ရခိုင်ဆရာတော် အသျှင်သာရမေဓာ မထေရ်မြတ်
===========================
*******************************************
အသျှင် သာရမေဓာ ဆရာတော်ကြီးသည် တိုင်းပြည်သုံးခုမှ မင်းသုံးပါးတို့၏ ဘွဲ့တော်များ ဆက်ကပ်ခံရသော အသျှင်သူမြတ်တစ်ပါးဖြစ်သည်။ ဘွဲ့တော်ဆက်ကပ်သောမင်းသုံးမင်းများ နှင့် ဆက် ကပ်ခံရသော ဘွဲ့တံတော်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ အင်္ဂလိပ်အစိုးရမင်း ဆက်ကပ်သော (သာရမေဓာလင်္ကာရာဘိတိသာသနာ့ဓရ မဟာဓမ္မ ရာဇာဓိရာဇာဂုရု) ဘွဲ့တံဆိပ်တော်
---------------
ဗြိတိသျှအစိုးရမင်းသည် ကောဇာသက္ကရာဇ် (၁၂၀၈)ခု၊ ( 1846 A D) ခုနှစ်တွင် သာရမေဓာမထေရ်မြတ်အား သီလ၊သမာဓိ၊ ပညာနှင့် ပြည့်စုံပြီး၊ မြတ်ဗုဒ္ဓသာသနာတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်ရာ၌ သူမတူအောင် ဇွဲ၊လုံလ ၊ဝိရိယ တို့ဖြင့် ကြိုးပမ်းဆောင်ရွက်တော်မူနိုင်သည့်အတွက် ( သာရမေဓာလင်္ကာရာဘိတိသာသနာ့ဓရ မဟာဓမ္မရာဇာဓိရာဇာဂုရု) ဟူသော ဘွဲ့တံဆိပ်တော်ကို သက်တော် (၄၅) ၊ ဝါတော်(၂၅) ဝါမြောက်တွင် ပထမအကြိမ် ဆက်ကပ်ခြင်း ခံရသည်။( ပုံ-၁)
၂။ ဘင်္ဂလားပြည် - စစ်တကောင်းတောင်တန်းနယ်မင်း (ရခိုင်မြို့သာသနာပိုင် ဝိနည်းဓိုရ်တန်ဆိပ်တော်)
--------------------------------------------
အင်္ဂလိပ်ခေတ်၊ ဘင်္ဂလားပြည်၊ စစ်တကောင်းနယ်တစ်ခွင်ကို အပိုင်စား အုပ်ချုပ်ခွင့်ရသော သက္ကမဘုရင်မ (Chakma King) ကလင်ဒီ သည် အသျှင် သာရမေဓာမထေရ်မြတ်အား ဘင်္ဂလားပြည်တစ်ခွင် မြတ်ဗုဒ္ဓ သာသနာတော် သန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက်ပေးတော်မူခဲ့သည့်အတွက် ကောဇာ (၁၂၁၉) ခု၊ ခရစ် (1857 A D) ခုနှစ်တွင် (ရခိုင်မြို့သာသနာပိုင် ဝိနည်းဓိုရ်တန်ဆိပ်တော်) ဟူသော ဘွဲ့တံဆိပ်တော်ကို ဒုတိယအကြိမ်မြောက် ဆက်ကပ်ခံရသည်။ ထိုအချိန်၌ အသျှင်သာရမေဓာမထေရ်မြတ်သည် သက်တော်(၅၆)နှစ်၊ ဝါတော် (၃၆)ဝါ ရှိသည်။ ( ပုံ-၂)
ရတနာပုံမြို့တည်နန်းတည် မြန်မာဘုရင် မင်းတုန်းမင်း ဆက်ကပ်သော (သာရမေဓာဘိတိသာသနာ့ဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရု)
--------------------------------------------------
(ခရစ်နှစ် ၁၈၅၂-၅၃ )ခုနှစ်တွင် ဗြိတိသျှ နှင့် မြန်မာတို့ စစ်ဖြစ်ပွားပြီးဆုံးလေ ရာ သရက်မြို့နှင့် တောင်ငူမြို့မှစ၍ အောက်မြန်မာပြည်တစ်ဝှမ်းလုံးသည် အင်္ဂလိပ်ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ လေသည်။ ထို့နောက် အထက်ဗမာပြည်ကို အုပ်စိုးသော ရတနာပုံမြို့တည်နန်းတည် ဘုရင်မင်းတုန်း မင်းသည် သာသနာတော်သန့်စင်ထွန်းကားရေးကို အထူးကြိုးစားအား ထုတ်လျက်ရှိလေသည်။
ကောဇာ သက္ကရာဇ် (၁၂၂၂)ခုနှစ်၊ တန်းဆောင်မုန်းလမှစ၍ ကောဇာ (၁၂၃၀) နှစ်ထိ၊ ကဆုန်လဆန်း(၁၄)ရက် နေ့တွင် ကျောက်ချပ်ပေါင်း(၇၂၉) ချပ်၌ ပိဋကတ်တော်များကို ကျောက်ထက် အက္ခရာတင်တော်မူလေ သည်။ ခရစ်နှစ် ၁၈၆၀ မှ ၁၈၆၉ ထိဖြစ်သည်။
ကောဇာသက္ကရာဇ်(၁၂၃၃) ခု၊ (ခရစ်နှစ် ၁၈၇၂) ခုနှစ် မြေနန်းတော်ကြီးရှေ့၌ ခမ်းနားကြီး ကျယ်စွာ ဆင်ယင်ထားသော မဏ္ဍပ်၌ ပဉ္စမသင်္ဂါယနာတင်ပွဲကို ကျင်းပတော်မူလေသည်။ သင်္ဂါယနာ တင်ပွဲကျင်းပရာ၌ သာသနာပြုဆရာတော်ကြီးများသည် နှုတ်ထက်အာဂုံ ပိဋကတ်သုံးပုံကို (၆) လတိုင် တိုင် စုပေါင်း၍ ရွတ်ဆိုတော်မူကြသည်။ ထိုပဉ္စမသင်္ဂါယနာတင်ပွဲတွင် မင်းတုန်းမင်းသည် အင်္ဂလိပ်လက်အောက်ကျရောက်နေသော အောက်မြန်မာပြည်မှ တိုင်းပြည်ကိုယ်စားပြု ဆရာတော်ကြီးများကို ဗြိတိသျှအစိုးရမှတစ်ဆင့် ပင့်ဖိတ် လေရာ ရခိုင်သာသနာပြုကိုယ်စားလှယ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့မှ သံဃရာဇာဆရာတော် အ သျှင်မြတ် သာရမေဓာမထေရ် နှင့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ဆရာတော် အသျှင်ဦးအဂ္ဂ(၂) ပါးတို့ကို ဦးစီးခေါင်းဆောင်အဖြစ်ခန့်ပြီး သံဃာတော်များကို ဗြိတိသျှအစိုးရမှ ရွေးချယ်၍ မန ္တလေး နန်းတော်သို့ ကြွရောက်ရောက်ပါရန် လျှောက်ကြားလေသည်။
ထိုလျှောက်ကြားချက်အရ ဆရာတော်နှစ်ပါးသည် ကောဇာသက္ကရာဇ် (၁၂၂၉) ခုနှစ် ၊ ခရစ် နှစ် (၁၈၆၈) ခုနှစ် အသျှင်သာရာမေဓာ၏ သက်တော် (၆၈)နှစ် သိက္ခာတော်(၄၈)ဝါတွင် တပည့်ရဟန်း တော်များ ခြံရံလျက် မန ္တလေးသို့ ကြွချီတော်မူရာ နွေနှောင်း၍ မိုးဥတုဘက်သို့ရောက်လုပြီဖြစ်သော ဇေ ဌမာသ နံယုန်လတွင် ရောက်ရှိတော်မူလေသည်။
မင်းတုန်းမင်းသည် ရခိုင်ဆရာတော်များအား တံဆိပ်တော်ရ၊ တံဆိပ်တော်မရ သာသနာပြု မြန်မာဆရာတော်ကြီးများနှင့် များစွာသော ရဟန်းပရိသတ်၊လူပရိသတ်တို့ဖြင့် ခရီးဦးကြိုဆိုပူဇော်ကြပြီး လျှင်၊ကျောက်ထက်အက္ခရာတင်နေဆဲ ပိဋကတ်တော်မူများကို မန္တလေးရှိ တံဆိပ်တော်ရ၊ တံဆိပ်တော် မရ မြန်မာသာသနာပြု သံဃာတော်အပေါင်းတို့နှင့် စုပေါင်း၍ ပိဋကတ်တော်များကို စစ်ဆေးသုတ်သင် ပေးရန် လျှောက်ထားသဖြင့်၊ ပေးအပ်သောတာ၀န်ကို ရခိုင်ပြည်မှသံဃာတော်အသျှင်သူမြတ်များသည် ကျေပွန်စွာ တစ်ဝါတွင်းပတ်လုံးဆောင်ရွက်တော်မူလေသည်။
ထိုနှစ်ဆောင်းဦး၀င်ကူး မြောက်လေဖြူး၍ ပန်းထူးသဇင်၊ဆီးနှင်းခွင်တွင်၊လန်းရွင်စီရီ၊ပွင့်မည်တွင်လှ၊ နတ်တော်လ၊ ပဉ္စမသင်္ဂါယနာတင်ရာ၌ ကူညီ စောင်မ ဆောင်ရွက်ချက်များကို ကျေးဇူးတုန့်ပြန်သောအားဖြင့် မင်းတုန်းမင်းတရားကြီးသည် ဘွဲ့နှင်း သဘင်အခမ်းအနားပွဲတော်ကြီးတစ်ခုကို ဆင်ယင်ကျင်းပပြီးလျှင်၊ တံဆိပ်တော်ရ ၊ တံဆိပ်တော်မရ၊ မြန် မာ သာသနာပြုဆရာတော်များနှင့် ရဟန်းပရိသတ်၊ လူပရိသတ် မြောက်များစွာတို့၏ ရှေ့မှောက်တွင်
ရခိုင်ပြည်မှ (သာရမေဓာဆရာတော်)အား ရခိုင်ပြည်၌သာသနာပြုတော်မူခြင်း၊ ဘင်္ဂလားပြည်၌ သာသ နာကို ထပ်မံအသက်သွင်းခြင်း စသော သာသနာတော်၏ အကျိုးကို အထူးတလည် ကြိုးစားအားထုတ် ဆောင်ရွက်တော်မူခြင်း၊ ပဉ္စမသင်္ဂါယနာတင်ပွဲ၌ ပိဋကတ်တော်များကို မြန်မာပြည်မှ သံဃာတော် အသျှင်သူမြတ်များနှင့်အတူ စိစစ်သုတ်သင်တော်မူခဲ့သောကြောင့် မင်းတုန်းမင်းတရားကြီးကိုယ်တိုင် (သာရမေဓာဘိတိ သာသနဓဇ မဟာ ဓမ္မရာဇာဓိရာဇဂုရု) ဟူသောဘွဲ့ တံဆိပ်တော်ကို ကောဇာ (၁၂၂၉) ခု၊ ခရစ်(1868)ခုနှစ်တွင် ဆက်ကပ်ခံရသည်။ (ပုံ-၃)
မင်းတုန်းမင်းတရားကြီး ဆက်ကပ်သော(သာရမေဓာဘိတိသာသနာ့ဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရု)ဟူသော ဘွဲ့တံဆိပ်တော်သည် အသျှင်သာရမေဓာ ဆရာတော်၏ တတိယအကြိမ်မြောက်ရသော ဘွဲ့တံဆိပ်တော် ဖြစ်လေသည်။
ထို့ကြောင့် အသျှင်သာရမေဓာ မထေရ်မြတ်သည် မင်းသုံးပါးတို့ထံမှ သာသနာတော်တိုင်ရာ ဓမ္မရာဇာ ဘွဲ့ (၃) ခုကို ဆက်ကပ်ခြင်းခံရသည့် ထူးမြတ်သော ရခိုင်အသျှင်သူမြတ်တစ်ပါးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
မောင်ဖြူ(ကြွီတဲကျွန်း)
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။