Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

သမုဒ္ဒ ဂီရိမြို့ (ခေါ်) စစ်တွေမြို့

သမုဒ္ဒ ဂီရိမြို့ (ခေါ်) စစ်တွေမြို့
 ~~~~~~~~~~~~~

ဤမြို့သည် မြန်မာဘုရင်တို့ နောက်ဆုံးမြို့တော် မန္တလေးမြို့ ထက် အသက်သုံးဆယ် ပို၍ကြီးသည်၊  အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ (၁၈၂၄ /၂၅)တွင် စစ်နိုင်လိုက်သဖြင့် ရခိုင်နှင့် တနင်္သာရီကို အပိုင်ရရှိသော အင်္ဂလိပ်တို့သည် ရခိုင်တိုင်း မြို့တော်အဖြစ် စစ်တွေကျွန်း၏ အရှေ့အရပ်၌ စစ်တွေမြို့ကို ၁၈၂၆- ခု ဇန်နဝါရီလ ၁၂ရက်တွင် တည်ထောင်ခဲ့လေသည်၊ ဤမြို့ကို ဒေ သခံတို့က စိုက်တွယ်ဟု ခေါ်နေသော်လည်း ခေတ်သုံး မြန်မာဝေါဟာရတွင်မူ စစ်တွေဟုသာ ခေါ်သည်၊

စစ်တွေမြို့သည် ရခိုင်တို့၏ ပင်မသွေးကြောလည်းဖြစ်၊ ရခိုင်ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးစည်ပင်ရာ အရပ်ဌာနလည်းဖြစ်သည့် ကစ္ဆပနဒီ ခေါ် ကုလားတန်မြစ်၏ မြစ်၀ပိုင်း လက်ဝဲကမ်းတွင် တည်ရှိသည်၊ မြို့၏တောင်ဘက်သည် ကား ဘင်္ဂလားပင်လယ်အော် ဖြစ်သည်၊ ပင်လယ်သမုဒ္ဒရာအနီး၌ မြို့တည်ခဲ့၍ ရှေ့ဟောင်းစာပေများတွင် သမုဒ္ဒဂီရိမြို့ ဟု တွေ့ရသည်၊ စာသုံးပေသုံးတွင် သမုဒ္ဒဂီရိ မြို့စစ်တွေဟုလည်း တွေ့ရသည်၊ စစ်တွေမြို့တည်ရှိရာ စစ်တွေကျွန်းသည် တောင်ဟူ၍မရှိ၊ ရခိုင်ကမ်းခြေတွင် တောင်မရှိသည့်မြို့ဟူ၍ စစ်တွေတစ်ခုတည်းသာ ရှိပေသည်၊

စစ်တွေကျွန်းသည် အရှေ့ဘက်တွင် ကုလားတန်မြစ်၀၊ တောင်ဘက်တွင် ပင်လယ်၊ အနောက်ဘက်တွင် မယူမြစ်၀၊ မြောက်ဘက်တွင် ဤ မြစ်၀နှစ်ခုကို ဆက်သွယ်ပေးသော ချောင်းများ၊ ပြွန်များရှိကြသည်၊ ဤကျွန်းသည်ပင်လျှင် စစ်တွေမြို့နယ်လည်းဖြစ်သည်၊ အကျယ်အ၀န်း ၈၉•၄၂ စတုရန်းမိုင် ရှိသည်၊ အကျယ်ဆုံးနေရာတွင် ၁၄ မိုင်၊ အကျဉ်းဆုံးနေရာတွင် ၂ မိုင်မျှသာ ရှိသည်၊ စတုရန်းမကျ တကျပုံဖြစ်ပြီး အနောက် မြောက်မှ အရှေ့တောင်သို့ သွယ်တန်းနေသည်၊ ပင်လယ်ကမ်းခြေမှာ ၁၂ မိုင်မျှ ရှိသည်၊ မြေသားလွှာမှာ သဲမြေဆန်သည်၊

 စစ်တွေမြို့သည် မြို့တည်စကပင် ၁၉၇၃-ခုနှစ်အထိ ရခိုတိုင်း၏မြို့တော်၊ ၁၉၇၄ မှ ၂၀၁၀ ပြည့်နှစ်အထိ ရခိုင်ပြည်နယ်၏မြို့တော်၊ ၂၀၁၁-ခုနှစ်ကပင်စ၍ ရခိုင်ပြည်နယ်အစိုးရ၏ ရုံးစိုက်ရာမြို့တော်ဖြစ်လာသည်၊ စစ်တွေမြို့ကို တည်ထောင်လိုက်သည်နှင့် စစ်တွေကမ်းသည် ပင်လယ်ရပ်ခြားကုန်သွယ်မှုကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ကိုင်တွယ်လာသည့် ဆိပ်ကမ်းမြို့ဖြစ်လာသည်၊ ထိုစဉ်ကပင် စစ်တွေမြို့သည် ထင်ရှားလာသည်၊

 အင်္ဂလိပ်မှတ်တမ်းများအရ မြို့တည်ပြီး၍ လေးနှစ် ၁၈၃၀-၃၁ ခုတွင် ရွက် သင်္ဘော ၁၄၀ စစ်တွေဆိပ်သို့ ဆိုက်ကပ်လာကြောင်းဆိုသည်၊ ထိုသင်္ဘောတို့တွင် အပြန်၌ ရခိုင်ထွက်ကုန် ဆန်စပါးများကို ယူဆောင်သွားကြသည်၊ ထို့နောက် ဆန်တင်ပို့မှုမှာ များပြားလာသည်၊ မြို့တည်ပြီး အနှစ်တစ်ရာ အတွင်းပင် စစ်တွေဆိပ်ကမ်းမှ ဆန်အမြောက်အမြားကို တင်ပို့နိုင်ခဲ့သဖြင့် စစ်တွေမြို့ကို ဆန်မြို့ အဖြစ် လူသိများလာခဲ့သည်၊

မြို့သက် တစ်ရာပြည့်ပြီးသည့် ၀န်းကျင်တွင် စစ်တွေမြို့သည် စည်ပင်နေ သည်၊ ခေတ်အဆောက်အဦ အုတ်တိုက်များသည် နေရာအနှံ့လိုလိုတွင် ပေါ်ထွက်နေသည်၊ မြစ်ဘက်မှ ရူခင်းသည်လည်း လှပနေသည်၊ ပင်လယ် ကူးသင်္ဘောများမှာလည်း နှစ်စဉ်မပျက် ၀င်ထွက်သွားလာနေကြသည်၊ မြို့သက် နှစ်တစ်ရာပြည့်၍ ၁၆ နှစ်ကြာသောအခါတွင်ကား ဒုတိယ ကမ္ဘာစစ်ကြီးသည် ရခိုင်သို့ ကူးစက်လာသည်၊ စစ်မီးလျှံသည် အနှစ်တစ်ရာကျော် တည်ဆောက်ထားသော စစ်တွေမြို့ကို သုံးနှစ်အတွင်း ဖျက်ဆီးပစ်လိုက်သည်၊ စစ်တွေသည် စစ်ရေးအရ အရေးပါသော မြို့ တစ်မြို့ဖြစ်လာသည်၊

ခေတ်ကားပြောင်းခဲ့လေပြီ၊ စစ်တွေမြို့သည် ရခိုင်နိုင်ငံရေး၏ ဗဟိုပြုရာအရပ်ဖြစ်လာသည်၊ စစ်တွေမြို့ကို တိုင်းမြို့တော်အဆင့်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်မြို့တော်အဖြစ် ပြောင်းလဲလိုသူများကို မြို့သူမြို့သားများက အားပေးကြသည်၊ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့သည်၊ စစ်တွေမြို့၏ ကောင်းကင်ရှုခင်းသည် အမြဲပြောင်းလဲနေသည်၊ တိုက်တာ အ ဆောက်အဦသစ်များ ပေါ်လာသည်၊ စစ်တွေမြို့ပေါ်တွင် ရပ်ကွက် ၃၂ ရပ် ကွက်ရှိသည်၊

စစ်တွေမြို့ရှိ အထင်ကရ အဆောက်အဦများမှာ ဘုရားကြီး၊ အေးစေတီ၊ သကျမုနိဆင်းတုတော်၊ သလုံးတော်စေတီ၊ လောကနန္ဒာစေတီ၊ ယဉ်ကျေးမှုပြတိုက်၊ ဗုဒ္ဓပြတိုက်၊ ပွိုင့်နှင့် မီးပြတိုင်ဟောင်းတို့ ဖြစ်ကြသည်၊

စစ်တွေမြို့တွင် စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကျွန်ပျူတာတက္ကသိုလ်၊ အထက်တန်းရက်ကန်းကျောင်း၊ သူနာပြုသင်တန်းကျောင်းတို့ ရှိသည်၊ ပြည်နယ်အဆင့် ဆေးရုံးကြီးတစ်ရုံ ရှိသည်၊ စစ်တွေပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ်ကမ်းခြေနှင့် နန္ဒ၀န်ဥယဉ် (မြို့မှ ၉ မိုင်အကွာ)တို့မှာအပန်း ဖြေအရပ်များ ဖြစ်ကြသည်၊

စစ်တွေမြို့ပေါ်တွင် အစိုးရစာသင်ကျောင်းများမှာ အထက်တန်းကျောင်း ၆ အထက် တန်းကျောင်းခွဲ ၃၊ အလယ်တန်းကျောင်း ၇၊ အလယ်တန်းကျောင်း ခွဲ ၃၊ မူလွန်ကျောင်း ၈၊ မူလတန်းကျောင်း ၂၆ စုစုပေါင်း ၅၃ ကျောင်းရှိပြီး ကျောင်းသူကျောင်းသားပေါင်း ၁၃၆၅၀ ဦး သင်ယူလျက် ရှိသည် မူကြိုကျောင်းနှစ်ကျောင်းကို ဖွင့်လှစ်ထားသည်၊

စစ်တွေမြို့သည် ခေတ်အမြင်ပညာတတ်များကို မွေးထုတ်ပေးသည့်အနက် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အဦးဆုံး မျက်စိဖွင့်ပေးတော် မူခဲ့သော ပထမဆုံး နိုင်ငံရေးဆရာတော် ဦးဥတ္တမ(၁၈၇၉-၁၉၃၉)၊ ပါဠိဘာသာကို အနောက်နိုင်ငံသားတို့ နားလည်လွယ်ရန် အင်္ဂလိပ်ဘာသာဖြင့် အဦးဆုံးပြန်ဆိုပေးခဲ့သူ ဒေါက်တာရွှေဇံအောင် (၁၈၇၀- ၁၉၄၁)၊ ရူပဗေဒပညာရှင် မြန်မာနိုင်ငံတွင် ထင်ရှားခဲ့ပြီး ရခိုင်ခေတ်ဟောင်း သမိုင်းကို သုတေသနပြုစု ထုတ်ဝေခဲ့သူ ဦးစံသာအောင်(၁၉၂၅-၁၉၈၀)၊ စသည်တို့သည် ထင်ရှားခဲ့သည်၊ စစ်တွေမြို့သည် ရခိုင်တို့၏ ဌာနီဖြစ်သည်နှင့်အညီ ရခိုင်ရိုးရာပွဲလမ်းများကို ဆက်လက် ထိန်းသိမ်းထားလျက်ရှိသည်၊ ရခိုင်ပွဲလမ်းတို့တွင် ရခိုင်စည်တော်ကို တီးခတ်လေ့ရှိသည်၊

စစ်တွေမြို့တွင် သဘာ၀အလျောက် သင်္ဘောဆိပ်ကောင်းရှိသည်၊ ရေတက်ချိန်တွင် သင်္ဘောအ၀င်အထွက်ကို ပိုင်းလော့မပါဘဲ ခုမောင်းနိုင်သည်၊ မြို့ တည်စကပင် စစ်တွေဆိပ်ကမ်းမှ ဆန်စပါးတင်ပို့ခြင်းကို စတင်ခဲ့သည်၊ ဆိပ်ခံတံတား မရှိခဲ့သော်လည်း သင်္ဘောကို ရေလယ်တွင် ရပ်နားကာ အတင်အချ ပြုလုပ်ခဲ့ကြသည်၊ ကုလားတန်မြစ်ဝှမ်း စီမံကိန်းအရ စစ်တွေမြို့တွင် အိန္ဒိယဆိပ်ကမ်းကို တည်ဆောက်နေဆဲ ဖြစ်သည်၊ အိန္ဒိယမှ ကုန် ပစ္စည်းများကို မီဇိုရမ် ပြည်နယ်သို့ စစ်တွေဆိပ်ကမ်းမှ တစ်ဆင့် သယ်ယူမည်ဖြစ်သည်၊

 စစ်တွေမြို့သည် နတ်ပြည်တမျှ လှပပါကြောင်း စစ်တွေဆိပ်ကမ်းတွင် အပြည်ပြည်အရပ်ရပ်က သင်္ဘောများ လာရောက်ပါကြောင်း၊ ကုန်ပစ္စည်းများ စုံစုံလင်လင် ရှိ ကြောင်း၊ ရောင်း၀ယ်သူများဖြင့် စည်ကားလျက်ရှိကြောင်းကို ၁၈၄၈ ခုနှစ်က စစ်တွေသို့ ကုန်ရောင်းကုန်၀ယ်ဖြင့် ရမ်းဗြဲကျွန်းမှ ရောက်ရှိလာသော ရခိုင်စာဆို ကင်းဆရာက သူ၏ ကဗျာတစ်ပုဒ်တွင်-

 ပင်လယ်တောင်က၊ ဆတ်ရိုးကျမြောက်
 










အနောက်မယူ၊ ရှိမူ ကစ္ဆပ၊
 အင်းပေါက်၀နှင့်၊ မြမြညို့ညို့
 စစ်တွေမြို့ကို၊ နတ်ရို့ပျော်ရာ
 ၀တၤႎသာသို့၊ ပမာဆိုလား
 တွိမြင် ငြားချင့်၊ ဟု ခိုင်းနိုင်း ဖော်ပြထားသည်၊

 သမုဒ္ဒဂီရိ မြို့စစ်တွေ စာအုပ်မှ စစ်တွေမြို့ အကြောင်းကို ကောက်နှုတ်ရေးသားပါသည်၊
    Arakan Whantha


Comments