Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဓမ္မရာဇာ=တြားမင်း=မင်းတရား ဟူသော ဝေါဟာရအစ

ဓမ္မရာဇာ=တြားမင်း=မင်းတရား ဟူသော ဝေါဟာရအစ ============
****************************************************

မြန်မာ့စာပေလောကတွင် ရှေးခေတ်က မှတ်တမ်းမှတ်ရာ ကျောက်စာ၊ပီစာ၊ ရာဇ၀င် စာအုပ်စာတမ်းများ၌ ဘုရင်များ၏ အမည်နှင့် ဂုဏ်ပုဒ်များကိုဖော်ပြရာတွင်  အခေါ်အဝေါ် သုံးစွဲမှုတစ်ခုရှိပါသည်။ ထိုအသုံးအနှုန်းမှာ “ဓမ္မရာဇာ=မင်းတြား=မင်းတရား” ဟူသောစကားရပ်ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံဟု ခေါ်တွင်သော နယ်နမိတ် အဝုိင်းအ၀န်းအတွင်း၌ နေထိုင်ကြကုန်သော မူလဌာနတိုင်းရင်း သားများဖြစ်ကြသည် လူမျိုးများတွင် ကိုယ်ထီးကိုယ့်နန်းကိုယ်ကြငှန်းနှင့် နေထိုင်ခဲ့ကြသော ရခိုင်၊ပျူ၊မွန်၊ဗမာ လူမျိုးများတွင် ထို (ဓမ္မရာဇာ-မင်းတြား=မင်းတရား=တရားမင်း)ဟူသော တော်၀င်စကားရပ် အသုံးအနှုန်းကို လူမျိုးတိုင်းသုံးစွဲခဲ့ကြမည်ဟု ထင်မြင်ယူဆရမိပါသည်။ 
ပျူ၊ မွန်၊ ဗမာလူမျိုးတို့၌ “ဓမ္မရာဇာ-မင်းတြား-တရားမင်း” ဟူသော စကားရပ်ကို မည်သည့်ခေတ်၊မည်သည့်အချိန်ကာလ စတင်သုံးစွဲရေးထိုးကြသည်ကို တိတိကျကျ ချပြဖို့ရန် ကျွန်တော်လို့ ဘုန်းကြီးကျောင်းသားတစ်ယောက်အနေဖြင့် လွယ်ကူသော ကိစ္စရပ်မဟုတ်သောကြောင့် မစွမ်းဆောင်နိုင်မှာ သဘာ၀ကျလှပေသည်။ 
သို့သော်လည်း ဓမ္မရာဇာ-တြားမင်း-မင်းတရား ဟူသော စကားရပ်ကို  ရခိုင်လူမျိုးတို့သည် မည်သည့်အချိန်၊ မည်သည့်ကာလတွင် စတင်သုံးစွဲခဲ့ကြသနည်းဆိုသည်ကို ခြေရာကောက်သော် ရခိုင်လူမျိုးတို့ဘက်၌ တွေ့ရှိရသော ကျောက်စာသက်သေ၊ ဒင်္ဂါးသက်သေ အထောက်အထားများကို ချပြရလျင် အောက်ပါအတိုင်းတွေ့ရှိရသည်။
မှတ်ချက်။ ဒင်္ဂါးသက်သေဟုဆိုရာ၌ ရခိုင်ဝေသာလီခေတ်၊ မြောက်ဦးခေတ် ရခိုင်ဘုရင်များ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများကို ဆိုလိုသည်။ 
.


ကျောက်စာသက်သေ
.
ကျောက်စာသက်သေအဖြစ် “ဓမ္မရာဇျံ=ဓမ္မရာဇာ= မင်းတြား=တရားမင်း” ဟူသောစကားရပ်နှင့် ပက်သက်၍ ရခိုင်ဝေသာလီခေတ် ခရစ်နှစ်( အေဒီ၆၄၉)တွင် ရေးထိုးခဲ့သော အာနန္ဒစနြ္ဒမင်းသင်္ဂါယနာတင် မော်ကွန်းကျောက်စာ ကြောင်းရေ၊ (၃၁၊ ဂါထာ ၃၃) တွင်  (အေဒီ ၅၂၀-၅၃၂) တွင် စိုးစံအုပ်ချုပ်ခဲ့သော မင်းတစ်ပါး၏အမည်ကို “ဓမ္မရာဇျံ=ဓမ္မရာဇာ=မင်းတြား=တရားမင်” ဟူသော ဘွဲ့တော်ခံယူသည်ကို အစောဆုံးတွေ့ရှိရသည်။ 

 ယင်းအပြင် ထိုအာနန္ဒစနြ္ဒမင်းသင်္ဂါယနာတင်မော်ကွန်းကျောက်စာကို ရေးထိုးခဲ့သည် အာနန္ဒစန္ဒြမင်း၏ ဖခင်သည်လည်း ဓမ္မရာဇာ-တရာမင်း ဟူသောဘွဲ့တော်ကို ခံယူခဲ့ကြောင်းတွေ့ရှိရသည်။ အာနန္ဒစန္ဒြမင်း၏ ဖခင်အမည်မှာ ဓမ္မစန္ဒြမင်းဖြစ် သည်။

ထိုဓမ္မစန္ဒြမင်းခပ်နှိပ်ခဲ့သော ဒင်္ဂါးကိုလည်း ရှေးကသုတေသီများဖြစ်သော ဆာ အာသာဖေယာ၊ အောက် စဖို့ တက္ကသိုလ်ဘေလီယောကောလိပ်မှ အီး အိချပ် ဂျွန်စတင်၊ ဦးစံသာအောင်တို့ ရေးသားခဲ့သော စာအုပ် စာတမ်းများ တွင် ဖော်ပြပြီးဖြစ်သည်။ ထိုဓမ္မစန္ဒြမင်းအမည် ကို အာနန္ဒစန္ဒြမင်း ကျောက်စာ ကြောင်းရေ (၄၀) ၊ဂါထာ (၄၂)တွင် “ဂြီ့ဓမ္မစန္ဒြ = သီရိဓမ္မစန္ဒြ ဟု  ရေးထိုးပါရှိသည်။ ထိုဓမ္မစန္ဒြမင်းကို ယနေ့လူတို့နားလည်နိုင်သော စကားပြေဖြင့် ဖော်ပြရလျှင်  “ဓမ္မ=တရား၊ စန္ဒြ=လ။  ထို့ကြောင့် ဓမ္မစန္ဒြဆိုသည်မှာ လမင်းကဲ့သို့ အေးချမ်းစွာအုပ်ချုပ်သော မင်းတြား(ဝါ) လရိပ်ကဲ့သို့  ငြိမ်းအေးစွာအုပ်ချုပ်သောတရားမင်း” ဟု အဓိပ္ပာယ်ဖော်ဆောင်နိုင်ပေသည်။
..

နောက်ကျောက်စာအကိုးအကားတစ်ခုမှာ အာနန္ဒစန္ဒြမင်းကျောက်စာ ကိုရေးထိုးခဲ့သည် အာနန္ဒစန္ဒြမင်း ပင်ဖြစ် သည်။ အာနန္ဒစန္ဒြမင်း ကျောက်စာကြောင်းရေ (၆၆-၆၇)၊(ဂါထာ ၆၃)တွင် အာနန္ဒစန္ဒြမင်းသည် ရခိုင်ဝေသာလီတွင် သင်္ဂါယနာတင်ပြီးသောအခါ “သီရိဓမ္မရာဇာဏ္ဍဇဝံသ= သီရိဓမ္မရာဇာဓဇဝံသ= ဘုန်းတန်းခိုးကျက်သရေရှိသည့် မြင့်မြတ်သော တရာမင်းမျိုးရိုး” ဟု မိမိတို့ အမျိုးအနွယ်၏ ဂုဏ်ပုဒ်ကို ဂုဏ်ယူစွာ ကျူးရင့်ကာ ရေးထိုးခဲ့ သော ဂုဏ်ပုဒ်ဖြစ်သည်။ 
...

ထို့ကြောင့် ဓမ္မရာဇာ=တြားမင်း=မင်းတရား ဟူသော စကားရပ်ကို ကျောက်စာအကိုးအကား အထောက်အထားပြရမည်ဆိုလျှင်  (အေဒီ ၆၄၉) တွင် ရေးထိုးခဲ့သော အာနန္ဒစန္ဒြမင်း ကျောက်စာကို  သက်သေအဖြစ် ချပြရမည်ဖြစ်သည်။ (ပုံ-၁)
..



ဒင်္ဂါးသက်သေ၊
...

ဓမ္မရာဇာ=တြားမင်း=မင်းတရား ဟူသောစကားရပ်နှင့်ပက်သက်၍ ဒင်္ဂါးသက်သေအဖြစ် ချပြရမည်ဆိုလျှင်
ရခိုင်ဝေသာလီခေတ်၊ မြောက်ဦးခေတ်တို့တွင် စိုးစံအုပ်ချုပ်ခဲ့ကြသော ဘုရင်များခပ်နှိပ်သုံးစွဲခဲ့သည် ဒင်္ဂါးများထဲမှ ဓမ္မရာဇာ၊ တြားမင်း၊မင်းတရား ဟု ဘွဲ့တော်ခဲ့ယူသော ဒင်္ဂါးများကို ချပြရမည်ဖြစ်သည်။  ဓမ္မရာဇာ=တြားမင်း=မင်းတရား ဘွဲ့တော်အမည်နှင့်ပက်သက်၍ ရခိုင်ဝေသာလီခေတ် ဒင်္ဂါးများကို အောက်ပါအတိုင်း တွေ့ရှိရသည်။
..
ဓမ္မရာဇာဒင်္ဂါး(အေဒီ ၅၂၀)
================
၁။ ဤဒင်္ဂါးပါမင်းအမည်ကို အာနန္ဒစန္ဒြမင်းကြောင်းရေ (၃၁)၊ (ဂါထာ ၃၃) တွင်ပါရှိသည်။ 

အနက်ဖွင့်သော် - “ဓမ္မရာဇျံ=ဓမ္မရာဇာ=တြားမင်း=မင်းတရား” ဖြစ်သည်

၂။ ဓမ်မစန်ဒွ (အဒေီ - ၆၂၄)
    ==============
  ဤမင်းအမည်ကို အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ (၄၀)၊ ဂါထာ(၄၂)တွင် “ဂြီ့ဓမ္မစန္ဒြ = သီရိဓမ္မစန္ဒြ ဟု ရေးထိုးပါရှိသည်။ အနက်ဖွင့်သော်- “ဓမ္မစန္ဒြ = ဓမ္မ=တရား၊ စန္ဒြ=လမင်း= စန္ဒြတရားမင်း” ဟု အဓိပ္ပာယ်ဖွင့် ဆိုနိုင်မည်ဖြစ်သည်။ 
 ဤကား ဓမ္မရာဇာ= တြားမင်း=မင်းတရားနှင့် ပက်သက်၍ ရခိုင်ဝေသာလီခေတ် (အေဒီ ၆-၇ ရာစု) သက်သေပြ ဒင်္ဂါးများပင်တည်း။ (ပုံ-၂)




*****

မြောက်ဦးခေတ် ဓမ္မရာဇ=တြားမင်း=မင်းတရား ဘွဲ့ခံဒင်္ဂါးများ
မြောက်ဦးခေတ်(၁၄၃၀-၁၇၈၄) ကာလအတွင်း “ဓမ္မရာဇာ=တြားမင်း=မင်းတရား” ဟူသောအသုံးအနှုံးနှင့် ပက်သက်၍ ရခိုင်ဘုရင်များ ဘွဲ့တော်ခံယူ ခပ်နှိပ်ခဲ့သည့် ဒင်္ဂါးများကို အောက်ပါအတိုင်းတွေ့ရှိရသည်။ ယင်းဒင်္ဂါးများမှာ

..
၁။ (သက္ကရာဇ် ၉၃၃၊ အေဒီ ၁၅၇၁)ခုနှစ်တွင် ခပ်နှိပ်ခဲ့သော - ရှင်ဖြူများသျှင် “မင်းတြားကြီး” သီရကာနာတြသျဟ(ခေါ်)မင်းဖလောင်း ဒင်္ဂါး။
.
၂။ (သက္ကရာဇ် ၉၇၄၊ အေဒီ ၁၆၁၂ ) တွင် ခပ်နှိပ်ခဲ့သော - ဆင်ဖြူသခင်ဆင်နီသခင် “မင်းတြားကြီး” ဥသျောင်သျာ  ဒင်္ဂါး။
..

၃။ (သက္ကရာဇ် ၉၈၄၊ အေဒီ ၁၆၂၂ ) တွင် ခပ်နှိပ်ခဲ့သော ဆင်ဖြူသခင်ဆင်နီသခင် သီရိ“သုဓမ္မရာဇာ” ဒင်္ဂါး ။ 
သုဓမ္မရာဇာ ကို အနက်ဖွင့်သော် (သု=ကောင်းသော၊မြတ်သော ၊ဓမ္မ=တရား၊ ရာဇာ=မင်း၊  ကောင်းမြတ်သောမင်းတရား)
....
၄။ (သက္ကရာဇ် ၉၈၆၊ အေဒီ ၁၆၂၄ ) တွင် ခပ်နှိပ်ခဲ့သော ဆင်ဖြူသခင်ဆင်နီသခင်မဟာသီရိသု“ဓမ္မရာဇာ” ဒင်္ဂါး။
သုဓမ္မရာဇာ ကို အနက်ဖွင့်သော် (သု=ကောင်းသော၊မြတ်သော ၊ဓမ္မ=တရား၊ ရာဇာ=မင်း၊  ကောင်းမြတ်သောမင်းတရား)
.....

၅။ (သက္ကရာဇ် ၁၀၀၇၊ အေဒီ ၁၆၄၅) ခုနှစ်တွင် ခပ်နှိပ်ခဲ့သော-  ဆင်ဖြူသခင်ဆင်နီသခင် သတို၀်း“မင်းတရား” ဒင်္ဂါး။

......

၆။ (သက္ကရာဇ် ၁၀၁၄၊ အေဒီ ၁၆၅၂) တွင်ခပ်နှိပ်ခဲ့သော - ရွှေနန်းသခင် “စန္ဒသုဓမ္မရာဇာ” ဒင်္ဂါး။ အနက်ဖွင့်သော်
(စန္ဒ=လ၊ သုဓမ္မ=ကောင်းမြတ်သောတရား၊ ရာဇာ=မင်း။ လမင်းကဲ့သို့ အေးချမ်းစွာအုပ်ချုပ်သော မင်းတြား၊(ဝါ)တရားမင်း)
......
၇။( သက္ကရာဇ် ၁၀၄၇၊ အေဒီ ၁၆၈၅) တွင် ခပ်နှိပ်ခဲ့သော- ရွှေနန်းသခင် ၀ရ “ဓမ္မရာဇာ” ဒင်္ဂါး၊
( ၀ရဓမ္မရာဇာကို အနက်ဖွင့်သော် (၀ရ=မြတ်သော၊ဓမ္မ=တရား၊ရာဇာ=မင်း = မြတ်သောတရားမင်း) 
......
၈။ (သက္ကရာဇ် ၁၁၄၀၊ အေဒီ ၁၇၇၈) တွင်ခပ်နှိပ်ခဲ့သော - ရွှေပြည်သခင် “ဓမ္မရာဇ်ရာဇာ” ဒင်္ဂါး။ 
ဓမ္မရာဇ်ရာဇာ ကို အနက်ဖွင့်သော် - ဓမ္မရာဇ် တရားမင်း၊ရာဇာ=ဘုရင်၊ တရားမင်းဘုရင် တို့ဖြစ်ကြသည်။ (ပုံ=၃)

ထို့ကြောင့်  “ဓမ္မရာဇာ=တြားမင်း၊ မင်းတရား” ဟူသော တော်၀င်အသုံးအနှုန်း ဝေါဟာရကို ရခိုင်လူမျိုးတို့သည် (အေဒီ ၅၂၀)လောက်ကပင် ရခိုင်ဝေသာလီ၌ အုပ်ချုပ်ခဲ့သော ဓမ္မရာဇာမင်းမှ အစပြုကား မြောက်ဦးခေတ် ဓမ္မရာဇ်ရာဇာမင်း (အေဒီ ၁၇၇၈) ထိ စဉ်ဆက်မပြတ် သုံးစွဲလာခဲ့သော  ဝေါဟာရအသုံးအနှုံးတစ်ခုဖြစ်ကြောင်းကို ကျောက်စာသက်သေ ၊ ဒင်္ဂါးသက်သေများဖြင့်  ရေးသားတင်ပြလိုက်ရပါသည်။

မောင်ဖြူ(ကြွီတဲကျွန်း)
8.1.2021

Comments