ရခိုင်သား ဝေါဟာရ ကိုနားမလည်သောကျစွာမင်း

ရခိုင်သားဝေါဟာရကိုနားမလည်သောကျစွာမင်း



            ရခိုင်သားတို့သည် ရှေးပဝေသဏီ ကပင်လျှင် ဝေါဟာရ စကါးလုံး အသုံးအနှုံး အလွန် တော်တတ်သော ကြွယ်ဝသော လူမျိုးများ ဖြစ်လေသည်။ လူတယောက်၏ ကေါင်းမှု မကေါင်းမှု အပေါ် မူတည်၍ သေဆုံးသည်ကို ပြောဆိုရာတွင် အလွန်ထိရောက်လှသည်။ သေသူသည် မည်သည့် အတွက်ကြောင့် သေသည်ကို ရုပ်လုံးပေါ်အောင် ကွက်ကွက် ကွင်းကွင်း မြင်အောင် ပြောနိုင်ပေသည်။ ဥပမာ။ စန့်သည်၊ လစန့်ကြောင်သည်၊ ပြောသည်နှင့် လူဆိုး သူခိုး အယုတ် သေသည်ဟု လူအများ အလွယ်တကူ နားလည်ကြလေသည်။
        ထို့ပြင် မသာဖြစ်သည်၊ လုပ်တိုင်းသွားသည်၊ အသုဘဖြစ်သည်၊ အနိစ္စဖြစ်သည်၊ သဂြို င်္ သည်၊ မြေမြုပ်သည်၊ ခတ်နှင့်ပစ်သည်၊ ၀ဲပစ်သည်၊ မြုတ်နင်းပစ်သည်၊ တွင်းမှာထည့်သည်၊ တွင်းလုသည်၊ တွင်းမှာနင်းသည်၊ တွင်းဆုံးကျသည်၊ သေနိစေ့သည်၊ ကံကုန်သည်၊ မပြန်ခရီး သွားသည်၊ အစိမ်းသေသည်၊ အသတ်ခံရသည်၊ နတ်ရွာစံသည်၊ ပျံလွန်သည်၊ စုတေ့သည် စသည်ဖြင့် သေသူ၏ လုပ်ကိုင်ခဲ့သော အလုပ်အကိုင် နှင့် သေပုံသေနည်း၏ ဘ၀အပေါ်တွင် မူတည်၍ သေဆုံးခြင်းကို ပြောဆိုလေ့ရှိသည်။
           ထိုထက်ထူးဆန်းသော ဝေါဟာရတခုမှာ ရွှေတောင် ငွေတောင် တက်သည် ဟူသော အသုံးပင် ဖြစ်သည်။ အမိ သို့မဟုတ် ဖခင် တဦးဦး သေဆုံးသွားသည့် လူတယောက်ကို မိတ်ဆွေ တဦးက မသိ၍ မေးမြန်းသောအခါ၊ အမိ ရွှေတောင် ငွေတောင် တက်လားစော် ၁ လဟိယာ၊ ၄ ဟိယာ၊ တနှစ်ဟိယာ၊( အမိသေဆုံးသည်မှာ တလရှိပြီ၊ ၄ လရှိပြီ၊ ၊ တနှစ်ရှိပြီ၊) စသည်ဖြင့် အမိ နှင့် အဘ သေသည်ကို သာလျှင် ရွှေတောင် ငွေတောင် တက်သည် ဟူ၍ ပြောဆိုလေ့ ရှိကြသည်။ အမိနှင့်အဖ သေသည်ကိုသာလျှင် သုံးရသည် တခြားလူ အဖိုး အဖီးတို့သေသည်ကို ပင်လျှင်မပြောရ၊ မသုံးရ။ ဤရွှေတောင် ငွေတောင် တက်သည်ဟူသော စကါးလုံးသည် ရခိုင်သား တို့၏ အလွန်ရှေးကျသော ဝေါဟာရ စကါးလုံး တခုပင် ဖြစ်လေသည်။
             ရခိုင်သားတို့ ပုဂံပြည်သို့ ရောက်သွားပြီးနောက် ဤရွှေတောင်တက်သည် ဟူသော ဝေါဟာရကို ပုဂံခေတ် စူဠာမဏိ လေးမျက်နှာ ဘုရားကျောက်စာ၌ ဤသို့ရေးထါးသည်။ သကရစ် ၅၉၇ ခု အာသိန်းနှစ် နံကါလ(ရခိုင်လအခေါ်) ဆန်း ၄ ရက် ကြာသပတေးနေ့ ကျစွာမင်း ရွှေတောင်တက်ပြီ၊ ဟူ၍ နန်းစံရသည်ကို ရွှေတောင်တက်သည် ဟူ၍ရေးထါးလေသည်။ ဤကျောက်စာတခုလုံးကို လေ့လာပါက ရခိုင်ဝေါဟာရ များချည်း ဖြစ်နေသည်ကို တွေ့ရလေသည်။ ရခိုင်နှင့်ဗမာသည် ၃၅ နှစ်တာမျှ အနီးကပ် ဆက်ဆံနေထိုင် ခဲ့ကြသည့် အတွက် ရခိုင်ဝေါဟာရ အားလုံးကို နားမလည် မရရှိခဲ့ခြင်းသာဖြစ်၍ ရွှေတောင်တက်သည် ဆိုသည်မှာ လူသေသည် ဟူ၍ မယူဆဘဲ နန်းတက်ရာတွင် သာလျှင် ကျစွာမင်း သုံးစွဲရေးသားခြင်း ဖြစ်လေသည်။

Credit @U Kyaw Khine

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)

မြို့မောင်တော မှ မဟာကျန်ဘုရား