Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

တော်၀င်မင်းသားတစ်ယောက်၏ ဘဝခရီးရှည် (သို့မဟုတ်) ပေါ်တူဂီ ရေတပ်ဗိုလ်ချုပ်ဖြစ်ခဲ့သော ရခိုင်သူကောင်းမျိုးတစ်ယောက်(သို့) ဒွန်မာတင် (Dom Martin)

တော်၀င်မင်းသားတစ်ယောက်၏ ဘဝခရီးရှည် (သို့မဟုတ်) ပေါ်တူဂီ ရေတပ်ဗိုလ်ချုပ်ဖြစ်ခဲ့သော ရခိုင်သူကောင်းမျိုးတစ်ယောက်(သို့) ဒွန်မာတင် (Dom Martin)

မြန်မာသည် အစဉ်အမြဲတံခါးပိတ်နေခဲ့သည့် နိုင်ငံတစ်ခုဖြစ်ခဲ့ပါသလား……
ဤမေးခွန်းမှာ ယနေ့ခေတ်အနောက်တိုင်းလေ့လာသူများက သတိမမူမိကြသောမေးခွန်းလည်းဖြစ်သည်။နိုင်ငံခြားသားကြောက်သောရောဂါသည် အခြားသော အရှေ့တိုင်းနိုင်ငံများကဲ့သို့ပင် မြန်မာတွင်လည်းနှစ်များစွာအခြေတည်နေခဲ့သည်။တိုင်းတပါးမှ အသိအမြင်များကို ကြောက်ရွှံ့ခြင်းနှင့်အတူ ပါလာသောခေတ်နောက်ပြန်ဆွဲ ခြင်းသည် မြန်မာကိုအမြဲလိုလိုပင် ထိန်းချုပ်ထားခဲ့လေသည်။

မြန်မာသည် ယနေ့ခေတ်အခါတွင် ကမ္ဘာကြီးမှ အဆက်ပြတ်နေခဲ့သော်လည်း အမြဲတမ်းထိုသို့ဖြစ်ခဲ့သည်တော့ မဟုတ်ပါ။မြန်မာ သမိုင်းလေ့လာသူများ(နိုင်ငံခြားသားများပါ၀င်)သည် အင်း၀နန်းတွင်း အရှုပ်တော်ပုံများ သို့မဟုတ် အင်းဝဘုရင်တို့၏အောင်ပွဲများအကြောင်းကို တခုတ်တရလေ့လာခဲ့ကြသော်လည်း ဘင်္ဂလားပင်လယ်အော်၏ ကမ်းနဖူးဆီမှ ရခိုင်ထီးနန်းအကြောင်းကို မေ့လျှော့နေ ကြသကဲ့သို့ ၁၅ ရာုနှင့် ၁၆ ရာစုများတွင် မြန်မာသည် ကမ္ဘာကြီးကို စတင်တွေ့ရှိ ခဲ့သည့် ကာလများကို အမှတ်မထင် ကျော်လွှားမိနေကြသည်။မြန်မာသမိုင်း၏ ဂုဏ်ယူစရာအကောင်းဆုံး အချိန်များအဖြစ် ရခိုင်ဘုရင့်ရေတပ်မတော်သည် ပေါ်တူဂီ ဒတ်ခ်ျ စသော အနောက်နိုင်ငံရေတပ်များနှင့် စင်ပြီုင် အဆင့်အတန်းတစ်ခုတွင်ရှိခဲ့သည်။ဟံသာ၀တီ အင်ပါယာသည် အရှေ့တိုင်းလက်နက်အရောင်းအ၀ယ်၏ ၇၀ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့သည်။ထို ရာစုနှစ်များတွင် မရေမတွက်နိုင်သော အနောက်တိုင်းသား စွန့် စားရှာဖွေသူများသည် မြန်မာ ထီးနန်းများကို ကာကွယ်ပေးခဲ့ကြသည် သို့ တည်းမဟုတ် ခြိမ်းခြောက်ခဲ့ကြသည်။
ပဲခူးနှင့် မြောက်ဦးတို့သည် ဂိုအာ(Goa)၊ လစ္စဘွန်း(Lisbon) တို့နှင့် တန်းတူ ကမ္ဘာ့မြေပုံပေါ်တွင် စတင်ပါ၀င်လာခဲ့သည်။နောက်ပိုင်းတွင်မူကား မြန်မာနိုင်ငံအလယ်ပိုင်းရှိ နန်းအိမ်တော်ရာသည် ပြန်လည်အားကောင်းလာခဲ့ပြီး ရှေ့မှ အမြင်ကျယ်သော ဘုရင်များ ချ မှတ်ထားခဲ့သော ပင်လယ်မြို့တော်စီမံကိန်းများကိုစွှန့် လွှတ်ကာ မိမိကိုယ်ကို အုပ်မြို့ရီုးများအတွင်း အကျဉ်းချရင်းဖြင့် ကမ္ဘာနှင့် အဆက်ဖြတ်လိုက်ပါတော့သည်။

မြန်မာသည် ကမ္ဘာကြီးကို ထိတွေ့ခဲ့သော အဆိုပါ ရာစုနှစ်များအတွင်းက မြန်မာရာဇ၀င်တွင် ထူးထွေအံ့ရာသော အဖြစ်အပျက်များ ဖြစ်ပွားလာခဲ့သည်ဟု ဆိုလျှင် မှားနိုင်မည် မဟုတ်ပေ။ပထမ အဖြစ်အပျက်မှာ အာရှတောင်ပိုင်း၏အကြီးဆုံးအင်ပါယာသည် ကေတုမတီ ဟံသာ၀တီိ အင်အားဖြင့် ဖြစ်တည်လာခဲ့ခြင်းဖြစ်ပြီး ဒုတိယအဖြစ် အပျက်မှာ ရခိုင်ထီးနန်း၏နန်းမွေခံ မင်းသားငယ်တစ်ပါးသည် ပေါ်တူဂီတို့၏ အရှေ့ဖျားအင်ပါယာကို ကာကွယ်ခဲ့သော ရေတပ် ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။

သမိုင်းကို ပြန်၍နောက်ပြန်ကြည့်ရလျှင် မဟာဘုရင့်နောင်၏မြေး အင်း၀ဘုရင် အနောက်ဖက်လွန်မင်း(မဟာဓမ္မရာဇာ)(AD 1605-28)သည်  1613 တွင် သန်လျင်ရှိ ပေါ်တူဂီခြေကုပ်စခန်းကို အလုံးအရင်းနှင့်ဖြိုခွင်းပြီး ပေါ်တူဂီလူရမ်းကား ငဇင်ကာ (Filip de Brito) နှင့် ကြံရာပါ နတ်သျှင်နောင်တို့ကို အဆုံးစီရင်ခဲ့ပြီး  နောက်လိုက်နောက်ပါတို့အား သစ္စာပေးကာ  ရွှေဘို ၊ ခင်ဦးနယ်သို့ပြောင်းရွေ့နေရာချကာ အမှုတော်ထမ်းစေခဲ့သည်။အနောက်ဖက်လွန် မင်းသည် အင်အား အမြင့်ဆုံးသို့ရောက်နေသော ရခိုင်မင်းနိုင်ငံကို ၀င်ရောက်တိုက်ခိုက်မှု မပြူခဲ့ပေ။သို့သော် ရခိုင်ဘုရင့်အင်ပါယာကို ဆက်ခံရေးအတွက် အက်ကြောင်းများမျာ အလိုလိုထင်ဟပ်နေခဲ့ပြီးလည်းဖြစ်သည်။

မြောက်ဦးသည် မင်းဘာဘုရင်(AD 1493-1554) လကိထက်တွင် အင်အားကောင်းလာခဲ့ပြီး ဘင်္ဂလားနယ်များကိုရရှိခဲ့သည်။ထိုခေတ်မှာပင် အာရှသို့ထိုးဖောက်လာသော ပေါ်တူဂီ။ဒတ်ခ်ျ စသော အနောက်နိုင်ငံများနှင့် ဆက်သွယ်မိပြီး သင်္ဘောတည်ဆောက်ရေးအတက်ပညာများအပြင်  မီးပေါက်လက်နက်များကိုင်တွယ်ပစ်ခတ်ခြင်းအတက်များကိုပါ မြင့်မားစွာတက်မြောက်ခဲ့ကြသည်။ပင်ကိုသဘာ၀ကပင် ရခိုင်တို့သည် ပင်လယ်နှင့် အကျွမ်းတ၀င် ဖြစ်ခဲ့ကြသူများဖြစ်ရာ အမြောက်များစွာတပ်ဆင်ထားသော ပင်လယ်ကူးရွက်သင်္ဘောများကို ပိုင်ဆိုင်လာသည့်အခါ ဘင်္ဂလားပင်လယ်အော်၏အရှင်သခင်များဖြစ်လာခဲ့သည်။ပေါ်တူဂီ ပင်လယ်ဓါးပြများ  ကြေးစားစစ်သည်များကို ဒီယင်င်္ဂါ(Dianga)တွင်နေရာ ချထားခဲ့ပြီး ရခိုင်မင်းနိုင်ငံအား မဂိုအင်ပါယာ(Mughal Empire)၏ရန်မှ ကာကွယ်ခဲ့ကြသည်။ထိုနေရာချထားမှုသည်ပင် ရခိုင်တို့အား ရာစုနှစ် တစ်ခုလုံးတွင် ကျွန်ကုန်ကူးသူများနှင့် ပင်လယ်ဓါးပြများအဖြစ် နာမည် ပျက်စေခဲ့လေသည်။AD 1660 ခုနှစ်များတွင်  မဂိုအင်ပါယာသို့ရောက်ရှိခဲ့သော ပြင်သစ်ခရီးသွားတစ်ဦးဖြစ်သည့် Frncois  Bernierကမှတ်တမ်းတင်ခဲ့ရာတွင် ရာပေါင်းများစွာသောရခိုင်နှင့်ပေါ်တူဂီပင်လယ်ဓါးပြများသည် ဂင်္ဂါမြစ်၀ကျွန်းပေါ်ဒေသကိုနစ်စဉ်စီးနင်းတိုက်ခိုက်ကာ ကျွန်ကုန်ကူးလေ့ရှိကြကြောင်းဖော်ပြထားသည်။မြောက်ဦး မင်းပိုင်းစိုးပိုင်းအထိပါ၀င်သော အဆိုပါကျွန်ကုန်သွယ်ရေးသည် ပေါ်တူဂီပိုင်ဘရာဇီးမှသည် ဒတ်ခ်ျအရှေ့အိန္ဒိယကျွန်းများအထိကျယ်ပြန့်ခဲ့သည်။

ရခိုင်ထီးနန်းသည် အခြားသော အာရှထီးနန်းများကဲ့သို့ပင် ထီးနန်းဆက်ခံရေးစနစ် ရေရေရာရာမရှိခဲ့ပါ၊အင်ပါယာ၏တနေ့တခြား ကြွယ်၀လာမှုသည် မင်းညီမင်းသားများအတွက် မက်မောလောက်ဖွယ်ရာ အခြေအနေတရပ်ဖြစ်လာခဲ့သည်။အနောက်ဖက်လွန်မင်းက အရှေ့ဘက်မှ ရခိုင်အကောက်စခန်းများကို သိမ်းယူထားသော်လည်း ရခိုင်တို့၏ စစ်တကောင်းမှ မုတ္တမပင်လယ်အထိစိုးမိုးထားမှုကို မချိုးဖြတ်နိုင်ခဲ့ပါ။ ထိုအချိန်တွင် ရခိုင်အင်ပါယာကိုမြောက်ဦးမင်းများ ထဲတွင် စွမ်းအားအထက်ဆုံးမင်းဖြစ်သော မင်းရာဇာကြီး (AD 1557 -1612)က အုပ်စိုးနေချိန်ဖြစ်သည်။မင်းရာဇာကြီးတွင် သားနှစ်ယောက်ရှိရာ သားတော်အကြီး မင်းခမောင်းကို သူ၏အင်ပါယာကို ဆက်ခံစေရန် ရည်မှန်းထားပြီး သားတော်အငယ် မင်းမာန်ကြီးကို ရခိုင်၏ရှေ့ကာနယ်ဖြစ်သော စစ်တကောင်း(Chittagong)ကို အုပ်ချုပ်စေခဲ့သည်။

မင်းမာန်ကြီး သည် နောင်တော်အိမ်ရှေ့မင်း မင်းခမောင်း၏ အင်ပါယာကို မျက်စိကျလာခဲ့သည် ၊သူအုပ်ချုပ်နေသည်မှာ စစ်တကောင်းဖြစ်ပြီး ပေါ်တူဂီ လူဆိုးများကို လက် ကိုင်ရထားသည့်နေရာဖြစ်ငည်။ ထို့ကြောင့် နောင်တော်၏ ထီးနန်းကိုလုယူရန် ဒီယင်င်္ဂါတွင် ခြေကုပ်ရနေကြသော ပေါ်တူဂီတို့နှင့်ပူးပေါင်းလေတော့သည်။ရခိုင်ဘုရင့်ရေတပ်မတော်အတွက် တိုက်ခိုက်ပေးခဲ့သော်လည်း ပင်လယ်ဓါးပြများကိုနှိမ်နင်းရန် မင်းခမောင်းကအမိန့်ထုတ်လိုက်သဖြင့် ဘက်ပြောင်းသွားသော ပင်လယ်ဓါးပြများ၏ခေါင်းဆောင်  ဆီဘတ်စတိယန်ဂွန်ဇာလက်ခ်တီဘော်( Sebastian Gonzalves Tibao )သည် ရခိုင်ပိုင် ဘင်္ဂလားပင်လယ်တွင်းရှိ ဆန်ဒွစ်ကျွန်း ( Sanduip)ကို သိမ်းယူကာအခိုင်အခန့်နေနေသည်။ထိုသူက အခွင့်ကောင်းယူကာ လက်နက် လူသူ အကူပေးပါမည်ဟု စစ်တကောင်းစားသို့ စကားကမ်းလှမ်းလေသည်။တီဘော်၏သားနှင့် စစ်တကောင်းစား၏သမီးတို့ကို ပေါ်တူဂီမင်းခမ်းမင်းနားဖြင့် လက်ထပ်ပေးလိုက်သည်။ 

စစ်တကောင်းစားနှင့်တီဘော်တို့ပေါင်းပြီး ခမည်းတော်နှင့်နောင်တော်အား ပုန်ကန်ရာ မအောင်မြင်ချေ။မင်းရာဇာကြီးက မင်းခမောင်းကို အလုံးအရင်းများစွာပေး၍ တိုက်ခိုက်စေရာ  စစ်တကောင်းစား ကျည်သင့်ကာ ကျဆုံးသွားသည်။။ တီဘော်လည်း ရခိုင်တပ်တို့ကို မခုခံနိုင်၍ပြေးသည်။(တီဘော်သည် မင်းခမောင်းဘုရင်ဖြစ်သည့် အထိ ဘင်္ဂလားပင်လယ်အော်အတွင်းမှ ရခိုင် အကျိုးစီးပွားကို လုယက်ဖျက်ဆီးနေခဲ့ပါသေးသည်၊) တီဘော်သည် ခရစ်ယန်ဘုန်းကြီး ရယ်ဖယ် (Father Rafel) အား စစ်တကောင်းစား၏ လူမမယ်သားတော်နှင့်သမီးတော်တို့အား ကယ်ယူပြီး ခရစ်ယန်ဘာသာသွင်းရန် အပ်နှံသည်။ဤတွင် လူမမယ်သားတော်နှင့် သမီးတော်တို့အား ခေါ်ဆောင်မွေးစားပြီး ခရစ်ယန်ဘာသာသွင်းလိုက်သည် ။

ယင်းနောက် ရခိုင်မင်းနွယ် ကလေးနှစ်ဦးကို ဟူဂလီ( Hugli)(ဒီယင်င်္ဂါနှင့် မျက်နှာချင်းဆိုင်တွင်တည်ရှိသော အစိုးရမရှိသည့် ပေါ်တူဂီ ပင်လယ်ဓါးပြမြို့)သိ့ု့ပိုလိုက်ပြီး စိန့်နီကိုလပ် ( St.Nicholas) သီလရှင်ကျောင်းသို့ အပ်နှံကာ ကြီးပြင်းလာသည်အထိ ခရစ်ယန်သာသနာပြုတို့က ကျွေးမွေး စောင့်ရှောက် ပညာသင်ကြားကြသည်။ လူမမယ်ကလေးငယ်များဖြစ်သည့်အတွက်  ဘုရင်ဂျီဘာသာဝင်များ ဖြစ်လာရုံမက ရခိုင်ဇာတိလုံးဝပျောက်သွားပြီး ပေါ်တူဂီစိတ်ပေါက်ကာ ပေါ်တူဂီမင်းညီမင်းသားအသွင်ဆောင်လာကြသည်။သမီးတော်ကို ပေါ်တူဂီလူကုံထန် အိမ်ထောင်စုကမွေးစားလိုက်ပြီး သားတော်ကို ဂိုအာ( Gao) ရှိ ပေါ်တူဂီဘုရင်ခံက မွေးစားသည် ။၊ဒတ်ခ်ျ အင်္ဂလိပ်စသော ကိုလိုနီလက်သစ်နိုင်ငံများပေါ်ပေါက်လာသောကြောင့် ကျဆင်းနေသော ပေါ်တူဂီတို့၏ အရှိန်အ)ါကို မြှင့်တင်ရန်အတွက် အခွင့်သာ သောအခါ ရခိုင်မင်းသားငယ်အား ထီးနန်းကို အရယူခိုင်းပြီးရခိုင်တပြည်လုံးအား ပေါ်တူဂီသြဇာခံ ဖြစ်လာစေရန် ဘုရင်ခံက ရည်မှန်းခဲ့လေသည် ။

အိုက်ဘေးရီးယန်းကျွန်းဆွယ်(Iberian Peninsula)(ပေါ်တူဂီ စပိန်)၏ လူမှုနိုင်ငံရေးတွင် ကက်သလစ်ကျောင်းတော်၏ အခန်းကဏ္ဍသည် ကြီးမားစွာပါ၀င်နေပြီးလည်းဖြစ်ပါသည်။ စစ်တိုက်ခိုက်ခြင်းမှ အစ မည်သည့်နေရာတွင်မဆို ခရစ်ယာန်ကျောင်းတော်မပါပဲ မဆောင်ရွက်နိုင်ပါ။ထို တန်ခိုးသြဇာကြီးသော ဘုရင်ဂျီဘုန်းကြီးတို့ကလည်း ရခိုင်ပြည်ကြီး ပေါ်တူဂီသြဇာခံဖြစ်လာပါက တပြည်လုံးကို ခရစ်ယန်ဘာသာသို့သွတ်သွင်းခွင့်ရမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြသည်။ဂိုအာဘုရင်ခံသည် ငွေအား၊လူအားနှင့်ကူညီထောက်ပံ့ပေးသည်။ 

နှစ်များ ကုန်လွန်သွားပြီးနောက်တွင် ရခိုင်မင်းသားငယ်လေးသည် သာသနာပြုဘုန်းကြီး ဖာသာအန်တိုနီယိုဒီဆန်ဗင်းဆင့်( Father Antoniodesan Vincente ) ၏ သင်ကြားမှုဖြင့် ပေါ်တူဂီသူကောင်းမျိုးဇာတ်၀င် ပေါ်တူဂီလူငယ်သူရဲကောင်းပကတိဖြစ်လာခဲ့သည်။၁၆၁၉ခုနှစ်  ၏တစ်ခုသောတနင်္ဂနွေနေ့တွင် ဟူဂလီရှိပေါ်တူဂီမင်းပေါင်းစုံညီရှေ့တွင် မင်းခမ်းမင်းနားကျင်းပကာ ရခိုင်မင်းသားကို ဒွန်မာတင် ( Dom Martin ) အမည်ဖြင့်လည်းကောင်း ၊ ရခိုင်မင်းသမီးကို ပထရိုနီလာ ( Petronila) အမည်ဖြင့်လည်းကောင်း ပေါ်တူဂီမင်းသား ၊ မင်းသမီးအဖြစ်သို့ ရောက်သွားကြသည်။

ထို့နောက် ဒွန်မာတင်ကို ပေါ်တူဂီတို့၏အာရှမြို့တော် ဂိုအာ ( Gao ) သို့ပို့ပြီး ဟော်မွတ် ( Hormuz) ပင်လယ် ရေလက်ကြား ရှိ ပေါ်တူဂီစခန်းကိုကွပ်ကွဲရသော စစ်ဗိုလ်ကြီး ဖရယ်ရေဒီအင်ဒရာဒါ (Captain Freirede Andrada ) ၏ ရေတပ်တွင် တပ်သားအဖြစ် အမှုထမ်းစေကာ စစ်ပညာများသင်ယူစေသည်။ ဒွန်မာတင်သည် ပါရှန်ပင်လယ်ကွေ့ရှိ ပေါ်တူဂီ ဘုရင့်ရေတပ်မတော်တွင် လေးနှစ်ကြာအမှုထမ်းရာတွင် အာရပ် ပင်လယ်ဓါးပြများနှင့် အသေအကြေတိုက်ခိုက်ခဲ့ရပြီး မြန်မာပီပီ သူရသတ္တိနှင့်တိုက်ခိုက်ရေးတွင် အလွန်တရာ ထူးချွန် ပြောင်မြောက်လှသောကြောင့် ပေါ်တူဂီစစ်ဗိုလ်မှူးလောကတွင် သူရဲကောင်းလူငယ်တစ်ဦးဟု ကျော်ကြားလာခဲ့လေသည်။

AD 1627တွင် မလက္ကာပင်လယ်ရေလက်ကြား ( Malacca Strait) ၌ ပေါ်တူဂီတို့၏အခြေအနေမှာ အလွန်ဆိုးဝါးနေခဲ့သည်။အင်အားကောင်းသောအချေးဆူလတန်မင်း  ( Sultanate of Aceh ) ပေါ်တူဂီပိုင် မလက္ကာ ကိုတိုက်ခိုက်လာသောကြောင့် ကာကွယ်ရေးအတွက် အပူတပြင်း အင်အား ဖြည့်နေကြရာ အသက် ၂၁ နှစ်အရွယ် မင်းသားဒွန်မာတင်ကို ပေါ်တူဂီ ဘုရင်ခံချုပ်  ဒွန်လူး၀စ်စ်ဒီဘရစ်တို (Dom Luis de Brito )က ဗိုလ်မှူးရာထူးပေးပြီး မလက္ကာသို့စေလွှတ်သည် ။ တိုက်သင်္ဘော ၃၀ ကို ကွပ်ကဲရသော ဒွန်ဖရစ်စစ်စကိုကွန်တိဟိုနိုဒဲလ်ဆင် ( Dom Fracisco Countinodel Sem )၏ရေတပ်တွင် ချီတက်လိုက်ပါသွားပြီးရန်သူအင်အားစုကို စွမ်းစွမ်းတမံတိုက်ခိုက်ရာ ဒွန်မာတင်၏အောင်ပွဲဖြစ်ခဲ့ပြီး ဒဏ်ရာပင်ရခဲ့သေးသည်။။ ဒဏ်ရာမှ နာလန်ပြန်ထရန်အတွက် ဗိုလ်မှူးကြီး ဒွန်အယ်လ်ဗရက်ခ်ဘီတီးလို ( Dom Alvarez Bltello ) ၏ ရေတပ်တွင် ပြောင်းရွှေ့အမှုထမ်းလေသည် ။

AD 1629 ခုနှစ်မှ စကာပေါ်တူဂီတို့ ၏ အာရှသည် ယိမ်းယိုင်စပြုလာခဲ့သည်။ ဒတ်ခ်ျတို့က မလက္ကာကိုတိုက်ရိုက်ခြိမ်းခြောက်လာခဲ့ပြီး ဒေသခံအချေးများနှင့် လည်း ပြသနာမပြေလည်ခဲ့ပါ၊ ထိုအချိန်တွင် ဒွန်မာတင်သည် ဒုတိယအကြိမ် အချေးတပ်များနှင့် ရင်ဆိုင်တိုက်ပွဲတွင်လည်းကောင်း ၊ ၁၆၃၀ ပြည့်နှစ်တွင် စင်ကာပူရေလက်ကြား၌ အင်္ဂလိပ် ဒတ်ခ်ျတို့၏ပူပေါင်းရေတပ်ကို လက်တစ်ဆုပ်စာပေါ်တူဂီရေတပ်က အန်တုခဲ့သော တိုက်ပွဲစဉ်များတွင်လည်းကောင်း ရဲစွမ်းပြပြီး အောင်ပွဲများရပြန်သည်။ 

AD 1640 ပြည့်နှစ်များတွင်မူ သူသည် အသက် ၃၄ နှစ်ပင်ရှိခဲ့လေပြီ၊ ပေါ်တူဂီရေတပ်ဗိုလ်အဖြစ် အမှုထမ်းသက် သက်သက်ချည်းပင်လျှင် ဆယ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ထိုကာလများအတွင်း  ပါရှား၊သီရိလင်္ကာနှင့် အိန္ဒိယသမုဒ္ဒရာတဝိုက်တွင်လည်းကောင်း၊ဟော်မွတ်မှသည် ဂျကာတာအထိလည်းကောင်း ပင်လယ်ပြင်တလျှောက် ကာကွယ်ရေး၊ တိုက်ခိုက်ရေးတွင် ပေါ်တူဂီအင်ပါယာ၏ အမှုတော်ကို သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့လေသည်။ဤအတိုင်း ဆက်၍ကုန်ဆုံးသွားမည်ဆိုလျှင် သူသည် အာရှရှိပေါ်တူဂီရေတပ် အားလုံးကိုအုပ်ချုပ်ရသူတစ်ယောက်အဖြစ် မလွဲမသွေ ဖြစ်လာမည်ဖြစ်ပြီး နောက်ဆုံးတစ်နေ့တွင် Estado da India ၏ဘုရင်ခံချုပ်ပင်ဖြစ်လာနိုင်လေသည်။သို့သော် သူကိုယ်တိုင်ပင် သိကောင်းမှသိမည်ဖြစ်သော သူ၏ရခိုင်တော်၀င်သွေးသည် တိုက်ပွဲများတွင် ပျော်နေသည့် ပေါ်တူဂီရေတပ်ဗိုလ်မှုးသူရဲကောင်းတစ်ယောက်ကို အာရှထီးနန်းအရှုပ်တော်ပုံတစ်ခုထဲသို့ ဆွဲသွင်းခဲ့ပါတော့သည်။

သူ၏ကံကြမ္မာကို တမျိုးတဖုံပြောင်းလဲသွားစေသော ဖြစ်ရပ်များပေါ်ပေါက်လာပုံမှာကား  ရခိုင်ပြည်၌ AD 1645တွင် မင်းခမောင်း၏သားတော် (ဒွန်မာတင်၏ညီအစ်ကို) သီရိသုဓမ္မရာဇာမင်းကို  အမတ်ကြီး ကုသလနှင့်မိဖုရားနတ်ရှင်မယ်တို့ကလုပ်ကြံခဲ့သည်။ကုသလသည်နရပတိကြီးဘွဲ့ခံသည်။တစ်ဆက်တည်းပင် ပေါ်တူဂီနိုင်ငံတွင် ၁၅၈၁ ခုနှစ်မှစ၍ ကြီးစိုးခဲ့သော စပိန်မင်းဆက် ကျဆင်းသွားပြီး AD1640 စတုတ္ထမြောက်ဂျွန် (John IV) မင်းမှစ၍ ပေါ်တူဂီမင်းဆက် ပြန်လည်ကြီးစိုးလာသည် ။ စပိန်မင်းဆက်များ လက်ထက်တွင် ယိမ်းယိုင်ကျဆင်းလာနေသော အရှေ့ကမ္ဘာရှိ ပေါ်တူဂီတို့၏ တန်ခိုးအာဏာကို ပြန်လည်တည် ဆောက်ရန် ပေါ်တူဂီမင်းမျိုးတို့ ပြန်လည် စိုင်းပြင်းလာကြလေသည်။မလက္ကာကို လက်လွှတ်လိုက် ရပြီးနောက် ပေါ်တူဂီတို့အနေနှင့် အင်ဒိုချိုင်းနားကျွှန်းဆွယ်ပေါ်တွင် ခြေကုပ်စခန်းတစ်ခု မဖြစ်မနေလိုအပ်နေလေသည်။ဤသို့ ကမ္ဘာ့အခြေအနေနှင့် ရခိုင်ပြည်တွင်းရေး ပြောင်းလည်းနေခိုက်တွင် ဒွန်မာတင်ကို ပေါ်တူဂီသူကောင်းမျိုးများ  ပြန်လည်သတိရလာကြသည်။ပေါ်တူဂီမင်းအကူအညီဖြင့် ဒွန်မာတင်ကိုသူ၏စစ်မှန်သော အရိုက်အရာဖြစ်သည့်  ရခိုင်ထီးနန်းပေါ်သို့ တင်ပေးနိုင်ပါက ပေါ်တူဂီတို့ လိုအပ်နေသောသော ခြေကုပ်စခန်း ပြသနာပြေလည်သွားမည်ဖြစ်ရာ ထိုအတိုင်း  ကြံစည်လေသည်။

AD 1642 ခုနှစ်တွင် အသက် ၃၆ နှစ်အရွယ် ဒွန်မာတင်ကို ပေါ်တူဂီထီးနန်းက ဆင့်ခေါ်လိုက်ရာ ဂွပ်ဟုတ်အငူ ( Cape of Goodhope ) မှ ပတ်သော ပင်လယ်ရေကြောင်း ခရီးဖြင့်ပေါ်တူဂီမြို့တော် လစ္စဘွန်း ( Lisbon ) သို့ရောက်လာသည်။ ခရစ်ယန် ဘုန်းတော်ကြီး ဖာသာကွန်တီနို ( Father Countino ) အပါအဝင် သာသနာပြုမိတ်ဆွေဟောင်း ၊ မိတ်ဆွေသစ် တို့မှတဆင့်ပေါ်တူဂီဘုရင် ဂျွန်နှင့်နီးစပ်သော သူကောင်းမျိုးမင်းညီမင်းသားများနှင့် ဒွန်မာတင် ဆက်သွယ်မိလေသည်။ ဘုရင်၏ ဆွေတော်မျိုးတော်ထဲမှသြဇာရှိမင်းသားကြီး အယ်လင်ကပ်စတြာ ( John of Alencastre ) သည် ရခိုင်မင်းသား ဒွန်မာတင်၏အရေးတွင် မိမိပါ ကြီးပွါးနိုင်မည်လမ်း မြင်သဖြင့် ငွေအားဖြင့် ထောက်ပံ့ကူညီလေသည် ။

ဒွန်မာတင်အား ဂျွန်ဘုရင်ရှေ့မှောက်သို့သွင်း၍ ခစားရာ၌ လိုအပ်သော မင်းညီမင်းသား အဝတ်အစား အဆောင်အယောင် ၊ အခမ်းအနား ၊ နောက်လိုက်ရွေတော် ၊ ကျွေးကျွန်များအတွက် ကုန်ကျ စရိတ်တို့ကို သူကပင် အရင်းစိုက်ထားလိုက်သည်။ခရစ်ယန်ဘုန်းကြီးဖာသာကွန်တီနို၏ အဆက်အသွယ်ဖြင့် ဒွန်မာတင်သည် ဂျွန်ဘုရင်ထံ ခစားခွင့် ရပြီး ရခိုင်ထီးနန်းပြန်ရယူရေးကိစ္စကိုတင်ပြရာ ဂျွန်ဘုရင်သည် ရခိုင်မင်းသား ဒွန်မာတင်အပေါ် ကြည်ဖြူ သနားသည့်အပြင်(သူကိုယ်တိုင်သည်လည်း စပိန်မင်းများကို တော်လှန်ခဲ့ရသည်) အရှေ့ကမ္ဘာခြမ်းရှိ ပေါ်တူဂီတန်ခိုးအာဏာပြန်လည်ထူထောင်ရေးတွင် ရခိုင်ပြည်နှင်တကွ ဒွန်မာတင်မင်းသားကို အသုံးချနိုင်သည့်လာဘ်ကို မြင်သောကြောင့် ဒွန်မာတင်အာ လိုသမျှအကူအညီကို ပေးမည်ဟု ကတိပေးလိုက်သည် ။

AD 1642 ခု ၏ပင်လယ်ခရီးထွက်ရန် သင့်လျော်သောအချိန်တွင် ဂျွန်ဘုရင်ချီးမြှင့်ကူညီလိုက်သော ငွေအား ၊ လူအား ၊ လက်နက်အင်အား ၊ သင်္ဘောအင်အား အပြည့်အစုံနှင့် ဒွန်မာတင်သည် ပင်လယ်ခရီးမှ ရခိုင်ပြည်သို့ ထီးနန်းပြန်သိမ်းယူရန် ချီခဲ့သည်။ သို့သော် ကံတရားသည် လှလှပပ ပြောင်းလဲလိုက်သည်။တိုက်ပွဲပေါင်းများစွာကို အနိုင်တိုက်ခဲ့ပြီး သေမင်းကိုလက်တလုံးခြားရှောင်လွှဲနိုင်ခဲ့သော ရေတပ်သူရဲကောင်း ဒွန်မာတင်သည် ပင်လယ်ခရီးတွင် ပြင်းထန်စွာဖျားနာပြီး ဆေးကုမရသဖြင့် ကံကုန်သွားရှာသည် ။သူ၏အလောင်းကို သူတရား၀င်ပိုင်ဆိုင်ရရှိရမည်ဖြစ်သော ရခိုင်ထီးနန်း၏မျက်နှာချင်းဆိုင်  ထိစပ်နေသည့် ဘင်္ဂလားပင်လယ်အော်တွင်မြုပ်နှံခဲ့သည်။သူ၏ရေတပ်ကြီင်္းမှာမူ ဂိုအာသို့တပ်ပြန်ခေါက်သွားခဲ့ပါလေတော့သည်။

မြန်မာသည် ဤအလှမ်းဝေးသောကမ္ဘာကြီးတွင် မည်သည့်အခါမှ ဝေးကွာခဲ့ခြင်း မရှိသည်ကြို အထက်ပါလွမ်းမောဖွယ် အဖြစ်အပျက်လေးက သက်သေခံနေခဲ့ပါသည်။ဤဖြစ်ရပ်သည် မြန်မာမြေပေါ်တွင် ခြေကုပ်ရရန်ကျြိုးစားခဲ့သော အနောက်တိုင်းအင်အားစုတစ်ခု၏အဆုံးအရှံးလည်း ဖြစ်ခဲ့ပါသည်။ 

 ရခိုင်ထီးနန်းကိုတောင်းဆိုခဲ့သော နောက်ဆုံးမြောက်ဦးမင်းဆက်မင်းသား၊မြန်မာကဲ့သို့ပင်လယ်ကိုကြောက်ရွှံ့သောနိုင်ငံတစ်ခု၏ရာဇ၀င်တွင်သော ရေတပ်စစ်သား ဒွန်မာတင်သာ မကွယ်လွန်ခဲ့ပါလျှင် ရခိုင်ရာဇဝင်နှင့်ခေတ်ပြိုင် မြန်မာတစ်ခုလုံး၏သမိုင်းသည် တမျိုးတဖုံ ပြောင်းလဲသွားနိုင်ပါသတည်း ။ ။

(#စာကြွင်း ၊ နောင်တစ်ချိန်တွင် တိုးတက်လာမည့် မြန်မာရုပ်ရှင်လောကသည် ဒွန်မာတင်၏ စွန့်စားခန်းများနှင့် ဘ၀အကြောင်းကို ရုပ်ရှင်အဖြစ်တင်ဆက်နိုင်ပါစေဟု ဆန္ဒပြုအပ်ပါသည်)

#Ref : 
Portuguese in India by Danvers
ရခိုင်သမိုင်းမိတ်ဆက်(ဒေါက်တာအေးချမ်း)
ရွှေပြည်ရခိုင်(ဖိုးကျော့)
Portuguese Empire in Asia by Sanjay Subrahmanyam
Arakan, Min Yazagyi and Portuguese:the relationship between the growth of  Arakanese imperial power and Portuguese mercenaries on the fringe of mainland Southeast Asia 1517-1617 (Thesis for MA  in Ohio University,1993)by Michael Charney 
Studies in Dutch relation with  Arakan by D.G.E. Hall
သုတဇုန် စာမျက်နှာ

#လေးစားစွာဖြင့်
#Mg Mg Kyaw





Comments