Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရက္ခပူရတိုင်း ဓညဝတီမြို့၌ ဗုဒ္ဓကိုယ်တော်တိုင် ရောက်လာပြီး ဗုဒ္ဓကိုယ်ပွားတော် သွန်းခဲ့ကြောင်း သက်သေ သာဓကများ ။

ရက္ခပူရတိုင်း ဓညဝတီမြို့၌
ဗုဒ္ဓကိုယ်တော်တိုင် ရောက်လာပြီး  ဗုဒ္ဓကိုယ်ပွားတော် သွန်းခဲ့ကြောင်း သက်သေ သာဓကများ ။ 
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 

#၁။တောင်ပေါက်ကြီးကျောက်စာ သက်သေပြု
====================
တောင်ပေါက်ကြီးကျောက်စာကို တတိယဓည၀တီခေတ်တွင် သူရိယစက္ကမင်းကြီး (ဘီစီ ၃၁၅-၂ရ၁) က ရေးထိုးခဲ့သည်ဟု သမိုင်းနှင့်ကျောက်စာပညာရှင်များက သုတေသနပြုမှတ်ချက်ချခဲ့ကြပါသည်။

ဤကျောက်စာကို ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့မှ မဟာမြတ်မုနိ ဘုရားသို့ သွားရာလမ်းရှိ တောင်ပေါက်ကြီးကျေးရွာအနီး သဘာဝကျောက်တောင်ပေါ်၌ ရေးထိုးထားခဲ့သဖြင့် တောင်ပေါက်ကြီး ကျောက်စာဟု ခေါ်ဆိုကြသည်။

၁၉၃၂ - ၃၃ ခုနှစ် ဧပြီလတွင်းက ဂုဏ်ထူးဆောင် ကျောက်စာ၀န် ဦးစံရွှေဘု နှင့် ရခိုင်-မြန်မာ ပဏ္ဍိတ် ဦးဦးသာထွန်း တို့က တွေ့ရှိ၍ ကူးယူမှတ်တမ်းတင်ခဲ့ကြခြင်းဖြစ်သည်။ ထိုကျောက်စာကို ကူးယူမှတ်တမ်းတင်စဉ်ကာလက စာကြောင်းရေ ၂၅ ကြောင်းကျော်ရေးထိုးထားသည်ကို တွေ့ရှိရသော်လည်း၊ ၅ ကြောင်းကိုသာ ထင်ရှားစွာပေါ်လွင်သဖြင့် ကူးယူမှတ်တမ်းတင်နိုင်ခဲ့ပြီး၊ ကျန်စာကြောင်းများ၏ စာလုံးများမှာ ပျက်စီးနေခဲ့လည်ပြီ

တောင်ပေါက်ကြီးကျောက်စာတွင် ရေးထိုးထားသော အက္ခရာစာလုံးများသည် ဗြဟ္မီအက္ခရာ ဖြစ်ပြီး၊ ဘာသာစကားမှာ ပါဠိ ဖြစ်သည်။

ဤတောင်ပေါက်ကြီးကျောက်စာတွင် ရေးထိုးထားသော အက္ခရာ စာလုံးများသည် ဘီစီ ၃၀၀ ကျော်က အိန္ဒိယပြည်မြောက်ပိုင်းတွင် အသုံးပြုသည့် အသောကမင်းကြီး (ဘီစီ ၃၀၄-၂၃၂) ရေးထိုးခဲ့သော ကျောက်စာတွင် ပါရှိသည့်  ဗြဟ္မီအက္ခရာစာလုံးများနှင့် အတူတူဖြစ်နေသောကြောင့် တစ်ခေတ်တည်းတွင် ရေးထိုးခဲ့သောကျောက်စာဖြစ်ကြောင်း လက်ရေးလက်သားကို လေ့လာသော ပညာရှင်များက သုတေသနပြုမှတ်ချက်ချခဲ့ကြပါသည်။

ဤတောင်ပေါက်ကြီးကျောက်စာသည် ရခိုင်ပြည်သမိုင်းတွင်သာမက မြန်မာပြည်သမိုင်းတွင်ပါ ရှေးအကျဆုံးနှင့် အစောဆုံးရေးထိုးခဲ့သော ကျောက်စာဖြစ်သည်။ ထို့ပြင် ဤကျောက်စာသည် ဓည၀တီရခိုင်ပြည်သို့ ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ကြွချီခဲ့မှု၊ ရခိုင်လူမျိုးတို့၏ ထေရာဝါဒ ဗုဒ္ဓဘာသာကို စတင်သက်ဝင် ယုံကြည်ကိုးကွယ်မှု နှင့် တတိယဓည၀တီခေတ် ဘီစီ ၃၀၀ ကျော်ကပင် စာပေကိုစတင် ရေးသားသင်ကြားလေ့လာနိုင်ခဲ့မှုများကို သက်သေထူနိုင်သည့် ထင်ရှားသော သမိုင်းရုပ်ကြွင်း အထောက်အထား တစ်ခုဖြစ်သည်။
:👇👇👇👇

★ ★ 
တောင်ပေါက်ကြီးကျောက်စာ
====================
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အထ ခေါ ဘဂဝါ ဘိက္ခူသံဃံ ပါသာဒံ အာရုဟာပေတွာ
ပဉ္စပါသာဒ သတပရိဂုတော ဓည၀တီရဋ္ဌံ အာကာသမဂ္ဂေန စာရိကံ စာရမနော
ဓည၀တီမဟာနဂရဿ ပဆ္စိမဒိသာဘာဂေ
ဂစ္ဆပနဒိယာ ပူရတ္ထိမတိရေ သောလာဂီရိ ပဗ္ဗတမုဒ္ဓမိ ဩရောဟိတွာ ပတိဋ္ဌာတိ။

တောင်ပေါက်ကြီးကျောက်စာမြန်မာပြန်
===========================
အရဟတော၊ ကိလေသာကင်းစင်၍ လူ နတ် ဗြဟ္မာ တို့၏ ပူဇော်အထူးကို ခံတော်မူထိုက်ပေထသော။ သမ္မာသမ္ဗုဒ္ဓဿ၊ အလုံးစုံသော တရားတော်တို့ကို ဆရာမကူ သယမ္ဘူဥာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ထိုးထွင်း၍ ကောင်းမွန်မှန်ကန်စွာ သိတော်မူပေထသော။ တဿ ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးသခင် ရှင်တော်မြတ်ဘုရားအား နမော၊ ရိုသေမြတ်နိုး လက်စုံမိုး၍  ရှိခိုးကန်တော့ပါ၏။

အထ၊ ထိုအခါ၌။ ခေါ၊ စင်စစ်။ ဘဂဝါ၊ သုံးလူ့ထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသခင်သည်။ ဘိက္ခူသံဃံ၊ ဘိက္ခူသံဃာတော်အပေါင်းကို။ ပါသာဒံ၊ နတ်ပြဿာဒ်ယာဉ်ဖြင့်(ပေါ်)။ အာရုဟာပေတွာ၊ ခြံရံလိုက်ပါကြွချီ(တက်) စေလျှက်။ ပဉ္စပါသာဒ သတပရိဂုတော၊ နတ်ပြဿာဒ်ယာဉ်ငါးရာဖြင့် (ဝန်းရံလျှက်ရှိသော)။ ဓည၀တီရဋ္ဌံ၊ ဓည၀တီ တိုင်းနေပြည်သို့။ အာကာသမဂ္ဂေန၊ ကောင်းကင်အာကာသခရီးဖြင့် ဒေသစာရီ ကြွချီတော်မူပြီး။ ဓည၀တီမဟာနဂရဿ၊ ဓည၀တီနေပြည်တော်ကြီး၏။ ပစ္ဆိမဒိသာဘာဂေ၊ အနောက်အရပ်အဖို့၌ဖြစ်သော။ ဂစ္ဆပနဒိယာ၊ ဂစ္ဆပနဒ်ီမြစ်ကြီး၏။ ပူရတ္ထိမတီရေ၊ အရှေ့ဘက်ကမ်းပါး၌။ သောလာဂီရိပဗ္ဗတမုဒ္ဓမိ(နိ)၊ ကျောက်အတိပြီးသော တောင်ထိပ်ထက်၀ယ်။ ဩရောဟိတွာ၊ သက်ဆင်းတော်မူ၍။ ပတိဋ္ဌာတိ၊ ရပ်တန့်တော်မူခဲ့ပါပေသတည်း။

••••••••••••••••••••••••••••••••••••••

#၂။အာနန္ဒစနြ္ဒကျောက်စာ သက်သေပြု

 ဂါထာ ၄၈ မှာ

မုနိနြ္ဒသျ < မုနိအပေါင်းတို့၏ အကြီးအမှူးဖြစ်သော မဟာမုနိ ၊ ဗိမ္ဗာနိ < ဆင်းတုတော်များကို ၊ ရီတိ < ကြေးဝါ ဖြင့် ၊ ကာင်္သ < ကြေးဖြူ ဖြင့် ၊ တမြ < ကြေးနီ ဖြင့်လည်းကောင်း ၊ မယာနိ < သွန်းလုပ်စေလေသည် ၊ သံချာ < အရည်အတွက်မြောက်များစွာကို ၊ ဘာရ < အတိုင်းအတာ အလေးချိန်ကိုလည်း ၊ ပြမာဏ < တူညီအောင် ၊ ကာရိတာနိ < ပြုလုပ်စေသည် ။

မုနိနြ္ဒသျ < မုနိအပေါင်းတို့၏ အကြီးအမှူး ဖြစ်သော ဆိုတာ ဗုဒ္ဓကိုယ်ပွားတော်  မဟာမုနိ ပဲပေါ့ ။ 

••••••••••••••••••••••••••••••••••••••°

#၃။ဗျည်း ၃၃ လုံး ဟန်စွလေ လှေတော်သံ သက်သေပြု
--------------------------------------
ဝေသာလီပြည် စူဠစနြ္ဒမင်းလက်ထက် 
သက္ကရာဇ်(၃၁၇) ခုနှစ် လောက်တွင် 
အမတ်ကြီးဓမ္မဇေယျသည်  ဗျည်း(၃၃) လုံး လှေတော်သံကို စပ်ဆိုခဲ့ပေသည်။ရှေးရခိုင်ရေတပ်မတော်တွင် စစ်ချီသောအခါ သန်မာထွားကျိုင်းသူ ကျင်သန်ကြီးများစွာက လှေကိုလှော်ခတ်ရသည်။ထိုအခါ စည်ကိုတီး၍ လှေကိုပြိုင်တူလှော်ရင်းတက်ညီလက်ညီဖြင့် ဆိုသော ကဗျာဖြစ်သည်။စူဠစနြ္ဒမင်းကြီးသည် သက္ကဒါန်ကရဝိတ်ဖောင်တော်ကို စီး၍ အသောင်းမကသော လှေတော်တို့ဖြင့် ခြံရံလျှက်
``တကောင်းသင်းတွဲပြည်´´သို့ ပင်လယ်ကြောင်းဖြင့် ချီသောအခါ 
အမတ်ကြီးဓမ္မဇေယျသည် ဤလှေတော်သံကို 
စပ်ဆိုသီဆိုစေခဲ့သည်။
 ၎င်း ဗျည်း ၃၃ လုံး စပ်ဆိုခဲ့တာမှာ မဟာမုနိနဲ့ ပတ်သတ်တဲ့ 
 စာပိုဒ်က ( စ ) လုံး အက္ခရာ အပိုဒ်ပါပဲ..👇👇👇
★ ★ 
(စ)စ ကိုမူကား၊ စန္ဒသူရိယ ၊မင်းလှပြည်သျှင်၊
တောင်းပန်လျှင်ကေ၊ သျှင်ပင့်ကိုယ်စား၊
သွန်း၍ထားသည်၊ ဖူးများလွယ်ကာ ၊
လွယ်ကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ။

(( ရမ်းဗြဲ ကျွန်း ကန်ဒိုင်းနယ် သရက်ချောင်း ရွာက ပေမူ အရ))

•••••••••••••••••••••••••••

#၄။ရခိုင်မင်းသမီး ဧချင်း- ဖဒူမင်းညို
-----------------------------
ဖဒူမင်းညိုသည် သက္ကရာဇ် ၈၁၇ ခုနှစ်တွင် ရခိုင်ပြည် ယခုမြို့ဟောင်းခေါ် မြောက်ဦး၌ နန်းတက်သော ဘစောဖြူမင်းလက်ထက်တွင် အမတ်ကြီးအဖြစ်ချီးမြောက်ခြင်းခံရသူဖြစ်သည်။ ဖဒူမင်းညိုသည် ဘစောဖြူ၏ သမီးတော်အတွက် ဧချင်းစပ်ဆိုခဲ့သည်။ မြန်မာစာပေသမိုင်းအတွင် အစောဆုံး ဧချင်းအဖြစ် ရပ်တည်နေသည် ။ ထိုဧချင်းကို ရခိုင်မင်းသမီးဧချင်း ဟုခေါ်ဆိုသည်။ ဖဒူမင်းညိုသည် အဗ္ဗဒူမင်းညိုဘွဲ့ကို ချီးမြင့်ခြင်းခံခဲ့ရသည်ကိုသာ သိရှိရပါသည်။ ၄င်း ဧချင်းမှာ ဗုဒ္ဓဘုရား ရခိုင်ပြည်ကြွခဲ့ကြောင်းနှင့် ကိုယ်ပွားတော် မဟာမုနိ အကြောင်းနဲ့ ပတ်သတ်တဲ့ စာပိုဒ် ၉ ၊ ၁၇ ၊ ၁၉ တို့ ဖြစ်သည် ၎င်းမှာ အောက်ပါအတိုင်းဖြစ်သည်

(ရခိုင်မင်းသမီး ဧချင်း ဖဒူမင်းညို ရေးသားခဲ့သော ကဗျာလင်္ကာ အပိုဒ်-၉  မှာကား)

★ ★ 
ဓညဝတီ၊ သိင်္ဂီရွှေပြည်၊ ဘုန်းတိစည်းသား
အမည်သူရိယ၊ စန္ဒရာဇာ၊ မင်းသဒ္ဓါလျှင်
ထိုခါစိုးစိုက်၊ ရှင်တော်ကြိုက်၍၊ ရိုက်ရိုက်လဖိတ်
အူသိမ်ထက်ဝှန်၊ ပီတိမွှန်းမျှ၊ တောင်ပန်သောအခါ
မဟာမုနိ၊ ရှိသည်ယခု၊ ဆင်းရုပ်တုကို
ဝိသုကမ္မ၊ သိကြားမ၍၊ ပဉ္စလောဟာ
ရတနာဖြင့်၊ သွန်းကာမဖြစ်၊ ခုနှစ်လက်ခွေ
ကိုယ်ငွေ့တော်ယူ၊ တည်တော်မူမှ
ဘုန်းတူဘုန်းရှည်၊ ညီနည်းဘုရား၊ ကိုယ်တော်စားဟု
ထားခဲ့သောအား၊ သုံးပါးနတ်လူ၊ ကိုးရာမူသည်
အယူရိုညွတ်နူးတည့်လေ . . . ။ 

ရခိုင်မင်းသမီး ဧချင်း အပိုဒ်(၁၇)
_____________________________

တလိုင်းနှင့်ပြူ၊ နှစ်ပြည်သူတို့၊
သုံးလူထွတ်ချာ ၊ မဟာမုနိ၊ 
တြီနာထော် ၊ ရုပ်ရှင်ကျော်ကို ၊
ပေါင်တော်ကျော့သား ၊ ယူသောအားဖြင့်၊
နဂါးလည်းနှစ်၊ ပြန်ရစ်သောခါ ၊
ပြည်ရွာလည်းပျက်၊ ခုထက်တိုင်ပင်၊
နူဝဲဖျင်လျက်၊ ရှင်ပင်ပြစ်ကြောင့် ၊
ဖြစ်သတည်းဟု ၊ ...... ... အစရှိသဖြင့် 

°°°°°°°

ရခိုင်မင်းသမီးဧချင်း ၁၉ အပိုဒ်.. 

ကောလိယမင်း ၊ အရင်းသည်ချာ ၊ ဒဿရာလျှင် ၊ မဟာမုနိ ၊ ရှိသည်အကြောင်း ၊ ပေါင်းလောင်းမြို့ထီး ၊ သင်းကြီးညွန်ပြ အစရှိသဖြင့် 
ဟု ဆိုခဲ့လည်သည် 
 

၅။ ( သမ္ပဒါနပကာရဏကျမ်း )<<ဘုရားရှင် ဓညဝတီမြို့သို့ ကြွလာကြောင်း ညွှန့်ဆိုထားသည့် အထောက်အထားကျမ်း ဖြစ်သည် ။

၆။ ( သတ္တုဗိမ္ဗသုတ္တန် ) << ဗုဒ္ဓကိုယ်ပွား ဆင်းတုတော်မြတ် သွန်းလုပ်ကိုးကွယ်ရခြင်း၏ အကျိုးကို ဘုရားရှင်ဟောတော်မူသည့်တရား

၇။ ရုပ်ဝတ္ထုသက်သေပြု

သေလာဂီရိတောင် (ကျောက်တော်တောင်)ခြေမှ ရရှိသော မြတ်စွာဘုရားက စန္ဒသူရိယမင်းကြီးအား တရားပြနေသည့် ကျောက်ဆစ်လက်ရာ တစ်ပင်ဖြစ်သည် ။

နောက်သက်သေအမြောက်အများလည့် ရှိနေသေးသည် ။ ရခိုင်ပြည်တွင် ဗုဒ္ဓခြေတော်ရာများ.. မအီမြို့ ခြေတော်ရာ အစုံ ၊ ရခိုင်ပြည် ဖရုံကာကျွန်းရှိ ဗုဒ္ဓခြေတော်ရာ ၊ ရခိုင်ပြည်အတွင်း ဗုဒ္ဓ ဓာတ်တော်များ၏ ဌာပနာ ဖြင့်တည်ထားသော စေတီ ပုထိုး အမြောက်အများ ရက္ခိုင်ပြည် ဗုဒ္ဓဘုရားသမိုင်းကျမ်းအရ မြွက်ကြားခံရသော ဗျာဒိတ်၀င်ဓာတ်တော်စေတီများ
( ၂၄၈ ) ဆူ ကိန်းဝပ်တော်မူလျက်ရှိသည်၊  
၎င်းအတိုင်း ကွင်းဆင်းလေ့လာနိုင်သည် ။ 
 1.30 MB ရှိသော pdf စာအုပ် လုပ်ထားသည် စာအုပ်တွင်ဒေါင်း၍ ဖတ်နိုင်သည် 👉👉
 https://m.facebook.com/groups/270233910156290?view=permalink&id=409807546198925
 
2...

https://drive.google.com/file/d/1AjfR0jmvLmlL_DkBuifDXeSez1MAqoMB/view?usp=drivesdk

၊ မဟာမုနိသွန်းပြီး ကျန်ခဲ့သော မဟာကျန် ဘုရားများ ၊ သျှင်ကျော်ဘုရား ၊

ဤ အကြောင်းအရာများကို ကြည့်ခြင်းဖြင့် ရက္ခပူရတိုင်း ဓညဝတီမြို့၌ ဗုဒ္ဓကိုယ်တော်တိုင် ရောက်လာပြီး  ဗုဒ္ဓကိုယ်ပွားတော် သွန်းခဲ့ကြောင်း သက်သေ သာဓကများပင်ဖြစ်ပေသည် ။
••••••••••••••••••••••••••••••••
စကားချပ်။ ....။  မြန်မာနိုင်ငံအတွင်း  မုနိအစ ရခိုင်က မုနိပါရင် ရခိုင်မှတ် သို့မဟုတ် မုနိ ဆိုသော စကားလုံးသည် ရခိုင်က ဆင်းသက်သွားခြင်းပင် ဖြစ်သည် ။ အခြား ပြည်နယ် တွေမှာ ဘုရားအမည်မှာ မုနိ တပ်ခြင်းသည် ရခိုင်မှ အသုံးအနှုန်းကို ယူထားခြင်းဟု မှတ်ကြလော။
........
Zaw Zaw (ရက္ခပူရတိုင်း)










Comments