Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်



ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်
===========================
ရခိုင်လူမျိုးတို့တွင် ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ ရှိခဲ့ပြီး ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့သည် လူမျိုးကွဲ၊ လူမျိုးခြားများနှင့် လက်ထပ်ခြင်းကို ရှောင်ရှားလေ့ ရှိကြသည်။ ရမ္မာဝတီ ရခိုင်သူ၊ ရခိုင်သားများမှာလည်း ထိုနည်းတူစွာပင် မြန်မာနိုင်ငံအနှံ့ စီးပွားရှာ လုပ်ကိုင်နေကြသော်လည်း အိမ်ထောင်ပြုသည့်အခါ မိမိတို့ ရခိုင်သူ ရခိုင်သားအချင်းချင်း သော်လည်းကောင်း၊ မိမိတို့၏ အရပ်ဒေသသို့ပြန်လာ၍ ဒေသခံ များနှင့် သော်လည်းကောင်း၊ အိမ်ထောင်ပြု ထိမ်းမြားလေ့ရှိကြပါသည်။ 
သို့ဖြစ်၍ ယနေ့ထက်တိုင် ရခိုင် ဟူ၍ လူမျိုးတစ်မျိုးအဖြစ် ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် မားမားမတ်မတ် ရပ်တည်နိုင်ခြင်း ဖြစ်လေသည်။ ယဉ်ကျေးမှုပျောက်က လူမျိုးပါ ပျောက်မည်ဖြစ်၍ လူမျိုးမပျောက်အောင် ရခိုင်သားတိုင်း ယဉ်ကျေးမှုဓလေ့ထုံးစံများကို သမိုင်းပေးတာဝန်တစ်ရပ် အနေဖြင့် ထိန်းသိမ်းထားရပေမည်။ 
ယခုခေတ်တွင် လူထုဆက်သွယ်ရေး လျှင်မြန်လာခြင်းကြောင့် ကမ္ဘာနှင့်အ၀ှမ်း လက်လှမ်း မီလာနိုင်သော်လည်း တစ်ဖက်တွင်မူ ယဉ်ကျေးမှု လွှမ်းမိုးမှုကိုပါ ခံလာရပေသည်။ ၀တ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှု၊ ဆွေမျိုးအချင်းချင်း ခေါ်ဝေါ်ပုံတို့မှာ ရိုးမ အရှေ့ခြမ်းမှ သာမက၊ ကမ္ဘာ့ အနောက်ခြမ်းမှပါ ကူးစက်လာပေသည်။ အခေါ်အဝေါ်များမှာလည်း ဒက်ဒီ၊ မာမီ၊ အန်တီ၊ အန်ကယ် တို့ပါ ရောက်နေကြပြီ။ ခေတ်ဆန်လို၍ ခေါ်ခြင်းဖြစ်သလို မည်သို့ တော်စပ် ခေါ်ဝေါ်ရမည်ကို မသိ၍လည်း ဖြစ်ပေမည်။ မည်သို့ တော်စပ် ခေါ်ဝေါ်ရမည်ကို သိသူဦးရေမှာလည်း လျော့နည်းလာပြီ ဖြစ်သည်။ ရခိုင်လူမျိုးတို့၏ မိသားစု ဆွေမျိုး တော်စပ် ခေါ်ဝေါ်ကြပုံမှာ ဗမာနှင့် မတူညီဘဲ လုံးဝ ခြားနားသည်များ ရှိပါသည်။ ရခိုင်လူမျိုးတို့၏ မိသားစု ဆွေမျိုး တော်စပ် ခေါ်ဝေါ်ကြပုံကို လက်လှမ်းတမီ တင်ပြပါမည်။ 
သားသမီးများက မိဘများကို ခေါ်ဝေါ်ပုံ
----------------------------------------------
သား-သမီး များက ဖခင်ကို ဘားဘာ၊ ဘာဘာ၊ ပါပါ၊ အဘာ၊ အဖ၊ အဖသျှင် စသည်ဖြင့် ခေါ်ကြပြီး မိခင်ကို အီးယောင်၊ အီးယေ၊ အမိ၊ အမင်၊ အမိသျှင်၊ မေမေ စသည်ဖြင့် ခေါ်ကြပါသည်။ ယခုအခါ အီးယောင်၊ ဘားဘာ နေရာတွင် ဖေဖေ၊ မေမေ သာမကဘဲ ဒက်ဒီ၊ မာမီ တို့ပါ ၀င်ရောက်နေရာယူလာနေကြပြီဖြစ်သည်။ 


ဖခင်၏ အစ်မ၊ ညီမ နှင့် မိခင်၏ အစ်ကို၊ မောင် တို့ကို အလိုအလျှောက် ယောက္ခမ (အရီး၊ ဦးရီး) တော်စပ်ပါသည်။ သို့ဖြစ်၍ ဖခင်၏ အစ်မ၊ ညီမ (သို့မဟုတ်) မိခင်၏ အစ်ကို၊ မောင် တို့မှ ပေါက်ဖွားလာသည့် သာသမီးများနှင့် ( Cross Cousin ) သမီးမျောက်သား တော်စပ်ပြီး ထိမ်းမြား လက်ထပ်နိုင်ပါသည်။ သိဒ္ဓတ္ထ မင်းသားနှင့် ယသော်ဓယာ မင်းသမီး တို့သည်လည်း သမီးမျောက်သား တော်စပ်ကြပါသည်။ ဗမာ မှာကဲ့သို့ မောင်နှမ မတော်စပ်ချေ။ သို့ဖြစ်၍ အစ်ကို၊ အစ်မ မခေါ်ရချေ။ 
ငယ်သူက ကြီးသူကို (ကျားအချင်းချင်း) ယောက်ဖကြီး၊ ယောက်ဖ၊ ဖဖ.. စသည်ဖြင့်လည်းကောင်း၊ (ကျား က မ-ကို) မရီးကြီး၊ မရီးချေ၊ မရီး၊ (မ-က ကျားကို) ခဲအို၊ ခအို၊ အို့အို စသည်ဖြင့်လည်းကောင်း၊ (မ အချင်းချင်း) ရောက်မကြီး၊ ရောက်မ၊ ရောက်မချေ.. စသည်ဖြင့်လည်းကောင်း ခေါ်ဝေါ်ကြရပါသည်။ ကြီးသူက ငယ်သူကို ဟာလူ၊ ခယ်မ၊ မတ်ချေ.. စသည်ဖြင့် ခေါ်ကြပါသည်။
ထိုမှဆင်းသက်လာသည့် သားစဉ်မြေးဆက်တွင်လည်း သမီးယောက်ဖက မွေးလာသည့် သားသမီးများ (သို့) သမီးရောက်မက မွေးဖွားလာသည့် သားသမီးများသည်လည်း သမီးမျောက်သား တော်စပ်ပါသည်။ မောင်နှမ တော်လေ့မရှိပါ။ အကြောင်းမူ ယောက်ဖ၏ ဇနီးကို အစ်မတော်ပြီး ရောက်မ၏ ခင်ပွန်းကို အစ်ကို တော်ခြင်းကြောင့် ဖြစ်သည်။ 
မရီးနှင့်မတ်၊ ခဲအိုနှင့်ခယ်မ မှ မွေးလာသည့် သားသမီးများမှာမူ ညီအစ်ကို-မောင်နှမ သာ တော်စပ်ကြပါသည်။ အကြောင်းမူ မရီး၏ခင်ပွန်းကို အစ်ကို၊ ခဲအို၏ဇနီးကို အစ်မ တော်စပ်၍ ဖြစ်သည်။
ဖခင်၏ အစ်ကို (သို့) ညီ မှ မွေးလာသည့်သားသမီးများ၊ မိခင်၏ အစ်မ(သို့)ညီမ မှမွေးလာသည့် သားသမီးများ (Parallel Cousin) သည် ညီအစ်ကို မောင်နှမ ပင် တော်စပ်ကြပါသည်။ သို့ဖြစ်၍ မောင်နှမ ထိမ်းမြားခြင်း မရှိပါ။ တစ်ဝမ်းကွဲသာမကဘဲ နှစ်ဆင့်၊ သုံးဆင့် မည်မျှပင် သွေးဝေးစေကာမူ ဖခင်ချင်း ညီအစ်ကို၊ မိခင်ချင်း ညီအစ်မ တော်စပ်ပါက သားကမီးများသည်လည်း ညီအစ်ကို၊ မောင်နှမ သာတော်စပ်၍ လက်ထပ်ခွင့် မရှိပါ။ 
ညီအစ်ကို မောင်နှမများ ခေါ်ဝေါ်ကြပုံ
-----------------------------------------------
မိသားစု တစ်ခုတည်းတွင်ဖြစ်စေ၊ ညီအစ်ကို မောင်နှမ တော်စပ်သူများပင်ဖြစ်စေ ညီ-က အစ်ကိုကို အစ်ကိုကြီး၊ ကိုကြီး၊ ဂိုးဂို၊ ဂိုးချေ၊ ကိုလတ်၊ ကိုချေ..စသည်ဖြင့် ကြီးငယ်လိုက်ပြီး ခေါ်ကြသည်။ ညီမ-က အစ်ကိုကို မောင်းမောင်ကြီး၊ မောင်းမောင်၊ မောင်းမောင်ချေ စသည်ဖြင့်ခေါ်ကြသည်။ အစ်မ-ကို မောင် နှင့် ညီမ တို့က မေးမေကြီး၊ မေးမေ၊ မေးမေချေ၊ အစ်မ၊ မမကြီး၊ မမ..စသည်ဖြင့်ခေါ်ကြပါသည်။ အစ်မ အကြီးဆုံးကို ညီ၊ ညီမ များက ဦးဝေ ဟုလည်းခေါ်ကြပါသည်။ 
မြေးများက အဖိုး-အဘောင် ကိုခေါ်ဝေါ်ကြပုံ
-----------------------------------------------------
မြေးများက အဖိုးကို- ဖိုးဖိုး၊ အဖိုး၊ ဖိုးဖို၊ အဖိုးယေ၊ အဖိုးရှင် ဟုခေါ်ကြပြီး အဖိုး၏ အစ်ကိုများ ညီများကို ကြီးငယ် လိုက်၍ ဖိုးဖိုကြီး၊ အဖိုးကြီး၊ အဖိုးလတ်၊ အဖိုးချေ စသည်ဖြင့်ခေါ်ကြပါသည်။ အဘောင်ကို ဒိုးဒို၊ အဘောင်၊ ဘောင်ဘောင်၊ အဘောင်ရှင် စသည်ဖြင့် ခေါ်ကြပြီး အဘောင်၏ အစ်မ ညီမ များကို ဒိုးဒိုကြီး၊ အဘောင်ကြီး၊ ဒိုးဒိုချေ၊ အဘောင်ချေ စသည်ဖြင့်ခေါ်ကြပါသည်။ 
ဆွေမျိုးအဆင့် ပြောင်းပြန် ခေါ်ကြခြင်း
---------------------------------------------
မိခင်ဘက်မှ အဖိုး၏ ညီ၊ ညီမ တို့ကို မိခင်က ဘေးချေ၊ အရီးချေ ခေါ်ရမည်ဖြစ်သော်လည်း ထိုသူတို့သည် မိခင်ထက် အသက်ငယ်နေပါက ထိုသူတို့ကပင် မိခင်ကို အရီးချေ ပြန်ခေါ်ကြရပါသည်။ ထိုအခါ သားသမီးများက အဖိုးချေ၊ အဘောင်ချေ (ခေါ်သည်လည်းရှိ၏) ခေါ်မည့်အစား (မိခင်ကို အရီးချေ ခေါ်သဖြင့်) ယောက်ဖ၊ ခဲအို၊ ရောက်မ၊ မရီး.. စသည်ဖြင့် ပြန်ခေါ်ကြသည်များလည်း ရှိပါသည်။ 
ထို့အတူပင် ဖခင်ဘက်မှ အဘောင်၏ မောင်၊ ညီမ တို့သည် ဖခင်ထက် အသက်ငယ်နေပါက ဖခင်ကို မင်းချေ ပြန်ခေါ်သဖြင့် သားသမီးများက ယောက်ဖ၊ ခဲအို၊ ရောက်မ၊ မရီး.. စသည်ဖြင့် ပြန်ခေါ်ကြပါသည်။ မိခင်ဘက်မှ အဘောင်၏ မောင်နှင့် ညီမ တို့က (မိခင်ထက် အသက်ငယ်၍) မိခင်ကို ယေးချေဟု လည်းကောင်း၊ ဖခင်ဘက်မှ အဖိုး၏ ညီ နှင့် ညီမတို့က (ဖခင်ထက် အသက်ငယ်၍) ဖခင်ကို ဘေးချေဟု လည်းကောင်း၊ ပြန်ခေါ်ကြသဖြင့် သား-သမီးများက အဖိုးချေ၊ အဘောင်ချေ အစား အစ်ကို၊ အစ်မ ပြန်ခေါ် တတ်ကြပါသည်။ 
ဆွေမျိုး မတော်စပ်သူများကို ခေါ်ဝေါ်ခြင်း
----------------------------------------------------
ရခိုင်ဓလေ့အရ ဆွေမျိုးမတော်စပ်သူများနှင့်တွေ့လျှင် ရွယ်တူဖြစ်ပါက အစ်ကို-အစ်မ ခေါ်ကြပါသည်။ အဖိုး၊ အဘောင်အရွယ်ကို အဖိုး- အဘောင် ခေါ်ကြပါသည်။ မိဘ အရွယ်ကို မူ ကြီးငယ်ကို ခန့်မှန်းကာ ဘကြီး၊ ဘေးဘေ၊ ကြီးကြီး၊ ယေးယေ သာ ခေါ်လေ့ရှိပါသည်။ အမျိုးသားကို ဖခင်၏ ညီ-အစ်ကို၊ အမျိုးသမီးကို မိခင်၏ အစ်မ- ညီမ ဟု သဘောထားကာ ခေါ်ခြင်း ဖြစ်ပါသည်။ 
ရခိုင်ဓလေ့၌ လူစိမ်းများကို ဦးလေး၊ အဒေါ်၊ အရီး ခေါ်လေ့ မရှိခဲ့ပေ။ ဦးလေး၊ အရီး ဟူသည်မှာ ရခိုင်ဓလေ့အရ ၀ရီး နှင့် အရီး ကိုခေါ်ခြင်းဖြစ်ရာ သူတို့အား ခေါ်သူက ယောက္ခမ တော်စပ်ပြီး ဖြစ်နေသည်။ အခေါ်ခံရသူများက ယောက္ခမ အခေါ်ခံရခြင်းဖြစ်ရာ (သမီး-သား အပေးခံရ၍) ခံယူလိုမှု မရှိမရှိခဲ့ကြချေ။ သို့သော် ယခုအခါ ကြားဖန်များ၍ ယဉ် ဆိုသလို လူစိမ်းများကို ဦးလေး၊ အရီး ခေါ်ခြင်းမှာ အတန်ပင် ရင်းနှီး ယဉ်ပါး နေပြီ ဖြစ်ပါသည်။ ခေါ်သူကလည်း ခေါ်လေ့ရှိလာသလို အခေါ်ခံရသူကလည်း ရိုးလာသည့် သဘောပင် ဖြစ်လာသည်။ နောင်မကြာသော အချိန်ကာလ တစ်ခုအတွင်း ဘကြီး၊ ဘေးဘေ၊ ကြီးကြီး၊ ယေးယေ ခေါ်သည့် နေရာတွင် ဦးလေး၊ အရီး က အပြည့်အ၀ ၀င်ရောက်နေရာယူ လာတော့မည်ကို တွေ့နေရပါသည်။ 
အမည်မှည့်ခေါ်သည့် ဓလေ့
---------------------------------
ရခိုင်လူမျိုးတို့တွင် ကချင်တို့ကဲ့သို့ အယ်လ်- အမ်မ်၊ ရှမ်းတို့ကဲ့သို့ စိုင်း-နန်း၊ မွန်တို့ကဲ့သို့ နိုင်-မိ၊ စသည်ဖြင့် အမည်ရှေ့တွင် သီးခြား စကားလုံး မရှိသော်လည်း ရခိုင် အမည်မှာ ကြားရုံဖြင့် သီးခြားပေါ်လွင် ထင်ရှားနေပေသည်။ အများအားဖြင့် အမည် သုံးလုံး ပေးလေ့ရှိပါသည်။ သားဦး၊ သမီးဦး တို့၏ အမည်များတွင် “ဦး” ထည့်ထည့်၍ ပေးလေ့ရှိပါသည်။ ထို “ဦး” သည်အမည်ရှေ့တွင် အသက်၊ ဂုဏ် အရ တပ်သည့် “ဦး” နှင့် မဆိုင်ပေ။ သို့ဖြစ်ရာ ဦးဦးသာထွန်း၊ ဒေါ်ဦးခင်လှ၊ ထွန်းဦးခိုင်၊ ကျော်ထွန်းဦး၊ နှင်းပန်းဦး တို့မှာ မိသားစုတစ်စု၏ သားဦး သမီးဦးဖြစ်ကြောင်း အလွယ်တကူ သိနိုင်၏။ အငယ်ဆုံးကိုမူ “ထွီး” ထည့်၍ ထွီးလှအောင်၊ ထွီးချေ၊ မထွီးနု၊ မေထွီးယေ.. စသည်ဖြင့် ပေးလေ့ရှိကြပါသည်။ 
အမည်ရွေးသည့် အခါလည်း အမည်တစ်လုံးချင်း၏ ပညတ် ကောင်းမွန်သည့် ကျော်၊ ကြီး၊ စံ၊ ဇံ၊ ထွန်း၊ နိုင်၊ မြင့်၊ မြတ်၊ ဖြူ၊ တိုး၊ သာ၊ ရွှေ၊ ရွှီ၊ အောင်၊ လှ၊ သိန်း၊ သန်း ..စသည့် နာမများကို သုံးလေ့များသည်ကို တွေ့ရပါသည်။ 
အမည်ပေးပုံ
----------------
အမည်ပေးပုံနှင့် ပတ်သက်၍ ဗေဒင်နည်းစနစ်အရ ပေးသလို ဗေဒင်နည်းမပါဘဲ အမည်လှရုံ၊ ပညတ်ကောင်းရုံ ပေးသည်လည်းရှိကြပါသည်။ ရခိုင်ရိုးရာဗေဒင်၊ မြန်မာ့ဗေဒင်ကျမ်း အများစုတို့မှာ အိန္ဒိယမှ မြစ်ဖျားခံလာခဲ့ခြင်းဖြစ်ရာ ရခိုင်နည်း၊ မြန်မာနည်း အငြင်းပွားစရာမရှိပေ။ အမည်ပေးရာတွင် မဟာဘုတ်၊ အင်္ဂ၀ိဇ္ဇာ၊ ဆန်းကျမ်းနည်း အရပေးခြင်း၊ မူလဇာတာအရ စန်းသခင်၊ လဂ်သခင်၊ ၁၀ တန့်သခင်၊ ယောဂကာရကဂြိုဟ်တို့ဖြင့် ပေးခြင်း စသည့် နည်းပေါင်းများစွာ ရှိလေသည်။ နည်းစုံအောင် လိုက်လျှင်လည်း နာမည်တစ်လုံး ရွေး၍ ရတော့မည် မဟုတ်ပေ။ 
အမည်ပေးသည့်အခါ တနင်္ဂနွေ(၁) အ နှင့် သရအက္ခရာများ၊ တနင်္လာ(၂) က၊ ခ၊ ဂ၊ ဃ၊ င၊ အင်္ဂါ(၃) စ၊ ဆ၊ ဇ၊ ဈ၊ ည … စသည့် နေ့ နံ အက္ခရာတို့ကို အခြေခံပါသည်။ ဤ နေ့နံအရ အင်္ဂ၀ိဇ္ဇာနည်း “ဆပွတ်” တိုင်ကိုအခြေခံသည့် အသုံးများသော အမည်ပေးနည်း တစ်နည်းကို တင်ပြပါမည်။ 
ဆ ပွတ်-ဆိုသည်မှာ နေ့တစ်နေ့မှ စ၍ရေတွက်လျှင် ဆဋ္ဌမမြောက်ကို ဆိုပါသည်။ သို့ဖြစ်ရာ တနင်္ဂနွေ၏ ဆပွတ် (၁-နွေ မှ စရေလျှင် ခြောက်နေ့မြောက်) သောကြာ၊ သောကြာ၏ ဆပွတ် ဗုဒ္ဓဟူး(ဗုဒ္ဓ)၊ ဗုဒ္ဓဟူး၏ဆပွတ် တနင်္လာ(စနြေ္ဒာ)… စသည်ဖြင့် သူရဇ္ဇ(၁-နွေ)၊ သောကြ၊ ဗုဒ္ဓ၊ စနြေ္ဒာ၊ သောရီ၊ ဂုရု၊ ဘောမ၊ (ကိန်းအားဖြင့် ၁၊ ၆၊ ၄၊ ၂၊ ၀၊ ၅၊ ၃) အစီအစဉ်ကို ရရှိပါသည်။ ဤ အစီအစဉ် အတိုင်း မွေးနံကို အလယ်ထားကာ အထက်တစ်လုံး၊ အောက်တစ်လုံး ရေးသွားခြင်းဖြင့် ဆပွတ် တိုင်ကို ရရှိပါသည်။ ဥပမာ- တနင်္ဂနွေ အတွက် အောက်ပါတိုင်ကို ရရှိပါသည်။ ၄င်းတိုင်အရ အမြစ်၊ အထွန်း၊ အညွန့် .. စသည်တို့ကို သိနိုင်ပါသည်။ 



ရမ္မာဝတီနယ်မှ ရှေးလူကြီးသူမများ အမည်ပေးလေ့ရှိသည့် နည်းတစ်နည်းမှာ မွေးနံကို အလယ်ထားကာ အမြစ်ဖြင့် အစပြု၍ အညွန့်ဖြင့် ဆုံးသည့် နည်းဖြစ်ကြောင်းသိရပါသည်။ သစ်ပင် တစ်ပင်ပုံစံအဖြစ် တည်ဆောက်ပုံဖြစ်ကြောင်း တွေ့ရပါသည်။ ဤ နည်းအရ- 
- ၁-နွေ သားကို စနေနံ၊ ၁-နွေနံ၊ ၂-လာနံ တို့ဖြင့် ထွန်းအောင်ကျော်၊ တင်အောင်ခိုင်၊ နှင်းဦးခိုင်၊
- ၂-လာ သားသမီးကို-( ၁-နွေ၊ ၂-လာ၊ ၃-ဂါ ဖြင့်) အောင်ကျော်ဇံ၊ အောင်ခိုင်စံ၊ အေးခင်စော၊
- ၃-ဂါ သားသမီး ကို -(၂-လာ၊ ၃-ဂါ၊ ၄-ဟူး ဖြင့်) ကျော်စံရွှီ၊ ကျော်စိန်လှ၊ ခိုင်စံလှ၊
- ၄-ဟူး သားသမီး ကို - (၃-ဂါ၊ ၄-ဟူး၊ ၅-တေး ဖြင့်) စံရွှေမြ၊ စံဝင်းဖြူ၊ စိန်လှမောင်၊
- ၅-တေး သားသမီး ကို -(၄-ဟူး၊ ၅-တေး၊ ၆-ကြာဖြင့် ) ရွှေဘော်သာ၊ ၀င်းမေသူ၊ လှဖြူသန်၊
- ၆-ကြာ သားသမီး ကို -(၅-တေး၊ ၆-ကြာ၊စနေဖြင့်) ဘိုးသာထွန်း၊ မြသိန်းနု၊ မောင်သာနု၊
- စနေ သားသမီး ကို -(၆-ကြာ၊စနေ၊၁-နွေ ဖြင့်) သိန်းထွန်းအောင်၊ သာထွန်းအေး၊ သိန်းနုအေး .. စသည်ဖြင့် မှည့်ခေါ်ကြသည်ကို တွေ့နိုင်ပါသည်။ 
နောက်တစ်နည်းမှာမူ မွေးနံကို အစထားကာ အထွန်း၊ အညွန့်၊ အဓိပတိ၊ တွဲ၍ဖြစ်စေ၊ မွေးနံ၊ အညွန့်၊ အဓိပတိ(ပဉ္စပွတ်) တွဲ၍ဖြစ်စေ ပေးလေ့ရှိပါသည်။ ဆပွတ် တိုင်၏ အပေါ်တွင်ရှိသည့် နေ့၊ နံ များဖြင့် ပေးကြသည်ကို တွေ့ရပါသည်။ ဥပမာ- ၁-နွေ အတွက် အောင်ကျော်ဖြူ၊ အေးခိုင်ဖြူ၊ ၂-လာ အတွက်၊ ၂-လာ၊ ၃-ဂါ၊ ၆-ကြာ(မွေးနံ- အညွန့်- အဓိပတိဖြင့်) ကျော်ဇံသာ၊ ခိုင်စံသာ၊ ၃-ဂါအတွက်- စံရွှေထွန်း၊ စိန်လှတင်၊ ၄-ဟူးအတွက် ရွှေဘော်ဦး စသည်ဖြင့် ပေးကြသည်ကို တွေ့ရပါသည်။ 
လောကီပညာ၏ အချုပ်ဖြစ်သော ဆန်းနည်းအရ အမည်ကို ဂရုသံ၊ လဟုသံ၊ ဒီဃ၊ ရဿ သံတို- သံရှည်ခွဲပြီး ဆန်းဂိုဏ်းရွေးခြင်း၊ ဂိုဏ်းစောင့်နက္ခတ်အရ ဥပါဒ်၊ မိတ္တု၊ ကာန ကင်းစေပြီး အမြိတ္တ၊ လာဘ၊ သိဒ္ဓိ၊ ၀ရ တစ်ခုခုရအောင် ရွေးခြင်းတို့ကိုမူ ကျွမ်းကျင်သည့် ပညာရှင် များနှင့် တိုင်ပင်သင့်ပါသည်။ 
ဤကဲ့သို့ မိမိတို့ ကိုယ်ပိုင် ဓလေ့များ ရှိခဲ့သော်လည်း လူမျိုးတစ်မျိုးနှင့်တစ်မျိုး ရင်းနှီး နီးကပ်စွာ ဆက်ဆံ နေထိုင် လာကြသည့်အခါ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ရောယှက်မြဲပင်ဖြစ်ပါသည်။ တစ်ခုက တစ်ခုကို လွှမ်းမိုးသွားသည်လည်း ရှိပါသည်။ မဆီလျော်၊ မအပ်စပ်သည့် ဓလေ့ စရိုက်များကို မကူးစက် မပြန့်ပွားရအောင် ကာကွယ် တားဆီးရန် လူတိုင်းတွင် တာဝန်ရှိနေသည်။ မိမိတို့ ဓလေ့ထုံးစံများထဲ တွင်လည်း မပျောက်ကွယ်သင့်သည်ကို မပျောက်ကွယ်ရအောင် ဆက်လက် ထိန်းသိမ်းရန်မှာ ရမ္မာဝတီသူ ရမ္မာဝတီသားများ အပါအ၀င် ရခိုင်သားတိုင်း၏ တာဝန်တစ်ရပ်ဖြစ်ကြောင်း သတိမူကြစေရန် တင်ပြလိုက်ရပေသည်။
အောင်သန်းမြင့်
( ရမ္မာဝတီမဂ္ဂဇင်း အမှတ် - ၃ ၊ ၁၉၉၅၊ စာ - ၇၄ မှ ၇၇ ) ကို မှတ်တမ်းတင် ဖော်ပြပါသည်။ note ကို status တွင် ပြန်တင်ခြင်း။