Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အာနန္ဒစန္ဒြမင်း ၏ ဖခမည်းတော် “ဓမ္မစန္ဒြမင်း ကောင်းမှု ဓါတ်တော်စေတီ


အာနန္ဒစန္ဒြမင်း ၏ ဖခမည်းတော် “ဓမ္မစန္ဒြမင်း ကောင်းမှု ဓါတ်တော်စေတီ”

3 MAY · 



(ပုံ-၁)

ဤပုံကို မြောက်ဦး ဘုရားပေါ်ရပ်ကွက်မှ ရခိုင်လူငယ်တစ်ဦးဖြစ်သော Khine Murn Chun မှ ပေးပို့သည်။

ဤကြေးစတူပါစေတီငယ်သည် ရခိုင်ဝေသာလီခေတ်တွင် ပြုလုပ်ခဲ့သော စတူပါစေတီ ပုံစံငယ်ဖြစ်ပါသည်။ စတုပါစေတီငယ်သည် အမြင့် ၇ လက်မခန့်ရှိပါသည်။ အောက်ခြေပထမအရစ်တွင် ပတ်လည်၌ စာများ ရေးထိုးပါရှိသည်၊ (ပုံ -၁ ရှု )ထိုအပြင် အောက်ခံ ကြေးပြား၏ အောက်ဘက်တွင် လည်း စာသုံးကြောင်း ရေးထိုးပါရှိသည်။ (ပုံ-၃) ရှု

ယခု မြောက်ဦးမြို့ ဘုရားပေါ်ဘုန်းကြီးကျောင်းတွင် ရှိသည်ဟု သိရပါသည်။ဤစတူပါစေတီငယ်၌ အေဒီ(၇) ရာစု၌ ရေးသားသော အက္ခရာများဖြင့် ရေးထိုးထားသော အက္ခရာများပါရှိသည်။ တိတိကျကျ ပြောရ လျှင် ဝေသာလီပြည်ကို စိုးစံအုပ်ချုပ်မင်းလုပ်ခဲ့သော ဓမ္မစန္ဒြမင်း (624-640 အေဒီ)အာနန္ဒစန္ဒြမင်း၏ဖခမည်း တော် လက်ထက်တွင် ရေးထိုးသော အက္ခရာများဖြစ်ပေသည်။ဤ စတူပါစေတီငယ်သည်လည်း အာနန္ဒစန္ဒြ မင်း၏ ဖခမည်းတော် ဓမ္မစန္ဒြမင်း ပြုလုပ်ခဲ့သော စတူပါစေတီငယ်ဖြစ်ပါသည်။ ဤစေတီငယ်သည် စေတီကြီး တစ်ဆူ တည်ရန်အတွက် ပြုလုပ်ထားသော ပုံစံငယ် ဖြစ်ဟန်ရှိပေသည်။ ဤပုံစံဖြင့် ဝေသာလီခေတ်တွင် စေတီ တော်ကြီးတစ်ဆူ ရှိမည်ဟု ယူဆပါသည်။ ထိုစေတီအကြီးထဲတွင် ဤပုံစံငယ် စေတီကို ဌာပနာထားခဲ့ ဟန်တူရှိပေသည်။ စေတီကြီးပြိုပျက်သွားသောအခါ ထွက်ကျလာသည့် စေတီငယ် ဖြစ်ပေမည်။

ဤစေတီငယ်၏ အောက်ခြေပတ်လည်တွင် ရေးထိုးထားသည့်အက္ခရာကား ပထမတစ်မျက်နှာတွင် အာနန္ဒစန္ဒြမင်းကျောက်စာပါ လက်ရေးမျိုးဖြင့် “ဓမ္မစန္ဒြ” ဟုရေးထိုးထားပါသည်။ ဒုတိယမျက်နှာတွင် “ပုဏျေန”ဟု ရေးထိုးထားသည်၊ တတိယမျက်နှာတွင် “ဓါတုမစ္စ” ဟူ၍ ရေးထိုးထားပါသည်။ သုံးဘက်စလုံးတွင် ပါသော အက္ခရာစာလုံးများကို စီတန်းလိုက်သောအခါ သက္ကတဘာသာဖြင့် ရေးထိုးထားသော “ဓမ္မစန္ဒြ ပုဏျေန ဓါတုမစ္စ” ဟုထွက်လာပါသည်။(ပုံ-၂ ရှု ) ထိုအက္ခရာစာလုံးများအတိုင်း စတူပါစေတီငယ်၏ အောက်ခံပြား အောက်ဘက်တွင်လည်း “ဓမ္မစန္ဒြ ပုဏျေန ဓါတုမစ္စ” ဟူရေး အောက်ခြေပတ်လည်မှာ ပါသည့်အတိုင်း ရေးထိုးထားသည်ကို တွေ့ရပါသည်။ (ပုံ-၃ ရှု)



ပုံ-၂



ပုံ-၃

အထက်ပါ သက္ကတဘာသာဖြင့် ရေးထိုးထားသော အက္ခရာစာလုံးများကို အဓိပ္ပါယ်ဖေါ်လိုက်သောအခါ အောက်ပါအတိုင်း ရလာပါသည်။

ဓမ္မစန္ဒြ= ဓမ္မစန္ဒြမင်း

ပုဏျေန= ကောင်းမှု

ဓါတုမစ္စ= ဓါတုမစ္စ(တျား) ဓါတ်တော်စေတီ

(ဓမ္မစန္ဒြပုဏျေနဓါတုမစ္စ ) ကို ခြုံ၍ အဓိပ္ပါယ်ဖေါ်လိုက်လျှင် ( ဓမ္မစန္ဒြ ကောင်းမှု ဓါတ်တော်စေတီ) ဟု အဓိပ္ပါယ် ရပါသည်။ ထိုကြောင့် ဤစတူုပါစေတီငယ်သည် အာနန္ဒစန္ဒြမင်း၏ ဖခမည်းတော်ဖြစ်သော ဓမ္မစန္ဒြမင်း ပြုလုပ် ရေးထိုးခဲ့ သော စတူပါစေတီငယ်ဖြစ်ပါကြောင်း ထင်ရှားသွားပေသည်။ နောက်တစ်ချက်က ( ဓမ္မစန္ဒြပုဏျေနဓါတုမစ္စ)ဆိုသောစကားရပ်သည်မှာ သက္ကတဘာသာအလိုအားဖြင့် ဖေါ်လိုက်လျှင် အဓိပ္ပါယ်ပြည့်စုံဖို့ စာတစ်လုံးလိုနေပေသည်။ထိုစာလုံးသည် (မစ္စ)နောက်တွင် (တိ) သို့မဟုတ်(တျား) ဖြည့်စွက်ရမည်ဖြစ်ပေသည်။ အဘယ်ကြောင့် ဤသို့ပြောရသနည်းဟူမူကား အာနန္ဒ စန္ဒြကျောက်စာ ဂါထာ(၄၇)တွင် စာကြောင်းရေ (၄၈)တွင် “ဓါတုမစ္စဲတျား” ဟု ရေးထိုးပါရှိသည်။ “ဓါတုမစ္စတျား” မှ (ဓါတုမစ်= ဓါတ်တော်+ စဲတျား=စေတီ) ဓါတ်တော်စေတီ အဓိပ္ပါယ်ပြည့်စုံပေသည်။ ယခုစတူပါစေတီတွင်ပါသော အက္ခရာမှာ “ဓါတုမစ္စ” သာဖြစ်သောကြောင့် (တျား) အက္ခရာတစ်လုံး လိုနေသည်ဟု ယူဆပါသည်။ စေတီဆိုသော စကားလုံးကို (စ) တစ်လုံးဖြင့် စေတီဟု အဓိပ္ပါယ်မထွက်ေ သာကြောင့်ဖြစ်ပေသည်။ သက္ကတတွင် (စ) စာလုံးသည် (နှင့်၊လည်းကောင်း)သာ အဓိပ္ပါယ်ဆောင်ပါသည်။ ထိုကြောင့် အမှန်ဖြစ်သင့်သည်က (ဓမ္မစန္ဒြပုဏျေနဓါတုမစ္စဲတျား = ဓမ္မစန္ဒြကောင်းမှုဓါတ်တော်စေတီ) ဟု မှတ်ယူအပ်ပေသည်။

အမျိုးမြတ်သော မြင့်သော ဘုရင့်မျိုးရိုးမှ ဆင်းသက်လာသည့် ဓမ္မစန္ဒြမင်းသည် ဘုန်းတန်ခိုးအာနု ဘော်ကြီး မားခြင်း၌ ကျော်စောထင်ရှားသည်။ ဝေသာလီပြည်ကို (၁၆)တိုင်တိုင် စိုးစံပြီး ထူးမြတ်သော သားတော် အာနန္ဒစန္ဒြမင်းအား ထီးနန်းအရိုက်အရာကို လွဲအပ်တော်မူပြီးနောက် နတ်ပြည်သို့ ကြွမြန်းတော်မူသည်။ ဟု အာနန္ဒစန္ဒြမင်း ကျောက်စာ၌ ဂါထာအပိုဒ်(၄၂-၄၃)တွင် ဓမ္မစန္ဒြမင်းအကြောင်း ရေးထိုးထားသည်ကို အောက်ပါပုံအတိုင်း တွေ့ရပေသည်။ (ပုံ-၄ ရှု)



ပုံ-၎

ထိုဓမ္မစန္ဒြမင်းသည် မိမိတိုင်းပြည်နယ်နမိတ်အတွင်း သုံးစွဲရန်နှင့် နိုင်ငံတကာ ကုန်သွယ်စီးပွါး လုပ်ကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေ လွယ်ကူစေရန် သူ၏ “ဓမ္မစန္ဒြ” အမည်ဖြင့် ငွေဒင်္ဂါးပြားများ ခပ်နှိပ်သုံးစွဲခဲ့ပေသည်။ ထိုဓမ္မစန္ဒြမင်းခပ်နှိပ်ခဲ့သော ဒင်္ဂါးပြား၌ ဓမ္မစန္ဒြ ဟု ရေးထိုးထားပြီး အာနန္ဒစန္ဒြကျောက်စာ ဂါထာ(၄၂) တွင်ထိုမင်း၏အမည်ကို “သီရိ ဓမ္မစန္ဒြ” ဟု ရေးထိုးထားသည်ကို တွေ့ရပါသည်။ (ပုံ-၅ ရှု)



ပုံ-၅

ထိုကြောင့် ဤစတူပါကြေးစေတီသည် အာနန္ဒစန္ဒြမင်း၏ ဖခမည်းတော် ဓမ္မစန္ဒြမင်း ပြုလုပ်ရေးထိုးခဲ့သည်မှာ အမှန်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

မောင်ဖြူ(ကြွီတဲကျွန်း)

အယနာစာပီအဖွဲ့(ရန်ကုန်)

3.5.2018


Comments