Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

သေရေခတၱရာ ပ်ဴဒဂၤါးမ်ား

သေရေခတၱရာ ပ်ဴဒဂၤါးမ်ား

~~~~~~~~~~~~~~

မောင်သာ(ရှေးဟောင်းသုတေသန)

ဓာတ်ပုံ- အင်တာနက်

ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့မှ အရှေ့ဘက် ငါးမိုင်အကွာတွင်တည်ရှိသည့် သရေခေတ္တရာ မြို့ဟောင်းသည် ပျူခေတ် အထောက် အထားများစွာကို တွေ့ရှိခဲ့သည့်ထင်ရှားသော ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်ကာ ယူနက်စ်ကိုအဖွဲ့၏ ကမ္ဘာ့ အမွေအနှစ်ဒေသတစ်ခု လည်းဖြစ်သည်။ သရေခေတ္တရာကို ၁၉၀၇ ခုနှစ်တွင် ပထမဆုံးတူးဖော်မှုများ ဆောင်ရွက်ခဲ့ပြီး ရှေးဟောင်းသုတေသနဆိုင်ရာ တူး ဖော်သုသေသနပြုမှုများကို ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့ကြကာ ပျူယဉ်ကျေးမှုဆိုင်ရာ ရုပ်ဝတ္ထုများကို ဖော်ထုတ်နိုင်ခဲ့သည်။

ပျူယဉ်ကျေးမှုအထောက်အထားများအနက် ရှေးဟောင်းဒင်္ဂါးများကို ပျူမြို့ဟောင်းသုံးမြို့အပြင် မြစ်သားမြို့နယ်၊ ပင်လယ် မြို့ဟောင်း(မိုင်းမောမြို့ဟောင်း) ၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင်လည်း တွေ့ရှိခဲ့သည်။ဒင်္ဂါးများသည် တံဆိပ် ခပ်နှိပ်ထား သည့် ငွေပြားအ၀ိုင်းလေး များဖြစ်ကြပြီး ပုံသဏ္ဍာန်များက တစ်ခုနှင့် တစ်ခု ဆင်တူယိုးမှား ဖြစ်ကြသည်။ဒင်္ဂါးအများစုကို ထင်ရှား သော ပျူမြို့ဟောင်းများဖြစ်ကြသည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းမှ ရရှိခဲ့သဖြင့် ယင်းတို့ကို ပျူ ဒင်္ဂါး များဟု ယေဘုယျ အားဖြင့် သတ်မှတ်ခဲ့သည်။မြန်မာ နိုင်ငံအတွင်းတွေ့ ရှိခဲ့သည့်ပျူဒင်္ဂါးများတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက္ကသာ ရွာမှ ရရှိခဲ့ သည့် ဒင်္ဂါးများ သည် အရေအတွက် အများဆုံး ဖြစ်ပေသည်။

ပျူဒင်္ဂါးများသည် ငွေဖြင့်ပြုလုပ်ထားသည့် ဒင်္ဂါးများသာ ဖြစ်သော်လည်း ၁၉၉၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူး မြို့နယ်အတွင်းမှ ရရှိခဲ့သည့် အရွယ်စုံ ဒင်္ဂါး ၃၆ ပြားသည် သီရိဝစ္ဆ အမှတ် လက္ခဏာပါရှိသည့် ပျူခေတ်လက်ရာ ရွေဒင်္ဂါးများဖြစ်ကြ သည်။ အဖျောက်ကျေးရွာမှ ဆရာတော် ဦးတေဇ၀န္တသိဒ္ဓိသည် ရှေးဟောင်းဘုရားပြုပြင်ရာမှ ရွှေဒင်္ဂါးများနှင့် အတူ ငွေဒင်္ဂါးအကြီး ၁၀ ပြား၊အလတ် တစ်ပြားနှင့် အသေး ၂၈၈ ပြားကို တွေ့ရှိခဲ့ပြီး နိုင်ငံတော်သို့ အပ်နှံခဲ့သည်။

သရေခေတ္တရာ ပျူဒင်္ဂါးများ

သရေခေတ္တရာကို တည်ထောင်ခဲ့ချိန်တွင် ပျူဗိဿနိုးနှင့် ရခိုင် ဓည၀တီ၊ ပျူဟန်လင်းနှင့် ရခိုင်ဝေသာလီတို့သည် ခေတ် ပြိုင် မြို့ပြများဖြစ်ခဲ့ကြသည်။ပျူမြို့များနှင့် ရခိုင်မြို့များသည် ကူးလူးဆက်ဆံများရှိခဲ့ဟန်ရှိကာ ပျူဒင်္ဂါး နှစ်ချပ်ကို ၁၉၈၅ ခုနှစ်တွင် တောင်ကုပ်မြို့နယ်မှ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရှိ ရှေးဟောင်းဒင်္ဂါးများစာအုပ်တွင် ဖော်ပြထားသည်။

သရေခေတ္တရာဒေသအတွင်းမှ ရရှိခဲ့သည့် ဒင်္ဂါးများသည် တစ်ခုနှင့် တစ်ခု ပုံစံကွဲပြားနေကြကာ ယေဘုယျအားဖြင့် လေးမျိုး ခွဲခြားနိုင်ကြောင်း သိရှိရပေသည်။

သရေခေတ္တရာ ဒင်္ဂါး ပထမ တစ်မျိုး၏ မျက်နှာတွင် အတွင်း၌ ထောင်လိုက် ဇောက်ထိုးအနေအထားဖြစ်နေသည့် ခရုသင်းပုံ တစ်ခု ပါရှိသည့် သီရီဝစ္ဆ ကိုမြင်တွေ့ရသည်။သီရိဝစ္ဆ၏ ဘေးနှစ်ဘက်တွင် ဗိန္ဒုပြောက်တစ်ခုစီပါရှိသည်။ ဒင်္ဂါး၏ ကျောဘက်တွင် ဘဒ္ဒပီဌ နှင့် ဗိန္ဒုပြောက်များပါရှိပြီး ယင်းဒင်္ဂါးများကို ၁၉၂၆ -၁၉၂၇ ခုနှစ်တွင် သရေခေတ္တရာ ခင်ဘကုန်းမှ တူးဖော် ရရှိခဲ့သည်။

သရေခေတ္တရာဒင်္ဂါး ဒုတိယတစ်မျိုး၏ မျက်နှာပေါ်တွင် အတွင်း၌ စေတီလုံးတစ်ဆူပါရှိသည့် သီရိဝစ္ဆပုံပါရှိသည်။ယင်းစေတီ လုံးကို အပေါ်အောက်ဆင့်နေသည့်ဗိန္ဒုပြောက်လေးခုစီက ဘေးနှစ်ဘက်တွင် ရံထားသည်။ဒင်္ဂါးပြား၏ အပေါ်ပိုင်းယာဘက်တွင် နေ ပုံနှင့် ၀ဲဘက်တွင် လပုံ၊ ဒင်္ဂါးပြားယာဘက် အလယ်တွင်ခရုသင်းနှင့် ၀ဲဘက်အလယ်တွင်ဝရဇိန်လက်နက်တို့ပါရှိပြီး ဒင်္ဂါးပြား အောက် ပိုင်းတွင် လှိုင်းတွန့်သုံးခုပါရှိသည်။ဒင်္ဂါးပြား၏ ကျောဘက်အနားပတ်လည်ကို ဗိန္ဒုပြောက် များစီထားကာ မျက်နှာပြင်ပေါ်၌ ဘဒ္ဒပီဌ ပုံကို မြင်တွေ့ကြရသည်။ယင်းဒင်္ဂါးများကို ၁၉၁၁-၁၉၁၂ ခုနှစ်တွင် သရေခေတ္တရာ၊ဘောဘောကြီးစေတီအနီးမှ တူးဖော်ရရှိခဲ့သည်။

တတိယအမျိုးအစားဒင်္ဂါးသည် ဒုတိယ အမျိုးအစားဒင်္ဂါးနှင့် ဆင်တူသယောင်ရှိသော်လည်း သီရီဝစ္ဆအတွင်း၌ စေတီလုံး မပါရှိဘဲ အပေါ်အောက်ဆင့်နေသည့် ဗိန္ဒုပြောက် သုံးလုံးတန်း သုံးခုကို တွေ့ရှိရသည်။ဒင်္ဂါး၏ ကျောဘက်တွင် ဗိန္ဒုပြောက် အနား ပတ်လည်အတွင်း၌ ဘဒ္ဒပီဌကို ထည့်သွင်း ပြုလုပ်ထားသည်။ယင်းဒင်္ဂါးများကို ခင်ဘကုန်းအပါအ၀င် သရေခေတ္တရာ နယ်မြေမှ အများအပြားရရှိခဲ့ရာ ၁၉၁၄ ခုနှစ်တွင် သရေခေတ္တရာနယ်မြေအတွင်း မှော်ဇာ အနောက်ဘက်မှ ဒင်္ဂါး ၇၁ ပြား၊ ငါးခူ အိုင်ရွာအနီး မှ ဒင်္ဂါး ၁၁၂ ပြားရရှိခဲ့သည့် အနက် ဒုတိယ အမျိုးအစားနှင့် တတိယအမျိုးအစား ဒင်္ဂါးများပါဝင်ခဲ့သည်။

စတုတ္ထ အမျိုးအစား ဒင်္ဂါးများ၏ မျက်နှာစာပေါ်ရှိ သိရီဝစ္ဆ၏ အထက်ဝဲယာတွင် နေနှင့် လပုံရှိသည်။ ဘေးဝဲယာတွင် စကြာ ပုံနှင့် ဘဒ္ဒပီဌပါရှိပြီး အောက်ပိုင်းတွင် ဗိန္ဒုပြောက်သုံးလုံး နှင့် အထက်တွင် ဗိန္ဒုပြောက်တစ်လုံးကို ထည့်သွင်း ပြုလုပ်ထားသည်။ ကျောဘက်တွင် ဗိန္ဒုပြောက်ပတ်လည် အနားအတွင်း တက်နေ၀န်းပုံပါရှိကာ ဖြာထွက်နေသည့် ရောင်ခြည်တန်းတစ်ခုစီ အကြား၌ ဗိန္ဒုပြောက် တစ်ခုစီထည့်သွင်းထားသည်။ ယင်းဒဂါင်္းတစ်ပြားကို သရေခေတ္တရာ ခင်ဘကုန်းမှ ရရှိခဲ့ပြီး ဟန်လင်းတွင် အများ အပြား တွေ့ ရှိခဲ့ရ သဖြင့် ဟန်လင်းဒင်္ဂါးဟု လူသိများ ခဲ့သည်။

သရေခေတ္တရာမှ တွေ့ရှိခဲ့သည့် ပျူ ဒင်္ဂါးများ၏ ကျောဘက်တွင်ပါရှိသော ဘဒ္ဒပီဌ လက္ခဏာများသည် တစ်ခုနှင့် တစ်ခု မတူညီကြချေ။ပထမပုံစံ ဒင်္ဂါးတွင်ပါရှိသည့် ဘဒ္ဒပီဌသည် သေးငယ်သော စက်ဝိုင်းတစ်ခုကို အလယ်တွင်ထား၍ နှစ်ထပ်သုံးထောင့် ချွန်းနှစ်ခုကို စက်ဝိုင်း၏ အပေါ်နှင့် အောက်တွင် ထိပ်တိုက် ထားသည်။ဒုတိယ အမျိုးအစားဒင်္ဂါးတွင် အလယ်ရှိ စက်ဝန်းကို နှစ် ထပ်ပွင့်ဖတ်ပုံ သဏ္ဌာန် များဖြင့် ဆက်ထားသည်။ အပေါ် ပိုင်းရှိ သုံးထောင့်ချွန်းကို အောက်ပိုင်းရှိ ဖြန့်ထားသော ယပ်တောင်တစ်ခု နှင့် ထိပ်ချင်း ဆိုင်ထားသည့် ပုသဏ္ဌာန်ကို မြင်ကြရသည်။

တတိယ အမျိုးအစား ဒင်္ဂါးတွင် ဒင်္ဂါးအလယ် ရှိ စက်ဝိုင်းကို သုံးထောင့်ချွန်းနှစ်ခုက ထိပ်တိုက်ထားကာ ယင်းသုံး ထောင့် ချွန်းနှစ်ခု၏ အနားများသည် ဖြောင့်တန်းမနေဘဲ အနည်းငယ် ကွေးညွတ် နေကြသည်။

ဘဒ္ဒပီဌ၏ အောက်တွင် မျဉ်းကြောင်းများ ထည့်သွင်းထားရာတွင် တစ်ခုနှင့် တစ်ခု တူညီမှုမရှိချေ။ပထမအမျိုးအစား ဒင်္ဂါး၏ အောက်ခြေမျဉ်းနှစ်ခုသည် ဖြောင့်တန်းနေသော်လည်း ဒုတိယ အမျိုးအစား ဒင်္ဂါးတွင် ပါရှိသည့် မျဉ်းတို အထူ ငါးကြောင်းသည် ကွေး နေကြ ကာ စက်ဝိုင်းခြမ်းပုံ ပြုလုပ်ထားသည်။တတိယ အမျိုးအစား ဒင်္ဂါး၏ မျဉ်းများသည်လည်း အနည်းငယ်ညွတ် နေ ကြပေသည်။ စတုတ္ထ အမျိုးအစားတွင် မျဉ်းကြောင်းများမပါရှိချေ။

သရေခေတ္တရာ ပျူဒင်္ဂါးများအားလုံး၏ ကျောဘက်ကို ဒင်္ဂါး၏ အနားပတ်လည်ကို ဗိန္ဒုပြောက်များဖြင့် နှုတ်ခမ်းသတ်ထား ပြီး စတုတ္ထ ဒင်္ဂါးသည် ဗိန္ဒုပြောက် နှစ်ထပ်ပုံဖြစ်နေသည်။

ဒင်္ဂါးများ၏ ထူးခြားချက်များ

သရေခေတ္တရာ မှတွေ့ရှိခဲ့သည့် ပထမအမျိုးအစားဒင်္ဂါးတွင် သီရိဝစ္ဆအတွင်း၌ ခရုသင်းကို ဇောက်ထိုးထည့်သွင်းထားခြင်း သည် ထူးခြားချက်တစ်ရပ်ဟု ယူဆနိုင်သည်။ယင်းဒင်္ဂါးကို အရှေ့တောင်အာရှနှင့် ဝေသာလီတွင် တွေ့ရှိရသည့် ခရုသင်းပုံပါ ရှိသည့် ဒင်္ဂါးများအနက် အစောဆုံးလက်ရာ ပျူဒင်္ဂါးဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

ခရုသင်း၏အမြီးသည် လက်ဝဲဘက်သို့ ကွေးနေကာ လူတစ်ဦး လက်မ ကွေးထားပုံနှင့် တူညီနေသည်။ ဒင်္ဂါးထိပ်တွင် ပါရှိ သည့် ဥကင်သည် အပေါ်သို့ ချွန်တက်နေကာ ခရုသင်း၏ ၀ဲယာ နှစ်ဖက်ရှိ ပုံသည် နဂါး ပါးပျဉ်းဖြန့်ထားသည့် အသွင်ဖြစ်သည်။

ပါးပျဉ်းအောက်ခြေ တစ်ဖက်စီတွင်ပါရှိသည့် အလုံးပြောက်နှစ်ခုသည် နေနှင့် လကို ရည်ညွှန်းထည့်သွင်းထားခြင်းဟု ယူဆကြသည်။

ဒင်္ဂါး၏ကျောဘက်တွင် ဗိန္ဒုပြောက် ၄၅ လုံး ပါရှိပြီး ဘဒ္ဒပီဌ၏ သိမ်နေသည့် ခါးနေရာကို ဖဲကြိုးဖြင့် စည်းထားဟန်ရှိကာ ဘေးနှစ်ဘက်ရှိပုံကို အချို့ကမြွေ ပါးပျဉ်းဖြန့်ထားသည်ဟု ယူဆကြသကဲ့သို့ အချို့က ဖဲပြားလွင့်နေပုံဟု ယူဆကြသည်။ဘဒ္ဒပီဌ အပေါ်တွင်ရှိသည့် ဗိန္ဒုပြောက်ငါးခုသည် ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူမည့် ဗုဒ္ဓဘုရားရှင် ငါးဆူကို ရည်ရွယ်ခဲ့သလောဟု စဉ်းစား နိုင်ကြပေသည်။

ဒုတိယ အမျိုးအစား ဒင်္ဂါးတွင် ပါရှိသည့် သီရိဝစ္ဆပုံသည် ပထမ ဒင်္ဂါးထက်ပိုမိုပြည့်စုံသည်။သီရိဝစ္ဆထိပ်ရှိ ဥကင်ဝဲဘက်တွင် လကို ကိုယ်စားပြုသည့် ရိုးရိုးစက်ဝိုင်းတစ်ခုကိုသာ ထည့်သွင်းထားသော်လည်း ယာဘက်ရှိ နေပုံကို ဖော်ညွှန်းရာတွင် ရောင်ခြည် တန်း များဖြာထွက်နေဟန် ပုံဖော်ထားသည်။

သီရိဝစ္ဆ အလယ်ရှိ စေတီလုံးသည် သရေခေတ္တရာရှိ ဘောဘောကြီးစေတီနှင့် ပုံသဏ္ဌာန်တူညီနေကာ ဒင်္ဂါး၏ ယာဘက် တွင် ပါရှိသည့်ခရုသင်းပုံကိုလည်း ဇောက်ထိုးပြုလုပ်ထားသည်။အောက်ခြေရှိ မျဉ်းကွေးသုံးချောင်းအနက် အောက်ဆုံးမျဉ်းသည် လှိုင်းထနေသည့်ပုံဖြစ်သည်။

ဒင်္ဂါးပြား၏ ကျောဘက်အနား ပတ်လည်ကို စက်ဝိုင်းမျဉ်း နှစ်ထပ်ဖြင့် အနားသတ်ထားပြီးမျဉ်းနှစ်ထပ်ကြားတွင် ဗိန္ဒု ပြောက် များ ထည့်သွင်းထားသည်။ယင်းဒင်္ဂါး၏ ထူးခြားချက်မှာ ဘဒ္ဒပီဌ၏ အပေါ်တွင် ဗိန္ဒုပြောက်ငါးခုကို တန်းလျက်ပြုလုပ်ထားခြင်းဖြစ် သည်။ ဗိန္ဒုပြောက်များသည် အရွယ်မတူညီကြဘဲ အလယ်မှ အပြောက်သည် အကြီးဆုံးဖြစ်သည်။ဘဒ္ဒပီဌ၏ အောက်တွင် တုံးတို ငါးခုကို ဒင်္ဂါး အနားအတိုင်း ကွေးလျက် တန်းစီထားရာ လခြမ်းပက်လက်ပုံနှင့် တူနေသည်။

သရေခေတ္တရာ ပျူဒင်္ဂါးများတွင် တတိယအမျိုးအစားဒင်္ဂါးများကို အများဆုံးတွေ့ရှိရသည်။ဒင်္ဂါး၏ ရှေ့မျက်နှာသည် သီရိဝစ္ဆ အတွင်း ထည့်သွင်းထားသည့် အရာမှလွဲ၍ ဒုတိယ အမျိုးအစားနှင့် အားလုံးနီးပါးတူညီသည်။ဒုတိယ အမျိုးအစားတွင် သီရိဝစ္ဆ အတွင်း ၌ စေတီလုံးတစ်ဆူပုံကို ထည့်သွင်းထားပြီး တတိယ အမျိုးအစားတွင် ဗိန္ဒု သုံးလုံးဆင့် သုံးတန်း ထည့်သွင်းထားသည်။ စေတီတော်နေရာတွင် အလုံးကိုးလုံးကို ထည့်သွင်းထားရာ ဗုဒ္ဓဂုဏ်တော် ကိုးပါးကို ရည်ညွှန်းသလောဟု တွေးဆဖွယ်ရှိပေသည်။

ယင်းဒင်္ဂါး၏ ကျောဘက်တွင် ဗိန္ဒုပြောက် အလုံး ၅၀ ပါရှိသည်။ဘဒ္ဒပီဌ၏ အပေါ်တွင် မီးညွန့်တက်နေသည့် ဆီမီးခွက်ငါးခု ပုံကို မြင်ကြရပြီး မည်သည့် အဓိပ္ပာယ်ဆိုသည်ကို မခန့်မှန်းနိုင်ကြပါချေ။အောက်ခြေမျဉ်းနှစ်ကြောင်းသည် အောက်ဘက်သို့ အနည်း ငယ်စီကွေးနေကြသည်။

သရေခေတ္တရာတွင် တွေ့ရှိရသည့် ဒင်္ဂါးများအနက် စတုတ္ထအမျိုးအစားဖြစ်သည့် ဒင်္ဂါးများကို ဟန်လင်းတွင် အများဆုံးတွေ့ ရှိရသည်။ယင်းဒင်္ဂါး၏ ရှေ့မျက်နှာရှိ သီရိဝစ္ဆ အတွင်း၌ အစက်အပြောက် သုံးခုပါရှိကာ ယင်းအစက်သုံးခု၊ ဥကင်ထိပ်တွင်ရှိ သည့် အစက်နှင့်အောက်ဆုံးတွင်ရှိသည့် အစက်တို့သည် ထောင်လိုက်အချိုးညီစွာ ငါးလုံး တစ်တန်းတည်းတည်ရှိ နေကြသည်။ ယင်း ဒင်္ဂါးပေါ်မှ သီရိဝစ္ဆပုံသည် အခြားဒင်္ဂါးများတွင် တွေ့ရှိရသည့် သီရိဝစ္ဆပုံများနှင့် အနည်းငယ်ကွဲလွဲနေသည်။ ဒင်္ဂါး၏ကျောဘက်တွင် စက်ဝိုင်းနှစ်ထပ်အကြား၌ ဗိန္ဒုပြောက် ၄၈ လုံးပါရှိပြီး နေရောင်ခြည်တန်း ၁၄ တန်းကြား တွင် ဗိန္ဒု ပြောက် ၁၄ လုံးထည့်သွင်းထားသည်။

သိရီဝစ္ဆှ နှင့် ဘဒ္ဒပီဌ

ပျူဒင်္ဂါးများကို မျက်နှာဘက်ရှိ သိရီဝစ္ဆ၊ ကျောဘက်ရှိ ဘဒ္ဒပီဌ သို့မဟုတ် တက်နေ၀န်းပုံ အမှတ်အသားများကို အခြခံလျက်

အမျိုးအစား များခွဲခြားထားရာ သရေခေတ္တရာတွင် ဒင်္ဂါး လေးမျိုး၊ဟန်လင်းတွင် ဒင်္ဂါးသုံးမျိုးနှင့် ဗိဿနိုးတွင် ဒင်္ဂါး နှစ်မျိုးတွေ့ရှိရ ကြောင်း ဆရာကြီး ဦးမြင့်အောင်က သုံးသပ်ရေးသားခဲ့သည်။

သီရိဝစ္ဆ၏ ရှေ့ပြေး အမှတ်လက္ခဏာများကို အိန္ဒိယနိုင်ငံရှိ ဆန်ချီစေတီ တုရိုဏ်တိုင်များ၊ မိဂဒါဝုန်မှ ကျောက်ဆစ်လက် ရာများ၊ အမရ၀တီစေတီရှိ ဗုဒ္ဓခြေတော်ရာနှင့် ဂျိန်းဘာသာ အဆောက်အအုံများတွင် တွေ့ရှိနိုင်သည်။သီရိဝစ္ဆ ဟူသည့် ဝေါဟာရ သည် သက္ကတဘာသာ စကားလုံး ဂြီဝတ္တမှ ဆင်းသက်လာပြီး မြတ်နိုးဖွယ် သီရိနတ်သမီးဟု အဓိပ္ပာယ်ရှိသည်။ဗိဿနိုး နတ်မင်းက ကြင်ယာတော် လက်ခ်ျမီး နတ်သမီးကို ချစ်မြတ်နိုးလှသဖြင့် ရင်ဘတ်ပေါ်တွင်ဆွဲထားသည့် တံဆိပ်ဟု ဆိုကြသည်။

သီရိဝစ္ဆနတ်သမီးပုံသည် ခြေနှစ်ဖက်ကို ကွေး၍လက်နှစ်ဖက်ကို မြှောက်ကာ ကြော့ကြော့မော့မော့ ထိုင်နေသည့်ဟန်ဖြစ် ကာ သီရီဝစ္ဆသည် ကျက်သရေမင်္ဂလာခညောင်းသော၊ သန့်ရှင်းသော အဓိပ္ပာယ်ကို ဆောင်သည့် အမှတ်လက္ခဏာ ယူဆကြသည်။ ဗုဒ္ဓခြေတော်ရာ ၁၀၈ ကွက်တွင်ပါရှိသည့် အိမ်မွန် ဟုခေါ်ဆိုသည့် မွန်မြတ်သောနေရာသည် သီရိဝစ္ဆ အမှတ်လက္ခဏာပင်ဖြစ်သည်။

ဘဒ္ဒပီဌသည်လည်း ဗုဒ္ဓ၏ စက်လက္ခဏာ ၁၀၈ ကွက်တွင် ပါရှိကာ ပလ္လင်နှင့် ဆင်သည့် သဏ္ဌာန်ရှိသည်။ ဒေါက်တာ မစ် ချင်နာ (Dr.M Michiner) က ဘဒ္ဒပီဌကို ဟိန္ဒူ ဘုန်းကြီးများ ဓမ္မရွတ်ဆိုရာတွင် တီးသောဗုံဟု ဆိုကြောင်းနှင့် ဘဒ္ဒပီဌသည် သီဝ နတ် မင်းကြီး၏ အဆောင်အယောင်တစ်ခုဖြစ်သည့် ပလုတ်တုတ်နှင့်ဆင်ကြောင်း မြန်မာနိုင်ငံရှိ ရှေးဟောင်းဒင်္ဂါးများစာအုပ်တွင် ဖော်ပြထားသည်။

သရေခေတ္တရာမှ တွေ့ရှိရသည့် ဒင်္ဂါးများအပါအ၀င်မြန်မာနိုင်ငံအတွင်းတွေ့ရှိခဲ့သည့် ရှေးဟောင်းဒင်္ဂါးများတွင် ပြုလုပ်သည့်

ခုနှစ်သက္ကရာဇ်ကို ခပ်နှိပ်ထားခြင်းမရှိသကဲ့သို့ ကမ္ဗည်းစာ တစ်ခုခုကို ထည့်သွင်း ထားခြင်းလည်းမရှိပါချေ။ရှေးဟောင်းဒင်္ဂါးများကို ဘာသာရေးဆိုင်ရာ အဆောင်အယောင်အဖြစ် သုံးစွဲခဲ့သည် သို့ မဟုတ် ငွေကြေး အဖြစ်သုံးစွဲခဲ့သည် ဆိုသည့် အချက်ကို အခိုင် အမာ မသိရှိကြသေးပါချေ။

ပျူခေတ်ကာလတွင် ဒင်္ဂါးများကို တွေ့ရှိခဲ့ရသော်လည်း ပျူခေတ် နောက်ပိုင်းတွင် ထွန်းကားခဲ့သည့် ပုဂံခေတ်တွင် ဒင်္ဂါး

များပြုလုပ်ခဲ့သည့် အထောက်အထားများကို မတွေ့ရှိရဘဲ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက် ခရစ်နှစ် ၁၇၈၂ ခုနှစ် တွင် ကျားတံဆိပ်ဒင်္ဂါးနှင့် ငါးတံဆိပ် ဒင်္ဂါးများကိုသွန်းလုပ်ခဲ့သည်။

သရေခေတ္တရာ ဒင်္ဂါးများအပါအ၀င် ပျူခေတ်ဒင်္ဂါးများသည် ပျူယဉ်ကျေးမှုသမိုင်းဆိုင်ရာ ခိုင်မာသော အထောက်အထား များဖြစ်ကြရာ ဒင်္ဂါးများနှင့် ဆက်စပ်နေသည့် နောက်ခံ သမိုင်းအပြည့်အစုံကို သုတေသီများက ဆက်လက် သုတေသသန ပြု ဖော် ထုတ်ကြရမည်သာဖြစ်ပါပေသည်။

ကိုးကား

မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှု ဒီပလိုမာ သင်တန်းပို့ချချက်များ(ဒေါက်တာကျော်ဝင်း)

ရှေးဟောင်း မြန်မာ့မြို့တော်များ(ဦးအောင်သော်နှင့် ငါး ဦး)

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု သုတေသန(ဦးမြင့်အောင်)

မြန်မာ့ရှေးဟောင်းဒင်္ဂါးများ(ထွန်းရွှေခိုင်၊မဟာဝိဇ္ဇာ)




Comments