Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဘုရားပေါ် ဘုရားကြီး ရုပ်ပွားတော်မြတ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဘုရားပေါ် ဘုရားကြီး ရုပ်ပွားတော်မြတ်
 
 ဘုရားပေါ်ဘုရားမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ထင်ရှားသော ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရား တစ်ဆူဖြစ်ပါသည်။ထို့ကြောင့် ဘုရားကြီးအား ဒေသတွင်းနှင့် ကမ္ဘာလှည့်ခရီးသွားများသာမက မြန်မာပြည် မြောက်ဖျားပိုင်းမှ ဘုရားဖူးများပါ လာရောက် ဖူးမြော်ကြလျက်ရှိပါသည်။

ဘုရားပေါ်ဘုရားဆင်းတုတော်ကြီးမှာ မြောက်ဦးမြို့အနီးရှိ ပြင်စျေးချောင်းထဲမှတွေ့ရှိကာ ပင့်ဆောင်ကိုး ကွယ်ခဲ့ကြခြင်းဖြစ်ပြီး ဘုရား၏သမိုင်းမှာလည်း အထူးစိတ်ဝင်စားစရာ ကောင်းလှသည့်အတွက် ဤဆောင်း ပါးအား ရေးသား တင်ပြရခြင်းဖြစ်ပါ၏။ ဤရုပ်ပွားတော်ကြီးမှာ မြောက်ဦးခေတ်၌ ထင်ရှားသော ဘုရင်မင်း ရာဇာကြီး၏ကောင်းမှုတော်ဖြစ်ပြီး ခရစ်သက္ကရာဇ် ၁ဝ၆၃ ခုနှစ်တွင် ရေထဲမှပင့်ဆောင် ကိုးကွယ်ခဲ့ခြင်းဖြစ် သည်။

ဘုရားကြီးမှာ ကုလားကျောင်းအောက်ခံနှင့် တည်ထားသောစေတီတော် ဂန္ဓကုဋီတိုက်အတွင်း ကိန်းဝပ်စံပယ်လျက်ရှိကာ ဥာဏ်တော် ၁၂ ပေ၊ သုံး လက်မ ရှိသော ဆင်းတုတော်ကြီးလည်းဖြစ်ပါသည်။ ထိုအချိန် မတိုင်ခင်က ဘုရားကြီးမှာ အနီးရှိပြင်စျေးချောင်း၌ နှစ်ပေါင်း ၁၂၇၆ နှစ်တိုင်တိုင် နစ်မြုပ်နေခဲ့ရကြောင်း သိရပါသည်။

ရှေးယခင် အေဒီ ၃၂၇ ခုနှစ် တွင် ဝေသာလီထီးနန်းစံဘုရင် မဟာစနြ္ဒားမင်းနှင့် မိဖုရားသုပဘာဒေဝီတို့မှာ တိုင်းပြည် အနှံ့ ဗုဒ္ဓသာသနာတော်စည်ပင် ထွန်းကားအောင် ကြိုးစားလုပ်ဆောင်ခဲ့ကြသူများ ဖြစ်ပါသည်။ မိဖုရားကြီးမှာ ကပိလဝတ်ပြည်မှ သွန်းစက်တော် သကျမုနိဘုရားအစစ် တစ်ဆူကို ပင့်ဆောင်ကိုးကွယ်ရန်အတွက် မှူးမတ်တို့အား စေလွှတ်တော်မူစေခဲ့သည်။

မှူးမတ်အပေါင်းတို့ကလည်း ဘုရင်ကြီး၏ အမိန့်တော်အတိုင်း ကပိလဝတ်ပြည်မှ သကျမုနိဘုရားကြီးအား ဝေသာလီရခိုင်ပြည်ကြီးသို့ ကရဝိတ်   ဖောင်တော်ဖြင့် ပင့်ဆောင်ယူလာခဲ့ကြသည်။ သို့ရာတွင် ယခုမြောက်ဦးမြို့ ပြင်စျေးချောင်းရှိ သိဉ္ဇဉ်းဝဲသြဃ ရေအိုင်သို့အရောက်တွင် ရုတ်တရက် မိုး သက်လေပြင်းများ ကျရောက်လာသဖြင့် ဘုရားကြီးမှာလည်း အဆိုပါ ရေအိုင်ကြီး၌ပင် နစ်မြုပ်ကာ ပျောက်ဆုံးခဲ့ရသည်။

မှူးမတ်အပေါင်းတို့ကလည်း ဖြစ်ကြောင်းကုန်စင်ကို ဘုရင်ကြီးနှင့် မိဖုရားကြီးတို့အားလျှောက်တင်တော်မူ ကြလေသည်။ မိဖုရားကြီးမှာ ယင်းစကားကို ကြားရသည်နှင့် တစ်ပြိုင်နက် မိမိချင်ခြင်းတပ်ကာ ပင့်ဆောင်ရန် စေလွှတ်ခဲ့မိသည့်အတွက် ယခုကဲ့သို့ပျက်စီးရသည်ဟု စိတ်မကောင်းကြီးစွာ ဖြစ်တော် မူလေသည်။ ထို့ နောက် ဘုရင်ကြီးအားလည်း ထို သကျမုနိဘုရားနှင့်တူ သောဆင်း တုတော်တစ်ဆူကို ထုလုပ်ပေးတော် မူပါမည့်အကြောင်း လျှောက် ထား တောင်းပန်လေသည်။

ဘုရင်ကြီးမှာ မိဖုရားကြီး၏ လျှောက်ထားချက် အတိုင်း ကျောက်တစ်လုံးတည်းဖြင့် ကြီးမားသော ဆင်းတုတော်ကြီးတစ်ဆူ ကို ထုလုပ်ကိုးကွယ်စေခဲ့ပြီး ထိုဘုရားကြီးမှာ ဝေသာလီ ဘုရားကြီးဟု အမည်တွင်ကာယနေ့အချိန်အထိ မြောက်ဦးမြို့၏ မြောက်ဘက်အရပ် ဝေသာလီမြို့ဟောင်း ဝေသာလီကျေးရွာ ၌ကိန်းဝပ်စံပယ်လျက်ရှိပါသည်။ မိဖုရားကြီး သုပဘာဒေဝီမှာ အဆိုပါဝေသာလီဘုရားကြီး၌ပင် ကြီးစွာသောအလှူကို ပြုလုပ်တော်မူပြီး သကျမုနိဘုရား အစစ်ကို ယခုဘဝတွင် မဖူးမြော်ခဲ့ရသော်လည်း နောင်ဘဝ၌ ဤရခိုင်ပြည်၌ပင် မင်းသမီးဘဝဖြင့် မိခင်၏ဝမ်းမှ မွေးဖွားသည် ချက်ချင်း သကျမုနိဘုရား ရှင်၏ ဒါယိကာမအရင်းဖြစ်ရပါလို၏ဟု ဆုပန်တော်မူခဲ့လေသည်။

ထို့နောက်မိဖုရားကြီးမှာ ယင်းစိတ်ဖြင့် နတ်ရွာစံတော်မူခဲ့လေသည်။ ပြင်စျေးချောင်း ဝဲသြဃ၌ နစ်မြုပ်ခဲ့သော ဘုရားကြီးမှာ နှစ်ပေါင်းများစွာ ကြာသည် အထိ မည်သူမျှ ရှာမ တွေ့ခဲ့ဘဲ ရေထဲ၌ပင် ရှိနေခဲ့ပါသည်။ ထို့နောက် မြောက်ဦးမြို့တော်ကို အုပ်ချုပ်ခဲ့သော ဘုရင်မင်းရာဇာကြီးလက်ထက် ခရစ် အေဒီ ၁၆ဝ၃ ခုတွင်မှ ဘုရားကြီးအားပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ ဖြစ်ပျက်ပုံမှာ ဘုရားကြီး နစ်မြုပ်နေခဲ့သော ပြင်စျေးချောင်း ဝဲသြဃမှာ ရာစုနှစ်များစွာ ကြာလာခဲ့သည်နှင့်အမျှ တဖြည်းဖြည်းတိမ်ကော လာခဲ့သည်။ အဆိုပါ ချောင်းထဲ၌ ငါးရှာစားသောက်ကြသော တံငါသည်များမှာ ပိုက်ကွန်တစ်ချက်ငြိ သည့်အတွက် ရေငုပ်ကြည့်ရာ သွန်းစက်တော်ဘုရားကြီးတစ်ဆူဖြစ်နေသည်ကို တွေ့ရှိသွားကြ သည်။ ထို့နောက် တံငါသည်များမှာ ဘုရင်မင်းရာဇာကြီး ထံ တင်ပြလျှောက်ထားရန် နန်းတော်သို့ ဝင်ကြလေသည်။ ထိုအချိန်၌ပင် ဟံသာဝတီ ပဲခူးမင်းသမီး မိဖုရား ခင်မနှောင်းမှာလည်း သမီးကညာ ရတနာ တစ်ပါး ဖွားမြင်သည်ကို လျှောက်တင်ရန် ရံရွေတော်များက ဘုရင်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။

ထိုစဉ် ဘုရားကြီးတစ်ဆူတွေ့ရှိကြောင်း လျှောက်တင်ရန်လာကြသော တံငါသည် များနှင့်တစ်ပြိုင်တည်း ပက်ပင်းဆုံတွေ့ကြလေတော့သည်။ ဘုရင်ကြီး ၏ရှေ့မှောက်၌ အဆိုပါအဖွဲ့နှစ်ဖွဲ့မှာ ဖြစ်ကြောင်းစုံလင်ကို အသီးသီးလျှောက်တင်ကြပြီး ဘုရင်ကြီးက မင်္ဂလာသတင်းနှစ်ခုကို တစ်ပြိုင်တည်းကြားသိရ သည့်အတွက် ၄င်းတို့အား ဆုတော်ငွေများ ချီးမြှင့် ပေးသနားတော်မူလေသည်။

 ထို့နောက်ဘုရင်ကြီးမှာ ပထမဦးစွာ ဘုရားဆင်းတုတော်ကြီးအား ရေထဲမှ ပင့်ဆောင်ယူရန်အတွက် ပြင်စျေးချောင်းသို့ လှေတော်ဖြင့် ရောက်ရှိ်လာခဲ့ သည်။ ပြင်စျေးချောင်း တစ်ဘက်ကမ်း၌ယာယီတဲနန်းဆောက်ကာ ကျွမ်းကျင်သောရေငုပ်သမားများအား နိုင်လွန်ကြိုးကြီးများဖြင့် ဘုရားဆင်းတုတော် ရှိရာ ရေအိုင်နက်သို့ သက်ဆင်းတော်မူစေသည်။ သို့သော်ဘုရားကြီးမှာ နိုင်လွန်ကြိုးကြီးများချည်လျက် ကုန်းပတ်ပေါ်မှ လူပေါင်းထောင်ချီ၍ ပင့်ဆောင် ဆွဲတင်ကြသော်လည်း တစ်ဆံခြည်မျှင်တက်၍ မလာခဲ့ချေ။ ၄င်းနေရာ၌ပင်လျှင် ရှိမြဲအတိုင်း ရှိနေခဲ့ပါသည်။ နောက်ဆုံး ဘုရင်ကြီးမှာ ကြံရာမရ၍ အတူ ပါလာသော မှူးမတ်အပေါင်းတို့နှင့် ဆွေးနွေးလေတော့သည်။

ထိုအခါ ပညာရှင်အမတ်ကြီး ကောင်းကျော်ထင်က ဝေသာလီမဟာစနြ္ဒားမင်းနှင့် မိဖုရား သုပဘာဒေဝီတို့က ကပ္ပီလဝတ်ပြည်မှ သကျမုနိ ဘုရားကြီး အား ပင့်ဆောင်စေခဲ့သည့်အကြောင်း၊ ဘုရားကြီးပင့်ဆောင်တော်ယူလာစဉ် မိုးသက်လေပြင်းကြောင့် ယခုနေရာ၌ပင် ဖောင်တော်ပျက်စီး၍ ဘုရားကြီး နစ်မြုပ်ပျက်စီးခဲ့ရသည့်အကြောင်း၊ မိဖုရားကြီး သုပဘာဒေဝီမှာ ဝေသာလီဘုရားကြီး၌ ဆုပန်တော်မူခဲ့သည့် အကြောင်းတို့ကို လျှောက်တင်တော် မူလေသည်။

ထို့နောက် ထူးခြားတိုက်ဆိုင်စွာပင် ဘုရားကြီးအား ရေထဲ၌တွေ့ရသည့်အချိန်နှင့် ဟံသာဝတီ ပဲခူးမင်းသမီး မိဖုရား ခင်မနှောင်းမှ သမီးကညာ ရတနာ   မွေးဖွားသည့် အချိန်တို့ ထပ်တူထပ်မျှ တစ်ချိန်တည်းဖြစ်နေသည့်အတွက် အဆိုပါသမီးတော်မှာ အမှန်မုချ ဝေသာလီမှ ဆုပန်ခဲ့သည့် မိဖုရား သုပ ဘာဒေဝီ ဝင်စားသူဖြစ်သည်ဟု ယူဆနိုင်ကြောင်း ထပ်မံလျှောက်တင်လေသည်။

ထို့အပြင် အဆိုပါ ယူဆချက် ဟုတ်၊ မဟုတ်ကို သိရလေအောင် မွေးဖွားစ သမီးတော်ငယ်အား ဤယာယီ တဲစခန်းရှိ ရွှေပုခက် မြဧယင်၌တင်လျက် ရွှေ တမုတ် ကိုကြိုးမျှင်လုပ်၍ သမီးတော်ငယ်၏လက်၌ တစ်ပတ်ရစ်ပြီး ဘုရားဝယ် သုံးတန်ချည်နှောင်လျက် ရွှေပုခက်အားလွှဲကာ ဆွဲတင်တော်မူလျှင် ဘုရားဒါယိကာမ စစ်မှန်ပါက အမှန်ပင်ရေပေါ်သို့တက်ရောက်လာမည်ဖြစ်ကြောင်းကိုလည်း ဘုရင်ကြီးအား လျှောက်တင်တော်မူ လေသည်။

ဘုရင်မင်းရာဇာကြီးမှာပညာရှိ အမတ်ကောင်းကျော်ထင် လျှောက်ထားချက်အတိုင်း စီမံတော်မူပြီးပုခက်အား လွှဲလျက် တစ်ဘက်မှလည်း လူအပေါင်း တို့က ကြိုးကြီးများဖြင့် ဆွဲတင်လိုက်သည်နှင့် ဘုရားကြီးမှာ လွယ်လင့်တကူပင် ရေပေါ်သို့ အံ့ဖွယ်သရဲ ရောက်ရှိလာခဲ့ပါသည်။ ထို့ ကြောင့် မိဖုရား ခင် မနှောင်းမှဖွားမြင်လိုက်သည့် သမီးတော် ပန်းသန္တာမှာ ဘုရားပေါ်ဘုရားကြီး၏ ပထမဆုံး သော ဘုရားဒါယိကာမ ဖြစ်လာခဲ့ပါသည်။

ဘုရင်မင်းရာဇာကြီးနှင့် ဘုရားပင့်ကြသူအပေါင်းတို့မှာ သောင် း သောင်းဖြဖြနှင့် လွန်စွာဝမ်းမြောက် တော်မူကြပြီး အမွှေးနံ့သာတို့ ပက်ဖျန်းလျက် သာ ဓုခေါ်ကြဆိုသည်။ ထို့နောက် ဘုရင်ကြီးမှာ ဘုရားကြီးအား ထိုနေရာ၌ပင် တံတိုင်းအကာအရံတို့ဖြင့် စေတီကြီးတစ်ဆူကို တည်တော်မူခဲ့သည်။ ဘုရား ပွဲတော်အားလည်း နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပတော်မူခဲ့လေသည်။

ယခုဖူးမြော် မြင်တွေ့ ရသော ဘုရားပေါ် ဘုရားကြီးကိန်းဝပ်ရာ စေတီတော်ကြီးမှာ မြောက်ဦးမြို့တော်ဝန် မောင်စံပျော်၏ လက်ရာဖြစ်ပါသည်။ ဘုရင် မင်းရာဇာကြီးတည်ထားကိုးကွယ်ခဲ့သော စေတီတော်ကြီးမှာ ရာစုနှစ်များစွာ ကြာလာသည်နှင့်အမျှ ပြိုကျပျက်စီးခဲ့ရပါသည်။ ထို့ကြောင့် အမရပူရ အင်းဝမင်းတို့ အုပ်ချုပ်ခဲ့စဉ်ကာလက မြောက်ဦးမြို့တော်ဝန် မောင်စံပျော်က ကောဇာသက္ကရာဇ် ၁၁၄၈ ခုနှစ်တွင် စေတီတော်အား ပစ္စယံတင်ကာ ပြန် လည်မွမ်းမံတည်ထားခဲ့ခြင်းဖြစ် ပါသည်။ စေတီတော်၏ အောက်ခြေပတ်လည်မှာ ပေ ၁ဝဝ ခန့်ရှိပြီး ဥာဏ်တော် မှာ ပေ ၁၂ဝ ခန့်ရှိပါသည်။

ဘုရားပေါ်ဘုရားကြီးသိမ်အတွင်း၌ အရစ်ဆယ်ရစ်ပါသော ထုချွန်ပုံ မဏ္ဍိုင်စေတီ၌ ဗုဒ္ဓဆင်းတုတော် ၁ဝ၃ ဆူ ထုဆစ် ပူဇော်ထားသည်ကိုလည်း ဖူးတွေ့ ရပါသည်။ ယင်းမှာ ရခိုင်ကျင့်ထုံး၊ တစ်ရာ့သုံးကို ရည်ညွှန်းသည်ဟု သိရပါသည်။ ထို့ကြောင့် ပေါ်တော်မူဘုရား ပေါ်ဘုရားကြီးမှာ သမိုင်းမှတ်တမ်းမှတ် ရာများ၌ တစ်မူထူးခြားစွာ ရှိနေသည့်အတွက် ရှေးဟောင်းယဉ်ကျေးမှု မြောက်ဦးမြို့သို့ရောက် ရှိလာကြသော မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးဧည့်သည် များအနေဖြင့် ချန်လှပ်ထား၍မရသော ဘုရားကြီးတစ်ဆူ ဖြစ်ပါတော့သည်။

လေးမြို့သား

မှီငြမ်းကိုးကား

၁။ ဓညဝတီ ဦးအောင်ဇေယျ(မြောက်ဦး)၊ ရက္ခပူရကြေးမုံကျမ်း (၂ဝဝ၄ ခုနှစ်၊ မိုးအောက်မြေပြင်စာပေ၊ ရန်ကုန်)

၂။ မြောက်ဦးလမ်းညွှန်၊ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၊ စစ်တွေ (၁၉၈၇)။

ကျတော် သိရသလောက် အဲ့ ဘုရားသည်  ကျောက် လိပ်ကြီးကျောကုန်းပေါ်တွင် တည်ရှိသည် ၊ ဘုရားပလ္လင်အောက်တွင် လိပ်ကျောကုန်းရှိသည် လိပ်ခေါင်းမှာ သ်ိမ်အပြင်ဖက်တွင် ထွတ်၍ ရှိသည်။








Comments