Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရမ်းဗြဲကျောက်ဖြူဘက်မှ အနောက်ဘုရင်မင်းတစ်ပါး၏ဒင်္ဂါးများ

ရမ်းဗြဲကျောက်ဖြူဘက်မှ အနောက်ဘုရင်မင်းတစ်ပါး၏ဒင်္ဂါးများ
====================================

ဒင်္ဂါးကို အဘယ်ကြောင့် ကျောက်ဖြူ ရမ်းဗြဲဘက်မှ အနောက်ဘုရင်ဟု ခေါ်ရသနည်းဟူမူကား
ဖော်ပြပါ ဒင်္ဂါးတွင် (ဘုရင်မင်း )ဟူသော စာလုံးများကို (ဖုရန်မင်း) ဟု ရေးသားထားသည်မှာ ကျောက်ဖြူ၊ရမ်းဗြဲ၊ မှ ရခိုင်များပြောသော ဒေသိယ စကားလေသံအတိုင်း ရေးထားသည်ကိုတွေ့ရသောကြောင့် ကျောက်ဖြူ ရမ်းဗြဲဘက်မှ အနောက်ဘုရင်မင်းဟု မှတ်ချက်ပြုရခြင်းဖြစ်သည်။
ဒင်္ဂါးတွင် ရေးထိုးပါရှိသည့် စာမှာ(မင်တရားကြီသာတော် အနောက်ဖုရန်မင်၉၅၃)=မင်းတရားကြီးသားတော် အနောက်ဘုရင်မင်း ၉၅၃) ဟူ၍ဖြစ်သည်။
*

အနောက်ဘုရင် “မင်းတရားကြီးသားတော် အနောက်ဘုရင်-၉၅၃” ဒင်္ဂါးများ၏ အချင်းမှာ (၂၄ မီလီမီတာမှ  ၂၆ မီလီမီတာ)ထိရှိကြပြီး၊ အလေးချိန်မှာ ( ၁၀.၀၃ ဂရမ် မှ ၁၀. ၁၆ ဂရမ်) ထိ ရှိကြသည်။ 
ဒင်္ဂါးတွင် ရခိုင်စာတစ်ဘက်၊ ပါရှန်စာ+ဘင်္ဂလီစာတစ်ဘက် သုံးဘာသာဖြင့် ရေးထိုးခပ်နှိပ်ထားသည်။
**

ဒင်္ဂါးပါ ရခိုင်စာပါသောဘက်ကို အိန္ဒိယဒင်္ဂါးသုတေသီ မီချီနာက “Minta/ya gyi tha / daw anau-/k bha wa shin/ 953=မင်းတ/ရာကြီးသာ/ဒေါ် အနော/က်ဘ၀သျှင်/၉၅၃” ဟူ၍လည်းကောင်း၊ ပါရှန်စာကို   “Kalima=ကလီမာ” ဟူ၍လည်းကောင်း၊ ဘင်္ဂလီစာ ကို - “Sri Sri Min/thauh’ra ” သီရိသီရိမင်းသဟ်ရာ” ဟူ၍လည်းကောင်း ဖော်ပြသည်။

ဒင်္ဂါးတွင်  ရခိုင်စာဖြင့် ရေးထိုးထားသည့်ဘက်တွင် မင်းအမည်ကို  ဒင်္ဂါးသုတေသီ မီချီနာရေးသားဖော်ပြသလို “Minta/ya gyi tha / daw anau-/k bha wa shin/ 953=မင်းတ/ရားကြီးသာတော် အနောက်ဘ၀ရှင် /၉၅၃” ဆိုသည်မှာ ဒင်္ဂါးတွင် ရေးထိုးပါရှိသည့်စာနှင့် အနည်းငယ် ကွဲလွဲနေပေသည်။ 
***

ထိုကွဲလွဲချက်မှာ မီချီနာ က (မင်းတရားကြီးသားတော်အနောက်ဘ၀ရှင်၉၅၃) ဖြစ်ပြီး၊ ဒင်္ဂါးတွင် ရခိုင်စာဖြင့်ရေးထိုးပါရှိသည့် မင်းအမည် အပြည့်အစုံမှာ “   မင်တ/ရားကြိသာ/တောအေ/နာက်ဖုရန်မင် ၉၅၃” =(မင်းတရားကြီးသားတော် အနောက်ဘုရင်မင်း ၉၅၃) ဟူ၍ သာဖြစ်သည်။ 

****

“ မင်းတရားကြီးသားတော် အနောက်ဘုရင်မင်း”ဒင်္ဂါး၌ ပုံစံနှစ်မျိုးတွေ့ရသည်။ အတူတူဖြစ်သော်လည်း အက္ခရာစာလုံး ရေးပုံများ ကွဲလွဲကြသည်။
ဒင်္ဂါးနှစ်ပြားပါစာများ ကွဲလွဲချက်မှာ “ မင်းတရားကြီးသားတော် အနောက်ဘုရင်မင်း”ဒင်္ဂါး၌    မင်းတစ်ပါးတည်း ခပ်နှိပ်ခဲ့သော ဤဒင်္ဂါးနှစ်ပြားများတွင် (ေ) သဝေထိုး ရေးပုံသည် အမှောက် (ာ) ၊အလှန်(ေ) ပုံသဏ္ဍာန် ပါရှိသည်ကို တွေ့ရသည်။  ယင်းအပြင် မြောက်ဦးခေတ် ဒင်္ဂါးများတွင် ၀စ္စနှစ်လုံးပေါက် (း) ကို အစောဆုံး တွေ့ရ သော ဒင်္ဂါးဖြစ်မည်ဟုယူဆသည်။ ဤဒင်္ဂါးနောက်ပိုင်း ခပ်နှိပ်သော နောက်ပိုင်းဒင်္ဂါးများတွင် သဝေထိုးပုံသဏ္ဍာန် သည် ယခုမျက်မှောက်ခေတ် အသုံးပြုနေကြသော (ေ) ပုံစံအတိုင်း ပြောင်းလဲလာသည်ကိုတွေ့ရသည်။

*****
              
“မင်းတရားကြီးသားတော် အနောက်ဘုရင်မင်း” ဒင်္ဂါးတွင် ဒင်္ဂါးခပ်နှိပ်သော သက္ကရာဇ်ကို ( ၉၅၃) ဟု ရေးထိုးပါရှိသောကြောင့်   ထိုအချိန် မြောက်ဦးနန်းတော်၌ “ဆင်ဖြူများရှင်မင်းတြားကြီးသီရကာနာတြသျှာဟ” ဘွဲ့ခံ (မင်းဖလောင်း -သက္ကရာဇ် ၉၃၃-၉၅၅ ) စိုးစံအုပ်နေသော အချိန်ကာလဖြစ်သည်။ ထို့ကြောင့် “မင်းတရားကြီးသားတော် အနောက်ဘုရင်မင်း” ဆိုသောသူသည် မင်းဖလောင်း၏သားတော် တော်၀င်မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်ကြောင်း သိနိုင်ပေသည်။ 


Credit 
-----
မောင်ဖြူ (ကြွီတဲကျွန်း)
27.1.2021၊ 8း45 PM

Comments