Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

သမိုင်းအစဉ်အလာ ကြီးမားတဲ့ ရခိုင်စာပေနဲ့ အရေးအသား

သမိုင်းအစဉ်အလာ ကြီးမားတဲ့ ရခိုင်စာပေနဲ့ အရေးအသား

ပင့်ရစ်မနိုင် ရခိုင်မေး၊ ပင့်ရစ်မသိ ရခိုင်နှင့်ညှိ တဲ့။ မြန်မာစာ အရေးအသားမှာ အပင့်အရစ်ဟာ ပြဿနာ ကြီးတရပ် ဖြစ်ခဲ့ပါတယ်၊ ဘယ်နေရာမှာ ယပင့်နဲ့ရေးမလဲ၊ ဘယ်နေရာမှာ ရရစ်နဲ့ရေးမလဲ၊ ကကြီးကို ယပင့်လဲ (ကျ)၊ ရရစ်လဲ (ကျ)၊ အသံချင်းက တူနေတော့ ဘယ်အဓိပ္ပါဆိုရင် ယပင့်၊ ဥပမာ ကျီးကန်းက ကျီးဆို ယပင့်၊ ပမာဏ ကြီးတာကိုပြတဲ့ကျီး(ကြီး)ကိုတော့ရရစ်၊ ယပင့်(ကျီး)နဲ့ ရရစ်(ကျီး)ကြီးမှာ မရှုပ်ထွေး လှပေမဲ့ တခြးတခြား အပင့်အရစ် ရေးရာမှာကျတော့ ရှုပ်ထွေးကုန်ပါ တယ်။
ကျေနပ်ကို ယပင့်နဲ့ရေးမလား ရရစ်နဲ့ရေးမလား၊ မျှော်လင့် ဆိုတာကို ယပင့်နဲ့ရေးမလား ရရစ်နဲ့ ရေးမလား၊ မြန်မာစာအဖွဲ့ကထုတ်တဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းရယ်လို့ မပေါ်ပေါက်ခင်က ပညာ ရှင်တွေ အငြင်းပွားခဲ့ရတဲ့ ပြဿနာကြီးပါ၊ ပြီးတော့ အငြင်းစဲအောင်လို့ ပင့်ရစ်မနိုင် ရခိုင်မေး၊ ပင့်ရစ် မသိ ရခိုင်နှင့်ညှိလို့ အမှာအထား ပေါ်လာတာပါ၊ ရခိုင်စကားမှာတော့ ယပင့်နှင့် ရရစ်ကို ခွဲခွဲခြားခြား အသံထွက်တတ်တော့ ဒီလိုပြဿနာ မရှိပါဘူး၊ နားနဲ့ကြားတဲ့(ကျား)ဆို ကြား။ တောထဲကကျား ဆို ကျား။ နံပါတ်ခြောက်ဆို(ခြောက်)။ ဂျောက်တွန်းတဲ့ချောက်ဆိုချောက်။ ရရစ်ဆိုလို့ကတော့ ရသံ အထင်အရှားနဲ့ အသံထွက်တတ်တာပါ၊ ရခိုင်ဒေသိယစကားဟာ ဗမာစကားရဲ့ ရှေးကရှိခဲ့ပြီး ပျောက် ကွယ်နေတဲ့ အထူးသဖြင့် ရသံကို ထိမ်းသိမ်းထားတဲ့ ဘာသာစကားလို့ ဆိုရပါလိမ့်မယ်။ ရသံ သတ် သတ်လောက်ကို ထိမ်းသိမ်းတာတော့ မဟုတ်ပါဘူး၊ ဗမာစကားမှာ ရှေးသုံးလို့ သတ်မှတ်ထားတဲ့ ပေါရဏ စကား တချို့ကိုလဲ ရခိုင်ဒေသိယစကားမှာ တွေ့နိုင်တာပါဘဲ၊ ဗမာစကားကို ထဲထဲဝင်ဝင် လေ့လာချင်ပြီဆိုရင် ရခိုင်ဘာသာစကားကို ဥပေက္ခာ ပြုထားလို့ မရပါဘူ်း၊ ရခိုင်တိုင်းရင်းသားတွေဟာ သမိုင်းအစဉ်အလာ ကြီးမားတဲ့ သူတွေပါ၊
ဓည၀တီခေတ် ဝေသာလီခေတ် မြောက်ဦးခေတ် ဆိုပြီး ရခိုင်သမိုင်း အခိုင်အမာရှိခဲ့ပါတယ်၊ ဓည၀တီခေတ်ဆိုတာက ခရစ်တော်မပေါ်မှီကာလကတည်းက ရှိခဲ့တာပါ၊ နောက်ဆုံး မြောက်ဦးခေတ်က AD ၁၇၈၀ ကျော်အထိ တည်ခဲ့တာပါ၊ ခေတ်အဆက်ဆက်ဟာ ခေတ်မှီကာမတ်တတ်ရယ်လို့ မဟုတ်ပါဘူး၊ ဓည၀တီခေတ် နောက်ပိုင်းမှာဆို ဗုဒ္ဓဘာသာလဲ စပြီးထွန်းကား ဒင်္ဂါးတွေထုတ်လုပ်ပြီး ငွေကြေးစနစ်လဲ တွင်ကျယ်နေခဲ့ပါပြီ၊ ဝေသာလီ လေးမြို့ခေတ် မှာတော့ ပြည်ပအနောက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေ ရှိခဲ့ပါပြီ၊ ငွေကြေးအဖြစ် ရွှေဒင်္ဂါး ငွေဒင်္ဂါးတွေ သုံးစွဲခဲ့ကြပြီလို့ဆိုပါတယ်၊ ရခိုင်မြို့ပြတွေ စည်ပင်ထွန်းကားခဲ့တဲ့ကာလပါ်။ AD ၁၅၀၀ ကျော်ဒုတိယ မြောက်ဦးခေတ်ကာလတော့ ရခိုင်ထီးနန်းအင်အား တောင့်တင်းခဲ့တဲ့ကာလပါ၊ ဘိုးတော် ဘုရားလက်ထက် ၁၇၈၄ ခု အိမ်ရှေ့မင်းက တိုက်ခိုက်သိမ်းသွင်းခံခဲ့ရတဲ့အထိပါဘဲ ကိုယ့်ထီး ကိုယ့် နန်း ကိုယ့်ကျငှန်းနဲ့ တင့်တင့်တယ်တယ် နေနိုင်ခဲ့တော့ ရခိုင်စာပေ ထွန်းကားခဲ့ပုံက အံ့မခမ်းလို့ ဆိုရပါ လိမ့်မယ်။ BC ခြောက်ရာစု လောက်ကရေးခဲ့တယ်လို့ ယူဆရတဲ့ဗြဟ္မီအက္ခရာ အပါအ၀င် ရှေးကျတဲ့ အက္ခရာတွေနဲ့ ရေးထားတဲ့ ကျောက်စာတွေကို ရခိုင်ဒေသမှာ အများအပြား တွေ့ရပါတယ်။ ကျောက် စာတွေတင် မဟုတ်ပါဘူး ဝေသာလီခေတ်မှာကတည်းက သက္ကတကနေ ရခိုင်ဘာသာကို ပြန်ဆိုထား တဲ့ ကျမ်းတွေ ပေါ်ထွန်းခဲ့ပြီလို့ဆိုပါတယ်၊ ကျမ္မရာဇ်မင်းကြီးဝတ္ထုတို့၊ မနုဓမ္မသတ်တို့လို စာမျိုး၊ ဂေါတမ ပူရမ်လို နက္ခတ်ကျမ်းတို့တွေပါ၊ ကဗျာလင်္ကာဘက်ကို ကြည့်ပြန်ရင်လဲ ရခိုင်ဒေသဟာ အလင်္ကာ ဒေသ လို့တောင် ဆိုနိုင်လောက်ပါတယ်၊ ကဗျာလင်္ကာ ပေါ်ထွန်းခဲ့တဲ့ ကာလကလဲစော ကဗျာအရည် အသွေးကလဲ ပြောစမှတ်ပြုစရာပါ၊ ပုဂံထီးနန်းဆိုတာ ဘယ်မှာနေမှန်း မသိသေးတဲ့အချိန်၊ AD ခြောက် ရာစု လေးမြို့ခေတ်မှာ ရခိုင်ဘက်မှာက ကဗျာလင်္ကာသံကို ကြားနေရပါပြီ၊ ရေးဖွဲ့သူက အိမ်ရှေ့စံ မိဖုရား စောပြည့်ညို၊ သု့ရဲ့နာမည်ကြီးကဗျာက သိမ်ကံမိန်တွင်၊ အစချီတဲ့ အလွမ်းရတု၊ စပ်နည်းရော အတွေးရော အဆင့်အတန်း မြင့်လှတယ်လို့ ဖတ်ရသူအများ လေးစားရတဲ့စာပါ နောက်တော့ AD ၇၈၆ ခု မှာရေးတယ်လို့ အမှတ်အသားရှိတဲ့ အမတ်ကြီး ဓမ္မဇေယျရဲ့ ဗျဉ်းသုံးဆယ့်သုံးလုံး လှေတော်သံ၊ ကကြီး အစ အ အဆုံး အက္ခရာတွေကို ညွှန်းညွှန်းပြီး ဖွဲ့ထားတဲ့ ကဗျာပါ၊ ပုဂံခေတ်က အနန္ဒသူရိယရဲ့ သူတည်းတယောက် ကောင်းဖို့ရောက်မူ ကဗျာဟာ သူ့ခေတ်သူ့အခါ ဘာသာစာပေ ထွန်းကားမှု အဆင့်နဲ့ ယှဉ်တွယ်ရင် ပုဂံခေတ် လက်ရာ မဟုတ်နိုင်ဘူးလို့ ကောက်ချက်ချကြတဲ့ ပညာရှိများဟာ ပုဂံခေတ်မတိုင်မှီ ကတဲက ပေါ်ထွန်းတယ်လို့ အမှတ်အသားရှိတဲ့ ရခိုင့်ကဗျာတွေကို ဆင်ခြင်စဉ်းစား သင့်လှပါတယ် ကဗျာလင်္ကာအရာမှာ ရခိုင်တိုင်းရင်းသားတွေ ဗမာတွေထက် အယင်ကျပုံကို နောက်သာဓကတရပ် ရှိပါသေးတယ်။ အဲဒါက မြန်မာဘက်မှာလဲ ထွန်းကားတဲ့ ဧချင်း ကဗျာပါ။ ဧချင်း ကဗျက ဘုရင့်သားတော် သမီးတော်တွေ အိပ်စက်တဲ့အခါ ဆိုရလျှောက်ရတဲ့ ကဗျာတမျိုးပါဘဲ၊ ဒီဧချင်းကဗျာလောကမှာ ဘယ်ဧချင်းကဗျာ အစောဆုံးလဲ ကြည့်ပြန်ရင် ရခိုင်မင်း ဘစောဖြူရဲ့သမီး မောက်တော်မင်းသမီးအတွက် ဖဒူမင်းညို ရေးသားတဲ့ ရခိုင်မင်းသမီးဧချင်းပါဘဲ၊ ဒါကိုကြည့်ရင် မင်းသားငယ် မင်းသမီးငယ် တွေအတွက် ဧချင်း ရေးတဲ့အစဉ်အလာကို ရခိုင်စာဆိုတွေက ဦးဆောင်ခဲ့တယ်လို့ ဆိုနိုင်ပါလိမ့်မယ်၊ ရခိုင်စာဆိုတွေထဲမှာ နောက်ထင်ရှားတဲ့ စာဆိုတဦးက ဥက္ကာပျံပါ။ ခရစ်နှစ် ၁၅၀၀ ကျော် ၁၆၀၀ လောက်မှာ ရခိုင်ဘုရင် မင်းခမောင်း ဟံသာဝတီကို ရောက်နေပါတယ်၊ ဘုရင်နဲ့ပါလာတဲ့ အမတ်ကြီး ဥက္ကာပျံက ရခိုင်ကို လွမ်းလှပါပြီ ပြန်ချင်လှပါပြီ၊ ဒီမှာတင် ကိုယ့်ဘုရင် ရခိုင်ကို ခြေဦးပြန်လှည့်ဘို့ ဆယ့်နှစ်ရာသီဘွဲ့ ကဗျာကြီးကို ရေးပါတယ်၊ ဒီကဗျာဟာလဲ ပညာရှင်တွေ တလေးတစား ချီးကျူးရတဲ့ ကဗျာပါ၊ ကဗျာလင်္ကာနဲ့ ပတ်သက်လာရင် ရှေးတန်းရောက်နေတာဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ကဗျာလင်္ကာ ဗီဇကြောင့်လို့ ဆိုရင် မမှားနိုင်ပါဘူး၊ ရခိုင်တ်ုင်းရင်းသားတွေက အရေးအခင်း ထူးထူး ခြားခြားရှိတိုင်း ကဗျာမပါရင် ပြီးမှမပြီးတာ လှေလှော်ထွက်ရင် ကဗျာနဲ့ ဘုရားပွဲရှိရင် ကဗျာနဲ့ အလှူ မင်္ဂလာပွဲမှာ ကဗျာနဲ့ ကဗျာနဲ့ ကင်းခဲပါတယ် ဒါကြောင့်လဲ လှေတော်သံကဗျာ ပုခက်လွှဲသားချော့ ကဗျာတို့ သာခြင်းတို့ တပို့တွဲလ ကောက်ရီတ်အပြီး သီကြဆိုကြတဲ့ သံချပ်တို့ ပုဂ္ဂိုလ်တဦးဦးရဲ့ အတ္ထု ပတ္တိကို ဖွဲ့တဲ့ ဘွဲ့ကဗျာတို့ ကဗျာလင်္ကာ အဖွဲ့အမျီုးမျိုး တွေ့နိုင်ပါတယ်။ အဆုံးစွာ အစီရင်ခံရရင် ဗမာကဗျာမှာ မတွေ့ရတဲ့ သခွားသီးအဖွဲ့ကဗျာမျိုးကိုတောင် တွေ့ရပါတယ် ကဗျာလင်္ကာ ဘက်မှာ သာ မဟုတ်ပါဘူး၊ စကားပြေ ထဲမှာဆိုရင်လဲ ကျောက်စာ ရာဇ၀င် လျှောက်ထုံး ပုံပြင် ၀တ္ထု စသဖြင့် ပေါပေါကြွယ်ကြွယ် ရှိလှတဲ့ ရခိုင်စာပေပါ၊
ဒီလိုအဆင့်အတန်း မြင့်တဲ့ တိုင်းရင်းသား ဘာသာစာပေကို မြှင့်တင်ဘို့အလုပ်ဟာ မြန်မာတိုင်းရင်းသားတိုင်း တာဝန်တရပ်ပါဘဲ၊ မြန်မာစာ လေ့လာရေးမှာ ဗမာစာ ဗမာစကား သက်သက်ကိုသာမဟုတ်ဘဲ တိုင်းရင်းဘာသာစာပေတွေကိုပါ လေ့လာဘို့ အခွင့်အလမ်း ဖန်တီးနိုင်ရင် ကောင်းလေစွလို့ အောက်မေ့ မိပါတယ်။
Credit

Comments