Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ကျန်စစ်သား၏ မယ်တော် ရခိုင်ဝေသာလီ မင်းသမီး ပဉ္စကလျာဏီ ဟုတ်မဟုတ် စစ်ဆေးခြင်း

ကျန်စစ်သား၏မယ်တော် ရခိုင်ဝေသာလီ မင်းသမီး ပဉ္စကလျာဏီ ဟုတ်မဟုတ် စစ်ဆေးခြင်း ။
Credit Daw Cho Maw
ပုံများနှိပ်၍ ဖတ်ပါ
������������



``ကျန်စစ်သား၊ပဉ္စကလျာဏီနှင့် ဝေသာလီ ´´ ( ၁ )
•••••••••••••••••••••••••••••••••••••••••••
မြန်မာ့ရာဇ၀င်တွင် ပုဂံပြည် ကျန်စစ်သားမင်း၏
အခန်းကဏ္ဍသည် အလွန်ပင် လွမ်းမောဘွယ်၊ထိတ်လန့်ဘွယ်၊ကြည်နူးဘွယ်၊အံ့အားသင့်ဘွယ်တို့နှင့်
ဒဏ္ဍာရီဆန်လွန်းလှသည်။
ကျန်စစ်သားမင်းကြီး၏ အကြောင်းသာ မဟုတ်သေး။၎င်း၏ မိခင်ဖြစ်သော ပဉ္စကလျာဏီ၏ ဇာတိသည်လည်း အငြင်းပွားစရာ ပဟေဠိတစ်ပုဒ်လိုပင် ဖြစ်လျှက် ရှိပါသည်။
ဟံသာဝတီ ဦးဘရင်၏ ``မြန်မာ့ရာဇ၀င်မှတ်တမ်း´´တွင်.....
- ထိုမင်း၏ မယ်တော်မှာ ရခိုင်ဝေသာလီမင်းက ဆက်သော ဥသျှစ်ပင် ဥသျှစ်သီးမှ သန္ဓေရရှိသည့်
ရုစိယပဘ၀တီတွင် မြင်သည့် ပဉ္စကလျာဏီ မင်းသမီးဖြစ်လေသည်။ ဟု ဖော်ပြထားသည်။
ထိုသို့ဖော်ပြရခြင်းမှာ
ဒုတိယန၀ဒေး၏
ဣသျှံဂူ မော်ကွန်းတွင်...
``နော်ရထာစော၊မုနောစည်းစိမ်
နတ်ရွာငြိမ်သော်၊ရွှေအိမ်နန်းမြင့်
စောလူးပွင့်၏၊ထိုမင်းနောင်ရင်း
ကျန်စစ်မင်းတည့်၊ကြောင်းခြင်းတော်မှာ
နော်ရထာလျှင်၊နောင်လာမင်းဖြစ်
စိစစ်ပယ်ချေ၊ဟောတိုင်းမွှေသော်
သန္ဓေ,၀မ်းနက်၊ပုခက်တွင်းပေါင်း
နွားကျောင်းကုန်အောင်၊ သောင်းငါးထောင်တည့်
ထို့နောင်ရဟန်း၊ဆွမ်းပန်းကျွေးပွဲ
ရေတိုက်ဆဲ၌၊ရိုးရဲစက်လျှံ
ကရားလန်ရှင့်၊မောင်နှံဇနီး
သမီးမိတ်ဝင်၊ထီးလိုင်ရှင်ဟု
ခေါ်တွင်အပြိုင်၊ရခိုင်ဌာနီ
ဝေသာလီဝယ်၊ကလျာဏီဇာတ်
ဥသျှစ်နတ်ထိ၊.....´´ဟူ၍ စပ်ဆိုထားသည်ကို တွေ့ရသောကြောင့် ဖြစ်ပါသည်။
တဖန် မြစေတီကျောက်စာ၌
``ကျန်စစ်သားသည် ခမည်းတော် အနော်ရထာမင်းတည်းဟူသော နေမင်းမျိုးဖြစ်၍ မယ်တော်မှာ ဗြဟ္မဏမျိုးဖြစ်ကြောင်း´´ ပါရှိသည်။
ပြည်မြို့ ရွှေဆံတော် ကျောက်စာတွင်လည်း ခမည်းတော် နေမင်းမျိုးဖြစ်၍ မယ်တော်မှာ ဥသျှစ်သီးမျိုးဖြစ်ကြောင်း ပါရှိသည်။
ဦးဘသန်း ဘီ-အေ ၏ ကျောင်းသုံး မြန်မာရာဇ၀င်စာအုပ်တွင် ``နော်ရထာစောအား သမီးဆက်သည့်
ဝေသာလီမင်း၏ နိုင်ငံကို အချို့က မဇ္ဈိမ ဒေသ ပတ္တနာမြို့အနီးရှိ ဝေသာလီဟု ယူကြသည်။ အချို့က ရခိုင်ပြည်ရှိ ဝေသာလီဖြစ်သ်ာဟု မှတ်ထင်ကြသည်။ ကုန်းဘောင်ဆက် ရာဇ၀င်ကြီး၌ အာသံပြည်ကို ဝေသာလီပြည်ခေါ်သည်´´ဟု ပါရှိသည်။ 
မှန်နန်းမဟာရာဇ၀င်တော်ကြီး တတိယတွဲ၌ ``မင်းကြီးလည်း နန်းတက်တော်မူပြီးလျှင် စောလူးမယ်တော် မိဖုရားမှတပါး ငါနှင့်ထိုက်တန်သော မင်းသမီးကို ဇမ္ဗူ ဒီပါ မြေအပြင်ဝယ် ရှာလေဟူ၍ အမတ် ရာဇတမန်ကို........
.............
ထိုအခါ သိင်္ဃမိတ္တာ ရဟန်းမ စိုက်သော
ဥသျှစ်ပင်တွင် ဥသျှစ်သီးတစ်လုံးသည် အိုးစရည်းရှိ သီး၏။ရင့်မာ၍ ကြွေကျလတ်သော် အဆင်းအင်္ဂါ.....
......သတိုးသမီးကို ရလေ၏။.....
ဝေသာလီမင်းကြီးအား ဆက်လေ၏။...
ရုစိယပဘာဝတီဟု မှည့်တော်မူ၏။ သားတော် အိမ်ရှေ့မင်းနှင့် စုံဖက်တော် မူ၏။များမကြာမီ ခမည်းတော်မင်းကြီး နတ်ရွာစံလွန်၍ သားတော်.........
အရိုက်အရာကို သိမ်းယူတော်မူ၍ ရုစိယပဘာဝတီကို မိဖုရားကြီးမြှောက်၍ .....ပဉ္စကလျာဏီ အမည်ရှိသော သတို့သမီးကို မျက်နှာမြင်သည်။ အဆင်းအင်္ဂါ လက္ခဏာနှင့် ပြည့်စုံသည် ဖြစ်၍´´ဟု
ကျန်စစ်မင်းကြီး မယ်တော်၏ ဇာတိကို
ဖော်ပြထားသည်။
ထို့ကြောင့် ပဉ္စကလျာဏီ မင်းသမီး၏ ဇာတိမှာ အငြင်းပွားဘွယ် ဖြစ်နေ၍ ကျန်စစ်မင်းကြီးမှာ ဗမာ ရခိုင်စပ်လော၊ဗမာ အိန္ဒိယ စပ်လော
ဟူ၍ တွေးတောစရာ ရှာဖွေ လေ့လာစရာ ဖြစ်လာပါသည်။
( ဆက်ပါဦးမည်။)
Credit > Daw Cho Maw



``ကျန်စစ်သား၊ပဉ္စကလျာဏီနှင့် ဝေသာလီ´´ ( ၂ )
•••••••••••••••••••••••••••••••••••••••••••
ဦးဘသန်းရာဇ၀င်စာအုပ်တွင်
- `နောင် ဝေသာလီက ပဉ္စကလျာဏီ မင်းသမီးကိုဆက်ရာတွင် ကျန်စစ်သားကို ရသည်´ဟူ၍ ၄င်း၊
- `အနော်ရထာမင်းစောကား ရခိုင်ပြည်ကို တိုက်ခိုက်သိမ်းယူရန် ယခု
မင်းဘူးဒီစတြိတ် မဖဲမြို့မှ အမ်း တောင်ကျော်လမ်းဖြင့် ရိုးမတောင်ကို ဖြတ်ကျော်ချီတက်ပြီးသော် ပဉ္စာမြို့ကို သိမ်းယူရာ ရခိုင်ဘုရင် အညံ့ခံရသည်´ ဟူ၍၄င်း ပါရှိပါသည်။
ထို့အပြင် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့တောင်ကျောင်းဆရာတော် အရှင်စန္ဒမာလာလင်္ကာရ ရေးသားတော်မူသော ရခိုင်ရာဇ၀င်သစ်ကျမ်း စတုတ္ထတွဲ စာမျက်နှာ ၃၁၆ တွင်....
``ခေတ်တသင်မင်းဆက်ဖြစ်သော ရခိုင်ဘုရင် မင်းနု လက်ထက် သက္ကရာဇ်​ ၃၇၆ ခုတွင် အနော်ရထာမင်း
ဗိုလ်ပါရဲမက် တသိန်းမကနှင့် ဗူးရွက်မညှိုးလမ်းမှ လာရောက်ပြီး မဟာမြတ်မုနိဘုရားကို ပင့်သည်။ မရလေ။´´ ဟု ဆိုထားပြန်ပါသည်။
တဖန် မှန်နန်း ရာဇ၀င်တော်ကြီး စတုတ္ထတွဲ၌.....
``ရခိုင်ရာဇ၀င် မဟာမုနိ
သမိုင်းတွင်မူကား ဓူလစန္ဒရာမင်းတူ စန္ဒဂုတ်မင်းလက်ထက် နော်ရထာမင်းစော ရက္ခိုင်သို့ချီလာ၍
မဟာမုနိဘုရားကို ပင့်သည်။မရလေသောကြောင့် ရက္ခိုင်တွင် ရှိသည့် ရွှေ၊ငွေ၊ဘုရားဆင်းတုများနှင့်
သင်းကျစ်တော်ကို ပင့်ဆောင်သည်´´ဟု
ရေးသားထားပါသည်။
အထက်ပါအချက်အလက်များကို
ထောက်ချင့်၍ အနော်ရထာလက်ထက်တွင် သိမ်းယူသည်ဟုဆိုသော ပဉ္စာမြို့သည်
ရခိုင်ပြည်၏ ဝေသာလီခေတ် မဟုတ်တော့ကြောင်း တွေ့နိုင်ပါသည်။
ရခိုင်ပြည် ဝေသာလီခေတ်သည် ပုပ္ပါးစောရဟန်းမင်း ခဆပဉ္စာကိန်းအရ
သက္ကရာဇ်​ ၅၆၂ ကိုဖြိုပြီးနောက် သက္ကရာဇ်​ကို ၂ ခုမှစတင် ရေတွက်လာရာ ၁၃၈ ခုခန့်အရောက်တွင် ကုန်ဆုံးခဲ့ပြီး ဖြစ်ပါသည်။
ထို့ထက် ပဉ္စာမြို့သည် ရခိုင်ပြည်တွင် ဝေသာလီခေတ်မဟုတ်ပဲ လေးမြို့ခေတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သက္ကရာဇ် ၁၈၀ ခန့်တွင် ပဉ္စာမြို့ကိုတည်ပြီး ၄၆၅ ခုတွင် ပဉ္စာမှ ပထမ လောင်းကြက်သို့
ပြောင်းသည်။ အနော်ရထာမင်း နန်းတက်သက္ကရာဇ်မှာ ၃၇၉ ဖြစ်သည်။
ထိုနေရာတွင် အနော်ရထာမင်း၏ နန်းတက်သက္ကရာဇ်မှာ အမျိုးမျိုးကွဲနေသည်ကို တွေ့ရပါသည်။
- သာလွန်မင်းလက်ထက်တွင် အဇာဂရုရေးသားသည့် ဇာတာပုံပြင်နှင့်
ပြထားသော ရာဇ၀င်တွင် သက္ကရာဇ်​ ၄၀၆ ခုဟု ပါရှိသည်။
- ထိုနည်းတူစွာ မြစေတီကျောက်စာတွင်လည်း ကျန်စစ်မင်း နန်းတက်သက္ကရာဇ် ၄၄၆ ခုမှ ပြန်သောအားဖြင့် ဇာတာပုံပြင် ၄၀၆
ဆိုသော သက္ကရာဇ်​ကိုသာ
အနော်ရထာ၏ နန်းတက်သက္ကရာဇ် ဖြစ်သည်ဟု အယူရှိကြသည်။
- မှန်နန်းရာဇ၀င်နှင့် တွင်းသင်းရာဇ၀င်တွင် ပြသော သက္ကရာဇ်​ ၃၇၉ ကို၎င်း၊ဦးကုလား၏ မဟာရာဇ၀င်ကြီးနှင့် မုံရွေးဆရာတော်ဘုရားရေးသည့် ရာဇ၀င်ပါ ၃၆၄ ကို၎င်း၊ရှင်ဂေါဓာဝ ရေးသားသည့် သက္ကရာဇ်​ ၃၆၅ ကို၎င်း
ပယ်၍ ၄၀၆ ခုနှစ်တွင် အနော်ရထာ နန်းတက်သက္ကရာဇ် အမှန်ဖြစ်သည်ဟု
ယူဆကြသည်။
ရခိုင်ရာဇ၀င်သစ်ကျမ်းပါ သက္ကရာဇ်​ ၃၇၆ တွင် အနော်ရထာ ရခိုင်သို့ချီသည်
ဟူသော ခုနှစ်နှင့် အနော်ရထာမင်း နန်းတက်သော ၃၇၉ မှာ အနည်းငယ် ကွဲလွဲနေပါသည်။
မည်သို့ပင်ဖြစ်စေ သက္ကရာဇ် ၃၇၆ ခု
မင်းနု လက်ထက်သည် ဝေသာလီခေတ် မဟုတ်တော့ပေ။ ဝေသာလီခေတ်ကုန်ပြီးနောက် လေးမြို့ ခေတ်ကို ရောက်နေပါပြီ။
( ဆက်ပါဦးမည်။)
Credit >Daw Cho Maw



``ကျန်စစ်သား၊ပဉ္စကလျာဏီနှင့် ဝေသာလီ´´( ၃ ) ( နိဂုံး )
••••••••••••••••••••••••••••••••••••••••••••
ဓည၀တီအရေးတော်ပုံတွင် ဝေသာလီခေတ်၏ နောက်ဆုံးမင်းဖြစ်သော စူလစန္ဒြားမင်းကို ကုလားမင်းနှင့် ပျူ မင်းတို့က သမီးကညာ ဆက်ကြကြောင်း ဆိုထားသည်ကို တွေ့ရပါသည်။
ရခိုင်ရာဇ၀င် အလိုအားဖြင့် ``စူလစန္ဒြားမင်းနောက် မြိုအမြတူမင်း လက်ထက်တွင် ပုဂံပြည်ကို အစိုးရသော ရွှေမှောက်အမည်ရှိသော
မင်းသည် ဝေသာလီကိုတိုက်ခိုက်ရန် ပြုကိုးသောင်းနှင့် ဖိုးခေါင်တောင်ကို ကျော်၍လာသည်။ အမြတူမင်း ညီတော်၏သား ပဲဖြူမင်းသား တိုက်ခိုက်သဖြင့် တပ်ပျက်ပြန်ရကြောင်း´´
ဆိုထားသည်ကို တွေ့ရပါသည်။
ဝေသာလီခေတ်တွင် ရခိုင်မှ ပုဂံမင်းအား သမီးကညာဆက်ရကြောင်းကို၎င်း၊ပုဂံမင်းက ဝေသာလီကို တိုက်ခိုက် သိမ်းယူကြောင်းကို၎င်း ရခိုင်​ရာဇ၀င်များတွင် လုံးဝမတွေ့ရပေ။ ထို့အတူ မြန်မာရာဇ၀င်တွင်လည်း အနော်ရထာမင်းလက်ထက်တွင် ပဉ္စာမြို့ကိုသိမ်းယူကြောင်းသာ ပါသည်ကို တွေ့ရသည်။ ရခိုင်ဝေသာလီကို သိမ်းယူကြောင်း မတွေ့ရပေ။ ပဉ္စာမြို့သည်လည်း ဝေသာလီခေတ်မဟုတ်ပဲ လေးမြို့ခေတ်သာဖြစ်ကြောင်း ထင်ရှားပါသည်။
မြန်မာသက္ကရာဇ်နှင့် ရခိုင်သက္ကရာဇ်တို့မှာ သက္ကရာဇ်​ဖြိုခြင်းများလှသဖြင့် ခေတ်ကိုတွက်ကြည့်ရန် အလွန် ရှုပ်ထွေးလှပါသည်။ ထို့ကြောင့် ရခိုင်ဝေသာလီခေတ်နှင့် ပုဂံအနော်ရထာမင်း၏ နန်းသက်ကို ခရစ်သက္ကရာဇ်ဖြင့် နှိုင်းယှဉ်ကြည့်ရန် လိုပါသည်။
သူရိယကေတုမင်း၏ သားတော် မဟာစန္ဒြားမင်းသားသည် ဓည၀တီမြို့မှ ဝေသာလီကျောက်လှေကားမြို့ကို တည်ထောင်ပြီး ပြောင်းရွှေ့စံနေသော
ခုနှစ်မှ အေဒီ ၃၂၇ ဖြစ်သည်။ ဝေသာလီခေတ်သည် စန္ဒြားမင်းဆက်၏ နောက်ဆုံးဖြစ်သော
စူလစန္ဒြားမင်းနှင့် ၎င်းနောက် မြိုအမြတူမင်းအထိ နှစ်ပေါင်း ၄၉၉ နှစ်
ရှည်လျားပါသည်။
ထို့ကြောင့် ဝေသာလီခေတ်မှာ အေဒီ ၃၂၇ မှ အေဒီ ၇၇၆ အထိဖြစ်သည်။
အနော်ရထာမင်း၏ နန်းတက်သက္ကရာဇ်မှာ အေဒီ ၁၀၄၄ မှ
အေဒီ ၁၀၇၇ အထိဖြစ်သည်။ (အနော်ရထာ၏ နန်းသက်ကို ဇာတာပုံပြင်အရ မြန်မာသက္ကရာဇ် ၄၀၆ မှ ၄၃၉ အထိ ယူထားပါသည်။) 
ထို့ကြောင့် အနော်ရထာနှင့် ရခိုင်ဝေသာလီခေတ်မှာ နှစ်ပေါင်း ၂၆၈
နှစ်ပင် ကွာခြားနေသည်ကို တွေ့ရသည်။ ထို့ကြောင့် အနော်ရထာထံ ဆက်သသည့် ဝေသာလီမင်းသမီး ပဉ္စကလျာဏီသည်
ရခိုင်ဝေသာလီမှ မဟုတ်ကြောင်း သိသာထင်ရှားပါသည်။
မြန်မာရာဇ၀င်ကိုလေ့လာရာတွင် အချို့က ကျန်စစ်သားမင်းကို ငတပါးမင်းဟု သတ်မှတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျန်စစ်သားမင်းလက်ထက် ရေးထိုးသော ကျောက်စာများတွင် ၎င်းသည် အနော်ရထာနှင့် ပတ်သက်ကြောင်း ဖော်ပြထားသည်ကို
မတွေ့ရခြင်းကြောင့် ဖြစ်ပါသည်။
ကျန်စစ်သားမင်းမှစ၍ ငတပါးမင်းများသည် နေနတ်မင်း သို့မဟုတ် သာကီဝင်မင်းမျိုးများနှင့် ဆက်စပ်ဆင်းသက်လာကြောင်း ဖော်ပြကြသည်။ (Ko MaungMaung
၏ မှတ်ချက်မှ.....)
အလောင်းမင်းတရားကြီး လက်ထက်တွင်မူ မဟာသမ္မတမင်းနှင့်
သွား၍ ဆက်စပ်ဆွဲယူထားသည်ကို တွေ့ရပါသည်။
ကျန်စစ်သား၏ အမျိုးအနွယ်ကို ဆက်စပ်ရာတွင် နေနတ်မင်းရော သာကီဝင်ရောပါ ဆက်စပ်ထားသည်ကို
တွေ့ရပါသည်။
ထို့ကြောင့် ကျန်စစ်သား၏ မယ်တော်ဖြစ်သော ဝေသာလီမင်းသမီး
ပဉ္စကလျာဏီ ဆိုသည်မှာ သမိုင်းတွင် အမှန်တကယ်ရှိခဲ့သော ဇာတ်ရုပ် ဟုတ် မဟုတ်ဟူ၍ကား စဉ်းစားတွေးတောစရာ အပြည့် ဖြစ်ဆဲပင် ဖြစ်ပါတော့သည်။
( ခုနှစ်များ၊အချက်အလက်များ မှားလျှင် ပြင်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါသည်။)
စာကိုး
••••••••
- မြန်မာရာဇ၀င်မှတ်တမ်း (ဟံသာဝတီဦးဘရင်)
- ခေတ်မှီ မြန်မာရာဇ၀င်အကျဉ်း (ဦးဖိုးကျား)
- မှန်နန်းရာဇ၀င်တော်ကြီး(စတုတ္ထတွဲ)
- ရခိုင်ရာဇ၀င်သစ်ကျမ်း
(အသျှင်စန္ဒမာလာလင်္ကာရ)
- ရခိုင်ရှေးဟောင်းမြို့တော်များ (ထွန်းရွှေခိုင်)
- ပဉ္စကလျာဏီနှင့် ဝေသာလီပြဿနာ
(ရောင်နီသန်း) အမှတ် ၁၈၂ ၊၁၉၇၅ ခုနှစ်၊သြဂုတ်လ၊ငွေတာရီ မဂ္ဂဇင်း။
- Ko Maung Maung ၏ မှတ်ချက်။
Credit > Daw Cho Maw