Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဝေသာလီ​ခေတ်​ ​ကြေးဆီမီးခွက်​များ

ဝေသာလီ​ခေတ်​ ​ကြေးဆီမီးခွက်​များ

အမျိုးသမီးရုပ်​တု ​ကြေးဆီးမီးခွက်
(အယနာ​ကောင်းမှု​တော်​)

အောက်ဖေါ်ပြပါ ဆီမီးခွက်သည် ဝေသာလီမြို့တော်ဟောင်းမှ တွေ့ရှိရသောဆီမီးခွက်ဖြစ်သည် ကြေးနီဖြင့် ထုလုပ်ထားကာ အောက်ခံခုံခြေရင်း အရုပ်မှ ဦးအစွန်းထိ ကိုးလက္မအမြင့်ရှိသည်၊

ထုလုပ်ထားသောအရုပ်မှာ မိန်းမတစ်ဦး၏ အရုပ်ဖြစ်၍ လက်နှစ်ဖက်ကို တညီတညွတ်ထဲဆန့်တန်းထားကာ လက်နှစ်ဖက်စလုံး၏ လက်ချောင်းများဖြင့် ထက်ခြမ်းခွဲထားသော ဘူးသီးပုံသဏ္ဍာန်ကြေးနီမီးခွက်ကိုကိုင်ထား၏၊

ထိုကြေးခွက်၏ ရှေးပိုင်းအစွန်ဆုံးနေရာ၌ မီးစာအစကိုတင်ထား၍ မီးဇာခြည်မျှင်ကို ခွေလျက်ကြေးခွက်၌ ထည့်ထားရန်ဖြစ်၏ ဆီမီးကိုညှိထွန်းရာ၌ အသုံးပြုသောဆီမှာ ရေနံဆီ အုန်းဆီ ကန်းကျင်ဆီ(ကညင်)စသောဆီမျိုးမဟုတ်ဘဲနွားနို့ (သို့ ) ကျွဲနို့ မှပြုလုပ်သောထောပတ် တနည်းအားဖြင့် နို့ထောပတ်ကိုအသုံးပြုရသည်ဟု သိရသည်၊

ကြေးရုပ်ကို မိန်းမပုံဖြင့် ထုလုပ်ထားပြီး ဆံထုံးကို ထိပ်၌တင်၍ ထုံးထားသော်လည်း နောက်ဖက်သို့ အနည်းငယ်လန်နေသည်ကိုတွေ့ရ၏ ကြီးသော နားရွက်ပေါ်လွင်ဖြောင့်တန်းသော နှာတန်ရှိပြီး မျက်လုံးကြီး၏၊

မျက်လွှာချထားသဖြင့် ရိုသေလေးစားသော အသွင်ကိုဆောင်ပြီး လည်ပင်း၌ ရိုးရိုးပုတီးတစ်ကုံး ဝတ်ဆင်ထားကာ လက်ကောက်ဝတ်နေရာ၌ ကျယ်ပြန့်​သောလက်ကောက်တရံဝတ်ထားပြီး ခါး၌လှပသောခါးကြိုးကို ဝတ်ဆင်ထားရာထဘိန်မှာ ခါးကိုပတ်၍ ဝတ်ဆင်ထားပြီးလျှင် တစ်ဖက်သောအစကို ပေါင်နှစ်ခုကြားမှ သွင်းယူကာ ခါးခြေပိုင်း၌ အချိုးကျကျ လှပစွာ သွယ်ချထား၏၊

ထဘိန်မှာ ဒူးဆစ်အောက်နားသို့ ရောက်ရုံမျှ ယွပြီးလျှင်အနားတလျှောက်၌ ပန်းနွယ်ပုံဖေါ်ထားသည်ကိုတွေ့ရသည် ဘုရား  တရား  သံဃာ ရတနာသုံးပါးကိုသော်၎င်း နတ်ကိုသော်၎င်း ရည်မှန်း၍ ဆီမီးတစ်ဆောင် အလင်းရောင်ဖြင့် ပူဇော်​ခြင်းသည် တခြားသောပူဇော်ြ​ခင်းထက်မြတ်၏ဟူသော ယုံကြည်ချက်ဖြင့် ရှေးပဝေသဏီခေတ်က လူတို့ သည် ဆီမီးပူဇော်ခဲ့ကြရာ ထိုရုပ်ထုက ထုံးတန်းစဉ်လာ ရိုးရာဓလေ့အသွင်ကို ဖေါ်ဆောင်လျှက်ရှိနေသည်၊

ဝေသာလီမြို့ဟောင်းနေရာ၌ တွေ့ရသော ထိုကြေးနီမီးခွက်ငယ်သည် ခရစ်သက္ကရာဇ်အေဒီ  (၃၂၀ - ၃၃၀) ၌ ဝေသာလီကျောက်လှေကားမြို့ကို တည်ထောင်တော်မူသော ဒွေင်္စန္ဒြင်း(  မဟာတိုင်းစန္ဒြမင်း) တည်ထားကိုးကွယ်သော ကျောက်တလုံးတည်းကိုဆစ်၍ ထုထားသောဝေသာလီဘုရားကြီး၏ ရှေ့ တော်မျက်မှောက်၌ အမြဲမပြတ်ထွန်းညှိထားခဲ့သော မီးခွက်ဖြစ်ဟန်လက္ခဏာရှိပေသည်၊ ဝါးခြည်မျှင်ကိုကျစ်၍ မီးဇာအဖြစ်အသုံးပြုထားပြီး  နို့ထောပတ်ကို လောင်စာအဖြစ် မကြာမကြာထည့်ပေးရသည်ဟုဆို၏၊

ခရစ် ပထမရာစုနှင့်​ ဒုတိယရာစု အိန္ဒိယပြည်တောင်ပိုင်း ရာဇဝင်၌ ဤကဲ့သို့ သောဆီမီးခွက်အကြောင်းနှင့်ပတ်သက်၍ အရေးအသားများကိုတွေ့ရခြင်းကြောင့် ထိုခေတ်၌ အိန္ဒိယပြည်တောင်ပိုင်းကို ဂရိလူမျိုး ရောမလူမျိုးတို့သည် ကုန်စည်ကူးသန်းရောင်းဝယ်ရေးအလို့ ငှာ အိန္ဒိယပြည်တောင်ပိုင်းသို့ လာရောက်ကြသဖြင့် ၄င်းတို့ကပင် လူရုပ်(အထူးသဖြင့်​) မိန်းမရုပ်ထုလုပ်ထားသော ကြေးနီမီးခွက်များကို ယူဆောင်လာခဲ့ကြသည်ဟု အချို့သော သုတေသီပညာရှင်​များက ယုံကြည်ကြ၏၊

ထိုအနောက်နိုင်ငံသားများ ယူဆောင်လာကြသည့် ဆီမီးခွက်များကို စံပြု၍ မိမိတို့ လိုရာအရုပ်ဖြင့် အိန္ဒိယပြည်တောင်ပိုင်းသားများ
က ထုလုပ်ကြသည်ဟုယုံကြည်ကြသည်၊ ဤဝေသာလီဆီမီးခွက်ကိုမူကား အိန္ဒိယပြည်တောင်ပိုင်းသားတို့ ၏ လက်ရာဟူ၍၄င်း အခြားအမျိုးအစားနှင့်​ အိန္ဒိယပြည်တောင်ပိုင်း အမျိုးအစားရောထားသောလက်ရာဟူ၍၄င်း အဆုံးအဖြတ်ပေးရန် မလွယ်ကူလှပေ၊

၎င်းဆီမီးခွက်၏ အသွင်အပြင်နှင့်ပြုလုပ်ပုံကိုကြည့်ခြင်းအား
ဖြင့် အီဂျစ်ပြည်(သို့ မဟုတ်) အက်ဆေးရီးယားပြည်မှ ပြုလုပ်သောလက်ရာနှင့်တူကြောင်း တချို့ သုတေသီတို့ က ထွက်ဆိုကြပြန်၏၊ တဖန် ထိုဆီမီးခွက်ကို ရခိုင်ပြည်၌ သွန်းလုပ်သည် (သို့ မဟုတ်) အိန္ဒိယပြည်တောင်ပိုင်းဒေသမှ လာရောက်ကြကုန်သော ကုန်သည်များကယူဆောင်လာခဲ့သည်ဟူ၍လည်း တိကျဖေါ်ပြရန်ခဲယဉ်းလှပေသည်၊

မည်သို့ ပင်ဖြစ်စေ ရခိုင်ပြည်သည် အိန္ဒိယပြည်တောင်ပိုင်းအထူးသဖြင့် သီဟိုဠ် သီရိလင်္ကာနှင့် ခရစ် ဒုတိယနှင့်တတိယရာစုကပင် ခေတ်အားဖြင့်လည်း ဓညဝတီခေတ်ဒုတိယပိုင်းကပင် ဝေသာလီခေတ် လေးမြို့ခေတ် မြောက်ဦးခေတ်အသီးသီး၌ ကူးလူးဆက်ဆံခဲ့ကြကြောင်းခိုင်လုံသော ရာဇဝင်အထောက်အထားများတွေ့ရ၏၊

သို့ ဖြစ်၍ ဤဝေသာလီဆီမီးခွက်သည် သီရိလင်္ကာမှ လာရောက်ကြသောကုန်သည်များသို့မဟုတ်ခရီးသည်များ ဆောင်ယူလာပြီးလျှင်​ ဝေသာလီဘုရားကြီး၏ ရှေ့တော်မှောက်၌ ဆီမီးပူဇော်လှူဒါန်းခဲ့သော ကြေးနီဆီမီးခွက်ဖြစ်သည်ဟုတွေးစရာဖြစ်ပေသည်၊

သို့ သော် ထိုကြေးနီမီးခွက်၏ ခုံခါးလည်အထက်ပိုင်း၌  ပုံနှင့်​ပြထားသည်အတိုင်း  အက္ခရာစာတန်းထိုးထားသည်ကို တွေ့ရ၏ ၄င်းစာတန်းကိုဖတ်ခြင်းအားဖြင့်  အယနာကောင်းမှုတော် ဟူ၍ ရိုးရိုးမျက်စိဖြင့်ပင် နားလည်နိုင်၏၊

ဆီမီးခွက်၏ ရေးထိုးထားသော အက္ခရာကို လေ့လာကြည့်မည်ဆိုလျှင် "တော်" ဟူသောစကားကို ကြည့်ခြင်းအားဖြင့် လှူဒါန်းသောပုဂ္ဂိုလ်၏ အဆင့်အတန်းကို သိနိုင်ပေသည် သာသနဝန်ထမ်းသို့မဟုတ် မင်းမျိုးမင်းဆွေထဲ၌ လှူဒါန်းသော အလှူဖြစ်ပေမည် တစ်ဖန် အက္ခရာရေးခြစ်ပုံသဘောတရားကို ကြည့်ခြင်းအား ဖြင့် ဝေသာလီနှောင်းခေတ် ခရစ်တစ်​ဆယ်ရာစု ပထမပိုင်း၌ ရေးထိုးသော အက္ခရာပုံစံမျိုးဖြစ်သည်၊

ဝေသာလီခေတ်၏ နောက်ဆုံးစန္ဒြမင်းဖြစ်သော စူဠစန္ဒြမင်းလက်ထက်ခတ်နှိပ်ထားသော ပြည်သုံးဒင်္ဂါးပါ အက္ခရာနှင့် ပုံသဏ္ဍာန်တူညီနေခြင်းကြောင့် ဝေသာလီမြို့တော်ဟောင်းနေရာမှ တူးဖေါ်တွေ့ရှိရခြင်းကြောင့်၎င်း ဤဆီမီးခွက်သည်ခရစ်  ၉၀၀ နှင့်​  ၉၅၀  စပ်ကြားဝေသာလီမြို့တော်၌ပင်သွန်းလုပ်ခဲ့သည်ဟုလည်းအယူအဆရှိပေသည်၊

ဤဆီမီးခွက်၌ ရေးထိုးထားအက္ခရာမှာ ဝေသာလီနှောင်းခေတ်၌ တွေ့ ရှိရသော အရေးအသား အက္ခရာ "ရက္ခဝဏ္ဏ" ရခိုင်အက္ခရာမျိုးဖြစ်နေခြင်းကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ သောအက္ခရာမျိုး မည်သည့်ခေတ်ကပင် စတင်ပ်ါပေါက် အသုံးပြုနေပြီဖြစ်ကြောင်း သုတေသနပြုလုပ်ရန်အတွက် လမ်းစတစ်ခုဖြစ်နေပါတော့သည်၊

ဤဆီမီးခွက်ပိုင်ရှင် ကျောက်စာဝန်ဟောင်း ဦးစံရွှေဘုကထိုခေတ်က သုတေသနအရာရှိများ မြို့​ဟောင်း  မြောက်ဦးကိုသာလေ့လာခဲ့ကြပြီး ဝေသာလီကိုချန်လှပ်ထားခဲ့သဖြင့် ရခိုင်လက်ရှိအက္ခရာစာပေသည် ဝေသာလီခေတ်ကပင် ပေါ်ထွန်းခဲ့ပြီးဖြစ်ကြောင်း မှတ်တမ်းတင်ထားခဲ့သည်သာမက သမိုင်းစာတမ်းဖတ်ပွဲ ဟောပြောပွဲများ၌ လည်းထုတ်ဖေါ်ပြောကြားခဲ့သည်ဟုသိရလေသည်၊

ယင်းကြောင့် ဤဆီမီးခွက်သည် ရခိုင်ယဉ်ကျေးမှုဖေါ်ထုတ်ရေးတွင် အရေးပါအရာရောက်သော ရှေးဟောင်းအမွေအနှစ် ပစ္စည်းတခုပင်ဖြစ်ပေသည်၊

ခရစ်  ၁၉၂၀  ခုဩဂုတ်လထုတ် မြန်မာနိုင်ငံသုတေသနဂျာနယ် အတွဲအမှတ်  ၁၀  အပိုင်း  ၂ ၌ ပါရှိသော   ဦးစံရွှေဘု ရေးသားသော ကြေးနီဆီမီးခွက်  ဆောင်းပါးကို   ကိုးကားပြုစုပါသည်။
                                                               
             ဦးအောင်ကျော်သိန်း(စိုင်းဒြား)

ဒေါ်မဇိတ်​​ကေ F​acebook Account မှကူးယူ​ဖော်​ပြပါသည်​၊

မြောက်​ဦး ​ရှေး​ဟောင်းယဉ်​​ကျေးမှုနယ်​​မြေ
Photos_Credit

Comments