သျှစ်သောင်းပုထိုးတော်ကြီး
=== === === === ===
မြောက်ဦးမြို့နန်းရာကုန်းမှ မြောက်ဘက်မိုင်ဝက်မျှအကွာတွင်တည်ရှိပါသည်။ ဖိုးခေါင်တောင်၏အနောက်ဘက်ခြမ်းကို ခါးလယ်မှ မြေညှိထားသောကုန်းပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုကုန်းအမြင့်အမှာ မြေညီပြင်မှ ပေ (၄၀)မျှ မြင့်ပါသည်။
ပုထိုးတော်ကြီး၏ အကျယ်အဝန်းမှာ အလျား (၁၆၀)ပေ၊ အနံ (၁၂၄)ပေ၊ ဉာဏ်တော်မှာ (၈၆)ပေ မြင့်ပါသည်။ မြောက်မှတောင်သို့ ကာရံထားသော တံတိုင်းအရှည်မှာ (၁၈၀)ပေ မြင့်ပါသည်။ အရှေ့မှအနောက်သို့ (၂၂၀)ပေ ရှည်လျားသော တံတိုင်းဖြင့်ကာရံထားပါသည်။ တောင်နှင့်မြောက် ဝဲယာတစ်ဘက်တစ်ချက်စီ၌ စေတီငယ်များကို အကွာအဝေးတူညီစွာ တည်ထားပါသည်။ ထိုစေတီများကြား၌ အမြင့် (၃)ပေခွဲကျော် ဗြက် (၃)ပေ ခန့်ရှိ မျက်နှာနှစ်ဘက်တွင် ကျောက်ဆစ်ရုပ်ကြွများပါသော ကျောက်ချပ်များရှိသည်။တောင်ဘက်ပတ်လမ်းရှိ အရံစေတီငယ်များကြား အတွင်းဘက်မှမြင်ရသော လက်ရာများမှာ
_နတ်သကြား ဧရာဝဏ်ဆင်စီးနေဟန်
_မဟာပိန္နဲနတ် ကေသရာဇာခြင်္သေ့ကိုစီးနေဟန်
_မဟာပညာကျော်အမတ်
_မင်္ဟိသကနတ်ကျွဲ
_မျောက်မင်း
_အဠာဝကဘီလူး
_အနုဿနှင့်သီဟရာဇာ (မနုသီဟ)
_ဘီလူးပုံ
_ကဋိကာရ မဟာဗြဟ္မာ
_မယ်တော်မိနတ်သား(ကြာဖူးများဖြင့်ပူဇော်နေဟန်)
_စစ်သူကြီး
_မိန်းမနိလိနိကာ ဣသိသိင်္ဂရသေ့အားဖျက်ဆီးနေဟန်
_ဆန္ဒန်ဆင်မင်း
_ခြင်္သေ့ရုပ်
_ဘူရိဒတ်နဂါးမင်း
မြောက်ဘက်ပတ်လမ်းရှိ အရံစေတီငယ်များကြား
အတွင်းဘက်မြင်ရသော လက်ရာများမှာ
_ဆန္ဒန်ဆင်မင်း
_ဘူရိဒတ်နဂါးမင်း
_မာရယုမင်း နှင့်ဘီလူးမင်းစစ်ထိုးခန်း
_မာရယုမင်းနှင်ရုစိတာမာလာတွေ့ခန်း
_သူရဿတီပုံ အချို့မှာ ပျက်စီးခဲ့ပြီးဖြစ်သည်။
မြောက်ဘက် တောင်ဘက်တံတိုင်းတို့တွင် မုဒ်ဝလိုဏ်ပေါက် (၈)ခုစီရှိ၍ အနောက်ဘက်တွင် (၄)ခုရှိပါသည်။ မုဒ်ဝတစ်ခုစီအမြင့်မှာ (၃)ပေ (၁၀)လက်မရှိပြီး မုဒ်ဝတစ်ခုစီတွင် ဆင်းတုတော်နှစ်ဆူ ထားရှိ၍ တစ်ဆူမှာ အပြင်ဘက်မျက်နှာမူပြီး တစ်ဆူမှာ အတွင်းဘက်မျက်နှာမူ ကျေချင်းကပ် တည်ထားပါသည်။ ထိုရုပ်ပွားတော်များမှာ အပြင်ဘက်စင်္ကြာနှင့် ပဉ္စမလိုဏ်ပတ်လမ်းကြားတွင် တည်ရှိခြင်းဖြစ်သည်။
စတုတ္ထလိုဏ်ပတ်လမ်းတစ်လျှောက် တောင်ဘက် အနောက်ဘက် မြောက်ဘက် သုံးဘက်လုံးအရှည်ပေမှာ (၃၁၂)ပေ ရှိပြီး ကျောက်နံရံများတွင် ကျောက်ဆစ်လက်ရာများရှိပါသည်။ ဗုဒ္ဓဘုရားရှင်ကျင်လည်တောင်မူခဲ့ရသည့် နိပါတ်တော်လာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ရုပ်ပုံများကို နံရံတွင် ကျောက်ဆစ်လက်ရာဖြစ်စဉ်ဘဝဖြစ်ရပ်များနှင့်အတူ ဒုတိယထပ် လက်ျာဘက် အောက်ဆုံးတန်းမှစတင်၍ ဖြစ်စဉ်တို့ကို ဇာတ်ထုပ်ထုဆစ်ထားခြင်း၊ နရယံ၊ ဗိဿနိုးစသည့် ဟိန္ဒူနတ်ရုပ်၊ နိပါတ်တော်လာ ဇာတ်ရုပ်များ၊ လောကီကျမ်းစာမှ ဖော်ညွှန်းသည့် ဇတ်ရုပ်အများအပြားကို ထည့်သွင်းထုဆစ်ထားပါသည်။
ပုထိုးတော်ကြီး၏ ပုံသဏ္ဍာန်မှာ ဝေသာလီခေတ် ကျောက်စတူပါ ပုံစံမျိုးဖြစ်ပြီး အားလုံးနီးပါး သဲကျောက်ဖြင့်တည်ထားခြင်းဖြစ်သည်။ ဓာတုဂမ္ဘ (ခေါ်) ဓာတ်တော်တိုက်မှာ ကုဗပုံသဏ္ဍာန်ရှိပါသည်။ သျှစ်သောင်းပုထိုးတော်ကြီး၏ ဂန္ဒကုဋိတိုက်တည်ရှိရာ ဂူဥမင်ကို ဝင်္ကပါသဖွယ် လိုဏ်ပတ်လမ်း ငါးထပ်ဖြင့် တည်ဆောက်ထားပြီး ပတ်လမ်းအားလုံး (၄၃၈)ပေ ရှည်လျားသည်။
ပုထိုးတော်ကြီး၏ အလယ်ဗဟိုတွင် အလျား (၁၉)ပေ အမြင့် (၃၀)ပေ ရှိသော ဂန္ဒကုဋိတိုက်ရှိပြီး ပထမမဏ္ဍိုင်ဖြစ်သည့် ဗုဒ္ဓဆင်းတုတော်တည်ရှိပါသည်။ လိုဏ်ပတ်လမ်းနှင့် ဂန္ဓကုဋိတိုက်၏ အမိုးလေးထောင့်ပေါ်တွင် ဉာဏ်တော် ပေ (၆၀)အမြင့်ရှိသည့်စေတီတော်တစိဆူနှင့် အရန်စေတီ (၂၆)ဆူတည်ရှိပါသည်။ စေတီအားလုံး၏ ပုံစံမှာ ခေါင်းလောင်းမှောက်ပုံစံမျိုးဖြစ်သည်။ ပုထိုးတော်ကြီး၏ အနောက်ဘက်တွင် မြောက်ဦးဘုရင်မင်းမြတ်တို့ ဘိသိက်မခံယူမှီ မကိုဋ်တော်ဆောင်း၍ မင်္ဂလာတရားနာယူသော အဆောင်နှင့် ဥပုသ်ဆောင်တစ်ခုတည်ရှိသည်။
ပုထိုးတော်ကြီးကိုတည်ထားရာတွင် ပန်းရံဆရာတစ်ထောင်ဖြင့် တစ်နှစ်ကြာအောင်တည်ခဲ့ပြီး တစ်ရာ့ရှစ်ခန်းသောဌာပနာ ဓာတ်တော်ပေါင်း ရှစ်သောင်းလေးထောင်နှင့် ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ကျောက်မျက် ရတနာတို့ဖြင့် ထုလုပ်ထားသည့် ဆင်းတုတော်ပေါင်း ရှစ်သောင်းလေးထောင်ကို ဌာပနာ တို့ကို မြေအောက်တွင်စီရင်ပြီး မဏ္ဍိုင်ငါးရပ်ဖြင့် တည်ခဲ့ပါသည်။ ထိုအဓိပတိ မဏ္ဍိုင်ငါးရပ်မှာ_
_ပထမ မဏ္ဍိုင်
(မြတ်စွာဘုရားဆင်းတုတော်)
ပုထိုးတော်၏ အလယ်ဗဟိုရ်မဏ္ဍိုင်ချက်တွင် ၃၁ ဘုံတွင် အတုမရှိ မြတ်စွာဘုရားဆင်းတုတော်မြတ်ကို ဂန္ဒကုဋိတိုက်တော်၌ အရှေ့လောကဓာတ်ကို ရှေ့ရှလျက် ထပ်ဝယ်ဖွဲ့ခွေ ထိုင်တော်မူဟန်ကို ရည်မှန်း၍ တနင်္လာဂြိုလ်မင်း တည်ရာအရပ်၌ တည်ထားတော်မူသည်။
_ဒုတိယ မဏ္ဍိုင်
(ဗြဟ္မာမင်းမှ အလောက်တော်အား ကြာသင်္ကန်းလှူနေပုံရုပ်တု)
ဒုတိယမဏ္ဍိုင်၌ အရိယာဗြဟ္မာရုပ် လက်ခြောက်ဘက်ပါရှိသည် ခရုသင်း သံကွင်း သားမြီးယပ် ပုဆိုး ပေါက်ဆိန်တို့ကိုင်ဆောင်ထားသည် ကြာဖူးကြာပန်း ပန်းကလပ်ကိုင်ဆောင်ထားသော မိဖုရားခုနှစ်ပါး ဝဲယာထက်အောက်ခြံရံထားသည် ဗြဟ္မာမင်းနှင့်ယှဉ်ရပ်နေသော ဝဲဘက်မိဖုရားသုံးပါးအောက်တွင် မြောက်ဦးခေတ်လက်ရေးဖြင့် သုနန္ဒာ သုစိတ္တ သုပပါ သုမာလာ ဟုရေးထိုးထားသည်ကိုတွေ့ရှိရသည့်အတွက် ဦးမြဝါ မင်းဗာကြီးတို့၏ ရှေ့နောက်တွက်ချက်အမြော်မြင်ကြီးမူ့ကိုလေးစားမိသည်
ဗြဟ္မာမင်းရုပ်တုကို အင်္ဂါထောင့် ဂနဲသနရုပ်တုပေါ်တွင်တည်ထားခဲ့သည်။ကမ္ဘာတွင်ပွင့်တော်မူသော အလောင်းတော်မြတ်တို့တောထွက်တော်မူရန် ဆံတော်ကိုပယ်ဖြတ်တော်မူပြီးလျှင် သုဒ္ဓါဝါသ ငါးဘုံတို့၌ ဖြစ်ရှိကြကုန်သော အရိယာဗြဟ္မာကြီးတို့ အလောင်းတော်မြတ်ကိုကြာသင်္ကန်းကပ်လှူတော်မူရာ ဗြဟ္မာမင်း၏ရုပ်ပုံတော်ဖြစ်သည်။အင်္ဂါဂြိုလ်မင်းသည် လောက၌ တောသုံးထောင်ကို အစိုးရတော်မူသော ကေသရာဇာ ခြင်္သေ့မင်း ရတနာရွှေဂူ၌ ကိန်းအောင်းလျှက် တိရစ္ဆာန်အပေါင်းတို့ကို တန်ခိုးဣဒွိပါတ်ဖြင့် စိုးပိုင်တော်မူသောဂြိုလ်နေရာ၌ အရိယာဗြဟ္မာရုပ်တုကိုတည်ထားခဲ့သည်။
ဘုရားလောင်း သိဒ္ဓိတကို အရိယာဗြဟ္မာကြီးမှ အနော်မာမြစ်ကမ်းဘေးတွင် ကြာသင်္ကန်းဆက်ကပ်သည်ကို ဗုဒ္ဓဝင်တွင်တွေ့ရှိရသည်။
_တတိယ မဏ္ဍိုင်
(သိကြားမင်း ဧရာဝဏ်ဆင်တော်စီးနေပုံရုပ်တု)
တတိယမဏ္ဍိုင်တွင် သုဂတိခြောက်ဘုံကိုအစိုးရတော်မူသော သိကြားမင်းသည် ဧရာဝဏ်ဆင်တော်ကိုစီးတော်မူ၍ မိဖုရား သုစိတ္တ သုနန္ဒာ သုဗဗ္ဗာ သုမာလာတို့ခြံရံလျှက် တနင်္ဂနွေဂြိုလ်မင်းတည်ရာ အရှေ့မြောက်ထောင့်တွင်ထားရှိသည်။သိကြားမင်းသည် ကာယသိဒ္ဓိ တန်ခိုးဣဒိပါတ်ဖြင့် လောကကို မကောင်းသူပယ်ကောင်းသူကယ်နိုင်စွမ်းရှိသောကြောင့် တနင်္ဂနွေဂြိုလ်မင်း၏ အလင်းရောင်ဝါတော် နေမင်း၏အစွမ်းဖြင့် သတ္တဝါတို့အား စိတ်အေးချမ်းသာယာခြင်းကိုဖြစ်စေနိုင်သောကြောင့် တနင်္ဂနွေဂြိုလ်မင်းတည်ရာအရပ်တွင်ထားရှိသည်။
_စတုတ္ထ မဏ္ဍိုင်
(စတုလောက ပါလနတ်မင်းရုပ်တု)
စတုတ္ထ မဏ္ဍိုင်မှာ ရာဟုထောင့်ရှိ စတုလောကပါလနတ်မင်းကြီးရုပ်တုဖြစ်သည်။ စန္ဒိပရမီသော် မဟာပိန္နဲတည်းဟူသော စတုလောကပါလ နတ်မင်းကြီးလေးပါးတို့သည် ဤဘဒ္ဒကမ္ဘာဖြစ်ပေါ်လာစဉ်မှစ၍ လူသတ္တဝါအပေါင်းတို့အား မေတ္တာတရားဖြင့် စောင့်ရှောက်ခဲ့ကြလေသည်။ ကမ္ဘာမီးမလောင်မှီ အနှစ်ရှစ်သောင်းမှပင် သတ္တဝါတို့ကို တရားရစေခြင်းငှါ ကြွေးကြော်သည်။ ဤသို့ လူသတ္တဝါအပေါင်းတို့အား ကမ္ဘာတည်စမှပင် ကမ္ဘာပျက်သည်အထိ မေတ္တာဖြင့်စောင့်ရှောက်သည်။ ထို့ကြောင့် ရာဟုဂြိုလ်မင်း ကိန်းဝပ်ရာ အနောက်မြောက်ထောင့်အရပ်၌ ထိုမဟာစေတီတော်တွင် ထုလုပ်လျက် အဆောက်တော်နှင့်တကွ တည်ထားခဲ့လေသည်။ ရခိုင်အမျိုးလေးပါးတို့သည် ရာဟုဂြိုလ်မင်းကို အမှီပြု၍ ကမ္ဘာတွင်ဖြစ်ပေါ်လာပြီး ထို့ကြောင့် ထိုဂြိုလ်ရက်နေ့ နံ အချိန်တွင် အမင်္ဂလာမပြုရချေ၊ ရခိုင်တို့၏ မင်္ဂလာအခါရက်အဖြစ် ဗုဒ္ဓဟူးဂြိုလ်ခေါ် ရာဟုဂြိုလ်ကို လေးမြတ်သမူပြုလာခဲ့ကြလေသည်။ ဤကား စတုတ္ထ မဏ္ဍိုင်တစ်ချက်တည်း။
_ပဉ္စမ မဏ္ဍိုင်
(ဒါယာကာ မင်းဗာဘုရင်ရုပ်တု)
ဘုရင်မင်းဗာကြီးသည် သျှစ်သောင်းပုထိုးတော်ကြီးကို ဦးမြဝါ၏အကူညီရယူ၍ တည်ထားဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ဦးမြဝါသည်လောကီလောကုတ္တရာပညာအဖြာဖြာကို ဘက်စုံတတ်ကျွမ်းသော ပညာရှင်ကြီးဖြစ်ရကား
မဏ္ဍိုင်ကြီး ငါးရပ်အပါအဝင် ရုပ်တုများကို သူ့အဓိပ္ပါယ်နှင့်သူ သူ့နေရာနှင့်သူ အစီစဉ်တကျထုလုပ်ထားရှိခဲ့သည်ကို ပညာရှိအမတ်ကြီး ဝိမလကိုယ်တိုင် မဟာရာဇဝင်တော်ကြီးတွင် ရေးသားပြုစုခဲ့ပါသည်။သျှစ်သောင်းပုထိုးတော်၏ အနောက်တောင်ထောင့် စနေထောင့်တွင် မင်းဗာကြီးအား
(၁)တစ်ချောင်းသောလက်ကို ရင်ဘက်ပေါ်တင်ထားပါသည် မဟာဂုရုထာမုဒြာ အဓိပ္ပါယ်ကိုဆောင်ပါသည်၊(၂)တစ်ချောင်းသောလက်တွင် ပန်းပွင့်ငယ်သဏ္ဍန်အလယ်တွင် မျက်လုံးဝတ်ဆံပါသော ယမမင်းကြီး၏ မျက်စိလက်နက်ကို ကိုင်ထားပါသည်၊
(၃)တစ်ချောင်းသောလက်တွင် စုလျားပုဆိုး အာဠာဝကနတ်မင်း အဝတ်တန်ဆာလက်နက်ကို ကိုင်ထားပါသည်၊(၄)တစ်ချောင်းသောလက်တွင် သိကြားမင်း၏ ဝရဇိန်လက်နက်ကိုကိုင်ထားပါသည်၊
(၅)တစ်ချောင်းသောလက်တွင် ဝိဿဝန နတ်မင်းကြီး၏ ဂါဒါ (တင်းပုတ်) လက်နက်ကို ကိုင်ထားပါသည်၊(၆)တစ်ချောင်းသောလက်တွင် ဗြမ္မာကြီး၏ ခရုသင်းကို ကိုင်ထားပါသည်။မင်းဗာကြီးရုပ်တုကို မူလ လက် ၂ ချောင်း နတ်မင်းကြီးလေးပါး၏ လက်ရုံးတစ်ချောင်းစီ ၄ ချောင်း စုစုပေါင်း ၆ ချောင်းဖြင့် ဖန်တီးထုဆစ်ထားခဲ့ခြင်းမှာ ဘုရားဆုကိုပန်သော ဘုရားလောင်းဟုခံယူသော မင်းဗာကြီးသည် သျှစ်သောင်းပုထိုးတော်အပါအဝင် အထောင်မကသော ဘုရားပုထိုးစေတီ မင်းတကာတို့ မစွမ်းဆောင်နိုင်သော ကျုံး မြောင်း ပြအိုး မြို့ရို့ ထီးနန်းတို့ကို တည်ဆောက်နိုင်ခဲ့သောကြောင့် နတ်မင်းကြီးလေးပါးတို့၏ တန်းခိုးဣဒ္ဓိပတ်နှင့်ပြည့်စုံသည်ဟု သရုပ်ဖော်ထားခြင်းဖြစ်သည်။မင်းဗာကြီးရုပ်တု၏ လက်ယာဘက်တွင် ဘိသိပ်ခံမိဖုရားကြီး ဖွားမင်းစောကို မြောက်ဦးခေတ်ဝတ်စားဆင်ယင်ထုံးဖွဲ့မှုဖြင့်ထုလုပ်ထားသည် လက်ဝဲဘက်တွင် ပုထိုးတော်ကြီးတည်ဆောက်ဖို့ အကြောင်းဖန်လာသည့် ဘင်္ဂါမင်းသမီး ပဲသီတာကို အိန္ဒိယဝတ်ဆင်ယင်မှုဖြင့်ထုလုပ်ထားသည် သူ၏ဆရာ ဦးမြဝါနှင့်အမတ်ကြီးများကိုပါ သူ့အနားတွင် ထွင်းထုထားခဲ့ပါသည်။မင်းဗာကြီးရုပ်တု၏ အောက်တွင် ဂနဲသျှရုပ်တု တစ်တန်းတည်းတွင် ယက္ခ ဂုမ္ဘာန် ဗျာလ ကျား ဆင် ဧရာဝဏ် ရုပ်တုများဖြင့် ဗိသုကာပညာ အလင်္ကာတန်ဆာဆင်ထားပါသည်။လှိုဏ်ဂူတော်အောက်ခြေထောင့်စွန်းဖိနပ်အဖြစ် ဖင်နှစ်ခွနှင့်ခြင်္သေ့ရုပ်တု (မနုသီဟ)ကို ထုဆစ်ထားပါသည် ဝသုန္ဓရေ/ဝသုန္ဓရာ ရုပ်တုများကို သီးခြားကျောက်တိုင်အဖြစ် ထောင့်များ၌ စိုက်ထူထားခြင်းမှာ သိမ်သမုတ်တိုင်သဘော သက်ရောက်ပါသည်။ဤမဏ္ဍိုင်တွင် စနေသား မင်းဗာကြီးကို စနေထောင့်တွင်ထားရှိပြီး ပါဝင်ရမည့်အကြောင်းရာ အချက်လက်များနှင့် ထုဆစ်ရမည့်အနေထားကို လက်ရာမြောက်စွာဖြင့်ပုံဖော်ထားသည့်အနုပညာ သမိုင်းဆိုင်ရာတန်ဖိုးကြီးမားမှု ခေတ်တစ်ခေတ်၏ ပုံရိပ်ကိုဖော်ပြနိုင်သည့် ဦးမြဝါနှင့်မင်းဗာကြီးတို့၏ ရှေ့နောက် အမြော်မြင်ကြီးမားမှုမှာ အင်မတန်ချီးကျူးထိုက်လှပါသည်။
သျှစ်သောင်းပုထိုးတော် တည်ဆောက်ခဲ့သည့် သမိုင်းကား မင်းဗာဘုရင်ကြီးသည် သက်တော် ၃၉ နှစ် သက္ကရာဇ် ၈၉၄ ခု နန်ယုန်လဆန်းတစ်ရက် စနေနေ့တွင် မိဖုရားဖွားစောမင်းဒေဝီနှင့် သီရိသူရိယစန္ဒမဟာဓမ္မရာဇာဘွဲ့ခံယူကာ ရာဇဘိသေကခံယူတော်မှုပြီး ဒုတိယမြောက်ဦးခေတ်မင်းဆက်ကိုတည်ထောင်သောမင်းတစ်ပါးဖြစ်သည်။ထီးနန်းရပြီးတစ်နှစ်အကြာတွင် အရှင်မြဝါနှင့်မဟာပညာကျော်တို့မှအကြံပေးသည့်အတိုင်း သူရတန်ကုလားတို့ထံ ပြန်ပေးအပ်ထားခဲ့ရသော ဘင်္ဂါ ၁၂ မြို့ ( မောက်သူဇာ၊ ဒက္ကာ၊ ဂန်ဘီလာ၊ သီလတ်၊ ပဋိက္ကရား၊ စစ်တကောင်း၊ ဂေါ်တပ္ပလင်၊ ကံသာ၊ တိလင်္ဂါ၊ အင်္ဂါသာရ၊ ဘရရီဆာရ်၊ ရောင်ပုရ်) ကိုသွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည် စစ်အောင်ပြီးနောက်ဘုရင်ကြီးသည် ဗုဒ္ဓဂါယာသို့သွားရောက် ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ပြီး ဗုဒ္ဓ သီရိပါဒခြေတော်ရာနှင့်ဌာပနာဓာတ်တော်တို့ကို ပင့်ဆောင်လာပြီး သက္ကရာဇ် ၈၉၇ လဆန်းတစ်ရက်နေ့ အေဒီ ၁၅၃၅တွင် ရှင်ငယ်ဆရာဦးမြဝါ ပန္နက်ချပေး၍ ဓာတ်တော်တို့ကိုဌာပနာကာ သျှစ်သောင်းပုထိုးတော်ကိုတည်တော်မူသည် ဘင်္ဂါ ၁၂ မြို့ကို စစ်အောင်၍ ကုလားရန်ကိုအောင်မြင်ကြောင်း ရန်အောင်ဇေယျဟုလည်းခေါ်တွင်သည်။
သျှစ်သောင်းပုထိုးဆိုသည်မှာ ဓာတ်တော်ပေါင်း ရှစ်သောင်းလေးထောင်နှင့် ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ကျောက်မျက် ရတနာတို့ဖြင့် ထုလုပ်ထားသည့် ဆင်းတုတော်ပေါင်း ရှစ်သောင်းလေးထောင်ကို ဌာပနာ ထည့်ကိုးကွယ်ထားခြင်းတို့ကြောင့်ခေါ်ဆိုသည်ဟု သိရပေသည်။ သိမ်သမုတ်တိုင်များ ပါရှိ၍လည်း သျှစ်သောင်းသိမ်တော်ဟုလည်းခေါ်ဆိုကြပါသည်။
ပြည်ထူးစံ
ကိုးကား_
_သျှစ်သောင်းပုထိုးတော်ဆိုင်ရာ ဆောင်းပါးပေါင်းချုပ်
_မဏ္ဍိုင်ငါးရပ်
တက်ထွန်းနီ_သျှစ်သောင်းမှ မဏ္ဍိုင်များနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ
ပြည်ထူးစံ
မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
Photo_Credit