိုင်ချီမှတ်တမ်းကို စာတမ်းပြုစုရန် `ရာမကန်ဦးတိုး´ဆိုသူလည်းပါလာခဲ့သည်။
`ရာမကန်ဦးတိုး´သည် ရခိုင်ချီမှတ်တမ်းအဖြစ် စာဖွဲ့ခဲ့သူဖြစ်သည်။

အိမ်ရှေ့မင်းလည်း မဟာမုနိဘုရား ရုပ်တုတော်အား ပင့်အံ့သောငှာ `ဗိုလ်မင်းသီရိကျော်ထင်´ကို စေတော်မူသည်။ဗိုလ်မင်းလည်း ရွှေ ငွေ ပန်းပေါက်ပေါက်တို့ဖြင့် ရှိခိုးပူဇော် ဖူးမြော်ကန်တော့ပြီးမှ ပင့်တော်မူသည်။ထိုအခါ မဟာမုနိရုပ်ပွားတော်သည် `ပုဗ္ဗန´နမိတ်ပြကာ ကိုယ်လုံးတော်မှ ချွေးထွက်ပြီးလျှင် ပေါင်တော်မှယိုစီး၍ ကျလေသည်။ဗိုလ်မင်းလည်း လုံးပတ်သုံးထွာမျှရှိသည့် ရွှေဖလားဖြင့် ခံလေလျှင် အပြည့်ရလာ၍ ဆက်မခံတော့ဘဲ အိမ်ရှေ့မင်းကို ပြလေသည်။အိမ်ရှေ့မင်းလည်း အလွန်ထိတ်လန့် ကြောက်ရွံ့ပြီး အံ့ဖွယ်သရဲဖြစ်ကာ ဘာမှမလုပ်တော့ဘဲ ခေတ္တတပ်ချ ရပ်နားနေလေသည်။

ကောဇာသက္ကရာဇ် (၁၁၄၆)ခု တပို့တွဲလဆန်း(၁၃)ရက် တနင်္ဂနွေနေ့တွင် မဟာမုနိရုပ်ပွားတော်ကို သိမ်တော်မှ ပင့်ဆောင်၍ရခဲ့သဖြင့် ဈေးချောင်းရှိ ဖောင်ပေါ်တွင် တင်ထားလေသည်။ထိုအခါ ဖောင်တော်ပြား၍(ပျက်၍) ရုပ်ပွားတော်မြတ်သည် ရေတွင်ကိန်းဝပ်လေသည်။
ထိုစဉ်အချိန်၌ ရေထဲမှ အထက်ကောင်းကင်သို့ ထန်းသီးလုံးခန့်ရှိ ပြိုးပြိုးပြက်ပြက် ရောင်ခြည်တော်များ တက်တော်မူကာ မဟာမုနိရှပ်ရှင်တော်ကို ``မမြင်ရ…ရှာမတွေ့´´ ဖြစ်လေတော့သည်။

သွေးသောက်တို့လည်း (မဟာမုနိကို ဗမာပြည်သို့ ပင့်ဆောင်ရေးလုပ်နေသည့် ရဲဘော်များ) ရာဇမင်းဒဏ် ကြီးစွာသင့်တော့မည်ကို စိုးရိမ်လျှက် မဟာမုနိရုပ်ပွားတော်ကို အခင်းဖြစ်ပွားရာ ရေထဲတွင်သာမက ကုန်းမြေများတွင်ပါ လိုက်လံရှာဖွေကြလေသည်။ထိုအခါ မဟာမုနိနှင့် အဆင်းသဏ္ဍန်တူညီသည့် `သျှင်ကျော်ဘုရား´ကို တွေ့ရှိပြီး `သျှင်ကျော်ဘုရား´ကိုသာ ဖောင်တော်ပေါ်တင်ကာ အမရပူရသို့ ပင့်ဆောင်ကြလေတော့၏။

မည်သို့ပင်ဆိုစေကာမူ `သျှင်ကျော်ဘုရား´သည်လည်း ဓညဝတီပြည်သို့ ဘုရားရှင်ရောက်ရှိနေစဉ် ကာလ၌ပင် သွန်းလုပ်စီမံခဲ့သည့် ဆင်းတုတော်တစ်ပါးသာ ဖြစ်သည့်အပြင်… မဟာမုနိကို သွန်းလောင်းမည့် ပါဝင်ပစ္စည်း ဓာတ်သဘာဝများမှာလည်း အတူတူသာ ဖြစ်ပါသဖြင့် မဟာမုနိလို တန်ခိုးမကြီး၊ဘုရား၏ရင်ငွေ့တော်မရခဲ့တောင်… အခြားသော ရှင်ဘုရင်များ၊ လူပဂ္ဂိုလ်များ သွန်းလုပ်ပူဇော်အပ်သည့် ဆင်းထုတော်များထက်တော့ တန်ခိုးအာနုဘော် ပို၍မြင့်မားမည်ကိုတော့ စိုးစဉ်မျှ သံသယမရှိဘဲ ဆည်းကပ်ပူဇော်ကြပါလေ။

`သျှင်ကျော်ဘုရား´ကို အမရပူရသို့ တောင်ကုတ်လမ်းအတိုင်း ဖောင်တော်ဖြင့် ပင့်ဆောင်ခဲ့ပါသည်။သျှင်ကျော်ဘုရားနှင့်အတူ ``ရှင်ကျော်ရွှေဘုံသာ၊မာန်အောင်မြင်(ဇလွန်)´´ ရုပ်ပွားတော်တို့နှင့် ဓာတ်တော်(၁၂)ဆူလည်း အတူပင့်ယူလာခဲ့သည်။တောင်ကုတ်သို့ ဖောင်တော်ဆိုက်ရောက်လာရာ ပင့်ဆောင်လာခဲ့သည့် ဓာတ်တော်(၁၂)ဆူကို ဌာပနာပြု၍ စေတီတည်သဖြင့် ဖောင်တော်ဦးစေတီဟု ယခုထက်တိုင် တောင်ကုတ်တွင် တည်ရှိနေပါသည်။

တောင်ကုတ်မှ အမရပူရသို့ ကုန်းလမ်းခရီးဖြင့် သွားရမည်ဖြစ်သဖြင့် အိမ်ရှေ့မင်း`မောင်ပေါ်´လည်း ဘုရားကို ဖြုတ်သင့်သည်များကို ဖြုတ်၍သယ်ဆောင်နှိင်ရန် ခွဲခြားပိုင်းဖြတ်ရလေသည်။ပိုင်းဖြတ်ထားသည့် ဘုရားကို ရထားသုံးစင်းဖြင့် သယ်ဆောင်ရာ ဆွဲငင်မရဖြစ်နေသဖြင့် တောင်ကုတ်နယ်မြေ၌ တစ်ညအိပ်ရပြန်သည်။၎င်းနေရာကို ယနေ့တိုင် ရပ်တော်မူနေရာဟု ခေါ်တွင်သည်။တောင်ကုတ်မြို့မှ မိုင်(၂၀)ဝေးကွားသည့် ရိုးမတောင်ခြေအောက်တွင် တည်ရှိသည်။

နံနက်မိုးသောက်မှ ကုန်းလမ်းအတိုင်း ပင့်ဆောင်လာရာ ပန်းတောင်းမြို့သို့ ရောက်သည်။ပန်းတောင်းတွင် ဘုရားဆင်းထုတော်ကို ပိုင်းဖြတ်ထားသည်များအား ပြန်လည်တပ်ဆင်ကာ လှေဖောင်တော်နှစ်စင်းတွဲပေါ်တွင် တင်ဆောင်တော်မူလျှက် ဧရာဝတီမြစ်ကြီးအတိုင်း အမရပူရကို ပင့်ဆောင်လာခဲ့သည်။

(၁၁၄၇ )ကဆုန်လပြည့်ကျော် (၁၂)ရက်နေ့တွင် စစ်ကိုင်းဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သည်။ကုန်း/ရေခရီး စုစုပေါင်း (၄)လကျော်ကြာသည်။
`မဟာမုနိဟု´ မှုးမတ်/ရဲမက်များက ရှင်ဘုရင်ကို လိမ်ထားခဲ့သည့် `သျှင်ကျော်ဘုရား´ကို ရှင်ဘုရင်ကိုယ်တော်တိုင် ရေထဲဆင်း၍ ဆီးကြိုပင့်ဆောင်သည်။ မောင်းထောင်ဆရာတော်၏ မိန့်ကြားချက်အရ ထိုစဉ်က မင်းနေပြည်တော်ဖြစ်သည့် `အမရပူရ´မြို့၏ အရှေ့မြောက် မန္တလေးအရပ်တွင် သိမ်ဆောက်၍ ကိုးကွယ်ကြလေသည်။

``မန္တလေးသို့ မဟာမုနိရုပ်ပွားတော်မြတ် မရောက်ရှိနှိင်သည့် ဘုရား၏ ဗျာဒိတ်တော်များနှင့် အခြားသောဖြစ်ရပ်များ´´
***********************************

(၁)။ ။ငါ၏ရုပ်ပွားတော်မြတ်သည် ရှစ်ပါးသောအံ့ဖွယ်နှင့်တကွ သာသနာတော် ငါးထောင်ပတ်လုံး တည်ရစ်မည်။

(၂)။ ။မဟာမုနိရုပ်ပွားတော်မြတ် သွန်းလုပ်ပြီးစီ၍ ပလ္လင်ထက်ဝယ် စံပါယ်ပြီးဖြစ်၍ မြတ်ဘုရားရှင် ကြည့်ရှူနှိင်ရန်အလို့ငှာ ပင့်ဖိတ်သဖြင့် ဘုရားရှင်ကြွလာတော်မူသည့်အခါ ရုပ်တုတော်သည် အသက်ဝိညာဉ်ရှိသကဲ့သို့ ခရီးဦးကြိုပြုရန် `ထအံ့သော´ အခြင်းအရာကို ပြလေသည်။ထိုအခါ ဘုရားရှင်က လက်ယာတော်ကို ဆန့်တန့်၍ ``ငါ၏ညီတော် မထလင့်´´ဟု တားတော်မူသည်။

ထို့နောက်………

(၃)။ ။ငါ့ညီတော်…ငါသည်ကား ပရိနိဗ္ဗာန်ပြုရလိမ့်မည်။ ငါ့ညီတော်သာလျှင် ငါဘုရားဖန်ဆင်းပြီးသကဲ့သို့ အထူးထူး အပြားပြားသော တန်ခိုးတို့ကိုဖြစ်စေလျှက် ငါထားတော်မူခဲ့သည့် သာသနာတော် နှစ်ငါးထောင် မကုန်သရွေ့ `တည်ရစ်ကာ´ လူ နတ် ဗြဟ္မာ သတ္တာဝါ အပေါင်းတို့၏ ရိုသေရာ ဖြစ်စေသောတည်း။

(၄) ။ ။၎င်းနောက် ငါဘုရားသည် ရှေးဘဝ၌ မာန်အောင်ကျွန်းတွင် မင်းဖြစ်စဉ်က တောင်သူကြီး၏ ခြေထောက်ပေါင်ကို ဖဲ့ခဲ့ဖူးသည့် ဝိပါတ်တော်နှင့် မင်းသားငါးယောက်တို့၏ ကျောသားကို နူတ်ခဲ့ဖူးသည့် ဝိပါတ်တော်နှစ်ပါးကို ငါ၏ကိုယ်စား ငါ့ညီခံရစ်လော့။
[ဤဝိပါတ်တော် `ခံရစ်လော့´စကားကြောင့် အိမ်ရှေ့မင်းမောင်ပေါ်က သျှင်ကျော်ဘုရားကို တောင်ကုတ်မှ ပန်းတောင်းသို့ ပင့်ဆောင်သည့်ခရီးအတွက် ပိုင်းဖြတ်ရသည်ကို ယှဉ်ထိုးစဉ်းစားရန်မလိုပါ။ဤဝိပါတ်စကားကို မဟာမုနိဆင်းထုတော်သည် ကောဇာသက္ကရာဇ် (၄၆၅)ခုမှပင် ခံပြီးပါပြီ။

ဖြစ်ပုံမှာ… ...
ရခိုင်မင်းအနွယ် လက်ယာမင်းနန်အား နန်းတင်ရန် ရောက်လာကြသည့် ပုဂံသားတို့သည် မဟာမုနိကုန်းတော်သို့ ရောက်ရှိလာကြပြီး ရွှေငွေရတနာ အတိပြီးသော မဟာမုနိရှင်တော်မြတ်ကို ဖူးတွေ့သောအခါ သဒ္ဒါမပွားဘဲ လောဘဇောသာတက်လာ၍ `ဘုရားသခင်၏ ဗျာဒိတ်စကားနှင့်အညီ ဝိပါတ်တော်ရှိသည်ဖြစ်၍ ဖိုကျင်တစ်ထောင်ထိုးကာ´ ကျောသားနှင့် ပေါင်တော်ကို ဖဲ့ယူကြပါသည်။ထိုသို့ယူပြီး လှေဖြင့်တင်၍ စုန်ဆင်းပြေးကြရာ `ရန်းဝ´သို့ရောက်က လှေများနစ်၍ သေကြကာ၊ မသေဘဲ လွတ်မြောက်သူများလည်း နူနာ၊ဝဲနာများ စွဲကြလေသည်။ဤအကြောင်းကို အဒူမင်းညို၏ ဧချင်းအပိုဒ်(၁၇)တွင်လည်း စပ်ဆိုဖော်ပြထားပါ၏။]

အထက်ပါဖော်ပြချက်များက ဘုရားရှင်၏ ဗျာဒိတ်များဖြစ်ပါသည်။

(၅)။ ။ အေဒီ(၁၀၄၄)တွင် နန်းတက်သော ပုဂံပြည့်ရှင် အနော်ရထာမင်းစောသည် ကိုယ်တိုင်ကြွရောက်လာကာ မဟာမုနိကို ပင့်တော်မူသည်။(ရခိုင်ဘုရင်၏ ခွင့်ပြုချက်များဖြင့် မိမိတိုင်းပြည်၌ ကိုကွယ်ပူဇော်ရန်နှင့် ပြည်သူများကို ဗုဒ္ဓသာသနာနှင့် ထိတွေ့မှုရှိစေရန် ခေတ္တငှားရမ်းသည့် သဘောမျိုးသာဖြစ်ပါမည်။ထိုစဉ်က ပုဂံသည် အရည်းကြီးများကိုသာ ကိုးကွယ်နေချိန်လည်း ဖြစ်နေပါသေးသည်။)
ထိုအခါ အနော်ရထာမင်းစောသည် ``ငါ့နောင်တော် မြတ်စွာဘုရားရှင်ကြွလာမှ ငါ့ကိုပင့်၍ရမည်´´ဟု အိပ်မက်မြင်သဖြင့် မပင့်ဆောင်တော့ဘဲ ပြည်တော်ပြန်ခဲ့သည်။

အထက်ဖော်ပြပါစာများသည် `ရခိုင်မဟာမုနိ ဘုရားသမိုင်း´စာအုပ်မှ ထုတ်နုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။
၎င်းစာအုပ်ကို ပြုစုခဲ့သူ စာရေးဆရာ ထွန်းရွှေခိုင် (မော်ကွန်းထိန်းဦးထွန်ရွှေ) သည်လည်း `သဗ္ဗဒါနပကာရနကျမ်းကြီး´ကို အခြေခံကာ ကိုးကားရေးသားခဲ့ပါသည်။

`သဗ္ဗဒါနပကာရနကျမ်း´သည် ရမ်းဗြဲတောင်ကျောင်း ဆရာတော်ပြုစုသည့် `ရခိုင်ရာဇဝင်သစ်ကျမ်း´၏ မှီခိုရာ ကျမ်းကြီးဖြစ်ပါသည်။
အိမ်ရှေ့စံမောင်ပေါ်နှင့် ရာမရကန်ဦးတိုးတို့ မဟာမုနိကုန်းပေါ်တက်လာ၍ ရုပ်ပွားတော်ကို ဖူးမျှော်ကြည်ညိုကြပြီးလျှင် သိလိုသည်များကို ဒေသခံရခိုင်တစ်ဦးဖြစ်သည့် ဂေါပကဦးရွှေဖြူဆိုသူအား မေးမြန်းရာ… ဦးရွှေဖြူသည် ၎င်းကျမ်းကိုရင်ဝယ်ပိုက်ကာ မဟာမုနိသမိုင်းကို ဖြေဆိုပြောပြခဲ့ခြင်း ဖြစ်ပါသည်။

Credit

Comments