Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ငစည်ကပွဲ (စဆုံး) #မာန်အောင်ပီယ

ငစည်ကပွဲ (စဆုံး)
#မာန်အောင်ပီယ

ငစည်ကပွဲသည် ရခိုင်၏ ယဉ်ကျေးမှုတရပ်ဖြစ်ပေသည်။ ယဉ်ကျေးမှုဟူသည်မှာလည်း လူတမျိုးသည် အခြားလူမျိုးများနှင့် မတူသော ထုံးစံဓလေ့ အကအခုန် အနုပညာစသည်တို့ပင်ဖြစ်သည်။

ငစည်ကပွဲမှာ ရခိုင်၏ ယဉ်ကျေးမှုတရပ်ဖြစ်သည်သာမက ရဇ၀င်အထောက်အထားရသော ကပွဲလည်းဖြစ်၊ အနုပညာမြောက် ဂုဏ်ရသမြောက် ကပွဲလည်းဖြစ်သဖြင့် လူတိုင်းပင် ကြိုက်နှစ်သက်ကြသည်။ ရှေးရခိုင်ဘုရင်များ လက်ထက်အခါကမူ ဘုရင်မင်းမြတ်၊ မိဖုရားနှင့် မောင်းမမိဿံ အခြွေအရံတို့အား နန်းတော်တွင်းတွင် ကပြအသုံးခံသော ကပွဲလည်းဖြစ်သည်။ နန်းတွင်းကပွဲတခုဖြစ်ပေသည်။ ဤငစည်ကပွဲကို နန်းတော်တွင်း၌ ကပြရခြင်းမှာ စိတ်လက် ညစ်ညူးသော နန်းတော်သူ၊ နန်းတော်သားများအား ရွှင်လန်းရယ်မောစေလိုသောကြောင့်၎င်း၊ ငစည်ဇာတ်လမ်း၏ အခြေခံမှာလည်း မိမိလင်ယောက်ျား ဘုရင်မင်းမြတ်အပေါ်တွင် မကောင်းကြံသော မိဖုရားသည် နောက်ဆုံး ဒုက္ခရောက်ရသည်ဖြစ်ရာ ထိုဇာတ်လမ်းဖြင့် မိဖုရား၊ မောင်းမတို့အား ဆုံးမသွန်သင်ခြင်းတရပ်ဖြစ်စေလိုသောကြောင့်၎င်း ဖြစ်ဟန်တူသည်။

ငစည်သီချင်းမှာ သာချင်းခေါ် ရခိုင်လင်္ကာတမျိုးဖြင့် စပ်ဆိုထားရာ ညီညွတ်ပြေပြစ်သော ကာရန်များကြောင့် နားထောင်ရသူများအဖို့ နားဝင်ချိုလှပေသည်။

"ဤသို့ခြင်းရာ အဖြာဖြာ၊ ငါသာ ဆိုမယ်၊ အုန်းကိုကာ၊ ပါရာအောက်မှာ၊ အသက်ရှေ၊ မေးမေကြီးရို့လေ၊ အသက်ရှေ၊ နှမချေရို့လေ၊ အသက်ရှေ၊ အစ်ကိုကြီးရို့လေ၊ သောတရယ်ပီ၊ ညာရွှီနားမှာ၊ ကောင်းကောင်းရယ်ထောင်ပါ၊ ရှေးကနည်းနာ၊ ဆရာလက်ကသုံး၊ ထုံးနည်းအမှန်၊ ကျမ်းဂန်နှင့်စ၊ ရှစ်ထသဒ္ဒါ၊ ငါးဖြာရယ်ဝိနည်း၊ ဇာတ်ကြီးဆယ်စောင်၊ ရွှီပြောင်ပြောင်ရယ်၊ ကြီးခေါင်ဘုရား၊ သုတ်ထိုသုတ်ကျမ်း၊ ပဋ္ဌာန်းယမိုက်၊ ဆန်းအဘိဓမ္မာ၊ အဖြာဖြာကယ်၊ လင်္ကာရယ်ဆန်းလို့၊ ကြက်ရုံးသရခိုင်၊ ရနံ့လှိုင်ကယ်၊ မွှေးကြိုင်ပျံ့ပျူး၊ တညောင်ညောင်နှင့်၊ သာချင်းသာချို၊ သူ့အခါကို၊ ငွေကစားလို့၊ နွဲ့ကာရယ်ဆို၊ နှစ်ကိုယ်ကတိ၊ ဤပွဲရှင်ခင်ဗရားနှင့်၊ စကားဟိလို့၊ တပွင့်ရယ်ပန်၊ မင်းကျွန်သားရို့၊ စကားထိုလီ၊ ကျွန့်ဆင်ခြီကို၊ စည်ဝယ်အမှန်၊ နားဝယ်ဆိမ့်၊ ငြိမ့်ငြိမ့်ခံလို့၊ နောက်စွန်ရပ်က၊ ဟန်ရနုနယ်၊ အပျိုချေ၊ ခါးဝယ်ဝတ်ဆင်၊ ရင်ဟရယ်တင်၊ ကိုယ်တွင်းဖွေးဖွေး၊ သနပ်ခါးနှင့်၊ ပဲနံသာရယ်၊ ပါးမှာလိမ်းကေ၊ နှစ်သက်ကြိုက်ဖွေ၊ လူပျိုချေရို့မြင်ကေ၊ ရင်ကိုရေထု၊ ရူးရဖို့လေ၊ ကိုယ်ဝယ်ဟန်ရ၊ မင်းကျွန်မကေ၊ အလှလွန်ဘိ၊ တယောက်မိနှင့်၊ မမကြီးလဲခေါ်၊ ဒါအိုကုန်းကွ၊ တလတ်ကျကေ၊ မမကြီးမှာ၊ အရာတခန်း၊ ဥာဏ်တန်ဆောင်ကေ၊ ငစေကိုညွှန်းပြမေလေ "

ဤသာချင်းမှာ ငစည်ပြပွဲအစတွင် ငစည်ကပွဲကျင်းပပြုလုပ်မည်အကြောင်း အဖွင့်သဘော နိဒါန်းသဖွယ်ဖြင့် သီဆိုသောသာချင်းဖြစ်ပေသည်။ ရခိုင်အသံနှင့်လိုက်အောင် စပ်ဆိုထားသော လင်္ကာဖြစ်၍ ငစည်ဆရာက ရခိုင်ပီသစွာ ရွတ်ဆိုလိုက်သောအခါ နားထောင်၍ ကောင်းလှပေသည်။

ငစည်ကပွဲမှာ ဇာတ်ထုပ်တခုလုံးကို တယောက်တည်းကပြရသော ပွဲဖြစ်ရာ ဇာတ်ထုပ်တခုလုံးတွင်ပါဝင်သော များစွာသော ဇာတ်ကောင်များကိုယ်စား တယောက်တည်းက အမူအရာအမျိုးမျိုး အသံနေအမျိုးမျိုးပြုလုပ်ရလေသည်။ တခဏချင်းပင် ရှင်ဘုရင်ဖြစ်၍ တခဏချင်းပင် အမတ်ကြီးဖြစ်ရသည်။ တခဏချင်းပင် မိဖုရားဖြစ်ရလေသည်။ ကွက်စိပ်ကာရန်မျိုး အသံမျိုးလည်း မဟုတ်သည့်ပြင် ငစည်မှာ တကယ်ပင် သရုပ်ဆောင်ရလေသည်။ ရှင်ဘုရင်စကားပြောစဉ် ပလ္လင်ပေါ်တွင်နေရ၍ အမတ်ကြီးက ရှင်ဘုရင်ကို လျှောက်ထားစဉ် ပလ္လင်အောက်သို့ဆင်း၍ လျှောက်တင်ရလေသည်။ နတ်ဝင်မအခန်းသို့ ရောက်ပြန်ကလည်း ချက်ခြင်းပင် ပုဆိုးကို မိန်းမထဘီကဲ့သို့ ရင်လျားဝတ်၍ နတ်ကသလို ကရပြန်လေသည်။ သူ့အခန်းနှင့်သူ သူ့အကွက်နှင့်သူ ချက်ချင်းပြောင်းလဲပြီး သရုပ်ဆောင်ပြီး ကရလေသည်။

ငစည်အကမှာ ခြေလှမ်းပုံနှင့် လက်ဖျစ်တီးကို အဓိကထား၍ ကပြရသော အကဖြစ်လေသည်။ ငစည်ကရန်အတွက် ပစ္စည်းကိရိယာ များစွာမလိုပေ။ ဆန်ဖွပ်သော ဆုံတခု၊ သို့မဟုတ် ကုလားထိုင်ဖြစ်စေ၊ ပလ္လင်ဖြစ်စေ တခုလိုသည်။ ထို့ပြင် ငါးသဲ့သော ယက်သဲ့တခု၊ ငါးထည့်သော ပလိုင်းတခုနှင့် လှော်တက်တချောင်းသာဖြစ်သည်။ အ၀တ်အစားမှာလည်း ရိုးရိုးအ၀တ်အစားနှင့် ခေါင်းဗေါင်းပေါင်းရန် ပိတ်ထူထူ တပိုင်းသာလိုသည်။

ငစည်အကကို ရှေးက ရခိုင်ပြည် နေရာတကာတွင် မကြာမကြာ တွေ့ရှိရလေသည်။ သို့သော် ယခုအခါ၌ တွေ့ရမြင်ရသည်မှာ နည်းပါးလာသည်။ ငစည်ကတတ်သူလည်း နည်းပါးလာဟန်ရှိသည်။ ငစည်မှာ ရယ်ရမောရသည့်ပြင် ကျောက်ရိုးရာဇ၀င်အဆိုဖြစ်သော မည်သည့်အချိန်တွင် တိုင်းပြည် မည်သို့ဖြစ်မည်၊ စစ်မက် မည်သို့များမည် တိုင်းပြည် မည်သို့ပျက်မည် စသည်ဖြင့် အနာဂတ်ကို ဟောကြားသော တဘောင်ကို ယုံကြည်သောလူများ များပြားသည်အလျောက် ငစည်ကပွဲများကို များစွာ နှစ်သက်ကြသည်။

တိုင်းသားပြည်သူ၊ ကြွက်ကြွက်ဆူ၊ ပြည်သူဥပဒ် ဖြစ်လိမ့်မယ်။

ဇီးချောင်းဝက၊ ခိုင်လတပ်ကြီး ဆောက်လိမ့်မယ်။

ကညင်ကညောင်း၊ ခမောင်းညာတိမ်၊ ရန်မျိုးငြိမ်ကေ၊ သိမ်တိုင်ကုလ စိုက်လိမ့်မယ်။

အမျိုးရခိုင်၊ အပေါ်နိုင်အောင်၊ ငွေဘုရားကို ဒင်္ဂါးလုပ်၍ ထုတ်လိမ့်မယ်။

အမျိုးရခိုင်၊ မပေါ်နိုင်အောင်၊ ရွှေဘုရားကို၊ ၀တ်စားတန်းဆာ ဆင်လိမ့်မယ်။

သေမယ်တချို့၊ ရှင်တချို့၊ ဆယ်ဘို့လူပင် ပြုန်းလိမ့်မယ်။

မင်းကားအလွတ်၊ ပြည်ဥပဒ်၊ မချွတ်ထိုခါ ဖြစ်လိမ့်မယ်။

ဒေ၀ပစ္စုန်၊ မိုးဟုန်မရွာ၊ သည်ပြေရွာမှာ၊ ထိုခါမိုးပါ ခေါင်လိမ့်မယ်။

မိုးလဲခေါင်က၊ ပြေဓညမှာ၊ မရ၀မ်းစာ ဟိလိမ့်မယ်။

လူရှင်များစွာ၊ ပြီးရာမရ၊ ကြီးဒုက္ခမှာ၊ များလှလူပေါင်း သေလိမ့်မယ်။

သားကိုအမိ၊ ရှာမတွိ၊ အမိတရွာ၊ သားတရွာလဲ ရှိလိမ့်မယ်။

စစ်တွေမင်းကံ၊ လူမကျန်၊ စပါးထားဝါပို၊ အားလုံးပြို၊ တန်းခိုးတန်းစွယ်၊ လူကိုဆယ်၊ ဦးရစ်တောင်မင်းကံ၊ လူမကန်ဘဲ ဖြစ်လိမ့်မယ်။

မာန်အောင်ကျွန်းထက်၊ ရွာဆားချက်၊ မပျက်ခြောက်အိမ် ကျန်လိမ့်မယ်။

တောင်ခွင် ဆင်မ၊ ရှာမရ၊ လူပေါင်းတသောင်း လွတ်လိမ့်မယ်။

စသော သိုက်တဘောင်များမှာလည်း ယုံကြည်သော ပရိသတ်များအဖို့ အကြိုက်ပင်ဖြစ်တော့သည်။

ငစည် သီချင်းများကို မဖေါ်ပြမီ ငစည်ဇာတ်ကွက်၊ ဇာတ်လမ်းကို သိမှ ပိုမို နားရှးလိမ့်မည် ဖြစ်သည့်အတိုင်း ငစည်ဇာတ်လမ်းကို အကျဉ်းချုပ်မျှ ဖေါ်ပြလိုပါသေးသည်။

ငစည်ဇာတ်လမ်းမှာ ရခိုင်ရာဇ၀င်ကို အခြေခံကြောင်း အထက်တွင် ဆိုခဲ့ပေပြီ။ မြန်မာသက္ကရာဇ် ၉၈၄ ခု၊ ခရစ်သက္ကရာဇ် ၁၆၂၂ ခုနှစ်တွင် ယခုအခါ မြို့ဟောင်းဟုခေါ်သော မြောက်ဦးမြို့၌ မဟာသီရိသုဓမ္မရာဇာဘွဲ့ခံ နရပတိမင်း ထီးနန်းစိုးစံ၏။ ထိုအချိန်အခါသည်ကား မြန်မာပြည် အင်းဝ၌ သာလွန်မင်းတရားကြီး ထီးနန်းစိုက်သောအခါဖြစ်၏။ နရပတိမင်းသည် တင်းဝါးစားအမတ်ကြီး၏ သမီးဖြစ်သူ ၀ါလှဖြူကို ကောက်ယူသိမ်းပိုက်ပြီးလျှင် ၀ါစိုးဖြူအမည်ဖြင့် မိဖုရားမြောက်၏။

သို့သော် ဘုရင်က အသက်ကြီးပြီး ၀ါစိုးဖြူက ဘုရင်ထက် များစွာ အသက်ငယ်သဖြင့် ဘုရင်ကို သဘောမကျ၊ လောင်းကြက်မြို့စား ငကုသလ ငခွီးချေကိုသာ မိဖုရားက သဘောကျ၏။ နရပတိမင်းကို လုပ်ကြံရန် သူတို့နှစ်ဦး ကြံစည်ကြသည်။ လောင်းကြက်စားသည် အင်းအိုင်မန္တာန်တတ်သူတဦးဖြစ်သည့်အလျောက် ဘုရင်ကို ထိုပညာဖြင့် သတ်ရန်ကြံစည်လေသည်။ နရပတိမင်းသည် အင်္ဂါသားဖြစ်၍ ငစည် အင်္ဂါနံကို နန်းတွင်းသို့ရောက်အောင်ပြု၍ နံနှိပ်လျှင် ဘုရင်နတ်ရွာစံမည်ဖြစ်သဖြင့် မိဖုရားကို ပရိယာယ်ဖြင့်ပြုလုပ်ရန် အကြံပေး၏။ မိဖုရားသည် နာမကျန်းဖြစ်ဟန်ဆောင်ပြီး ကြန်စုံငစည်ကို စားလိုကြောင်း ဘုရင်အား လျှောက်ထား၏။ ဘုရင်က မိဖုရားအလိုကျဖြစ်စေရန် ငစည်ဆက်သနိုင်မည့်သူကို ရှာဖွေရာ ဗူးပင်ရွာမှ ဗာရဲဘဆိုသူ ထွက်ပေါ်လာ၏။ သူသည် ရခိုင်လေးဆယ်လေးကျွန်းသို့ ငစည်ရှာရန် ထွက်၏။ ရှာမတွေ့၍ ငစည်ရနိုင်မည့်အရပ်ကို ဗေဒင်မေးသောအခါ ဗေဒင်ဆရာက အနောက်ပြည်၌ ရနိုင်မည်ဟု ဟောပြော၏။ ရခိုင်များပိုင်နက်ဖြစ်သော ဘင်္ဂလားနယ်အချို့တို့သို့ ဗာရဲဘ သွားရောက်ရှာဖွေသော်လည်း မရနိုင်။ ထိုမှအပြန် မယူနတ်ထံ မေးမြန်းရာ မေဃ၀တီ မာန်အောင်ကျွန်း သစ်ပုံချောင်း၌ ရနိုင်မည်ဟု ထွက်ဆို၍ သွားရောက်ရှဖွေ၏။ ၄င်းသစ်ပုံချောင်း၌ ငစည်ရှာမတွေ့၍ ဘုရင်ရှေ့မှောက် ပြန်ရောက် လျှောက်ထားရာ ဘုရင်က မကျေနပ်သောကြောင့် နောက်ထပ် ရှာဖွေရန်နှင့် မတွေ့ရှိက အဆုံးစီရင်ရန် အမိန့်ထုတ်ပြန်လေသည်။

ဗာရဲဘက ပညာရှိအမတ် ငမှန်ကန်အား ငစည်ကြန်စုံနှာရောင်ဖြူကို ရှာ၍ မရနိုင်ကြောင်း နားကြားရာ ငမှန်ကန်က ဘုရင်မင်းမြတ်ထံ သွားရောက်၍ ရွှေတပိဿာကို ငစည်ရုပ်လုပ်ပြီးလျှင် ငွေဖြင့် ကြန်စုံအောင် ပြုလုပ်၍ ဘုရင်အား ဆက်သ၏။ ငစည်ရုပ် နန်းတွင်းသို့ရောက်ရခြင်းကြောင့် ဘုရင်မင်းမြတ် နတ်ရွာစံ၏။ ဘုရင်၏ သားတော် စနေမင်း နန်းတက်၏။ စနေမင်းအားလည်း သူ့မိခင် ၀ါလှဖြူက ဆေးခပ်၍ သတ်ပြန်၏။ ဤတွင် မင်းပါကြီးမင်းဆက် ပြတ်၏။ ထို့နောက် လောင်းကြက်စား ငကုသလသည် သက္ကရာဇ် ၁၀၀၀ ပြည့်တွင် ထီးနန်းကို သိမ်းပိုက်၏။ မိဖုရား ၀ါစိုးဖြူသည် နရပတိမင်းကိုလည်း သတ်၊ သားကိုလည်း သတ်၍ ငါ့အား ထီးနန်းကိုပေးအပ်၏။ နောင်အခါ ငါ့ကိုလည်း သတ်တန်ရာ၏ဟု စိုးရိမ်မိပြီး ဤမိန်းမယုတ်အား နန်းတွင်း၌ ထားရန် မသင့်တော်ဟု မိဖုရားအရာမှ ချ၍ နန်းမှ နှင်ထုတ်လိုက်လေသည်။ ဤကား ငစည်ရာဇ၀င်အကျဉ်းဖြစ်သည်။

ငစည်ပွဲမှာ တယောက်တည်းက ဇာတ်ကောင်အမျိုးမျိုး၏ ကိုယ်စားပြုလုပ်ရသော ကပွဲတခုဖြစ်သည်။ ငစည်ကပွဲမှာ ကွက်စိပ်၊ ပြဇာတ်နှင့် အကကို ရောပေါင်းပြီး တယောက်တည်းဖန်တီးရသော ကပွဲတမျိုးဖြစ်သည်။ သို့သော်လည်း ငစည်ချင်းများမှာ အခြားသော ကပွဲများ၏ သီချင်းများနှင့် မတူ။ ရခိုင်အသံနှင့် လိုက်လျောအောင် စပ်ဆိုထားသော ရခိုင်သာချင်းမျိုးဖြစ်သည်။ အကမှာလည်း အခြားသော အကမျိုးနှင့်မတူ၊ လက်ဖျစ်တီးနှင့် ခြေလှမ်းကို အဓိကထား၍ ကရသော အကဖြစ်သည်။

ငစည်ချင်းကို မဆိုမကမီ ငစည်ဆရာသည် ရတနာသုံးပါးအား ရှိခိုးသော ပဏာမကို ရှေးဦးစွာ ဆိုလေ့ရှိရာ အောက်တွင် ဖေါ်ပြလတံ့သော ရခိုင်သာချင်းမှာ ငစည်ဆရာ ဦးဘိုးညွှန့်၏ ငစည်ပဏာမသာချင်းတပုဒ်ပင်ဖြစ်သည်။

'' ဇေယျကေယင်ရို့မှာလေ မင်္ဂလာ၊ သောင်းဒီပါတွင်၊ ပြိုင်ဘက်ကင်း၊ ဘုန်းတော်ရှင်၊ သခင်မင်းကို၊ ၀ပ်စင်းတုပ်ကွ၊ သုံးပါးကံ ၀န္ဒာမဖြင့်၊ ဟတ္ထရောင်မိုး၊ အောင်ရမေကေ၊ ပွဲလယ်တွင်း၌၊ မနားပန်းဗျာ ကျွန်ရှိခိုးလို့၊ ကောင်းကျိုးအောင်မြင်၊ နှုတ်သံချိုနှင့် ဆိုသမျှကို ရပါချင်ကေ၊ ဆယ်အင်တွင်မှ၊ သင်္ဂဟနှင့်၊ တစမကျန်၊ မာန်သုံးကြိမ်ကေ၊ ဦးနှိမ်ချလို့၊ ရှေးသရောအခါလေ၊ မဟာသမ္မတ၊ မင်းကစ၍၊ အဋ္ဌစတု၊ မင်းပေါင်းစုတွင်၊ နောက်လျှင်ဆုံးစ၊ ရှေးဟောင်းဖွေ၊ ငစည်လမ်းကို၊ ခုညွှန်းပြမေ၊ ဤရပ်သူကေ၊ လူအများတို့၊ နားတော်တည်လို့၊ သုဓမ္မရာဇာ၊ လက်ထက်မှာပင်၊ ရာဇ၀င်ဖြစ်၊ နောက်နောင်ကျန်သူ၊ အပေါင်းဟူ၊ လူအများရို့၊ မညောင်းနာသာ၊ သဘောပိုက်လို့၊ ဆိုက်ရိုက်လာကြောင်း၊ ပွဲတော်ရယ်သာ၊ လင်္ကာလောင်းလို့၊ ကောင်းကောင်းမွန်မွန်၊ စံစံပပ၊ ဇောစေတနာ၊ ထက်သဒ္ဓါ၊ မေတ္တာမျှလို့၊ ဘုရားတကာ၊ ကျောင်းတကာရို့၊ ပန်းစင်းရှင်ဖ၊ ပန်းစင်းရှင်မိ၊ ပွဲရောက်လာ၊ လူပျိုချေရို့၊ အပျိုချေရို့၊ ဆံတောက်မချေရို့၊ နာကြစေရန်၊ တိတ်ခတ်ညံကေ၊ ဇောဟန်မပြော၊ ဘဘောရယ်တူကေ၊ ပွဲလယ်ပုံမှာ၊ လင်္ကာရေကုံး၊ ရှင်းလင်းစွာ၊ ခုသာမနေ၊ စီရင်ရုံးလို့၊ ဂနိဆိုကေ၊ လေးပိုညည့်မှာ၊ ဘိုးညွန့်ခုဝယ်၊ ငစည်ချင်းကို၊ ကွန့်ပြမယ်လေး "

ပဏာမသာချင်းပင်ဖြစ်သည်။ အချို့နေရာများတွင် ဗမာအသံဖြင့် ဖတ်က ကာရန်မမိသော်လည်း ရခိုင်အသံဖြင့်ဖတ်က ကာရန်မိနေကြောင်း တွေ့ရှိရပေလိမ့်မည်။ ပဏာမကို ရွတ်ဆိုပြီးနောက် ငစည်ဆရာသည် ငစည်ချင်းကို အဆိုအကနှင့် ဆက်လက်လေသည်။ ငစည်ဆရာသည် ဇာတ်လမ်းအစတွင် နရပတိမင်းကြီးနှင့် သူ၏အမတ်ကြီးများသည် မိဖုရား မည်သူ့ကို မြှောက်ရန် သင့်လျှော်ကြောင်း ဆွေးနွေးခန်းပင်ဖြစ်လေသည်။ ငစည်ဆရာသည် ပလ္လင်ပေါ်တက်လိုက် ဆင်းလိုက်ဖြင့် ရှင်ဘုရင်တလှည့် အမတ်ကြီးတလှည့် သရုပ်ဖေါ်ရလေတော့သည်။ ငစည်ချင်းကို စကားပြေဖြင့် ပြန်ဆို၍၄င်း၊ မူရင်းအတိုင်း၎င်း ဖေါ်ပြသွားပါမည်။

ဓည၀တီ ရခိုင်ပြည်တွင် ယခုအခါ မြို့ဟောင်းခေါ်သော မြောက်ဦးမြို့တွင် သုဓမ္မရာဇာအမည်ရှိသော နရပတိမင်းကြီးသည် မင်းပြု၏။ ထိုမင်း၌ မိဖုရားမရှိသဖြင့် အမတ်တို့အား မိဖုရားအလိုရှိကြောင်း ရှင်ဘုရင်က အမိန့်ရှိသည်။ အမတ်တို့က တင်းဝါးစားအမတ်ကြီး၌ အလွန်လှပသော သမီးတယောက်ရှိသည်။ ဆံပင်မှာ သုံးတောင့်တထွာရှည်သည်။ လက်ချောင်းခြေချောင်းများမှာ ချက်ဖယောင်းတိုင်ပမာဏကဲ့သို့ သွယ်ပျောင်းသည်။ နှုတ်ခမ်းမှာ ဟင်းသပြဒါးလူးထားဘိသကဲ့သို့ နီမြန်းသည်။ အသားအရေမှာ ၀ါဂွမ်းနှင့် အလားတူသဖြင့် ၀ါလှဖြူဟု ခေါ်တွင်သည်။ ထိုဝါလှဖြူကို မိဖုရားမြှောက်လျှင် သင့်တော်မည်ဖြစ်ကြောင်းဖြင့် လျှောက်ထားကြသည်။

ထိုအခါ မင်းကြီးက ဤမျှလှပရုံနှင့် မိဖုရားမမြှောက်နိုင်သေး။ ဤထက်လှပကြောင်း သံတော်ဦးတင်ရန် အမိန့်ရှိပြန်သည်။ ထိုအခါ အမတ်တို့က ၀ါလှဖြူမှာ တဆယ့်ခြောက်တောင်အခန်းမှာ ကိုယ်ရောင်နှင့် မလင်း၊ မီးခွက်ထွန်း၍ လင်းကြောင်း၊ ဤမျှပင် လှပပါသည်ဟု လျှောက်ထားကြပြန်ပါသည်။

(ငစည်ကပွဲမှာ ရယ်စရာဖြစ်အောင် အမျိုးမျိုးပြောဆိုကပြလေသည်။)

မင်းကြီးက မကျေနပ်နိုင်သေးသဖြင့် ထပ်မံလျှောက်ထားရန် အမိန့်ရှိပြန်သည်။ အမတ်တို့က ထိုထက်ပင် ပို၍ လှပသေးသည်။ မြို့ဟောင်းမြို့ ငါးခြောက်ဈေးက ဘုရားတကာ ညိုထွန်းမှာ အိမ်ဆောက်သဖြင့် အိမ်တက်ပွဲ ပရိတ်နာရန် ဗန္ဓုလကျောင်းတိုက်မှာ ဘုန်းကြီးသွားပင့်သည်။ ဘုန်းကြီးသည် ယပ်တောင်ကိုလွယ်၊ သပိတ်ကိုထမ်းပြီး ပရိတ်ဟောရန် သွားသည်။ ဘုန်းကြီးနှင့် ၀ါလှဖြူ ကန်ဘောင်နားမှာ တွေ့ကြသည်။ ဤသူငယ်မ မည်သူ့သမီးလဲဟု ဘုန်းကြီးက ကျောင်းသားအား မေးသည်။ ကျောင်းသားငယ်က တင်းဝါးစားအမတ်ကြီးသမီး ၀ါလှဖြူဖြစ်ကြောင်း လျှောက်ထားသည်။ ထိုအခါ ဘုန်းကြီးအိုမှာ သပိတ်လဲကွဲ၊ ယပ်လဲကျိုးပြီး ပရိတ်ဟောသောအခါတွင်လည်း ပရိတ်ကို အမှန်မရဘဲ " ချပုံရှီ " ပရိတ်ကိုသာ ဟောခဲ့သည်။ ၀ါလှဖြူသည် ဤမျှပင် ချောမောကြောင်း အမတ်ကြီးများက လျှောက်ထားကြသည်။

အမတ်ကြီးများ လျှောက်ထားပုံကို ငစည်ဆရာသည် အောက်ပါအတိုင်း ပြောဆိုသရုပ်ဖေါ်သည်။

" အဝေတပဲ့၊ တပဲ့ရှိက ကလမချေတယောက်(ကောင်မလေး) ကန်ဘောင်နားသို့ အိုးခက်ထက်မှာ ခေါင်းကိုတင်လို့ လာရေ ဇာကလဲ ဝေ.. "

" ယေမတောင် ဆရာတော်... ယေ... ယေ... တင်းဝါးစားအမတ်ကြီးသမီး ၀ါလှဖြူဆိုကေ... ယေ မတောင်ဘုရား "

" ဘုန်းကြီးအိုမှာ ၀ါလှဖြူလို့ ဆိုလိုက်ကေပင် ယပ်တောင်လဲကွဲရေ၊ သပိတ်ကျိုးရေ၊ ပရိတ်တော်မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်ကို မရဘဲ ချပုံရှီပရိတ်ကိုရာ ရလခရေဗျာ "

" ပရိတ္တံ တံဘဏာမ ချပုံရှီ လားလီသွားလီရွှီ "

" ဟိုအခါ တကာမရို့က ငါရို့ဆရာတော် ပရိတ်နာနီရာမှာ မာဒရာပေါ်နီယ။ တကာ၊ တကာမတို့ လိုက်လာကြတ်တေကာ ၀ါလှဖြူကို မြင်ခလို့ ယပ်တောင်ကွဲလို့၊ သပိတ်ကျိုးလို့ ချပုံရှီ ပရိတ်ကိုသာ ဟောနီရဗျာ "

အမတ်လေးယောက်တို့က ၀ါလှဖြူ ချောကြောင်းလှကြောင်း လျှောက်ထားသောအခါ မင်းကြီးက သဘောတော်ကျ၍ '၀ါလှဖြူ ဤမျှ ချောမောပါက တင်းဝါးစားအမတ်ကြီးကို ခေါ်ရမည်။ တင်းဝါးစားအမတ်ကြီးသမီး ၀ါလှဖြူကို ကြိုက်လျှင်လည်း ဆက်ရမည်။ မကြိုက်လျှင်လည်း ဆက်ရမည်။ ယင်လျှင် နောင်နှစ်ခါ၊ ကြာလျှင် ယခု ဆက်လာရမည်' အမိန့်တော်ချလေသည်။

တင်းဝါးစားအမတ်ကြီးက သမီးဖြစ်သူ ၀ါလှဖြူနှင့် တိုင်ပင်၍ သမီးကလည်း ရှင်ဘုရင်ကို ကြိုက်နှစ်သက်ကြောင်း ပြောသဖြင့် ၀ါလှဖြူကို ရှင်ဘုရင်အား ဆက်သလေသည်။

" အို... ၀ါလှဖြူ... ၀ါလှဖြူ... မမချေ၊ ရှင်ဘုရင် နရပတိမင်းကြီးက နင့်ကို တောင်ညာစံဒေ၀ီမဟေသီမိဖုရား မြှောက်ဖို့ခေါ်ရေ။ အို... ၀ါလှဖြူ၊ ၀ါလှဖြူကို ဒပိုင်နှိုးလို့ မနိုး၊ ချော့လို့မော့လို့ နှိုးမှ နိုးဖို့ "

" အမိရင်ခွင်မှာ တင်ကာရေမကျူး၊ အဖရင်ခွင်မှာ တင်ကာရေကျူးကေ၊ သမီးယင်းယူ၊ အို... ၀ါလှဖြူလေ။ ငါ့သမီး ကာလသားချေနှင့် ရီးစားစကား ကောင်းကောင်းပြောရေမှတ်တယ်။ ကောင်းကောင်းအိပ်ပျက်တေ။ အဖရင်ခွင်မှာ တင်ကာရေမကျူး၊ အမိရင်ခွင်မှာ တင်ကာရေကျူးကေ၊ သမီးယင်းယူ၊ အို... ၀ါလှဖြူ "

" တခါတရံ၊ ခါရံတထူး၊ သုံးပိုချီကေ၊ နီမွန်းစောင်း၊ မခေါ်ဖူးဘဲ၊ ယခုရာဝယ်၊ ခေါ်လတ်တေကား အဘယ်ကိစ္စ သြော် အဖ "

" ၀ါလှဖြူ၊ နင့်ကို အဖခေါ်ရေကိစ္စ တခြားမဟုတ်ဗျာ။ ဓည၀တီ မြောက်ဦးမြို့ကို အစိုးရတော်မူသော ရှင်ဘုရင် နရပတိမင်းကြီးက တောင်ညာစံဒေ၀ီ မဟေသီမိဖုရားမြှောက်ဖို့လို့ခေါ်ရေ။ ငါ့သမီးက ရှင်ဘုရင်ကို ကြိုက်ရဲ့လား၊ ချစ်ရဲ့လား။ အဖကို အမှန်ပြော ၀ါလှဖြူ။ ပထမက နရပတိမင်းမှာ အမတ်၊ ဒုတိယကျရေကား ရှင်ဘုရင်ပါးမှာ ယောက်ခမဖြစ်လာကေ၊ လူကောင်းကောင်း အားနာဖို့၊ ကြောက်ဖို့။ ယင်းခါ စစ်တကောင်းက ဘိန်းယူကာ၊ ဘိန်းချည်းရောင်းနှက်နီမေ။ ၀ါလှဖြူ ကြိုက်တေ၊ မကြိုက်တေကို အဖကို အလင်းပြော "

" အဖလေ မေ့ရှင်သမီးရို့မှာ နရပတိမင်းရို့ကို ရဖို့ဆိုကေ၊ ချဉ်သီးနှင့်ဆား ဥယျာဉ်သာမှာ အတူထားကေ မစားမေသူ ဇမ္ဗူကျွန်းမှာ အသူဟိဖို့ရောင် အဖ။ ငပျောသီးခေါင်းကျွတ်ကို မြင်းခဲအိုခေါ်ချင်ရေ အဖ "

" သမီးလဲကြိုက်၊ အဖလဲချိုက်၊ သမီးလဲကြိုက်၊ အဖလဲချိုက်၊ လိုက်ယောသင့်စွာ ဒေအချက်မှာ၊ ငါ့သမီး လင်ရဖို့ယ၊ သမီးလင်ရဖို့ယ။ (ဤနေရာ ကကွက်ဖြစ်သည်။) အဖလဲချိုက် သမီးလဲကြိုက် သမီးကတမှုံ့ချေရာချိုက်၊ ဘားဘာက အများမြှုပ်ကြိုက်။ လိုက်လျောသင့်စွာ ၀ါလှဖြူမှာ ဒေအချက်မှာ ငါ့သမီး လင်ရဖို့ယ သမီးလင်ရဖို့။။ လာသမီးလာလာ "(ချစ်နှင့် ကြိုက်သည် ရခိုင်အသံထွက်အားဖြင့် ကာရန်ထပ်ဖြစ်သည်။)

" အဖသယ်က သမီးသယ်ကို တောင်ချိုင်ကြားမှာ ကျားကို နွားငင်ယောင် သမီးကို လက်ကဒူမှာ ကျပ်ကျပ်ပိုး၊ သမီးကို ဆွဲတင်လားခရေ "

" လာလေသမီး လာ "

" ရှောင်လေ ဘားဘာရှောင် "

" လာလေ သမီးလာ "

" ရှောင်လေ ဘားဘာရှောင် "(အဖနှင့် သမီး တယောက်ကဆွဲ၍ တယောက်က ရုန်းသယောင် တယောက်ထဲက ရှေ့တိုးနောက်ငင်ပြုသည်)

တင်းဝါးစားအမတ်ကြီးသည် ၀ါလှဖြူကို နရပတိမင်းကြီးအား မိဖုရားမြှောက်ရန် ဆက်သလေသည်။ မင်းကြီးသည်လည်း ၀ါလှဖြူအား ချစ်နှစ်သက်တော်မူသဖြင့် ၀ါလှဖြူအား ၀ါစိုးဖြူဟူသော အမည်ကို မှည့်၍ မိဖုရားမြှောက်တော်မူလေသည်။

" မှန်ပါဘုရား၊ ကိုယ်တော်အရှင်မြတ် ရှေ့တော်ပါးက ခစား၍ဟိပါရေဘုရား။ ကြည့်ရှုပြီးသကာလ သိမ်းပိုက်တော်မူပါဘုရား  "

" ဟဲ့...ငါ၏ ထံပါး မြဲခစား၊ လေးပါးပဏ္ဍိ၊ ပညာဟိတို့... တင်းဝါးစားအမတ်ကြီးမှာ ကြည့်လဲ့ပါ သမီးတယောက် အုရေလား၊ ဖွားရေလား၊ ပေါက်တေလား၊ မွီးတေလား။ ဇောင်ပင်လှယက်လား၊ အမတ်တို့။ နတ်နှင့်မတူ လူတင်မက၊ ကွင်းပြင်မှာနီရေ ရခိုင်သား၊ ရမ်းဗြဲသား၊ မာန်အောင်သားရို့မှာ မွီးစားထားရေ ကျွဲထက်ပင် လှရေကား အမတ်တို့။ ငါကိုယ်တော်မြတ် ၀ါလှဖြူကို တောင်ညာစံဒေ၀ီမဟေသီမိဖုရား မမြှောက်ချင်ယ။ ခေါင်းရင်းကတည်ထားလို့ သြကာသသြကာသလို့ ဟိရာခိုးနီချင်ရကား၊ ငါအေ့ထံပါး မြဲခစား လေးပါးပဏ္ဍိ ပညာဟိတို့  "

" မှန်ပါဘုရား... ကိုယ်တော်အရှင်မြတ်၊ ပုရိသောယောက်ျားတို့သည်၊ ဣတ္ထိယော မိန်းမတို့ကို ဟိမခိုးပါကဲ့ အရှင်ဘုရား  "

" ကောင်းပြီ အမတ်တို့၊ ၀ါလှဖြူ လှကြောင်းချောကြောင်း ယဉ်ကြောင်းကို သိပြီ။ အမိအဖမှည့်သော ၀ါလှဖြူ၊ ၀ါလှဖြူ နာမယ်လဲမပျက်လေအောင် ငါထဲ့သောနာမည်လဲ ကျေတွင်လေအောင် ၀ါလှဖြူကို ဒေနိကပင်စ၍ ရခိုင်မြို့သူမြို့သား တိုင်းသားပြည်သူလူထုအများတို့ ၀ါလှဖြူကို ၀ါစိုးဖြူမိဖုရားဟူ၍ ခေါ်ရမေ၊ အမိန့်စေ  "

ယင်းခါမှ တိုင်းသားပြေသူ လူအများတို့ ကြောက်ကားမကြောက် ကြက်သည်းထဲက ၀မ်းထရေ။ ရခိုင်မြို့သူမြို့သား တိုင်းသားပြေသူ လူအများတို့က ၀ါလှဖြူကို ၀ါစိုးဖြူမိဖုရားဟူ၍ ခေါ်ဝေါ်သမုတ်ကြတ်တေ။

နရပတိမင်းကြီးသည် အသက်အရွယ် အိုမင်းနေပြီးဖြစ်၍ ၀ါလှဖြူမှာ ပျိုပျိုရွယ်ရွယ်ရှိသေးသည်။ မိဖုရားလုပ်ချင်သော ၀ါလှဖြူသည် ရှင်ဘုရင်ဟူသော ဂုဏ်ပုဒ်ကို မက်မော၍ နရပတိမင်းကြီး၏ မိဖုရားမြောက်ခြင်းကို လက်ခံခဲ့သော်လည်း အိုမင်းနေပြီဖြစ်သော ရှင်ဘုရင်အား နှစ်နှစ်ကာကာ ချစ်ကြိုက်သည်ကား မဟုတ်ပေ။ ၀ါလှဖြူကြိုက်သော သူကား လောင်းကြက်စားအမတ် ငကုတ်သငခွေးချေပင်ဖြစ်သည်။ ရှင်ဘုရင်လုပ်ချင်သော လောင်းကြက်စားအမတ်သည်လည်း ၀ါလှဖြူအား ချစ်ကြိုက်လေသည်။ လောင်းကြက်စားအမတ်မှာ အခြားသူကားမဟုတ် ရှင်ဘုရင် နရပတိမင်းကြီးသည် ကျွန်မဂြောင်မနှင့် မှားယွင်း၍ ရသောသူဟု အဆိုရှိလေသည်။

လောင်းကြက်စားအမတ်သည် မိဖုရား ၀ါလှဖြူထံ လူပျိုလှည့်သွားရာတွင် အဆောင်အဖြစ် ယူသွားမည်ဖြစ်သော သင်းပေါင်းထွန်း ငါးစည်ပေါင်းကို ၀ယ်ရန် ဈေးသို့သွားလေသည်။

“ အဟင်း… အမတ်တို့၊ တရားမချွတ်ကဲ့ မိဖုရားဝါလှဖြူကို ငါကိုယ်တိုင်လားမေ။ ငါပြန်မရောက်ခင် လေးမျိုးချောင်းဖျားက အမှုမသယ် ရောက်လာကေ၊ အမတ်တို့… ကြီးသောအမှု ငယ်စေ၊ ငယ်သောအမှု ကြီးစေ၊ ကြီးသောအမှု ယူထား၊ ငယ်သောအမှုကို မာန်အောင်ကျွန်းသို့ ပို့ပစ်လိုက်။ ကိုင်း… ငါ လားမေ”(မာန်အောင်ကျွန်းမှာ ထိုစဉ်အခါက ပြစ်မှုကြီးသူများအား တကျွန်းပို့ရာ ဒေသဖြစ်သည်။)

ဖွေသာခြောက်အာဏာ အင်္ကျီအိပ်ထဲမှာ ထည့်လို့ မြောက်ဦးမြို့သို့ သင်းပေါင်းထွန်းငါးစည်ဖေါင်း ရှာဖို့ ထွက်လားခရေဗျာ။ ထိုအခါ မြို့ဟောင်းမြို့ ငါးခြောက်ဈီးက ကလမချေခြောက်ယောက် သင်းပေါင်းထွန်းခြောက်ကောင်ကို ဗျပ်မှာတင်လို့၊ မိုးထဈီးကို ရောင်းနေကြတ်တေဗျာ။ ထိုအခါ လောင်းကြက်စားအမတ်က…

“ မချေရို့၊ မချေရို့၊ အေးသင်ပေါင်းထွန်းတကောင်ကို ဇလောက်ကျလဲ”

“ ဘကြီးလေ၊ ရောင်းဈီး၊ ၀ယ်ဈီး၊ ဘာဘူတောင် ညောင်ပင်ဈီးမှာ၊ ဖွေသာတကောင်ကို သင်းပေါင်းထွန်း ခြောက်အာဏာ ဘကြီး”

“ မချေ၊ မသရော်ကဲ့၊ မချော့ကဲ့၊ ဖူးကိုလိုယာမှာထဲ့၊ ဘကြီးကို လိုကဲ၊ မိုးထခါလာ၍ ဆိုခလေ့၊ ညောင်ပင်ကြီးကန်လှမှာ တည်းနီရေ”

“ သရော်ရေမဟုတ်၊ ချော့ရေမဟုတ် ဘကြီး၊ ဖွေသာတကောင် သင်းပေါင်းထွန်း ခြောက်အာဏာ”

ထိုအခါ လောင်းကြက်စား အမတ်က “ဖွေသာတကောင် အင်္ကျီက ထုတ်ရေ၊ သင်းပေါင်းထွန်း ခြောက်အာဏာ ဆွဲယူခရေ”

(ခက်ဆစ်အဓိပ္ပါယ်။ ။ ဖွေသာ - ပိုက်ဆံ၊ ခြောက်အာဏာ - ခြောက်ပဲ၊ ဖူး - ပြောင်းဖူး၊ ကလမချေ - မိန်းခလေး)

လောင်းကြက်စားအမတ်သည် သင်းပေါင်းထွန်းကို လောင်းကြက်မြို့သို့ ယူဆောင်ခဲ့၍ ကျောကခွဲ၍ စည်ပေါင်းကို ထုတ်ယူပြီး နေလှန်းသည်။ ထိုသင်းပေါင်းထွန်း ငါးစည်ပေါင်းကို ခါးမှာတွဲ မိမိမွေးနံဖြစ်သော ဗုဒ္ဓဟူးနံ ဆင်နှာမောင်းကို ထိပ်ထက်ကထားပြီးလျှင် လောင်းကြက်မြို့မှ မြောက်ဦးမြို့သို့ မိဖုရားဝါလှဖြူထံ တေးထပ်ခပ်ပျာကိုဆိုပြီး လူပျိုလှည့်ထွက်သွားလေသည်။

“ မသိကေ ရလေ ရလေ ဇနော် သိဇနော်၊ ကြောင်ရို့သူမောင်၊ လှတန်းဆောင်ကေ၊ ကောင်းအောင်ရေထွန်း၊ မြို့နိုင်ငံမှာ သာလွန်စွလေ သာလွန်စွ။ စိမ်းမြညိုရွှမ်း၊ မြစ်ဆိပ်ကမ်းမှာ၊ ခရမ်းပွင့်တုံ၊ ဗူးပွင့်တုံ၊ ထောက်ကြာပင်မှာ သဇင်ပန်း၊ နှမနမ်းတုံ၊ မောင်နမ်းတုံကေ၊ ချိုစွာနုထွား၊ စကားသာလွှာ၊ ရွက်နုဆင်ကေ၊ ပင်မြင့်ဖျားက၊ မောင်ရှင်ကြံကေ၊ မေ့ရင်သားလေ မေ့ရင်သား။ မပျော်ပါလား ပျော်ပါလား၊ လောင်းကြက်စားလူကြီး၊ ထီးလိုချင် တောင်နန်းရှင်ကေ၊ အမြန်လေးပြတ်၊ သူကကြံလို့ မာန်မာနလေ၊ ရန်ဒေါသ၊ စိတ်ကဖေါ်လေ၊ မပြောလေပေ၊ မိဖုရားကပင်၊ အင်္ဂါဇာတ်ကို ဖြုတ်ချည်းမြင်၊ စိတ်တွင်လောဘ၊ ကြီးမာန၊ အရလဲချူ၊ ၀ါစိုးဖြူကို၊ ဘိုးတော်မင်းက၊ ယင်းနေ့ယူမယ်၊ ဦးရူကိုပြ၊ ဒွေးထည၊ အသာမ၊ လှပဘိခြင်း၊ ဘုံဗိမာန်နန်းရင်တွင်းက၊ မောင့်ကိုကြောက်လေ၊ မောင့်ကိုကြောက်”(ကကွက်ဖြစ်သည်။)

“လောင်းကြက်စားမင်း ငကုသငခွီးချေဟာ ဗုဒ္ဓဟူးနံ ဆင်နှာမောင်းထိပ်က ထားပြီး၊ ငါးစည်ပေါင်းကို ခါးမှာတွဲပြီး၊ အေတေးခပ်ပျာကို ရှင်ဘုရင်နန်းရာကုန်းမှာ လှည့်လည်လို့ ကပြလိုက်တေခါ၊ မိဖုရား ၀ါလှဖြူက လောင်းကြက်စား ခါးမှာတွဲလို့ ငါးစည်ပေါင်းနှင့် ခေါင်းပေါ်က ဆင်နှာမောင်းကိုမြင်ကဲ မြင်ချင်း လောင်းကြက်စား ငကုတ်သအမတ်ကို မြင်ရင် ချစ်မှာကားမချစ်၊ မိဖုရားက ကြိုက်ရာကြိုက်လတ်တေဗျာ။ အေကဲ့သို့ တေးထပ်ခပ်ပျာ သာချင်းကို ဆိုပြီးသကာလ၊ နန်းရာကုန်းမှာ လှည့်လည်ပြီး ကပါလာတေခါ၊ မိဖုရားက လေသာပြူတင်းပေါက်ကို ဖွင့်ပြီး စကားတင်ပြီး စလိုက်တေ”

“လောင်းကြက်တောင်မှာ လောင်းကြက်မြို့က ဓည၀တီ မြောက်ဦးမြို့သို့ သာချင်းတညံညံ တေးတညံညံဆိုလာရာမှာ ဇာအကြောင်း၊ ဇာအရာဟိရောင်”

 “ ၀ါစိုးဖြူ… လာရေကိစ္စ အခြားမဟုတ်ပါဗျာ ဟေ့။ မန်းဇရီပင်ထက် ပ၀ါငှက်၊ အသက်နှံမေ မောင်လာရေ။ တရွာက စလို့လာ၊ စစာစပါး၊ စာမစား၊ မိဖုရားကိုသာ၊ လွမ်းလို့လာ၊ ရပါမလား၊ မိဖုရားမိဖုရားမ”

“ လောင်းကြက်စား အမတ်မင်းလေ၊ ရဖို့ဆိုကေ၊ မေ့ရှင်သမီးမှာ နရပတိမင်းလို့ လင်တယောက် ဟိသီးမတောင် ဟေ့”

“ မိဖုရားမ၊ မရူးကဲ့၊ နင်မှားမေ။ နင်က အသက်နှစ်ဆယ့်နှစ်နှစ် ဟိသီးရေ၊ နင့်လင် အသက်ငါးဆယ်ကျော်နီယ။ နင့်လင် အင်္ဂါသား၊ ငါးဆယ်နှင့် လေးနှစ်၊ ကြာသပတေးထွက်၊ ရာဟုအ၀င်မှာ နင့်လင် သီဖို့။ ယင်းခါ နင် နန်းကျမိဖုရားဖြစ်ဖို့။ ယင်းခါ နင့်ကို အသူနီဖို့လဲ”

“ ဟုတ်တေ၊ ဟုတ်တေ၊ လောင်းကြက်စား အမတ်၊ ထမင်းစားရာ ဟင်းစားရာမှာ မျက်ချီးပချီး ထွက်တေ။ ထမင်းရို့က ပါးစပ်ကြွီကျလားရေ။ သီဖို့ လောင်းကြက်စားအမတ်”

“ မိဖုရားမ နရပတိမင်းကို သတ်ဖို့ရာ ကောင်းကောင်းလွယ်ရေ။ နရပတိမင်းကို သတ်ဖို့ရာမှာ ဓါးနဲ့ မခွပ်၊ ဒုတ်နဲ့ မသတ်၊ လှံနဲ့ မထိုးရ။ နရပတိမင်း အင်္ဂါသား ငစည်က အင်္ဂါနံ ဓါတ်တူနံတူ ဆေးဘက်ယူ၊ နံတူသတ်က အသေရ။ နင်ရို့ မိန်းမတို့ အင်မတန်ပရိယာယ်မာယာ ကောင်းရေ။ ပရိယာယ်မာယာ လေးဆယ်နှင့် ငစည်ကိုတောင်း။ လေးဆယ်နှင့် တောင်းလို့မရကေ၊ ပရိယာယ်မာယာ ရှစ်ဆယ်လုပ်တောင်း။ တောင်းလို့ရလို့ ငစည်ကို ရှင်ဘုရင် နန်းတော်မှာတင်ကေ၊ ရှင်ဘုရင်သီဖို့။ ယင်းခါ နင့်ကို ငါနီစားမေ”

ထို့နောက် မိဖုရား ၀ါလှဖြူသည် ပရိယာယ်မာယာဖြင့် အထဲမ၀င်၊ ပြင်မထွက်၊ ပန်းမပန်၊ ဆီမလိမ်း၊ ခေါင်းမဖြီး၊ မပြောမဆို၊ မစားမသောက်၊ မရယ်မပြုံးဘဲ နေလျက် ငစည်ကြန်စုံကို နရပတိမင်းကြီးထံမှာ တောင်းလေသည်။ နရပတိမင်းကြီးက မယားမသေစေလိုသဖြင့် ကြန်စုံငစည်ကို အရှာခိုင်းလေသည်။

ဗာရဲဘသည် ရှင်ဘုရင်ထံမှ ဆုတော်လာဘ်တော်များ ယူဆောင်ပြီးနောက် ငစည်ရှာရန် လှေလှော်ရင်း လှေလှော်ခင်း ခပ်ပျာကို သီဆိုပြီး ထွက်သွားလေသည်။

“ နှလုံးကေ ပန်းတိုင်၊ ကပေါက်စိုင်ကေ၊ လင်တိုင်ရင်းမှာ၊ ကြက်ညှင်းရိုက်လို့၊ ဆင်ညှင်းရိုက်ကေ၊ ၀င်းစံရွှီလေ၊ တတောင်ရာနှစ်တောင်၊ ကျောင်းပါးတောင်ကေ၊ ရီမြောင်းကြားသို့၊ ၀င်းစံရွှီမှာ၊ ကူစနိုးနှင့် ဆာစနိုးကေ၊ ရီချိုးရာထွက်လာခါ၊ လပွတ်ချ၊ ဘွန်၊ ကျိုက်ထား (ငစည်ဆရာသည် အဆိုနှင့် လှေလှော်စည်းချက် ကျအောင် ဟန်နှင့်ပန်နှင့် လှော်ခတ်လေသည်) လွှာမှုံတဆုပ် တဖက်ကာနှင့် အသာအုပ်လို့၊ လွှာမှုံရေလိမ်းခါ၊ ပန်းစင်းမောင်၊ ပေါင်ရာလဲ တုတ်တုတ်၊ အရာလဲ တုတ်တုတ်၊ ထိုခြုံတမ်းမှာ၊ ပင်းခြူကိုက်လို့၊ ဆီးမြစ်ဖေါ်ကာ၊ အသာလေ ချောင်းကြည့်၊ သစ်ငုတ်တို၊ တုံးမှိုဆွီးကို၊ ကိုင်လို့ဆွဲကာ၊ သစ်ငုတ်တို တုံးမှိုဆွီးလဲ၊ ရွရွလဲလန်၊ ဒေါင်းပြန်လဲသတ်၊ ပန်းစင်းမောင် အာဗျာပြီးခါ၊ ၀င်းစံရွှီလဲ၊ ထိုခြုံတမ်းက၊ လူယောင်မထင်၊ ၀င်းစံရွှီမှာ၊ ကျားယောင်ထင်၊ ခုန်ပင်ပစ်ချ၊ အတွင်းခံပြင်သို့ပတ်၍၊ ထွက်လို့ပြီးခါ၊ ဘုန်းကြီးရာ လူပျို၊ သူတော်မယောင် ထင်လို့၊ ၀င်းစံရွှီမှာ စကားစပ်ခါ၊ ၀င်းစံရွှီကား ဘော်လီယာ ဘော်လံ၊ ဇာကံတထူး၊ ကနိရက်မှာ၊ ရှက်မျိုးပုံ ကြောက်မျိုးပုံကို အကုန်ရာစုလို့၊ ဘော်လီယာဘော်လံ၊ လပွတ်ချ၊ လပွတ်ချ၊ ဘွန်၊ ကျိတ်ထား” (လပွတ်ချဘွန် = လှော်တက်ရေသို့ ချလိုက်သောအသခါ မြည်သံပေါ်ထွက်လာပုံကို ငစည်ဆရာက မြည်ပြခြင်းဖြစ်သည်။ ဒေါင်းပြန်သတ် = ဂျွန်းပြန်လဲသည်။ ပန်းစင်း = ပဉ္စင်း၊ ဦးပဉ္စင်း။ ၀င်းစံရွှီ = ၀င်းစံရွှေ၊ မိန်းကလေးနာမည်ဖြစ်သည်။ ရွှီကို ရခိုင်အသံဖြင့် ဟွရီကိုပေါင်းစပ်ပြီး တပြိုင်နက် လျှာထိပ်သံဖြင့် ရွတ်။ သူတော်မ = မယ်သီလ။ ဘော်လိယာဘော်လံ = ရန်ဖြစ်သောအခါ၊ အံ့သြထိတ်လန့်သောအခါ မိန်းမများအော်တတ်သော အာမေဋိတ်သံဖြစ်သည်)

“ ရက္ခပူရ၊ ရက္ခပူရ၊ ရခိုင်ဟူကေ မြို့နာမ၊ နရပတိ၊ ဘုန်းဟိရာဇာ၊ မင်းအာဏာနှင့်၊ လှေမှာဆန်ရီ အညီဖြေ့တင်၊ လှေတွင်ဝန်ချ၊ စီပြီးမှလျှင်၊ တရာနှင့် ကိုးဆယ်၊ ရှစ်မြို့ဝယ်ကေ၊ စိုးသည်မင်းက၊ အာဏာချ၍၊ ယူယငစေ၊ ပြေဘုရင်အရှင်မင်းတို့၊ ဆက်ရယင်ကေ၊ မောင်ရှာမေလေ မောင်ရှာမေ”

“ မြောက်ဦးအစ၊ ရန်းဝကုလားပုန်း၊ တုံ့တုံ့လေးခါ၊ ချောင်းကောက်ချောင်းဖလား၊ ပြောင်းပြာကိုတွိ၊ ရှာလေဘိမှ၊ ဟင်းခရာပွန်၊ တက်သံမစဲ၊ ဖွေးဖွေးဖြူကေ၊ လူသဲသဲလေ၊ လူသဲသဲ၊ မြောက်ဦးစိုက်တွေ၊ ထွက်ရေရန်းဝန်း၊ ငန်းချောင်းဟူကေ၊ မယူကျွန်း”

ရခိုင်ပြည်အနှံအပြား ရှာဖွေသော်လည်း ဘူးဝေဖသည် ကြန်စုံငစည်ကို ရှာဖွေ၍ မရပေ။ သို့ဖြစ်သဖြင့် မည်သည့်ရပ်တွင် ငစည်ရှိလေသနည်းဟု ဗေဒင်ဆရာထံတွင် သွားမေးသည်။ ဗေဒင်ဆရာက ဘင်္ဂလားနယ်ဘက်တွင် ငစည်ရှိကောင်းရှိလိမ့်မည်ဟု ဟောလေသည်။ ထိုအခါ ဗာရဲဘသည် ငစည်ရှာရန် ဘင်္ဂလားနယ်ဘက်သို့ ထွက်ရပြန်သည်။ ခရီးမထွက်မီ အိမ်သူသက်ထားအား မှာကြားစရာရှိသမျှကို မှာကြားခဲ့ပေသည်။ သူ၏ ကြင်ရာကလည်း သူအား မှာလိုက်စရာရှိသမျှကို မှာလိုက်လေသည်။ 

“ အို… ဘူးဝေမိ။ ဘူးဝေမိလို့ ခေါ်လိုက်တင်မှာ အိပ်ရို့ပင်က မပျက်၊ အို… လချောင်နက်မသမီး၊ ဘူးဝေမိလေ အယားလေ။ ထပလားလေ မယားလေ။ အို… မယားလေ… မယားလေ။ အလတ်ကေ အလယ်ကျူး၊ သားဦးမိလေ၊ မယားလေ။ ထပလားလေ အယားလေ။ အို… မယားလေ… မယားလေ။ အရင်ဝင်းဝင်းပန်းစင်းမိလေ… မယားလေ။ ထမလားလေ… အယားလေ…။ အို… မယားလေ… မယားလေ။ ငါနှင့်ထိုင်ကေ။ တင်ပျင်ကြီး ပြုံးထီးမလေ မယားလေ။ ထပလားလေ အယားလေ။ အို… မယားလေ… မယားလေ။ ပွဲသို့လားခါ၊ သူ့လက်ကောက် ငှားလို့လာကေ၊ ပြန်ခါမပီးခ၊ အိပ်ရာဝင်ကေ၊ လင်ခယောက်မှာ သပေါက်မလေ မယားလေ။ ထပါလားလေ အယားလေ။ အို… မယားလေ… မယားလေ။ ပဂံတရမောင်ဆူ၊ တညည့်ထဲမှာ အပြင်းယူကေ၊ မောင်ဖြူမိလေ မယားလေ။ ထပလားလေ မယားလေ။ ထပလားလေ အယားလေ။ အို… မယားလေ… မယားလေ ”

“ ဘူးဝေမိလေ… မအိပ်ရမနီရ၊ တကျော်ကျော် ခေါ်လတ်တက ဘူးဝေဖ”

“ ဘူးဝေမိ၊ နင့်ကို တကျော်ကျော်ခေါ်တဲ့ ကိစ္စမှာ အခြားမဟုတ်ရ၊ ဓည၀တီ မြောက်ဦးမြို့တော်ကြီးကို အစိုးရတော်မူသော နရပတိမင်းကြီးက ငစေကို ဆက်ရမည်ဟု ပြင်းရေရာ မဟုတ်၊ တောင်းရေရာ တောင်းရေ။ ရခိုင် လေးဆယ့်လေးကျွန်း၌ ငစေကို ရှာရေလဲမရ။ ဗေဒင်ဆရာက အနောက်ပြည်မှာ ငစေရဘို့ ညွှန်းလို့၊ အနောက်ပြေ ငစေရှာလားဖို့၊ ဘူးဝေမိကို မှာဟိရာ မှာဖို့လာရေဟေ့”

“ မှာပါ… ဘူးဝေဖလေ… မှာ”

“ အ၀န်းကိုးရာ၊ မဇ္ဈိမာကေ၊ လက်ျာကြငှန်း၊ စခန်းချီကာ၊ အနောက်ပြေသို့၊ ငစေရှာလားပါခီမေ။ အထွေထွေ အသက်ရှည်လေ၊ ဘူးဝေမိကို၊ မှာလိမေကား၊ တောင်ကကာ တောင်ကနှမ၊ သုံးပိုချီ၊ နီမွန်းစောင်းမှာ၊ ဟင်းခူးခေါ်ကေ၊ မတော်သည်ခိုက်၊ လှကြင်သွယ်၊ မေမလိုက်ကဲ့၊ လှေကားရင်းမှာ၊ ကင်ဘိတခြုံ၊ ဘူးတခြုံလေ၊ နှစ်ခြုံအညီ၊ မောင်မရောက်ခင် ကုန်နှင့်စီ၊ အရာတထွေ၊ အသက်ရှေကေ၊ ဘူးဝေမိကို၊ မှာလိမေကား၊ တောင်ကားကာ တောင်ကားနှမ၊ ထင်းခြွီခေါ်၊ မတော်သည်ခိုက် လှကေသွယ် မေမလိုက်ကဲ့။ တင်းပြင်းကုန်းဖြီ။ မောင်မရောက်ခင်၊ ကုန်နှင့်စီ၊ ယင်းဟာမလောက်၊ မောင်းကာတိုင်၊ တိုင်ခြောက်လုံး အကုန်ပေါက်လီ။ အရာတထွေ အသက်ရှေ၊ ဘူးဝေမိကို မှာလိမေကား၊ လမူးပိတ်ရာ ခြံချရာလေ၊ ငါးရှာဟင်းခူး မလိုက်လီကဲ့။ ငါးချင်းမတူ၊ ငါးတောက်တူ၊ ငခူရေစူးကေ၊ အီးလိမေ… နှောင်း။ အရာတထွေ အသက်ရှေကေ၊ ဘူးဝေမိကို မှာလိမေကား၊ လှေကားရင်းမှာ အိပ်တေ၊ ငကြောင်ချေကို၊ ၀ါစိတုတ်ကေ၊ ကျားကြုတ်ကိုက်မေ၊ ငါ့နှမမှာ တင်သိပ်လေ… နှောင်း”

အိမ်ရှင်သက်ထားအား မှာကြားပြီးနောက် ငစည်ရှာရန် အနောက်ဘက်သို့ ထွက်လေသည်။

“ ဘေးရန်ကင်းလွတ်၊ ငါ့မြစ်ရပ်က၊ လှည့်ပတ်ကျာကျာ၊ ထွက်လို့လာသော်၊ အုန်းကျွန်းမော်ကေ၊ ရှေ့မှာဆိုင်းဆိုင်း၊ ယက်ဖြူမှိုင်းကေ၊ လှိုင်းလဲစွက်ဆူ၊ သောသောအူကေ၊ မြင်သူကြောက်ဖို့၊ မှိုင်းဝေေ၀ကေ၊ ရီညို့ညို့။ ငါးတို့ဘာသာ၊ ကျက်စားပါကေ၊ လူးလာခေါက်သန်း၊ ငမန်း၊ ငဆင်၊ ငါးကိုမြင်ကေ၊ မောင်ရင်တန့်တန့်၊ ကြားသို့ခွာလို့၊ မလှော်ဝန့်လေ။ မလှော်ဝန့်။ ကမ်းနားကိုယောင်၊ ရွက်တိုင်ထောင်ကေ၊ စောင်ကိုရွက်တိုက်၊ လေသင့်ခံလို့ စံရွေ့လိုက်လေ၊ စံရွေ့လိုက်။ ရိုက်ကာစိန်းစောင်း။ သင်းပန်းချောင်းကို၊ ကြောင်းလို့လဲဝင်၊ တောင်ခြေရင်း တကွင်းမြင်၊ ငါးယောက်ထင်ဘိ၊ တရွင်းကြီးနှင့်၊ ၀မ်းသိဝမ်းသာ၊ ၀မ်းသိဝမ်းသာ၊ တလံကျော်လောက်၊ တလံကျော်လောက်၊ ထူးမြောက်စေ့စေ့၊ ချောင်းကိုကြေ့ယင်၊ လူကိုမြင်ကေ။ ဖင်ကိုလဲဖြဲ၊ သွားကြဲကြဲနှင့်၊ မွဲမွဲချတ်ချတ်၊ တားဖွတ်နှစ်ကောင်၊ အိမ်ထောင်လေးဘက်၊ အဖိုလက်မှာ၊ အမတက်ပိတ်ထား။ လေးဘက်အခြီ၊ ချက်ထွီပြောင်းပြန်၊ နေကြဟန်ကေ၊ မြင်ပြန်တချက်၊ နှလုံးပျက်၊ စိတ်လက်ပင်ပန်း၊ ယင်းဆိတ်ကမ်းက၊ ထွက်လို့လာကေ၊ မောင်ရာတထွေ၊ ရှာဦးမေကား၊ တုတ်တူပြေကျွန်း၊ ပတ်ဝန်းမုတ်တဘာလီ၊ ဇော်ဂီတုံးချောင်း၊ စစ်တကောင်း၊ သိတ်ပေါင်းရေရာ၊ နွားပါရာ၊ ကံသာတခွင်၊ ကာသလင်ထိ၊ ငါးမဟိ ”

ဘူးဝေဖသည် အနောက်ဘက်တွင် ကြန်စုံငစည်ကို ဗေဒင်ဟောကိန်းအရ ရှာဖွေသော်လည်း မတွေ့။ ထိုနောက် နတ်ဆရာမအား မေးပြန်သည်။ မာန်အောင်ကျွန်းတွင် ငစည်ရှိလိမ့်မည်ဟု နတ်ဆရာမက ဟောသဖြင့် တပည့်တယောက်နှင့် ငစည်ရှာထွက်ပြန်သည်။

“ မေဃ၀တီ၊ မေဃ၀တီ၊ ပူရီဌာန၊ ကျွန်းဒေသသို့၊ ကူးထတော့မယ်၊ လှေဝယ်တက်စီး၊ မြစ်ကြီးပင်လယ်၊ ကမ်းခြေထိုဘက်၊ လှိုင်းစွက်စွက်၊ ကူးယက်ရောက်လာ၊ ပညတ်ခေါ်ဝေါ်၊ မာန်အောင်ကျွန်းမှာ၊ ခိုအုန်းအော်၊ ထိုနောက်ကျွန်းရွာ၊ သပြာမြို့မ၊ ကုန်းတန်းရ၊ ရှာထမမြင်၊ အုန်းချောင်းခွင်၊ ထွက်ယင်ကျီချောင်း၊ တကြောင်းသမုတ်၊ မီးလောင်ထောင့် ကျောက်တန်း၊ တခန်းအမြဲ၊ သရတဲနှင့်၊ ကင်းတဲဖျင်ပါး၊ တခြားတောထူ၊ မို့လူခေါ်ဆောင်၊ ဆင်နားချောင်၊ ထိုသို့ဆိုပြန်၊ မင်းဆိပ်ပြင်၊ မင်းပြင်ဂါမ၊ စအင်းရ၊ မြောက်မှာဒိသာ၊ သိမ်ကုန်းရွာ၊ ပညာဘဲအင်း၊ ငအင်းအစ၊ စအင်းရ၊ ထိုမှတလီ၊ ဖုန်းဆိုးကြီး၊ ပြားကြီးတကူး၊ မျှော်တော်ဦး၊ ချီးကျူးအံ့ဖွယ်၊ ကြက်ရိုးနေ၊ ရှာဖွေတချက်၊ ဘူးရမျက် ခုံရွာ၊ ရောက်သည်ကာလ၊ လူမျိုးမစုံ၊ ငါးမျိုးစုံကေ၊ သစ်ပုံချောင်းကို၊ ရင်းတိုင်းရောက်တေ ”

“ ဘာဘာယေလိမ်၊ ယောက်ဖလိမ်၊ ငစေကိုက်ကေ၊ လက်ဆစ်ဂူတာ လိုက်လာပြန်ယ၊ ယောက်ဖ၊ လိုက်လာပြန်ယ ” (ကကွက်ဖြစ်သည်)

“ ဇာဆီးတင်၊ ရှင်ပါ့မလဲဆရာ၊ ရှင်မလဲ ”

“ အရွက်ကေ ယောင်းယာ၊ တောင်ပေါ်ထက်၊ မဟာဂါ၊ ဖာလာအမြစ်၊ လက်တဆစ်၊ နစ်နစ်သွီးလိမ်းတပည့်”

“ အေးဆရာ… အေဆေးကို လိမ်းလိုက်တေမှာ ဆရာ၊ ထိပ်က၀င်လို့ ဖင်က အီးရေ ဆရာကြီး ” (အီးရေ = နာတယ်)

“ အများကြီး ဟိသိရေ တပည့်… ငစေဆီး။ မျောက်ဆီး မျောက်နှောင်ဆီ။ ကနန်းမသည်းခြီ၊ ဗုံလုံဆီ၊ ဖြုတ်ဆိတ်ကေသည်းခြီ၊ ယင်နံရိုး၊ ကျားအချို၊ လိပ်အမွီး၊ ကျောင်းတိုင်မြစ်၊ အိမ်တိုင်မြစ်၊ အားလုံးအလေး၊ ပချင်းကဲဝေ တပည့် ”

“ ယားဝေ ယောက်ဖ၊ ငစေနှိုက်မရ။ မာန်အောင်သမချေရို့ ငါးသဲ့ဖို့လာရေဝေ တပည့်။ မာန်အောင်သမချေရို့ ယက်သဲ့မှာ ငစေမယ်သယ်ဝင်မလား ခြားနားလို့ မသိ။ သိသာရအောင် အသာချောင်းပြီး၊ တစောင်းက နားထောင်မယ် တပည့် ”

“ မေဃ၀တီ၊ သီတာရစ်ဝန်း၊ နာမပြောင်ကေ၊ မာန်အောင်ကျွန်းမှာ တလွန်တကြောင်း၊ လူမျိုးမစုံ၊ ငါးမျိုးစုံ၊ သစ်ပုံချောင်းမှာ၊ ခါးကိုရယ်ငင်၊ ရင်ကိုနွဲ့ကေ၊ ငါးသဲ့ကြမယ်၊ တကျော်ကျော် ခေါ်လတ်တေကား၊ အမည်ပြောင်သူ၊ တဦးကြာစံ၊ လှရံလှဝင်း၊ ကြာပင်းကြာသွင်။ ဦးသွင်ဦးရွှီ၊ ချင်းမချင်းပုံ၊ ချပုံကြစံ၊ လာမယ်ဖို့ကို၊ အာမခံကေ၊ ဥာဏ်သဲ့သဲ့နှင့်၊ တချက်ကယ်ရာ သဲ့လဲ၊ ရီဖျင်ဖျင်၊ မေ့ယက်သဲ့မှာ ငါးမမြင်၊ နှစ်ချက်ရာသဲ့လဲ ရီဖျင်ဖျင်၊ မေ့ယက်သဲ့မှာ ငါးမမြင်၊ သုံးချက်ကယ်ရာ သဲ့ပြီးခါမှာ၊ ငါးဇင်ရိုင်းဝမ်းပူ၊ စွက်စွက်ဆူကေ၊ ပေါ်လတ်တေကား၊ ပင်လယ်ကိုတက်၊ င၀က်တထွေ၊ ပေါ်လတ်တေကား၊ ငါးသားတစ်ပင်ပင်ပျို၊ ကြာချမ်းညိုကေ၊ ပေါ်လတ်တေကား၊ ပေါက်ကြူးပေါက်ကြူး… ရောင့်မလေ… ဒမာ တကောင် ၀င်လတ်ပြန်ယ၊ လွှတလက် ခေါင်းထက်မှာ တင်လို့၊ လွှဆရာရောင့်မ… လွှဆရာ”

“ ရောင့်မလေ… တခါတရံ ခါရံတထူး၊ မေတို့ထံမှာ လွှဆရာငါးလို့ မကြားဖူးပါ။ ကြည့်မေရောင့်မ… ကြည့်မေ။ ရောင့်မလေ လွှဆရာကားမဟုတ် ရောင့်မ၊ ငါးမန်းစွယ်သယ်ရာမတင် ရောင့်မ၊ ထည့်ရာထည့် ”

ငစည်ရှာသူ ဗာရဲဘသည် မာန်အောင်ကျွန်းတွင်လည်း ကြန်စုံငစည်ကို ရှာဖွေ၍ မရခဲ့ပေ။ ငစည်မရနိုင်ကြောင်းကို နရပတိကြီးအား လျှောက်ထားသည်။ ထိုအခါ နရပတိကြီးသည် ငစည်ရှာမရဆိုသော စကားကို မကြားလို၊ ရှေ့ခုနစ်ရက်အတွင်း ငစည်ကို ဆက်သရမည်ဟု အမိန့်ရှိလေသည်။

ငမှန်ကန်အမတ်ကြီးသည် ရွှေစင်တပိဿာကို ငစည်ရုပ် ပီသစွာထုလုပ်ပြီး ငွေကို ကြံစုံအောင် ကွပ်၍ ရှင်ဘုရင်အား ဆက်သလေသည်။

ငစည်ရုပ် နန်းတော်ထဲသို့ ရောက်ရှိသဖြင့် နရပတိမင်းကြီး နတ်ရွာစံတော်မူလေသည်။

ထိုအချိန်တွင် သားတော်မင်းစနေသည် သာမဏေအဖြစ်ဖြင့် အဂ္ဂစိန္တေ ဆရာတော်ကျောင်းတွင် ပညာသင်ကြားစဉ် ကျောက်ရောဂါဖြစ်လျက်ရှိသည်။ မယ်တော်ဝါလှဖြူ မိဖုရားမသည် အဆိပ်ကို ကျောက်ရောဂါဆေးအဖြစ်ဖြင့် လိမ်လည်၍ ပေးသည်။ မင်းစနေ ကွယ်လွန်ပြန်သည်။

ထို့နောက် မိဖုရားကြိုက်နှစ်သက်သော ငကုတ်သငခွီးချေအမတ်သည် နန်းတက်လေသည်။ ယုတ်မာသော အကြံအစည်ဖြင့် လင်ကိုသတ်၊ သားကိုသတ်၍ ငါ့အား နန်းတင်သော ၀ါလှဖြူမိဖုရားမသည် နောင် သူအလိုမရှိသောအခါ ငါ့အားလည်း သတ်လိမ့်မည်ဟု ငကုတ်သသည် ၀ါလှဖြူအား နန်းတော်မှ နှင်ထုတ်လိုက်သည်။

ခုနစ်ရက်အကြာတွင် ၀ါလှဖြူသေသည်။

ငကုတ်သသည်လည်း နန်းသက် ၂၁ ရက်မျှဖြင့် နတ်ရွာစံလေသည်။

“ အကြံမြောက်၊ ရှောက်ကို နန်းတင်၊ သားမောင်ပင်၊ မကြင်မချစ်၊ သေဆေးတိုက်၍၊ ပြေ၌ဆရာ၊ ပညာလွန်ပြုံး၊ ငလက်ရုံးကား၊ မှူးမတ်စ၊ လျှောက်ကြသည်မှာ၊ လင်ကိုထားလို့၊ သားသည်းချာကို၊ မကြာတစိ၊ သတ်ဝန့်ဘိ၍၊ ဒိဋ္ဌိအယူ၊ အရှင်ဖြူကို၊ နန်းသူအရာ၊ မထားပါဘဲ၊ ရာဇဒါဏ်ကို မျက်မာန်ကဲလို့၊ တောထဲကိုထုတ်၊ ခုနစ်ရက်နိဇ္ဇိဝါ၊ ခန္ဓာပြုတ်၊ ယုတ်သောမိန်းမ၊ သေဆုံးရကေ၊ လောက၌တွင်၊ ယနေ့ထက်ထိ ငစေရာဇ၀င်၊ တွင်လီရေ၊ တွင်လီရေ ” (လက်ဖျစ်တီး)

“ ထိုပြင်တကွ၊ ငကုတ်သလည်း၊ နန်းမကြက်သရေ၊ စံ၍နေသော်၊ နှစ်ဆဲ့တရက်၊ လူ့ရပ်ရွာမှာ ခန္ဓာပျက်၊ အသက်လည်းဆုံး၊ သူ့ကိုမုန်း၊ ကောင်းထုံးစဉ်လာ၊ မရှိပါဘဲ၊ အကြံလို ငရဲဝီစိ၊ သားနှင့်ကားလင်၊ ပြုန်းပြုန်းစင်ကေ၊ လောက၌တွင်၊ ယနေ့ထက်ထိ ငစေရာဇ၀င်၊ တွင်လီရေ၊ တွင်လီရေ ” (လက်ဖျက်တီး)

ဤကား ငစည်ခြင်းများကို ကောင်းနိုးရာရာ ရွေးထုတ်ပြီး ဇာတ်လမ်းမပျက်စေဘဲ တင်ပြခြင်းဖြစ်ပါသည်။

သာနိုးတက်စာပေ



Comments