Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်တော်ဝင်မင်းသား ဒွန်မာတင်၏ သမိုင်းကြောင်း"

" ရခိုင်တော်ဝင်မင်းသား ဒွန်မာတင်၏ သမိုင်းကြောင်း" 

မြန်မာဘုရင် အနောက်ဖက်လွန်မင်းလက်ထက် အေဒီ ၁၆၀၅ – ၂၈ ၊ ၁၆၁၃ ခုနှစ်တွင် သန်လျင်ရှိ ပေါ်တူဂီခြေကုပ်စခန်းကို အလုံးအရင်းနှင့်ဖြိုခွင်းပြီး ပေါ်တူဂီလူရမ်းကားခေါင်းဆောင် ငဇင်ကာ ( ဖီလစ်ဒီဘရစ်တို) နှင့် ကြံရာပါ နတ်သျှင်နောင်တို့ကို အဆုံးစီရင်ကြောင်းနှင့် နောက်လိုက်နောက်ပါတို့အား သစ္စာပေးပြီး ရွှေဘို ၊ မုံရွာ ၊ အညာသို့ပြောင်းရွေ့ခြေရာချကာ အမှုတော်ထမ်းစေခဲ့သော သမိုင်းအကြောင်းကို ရဟန်းရှင်လူ မြန်မာပြည်သူတို့ အသိများသည် ။ သို့သော် ဤဆောင်းပါးတွင် ဖော်ပြမည့် ရခိုင်သမိုင်းဝင် ဖြစ်ရပ် ကိုမူ သိသူမများသေးဟုထင်ပါသည် ။

ရှေးခေတ်ရခိုင်ပညာတတ်တို့ကား သိကြသည် ။ ယနေ့ ရခိုင်တိုင်းရင်းသား မျိုးဆက်သစ်များအဖို့ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေပေလိမ့်မည် ။ ထို့ကြောင့် မယုံရင်ပုံပြင်ဟု မှတ်ဆိုလောက်သော အောက်ဖော်ပြပါသမိုင်းဖြစ်ရပ်များကို အကျဉ်းချုံးဖော်ပြလိုက်ပါသည် ။ ခရစ်နှစ် ၁၆၁၀ တွင် မြောက်ဦးမင်းဆက်မှ ခုနစ်ဆက်မြောက်မင်းဆက်ဖြစ်သော မင်းရာဇာကြီး၏ သားတော်ငယ် ၊ စစ်တကောင်း မင်းမန်ကြီး သည် နောင်တောင် အိမ်ရှေ့မင်း မင်းခေမောင်းနှင့် မသင့်မတင့် သော်ကြောင့် ထိုအချိန်က ရခိုင်ရေမြေတွင် ခြေကုပ်ရနေကြသော ပေါ်တူဂီတို့နှင့်ပေါင်းကာ ထောင်ထားသည် ။

ထိုအချိန်က ရခိုင်ပိုင် ဘင်္ဂလားပင်လယ်တွင်းရှိ ဆန်ဒွိပကွန်း ( Sandwip) ပေါ်တွင် ပေါ်တူဂီ-စပိန် ကပြား ပင်လယ်ဓားပြ ဗိုလ်ဆီဘတ်(စ်)ရှန်ဂွန်ဇလ( Sebastian Gonsalves ) သည် အခွင့်ကောင်းယူကာ လက်နက် လူသူ အကူပေးပါမည်ဟု စစ်တကောင်းစားသို့ စကားကမ်းသည် ။ ထို့ပြင် နှစ်ဦးမဟာမိတ်ပြုရာတွင် ခိုင်မြဲရေး အတွက် စစ်တကောင်းစားသမီးနှင့် သူ့သားကိုထိမ်းမြားရန်တိုက်တွန်းသည် ။ စစ်တကောင်း မင်းမန်ကြီးသည် နောင်တော်အပေါ်မကျေချမ်းနိုင်သဖြင့် တိုက်တွန်းချက်ကို လက်ခံလိုက်မိသည် ။ သမီးတော်အား ဘုရင်ဂျီ ဘာသာသွင်းရန် ပေါ်တူဂီဘုန်းကြီးတို့ တရားဟောခိုင်းသော်လည်း သမီးတော်သည် ငြင်းဆန်နေသည် ။

 
သို့သော် အဓမ္မနည်းနှင့် ဘာသာသွင်းပြီး ဂွန်ဇလိသားနှင့် ပေါ်တူဂီမင်းခမ်းမင်းနားဖြင့် လက်ထပ်ပေးလိုက်သည်။ စစ်တကောင်းစားနှင့်ဂွန်ဇလိတို့ပေါင်းပြီး ခမည်းတော်နှင့်နောင်တော်အား ပုန်ကန်ရာ မအောင်မြင်ချေ။ စစ်တကောင်းမြို့ကို ချီတက်တိုက်ခိုက်လာသော နောင်တော်တပ်ကို ခုခံယင်း စစ်တကောင်းစား ကျေသင့်ကာ မေ့မြောသွားသည် ။ ဂွန်ဇလိလည်း ရခိုင်တပ်တို့ကို မခုခံနိုင်၍ပြေးသည်။ ဂွန်ဇလိသည် ခရစ်ယန်ဘုန်းကြီး ရယ်ဖယ် (Father Rafel) အား စစ်တကောင်းစား၏ လူမမယ်သားတော်နှင့်သမီးတော်တို့အား ကယ်ယူပြီး ခရစ်ယန်ဘာသာသွင်းရန် စေလွှတ်သည် ။ ရပ်ဖယ်ရောက်လာပြီး ကံကုန်ခါနီးဆဲဆဲ စစ်တကောင်းစားကို ခရစ်ယန်ဘာသာသွင်းရန် စိုင်းပြင်းနေစဉ် စစ်တကောင်းစား ကံကုန်သွားသည် ။ ဤတွင် လူမမယ်သားတော်နှင့် သမီးတော်တို့အား ခေါ်ဆောင်မွေးစားပြီး ခရစ်ယန်ဘာသာသွင်းလိုက်သည် ။

ယင်းနောက် ရခိုင်မင်းနွယ် ခလေးနှစ်ဦးကို ဟူဂလီ ( Hugli) ရှိ ပေါ်တူဂီစခန်းသို့ပို့လိုက်ပြီး စိန်နီကိုလပ် ( St.Nicholas) သီလရှင်ကျောင်းသို့ အပ်နှံကာ ကြီးပြင်းလာသည်အထိ ခရစ်ယန်သာသနာပြုတို့က ကျွေးမွေး စောင့်ရှောက် ပညာသင်ကြားကြသည် ။ ဘုရင်ဂျီဘာသာဝင်များ ဖြစ်လာရုံမက ရခိုင်ဇာတိလုံးဝပျောက်သွားပြီး ပေါ်တူဂီစိတ်ပေါက်ကာ ပေါ်တူဂီမင်းညီမင်းသားအသွင်ဆောင်လာကြသည် ။ သမီးတော်ကို ပေါ်တူဂီလူကုံထန် အိမ်ထောင်စုကမွေးစားလိုက်ပြီး သားတော်ကို ဂိုအာ( Gao) ရှိ ပေါ်တူဂီဘုရင်ခံက မွေးစားသည် ။ အခွင့်သာ သောအခါ သားတော်အား ရခိုင်ထီးနန်းကို အရယူခိုင်းပြီးရခိုင်တပြည်လုံးအား ပေါ်တူဂီသြဇာခံ ဖြစ်လာစေရန် ဘုရင်ခံက ရည်မှန်းသည် ။

ဘုရင်ဂျီဘုန်းကြီးတို့ကလည်း ရခိုင်ပြည်ကြီး ပေါ်တူဂီသြဇာခံဖြစ်လာပါက တပြည်လုံး ကို ခရစ်ယန်ဘာသာသို့ သွတ်သွင်းခွင့်ရမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြသည် ။ ဂိုအာဘုရင်ခံသည် ငွေအား ၊ လူအားနှင့်ကူညီထောက်ပံ့ပေးသည် ။ သာသနာပြုဘုန်းကြီး ဖာသာအန်တီနီယိုဒီဆန်ဗင့်ဆင်( Father Antoniodesan Vincente ) ၏ သင်ကြားလေ့လာမှုဖြင့် ရခိုင်မင်းသားငယ်ကို ပေါ်တူဂီသူကောင်းမျိုး ဇာတ် သွင်းပေးပြီး ပေါ်တူဂီလူငယ်သူရဲကောင်း ပကတိဖြစ်လာစေသည်။ ၁၆၁၉ ခု ၊ တနင်္ဂနွေနေ့တစ်နေ့၌ ဟူဂလီ ရှိ ပေါ်တူဂီမင်းပေါင်းစုံညီရှေ့တွင် မင်းခမ်းမင်းနားကျင်းပကာ ရခိုင်မင်းသားကို ဒွန်မာတင် ( Dom Martin ) အမည်ဖြင့်လည်းကောင်း ၊ ရခိုင်မင်းသမီးကို ပထရိုနီလာ ( Petronila) အမည်ဖြင့်လည်းကောင်း ဘာသာ ထပ်သွင်းပေးပြီး ပေါ်တူဂီမင်းသား ၊ မင်းသမီးအဖြစ်သို့ ရောက်သွားကြစေသည်။

သည့်နောက် ဒွန်မာတင်ကို ဂိုအာ ( Gao ) မြို့တော်သို့ပို့ပြီး အိုမွတ် ( Ormuz) ပင်လယ် ရေလက်ကြား ရှိ ပေါ်တူဂီစခန်းကိုကွပ်ကွဲရသော စစ်ဗိုလ်ကြီး ဖရယ်ရီဒီအင်ဒရာဒါ (Captain Freirede Andrada ) ၏ ရေတပ်တွင် တပ်သားအဖြစ် အမှုထမ်းစေကာ စစ်ပညာများသင်ယူစေသည်။ ပါရှန်ပင်လယ်ကွေ့ရှိ ပေါ်တူဂီ ဘုရင့်ရေတပ်မတော်တွင် လေးနှစ်ကြာအမှုထမ်းရာတွင် သူရသတ္တိနှင့်တိုက်ခိုက်ရေးတွင် အလွန်တရာ ထူးချွန် ပြောင်မြောက်လှသောကြောင့် ပေါ်တူဂီစစ်ဗိုလ်မှူးလောကတွင် ဒွန်မာတင်သည် သူရဲကောင်းလူငယ်တစ်ဦးဟု သတင်းမွှေးလျက်ရှိသည် ။

ခရစ်နှစ် ၁၆၂၇ ခုတွင် မလက္ကာ( Maleccal) ပင်လယ်ရေလက်ကြားပေါ်တွင် ပေါ်တူဂီတို့က အချေဆူလတန်မင်း ( Sulatan of Acheli ) ၏ တိုက်ခိုက်ခြင်း ခံရသောကြောင့် ကာကွယ်ရေးအတွက် အင်အား ဖြည့်နေကြရာ အသက် ၂၁ နှစ်အရွယ်သာရှိသေးသော ဒွန်မာတင်မင်းသားကို ပေါ်တူဂီ ဂါဗာနာမင်းကြီး ဒွန်လီဘရစ်တို (Dom Luis de Brito )က ဗိုလ်မှူးရာထူးပေးပြီး မလက္ကာသို့စေလွှတ်သည် ။ တိုက်သင်္ဘော ၃၀ ကို ကွပ်ကဲရသော ဒွန်ဖရစ်စစ်စကို ၊ တူကီနိုဒဲလ်ဆင် ( Dom Fracisco Countinodel Sem ) နှင်အတူ ချီတက် လိုက်ပါသွားပြီး ပေါ်တူဂီတို့ ရန်သူအင်အားစုကို စွမ်းစွမ်းတမံတိုက်ခိုက်ရာ ဒွန်မာတင်၏ သူရသတ္တိကြောင့် တိုက်ပွဲအောင်မြင်ပြီး လှံစွပ်ဒဏ်သင့်ခဲ့သည် ။ သည့်နောက် ဗိုလ်မှူးကြီး ဒွန်အယ်လ်ဗာဒေးဘိုတဲလို ( Dom Alvarez Bltello ) ၏ ရေတပ်တွင် အမှုထမ်းပြန်သည် ။

၁၆၂၉ ခုနှစ်တွင် ဒုတိယအကြိမ် အချေတပ်များနှင့် ရင်ဆိုင်တိုက်ပွဲတွင်လည်းကောင်း ၊ ၁၆၃၀ ပြည့်နှစ်တွင် စင်ကာပူရေလက်ကြား၌ အင်္ဂလိပ် ဒတ်ခ်ျတို့နှင့် ရင်ဆိုင် တိုက်ပွဲတွင်လည်းကောင်း ဒွန်မာတင်သည် ရဲစွမ်းပြပြီး အောင်ပွဲများရပြန်သည် ။ ဒွန်မာတင်သည် ပေါ်တူဂီရေတပ်ဗိုလ်အဖြစ် အမှုထမ်းသက် ဆယ်နှစ်ပင်ရှိခဲ့လေပြီ ။ ခရစ်နှစ် ၁၆၄၀ ပြည့်တွင် သူသည် အသက် ၃၄ နှစ်ရှိခဲ့ပြီး ၊ ပါရှား ၊ သီဟိုဠ် သီရိလင်္ကာနှင့် ရေလက်ကြားတဝိုက်တွင် လည်းကောင်း ၊ အိုမွတ်မှသည် ဂျကာတာအထိလည်းကောင်း ပင်လယ်ပြင်တလျှောက် ကာကွယ်ရေး ၊ တိုက်ခိုက်ရေးတွင် ပေါ်တူဂီမင်း၏ အမှုတော်ကို သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့သည်မှာ ၁၆ နှစ်ပင် ရှိလေပြီ ။

ထိုကာလအတွင်း၌ သူ၏ကံကြမ္မာကို တမျိုးတဖုံပြောင်းလဲသွားစေသော ဖြစ်ရပ်များ ရခိုင်နှင့် ပေါ်တူဂီ တွင် ပေါ်ပေါက်လာသည် ။ ရခိုင်ပြည်၌ ခရစ်နှစ် ၁၆၄၅ ခုနှစ်တွင် နန်းလုဘုရင် နရပတိကြီး မင်းပြုလျက် ရှိသည်။ ပေါ်တူဂီနိုင်ငံတွင် ၁၅၈၁ ခုနှစ်မှစ၍ ကြီးစိုးခဲ့သော စပိန်မင်းဆက် ကျဆင်းသွားပြီး ၁၆၄၀ ပြည့်နှစ် စတုတ္ထမြောက် ဂျွန် (John IV) မင်းမှစ၍ ပေါ်တူဂီမင်းဆက် ပြန်လည်ကြီးစိုးလာသည် ။ စပိန်မင်းဆက်များ လက်ထက်က ယိမ်းယိုင်ကျဆင်းနေသော အရှေ့ကမ္ဘာရှိ ပေါ်တူဂီတို့၏ တန်ခိုးအာဏာကို ပြန်လည်တည် ဆောက်ရန် ပေါ်တူဂီတို့ ပြန်လည် စိုင်းပြင်းလာကြသော အချိန်ဖြစ်သည် ။ ဤသို့ ကမ္ဘာ့အခြေအနေနှင့် ရခိုင်ပြည်တွင်းရေး အခြေအနေတို့ကို ဆက်စပ်သုံးသပ်မိသော ရခိုင်နန်းလျာ ဒွန်မာတင်သည် ပေါ်တူဂီမင်းအကူအညီဖြင့် ပြည်တော်ပြန်၍ ရခိုင်ထီးနန်းရရန် ကြံစည်လေသည်။

ခရစ်နှစ် ၁၆၄၂ ခုနှစ်တွင် အသက် ၃၆ နှစ်အရွယ် ဒွန်မာတင်သည် ဂွပ်ဟုတ်အငူ ( Cape of Goodhope ) မှ ပတ်သော ပင်လယ်ရေကြောင်း ခရီးဖြင့်ပေါ်တူဂီမြို့တော် လစ္စဘွန်း ( Lisbon ) သို့ရောက်လာသည် ။ ခရစ်ယန် ဘုန်းတော်ကြီး ဖာသာကွန်တီနို ( Father Countino ) အပါအဝင် သာသနာပြုမိတ်ဆွေဟောင်း ၊ မိတ်ဆွေသစ် တို့အကူအညီဖြင့်ပေါ်တူဂီဘုရင် ဂျွန်နှင့်နီးစပ်သော သူကောင်းမျိုးသြဇာရှင်မင်းညီမင်းသားများနှင့် ဒွန်မာတင် ဆက်သွယ်မိလေသည် ။ ဘုရင်၏ ဆွေတော်မျိုးတော်ထဲမှသြဇာရှိမင်းသားကြီး အယ်လင်ကပ်စတြာ ( John of Alencastre ) သည် ရခိုင်မင်းသား ဒွန်မာတင်၏အရေးတွင် မိမိပါ ကြီးပွါးနိုင်မည်လမ်း မြင်သဖြင့် ငွေအားဖြင့် ထောက်ပံ့ကူညီသည် ။
 
ဒွန်မာတင်အား ဂျွန်ဘုရင်ရှေ့မှောက်သို့သွင်း၍ ခစားရာ၌ လိုအပ်သော မင်းညီမင်းသား အဝတ်အစား အဆောင်အယောင် ၊ အခမ်းအနား ၊ နောက်လိုက်ရွေတော် ၊ ကျွေးကျွန်များအတွက် ကုန်ကျ စရိတ်တို့ကို သူကပင် အရင်းစိုက်ထားလိုက်သည် ။ ခရစ်ယန်ဘုန်းကြီးဖာသာကွန်တီနို၏ အဆက်အသွယ်ဖြင့် ဒွန်မာတင်သည် ဂျွန်မင်းသားထံ ခစားခွင့် ရပြီး ရခိုင်ထီးနန်းပြန်ရယူရေးကိစ္စကိုတင်ပြရာ ဂျွန်မင်းသားသည် ရခိုင်မင်းသား ဒွန်မာတင်အပေါ် ကြည်ဖြူ သနားသည့်အပြင် အရှေ့ကမ္ဘာခြမ်းရှိ ပေါ်တူဂီတန်ခိုးအာဏာပြန်လည်ထူထောင်ရေးတွင် ရခိုင်ပြည်နှင်တကွ ဒွန်မာတင်မင်းသားကို အသုံးချနိုင်သည့်လာဘ်ကို မြင်သောကြောင့် ဒွန်မာတင်အာ လိုသမျှအကူအညီကို ပေးမည်ဟု ကတိပေးလိုက်သည် ။

ခရစ်နှစ် ၁၆၄၂ ခု ၊ ပင်လယ်ခရီးထွက်ရန် သင့်လျော်သောအချိန်တွင် ဂျွန်ဘုရင်ချီးမြှင့်ကူညီလိုက်သော ငွေအား ၊ လူအား ၊ လက်နက်အင်အား ၊ သင်္ဘောအင်အား အပြည့်အစုံနှင့် ဒွန်မာတင်သည် ပင်လယ်ခရီးမှ ရခိုင်ပြည်သို့ ထီးနန်းပြန်သိမ်းယူရန် ချီခဲ့သည်။ သို့သော် ကံတရားကပြောင်းလဲလိုက်သည် ။ ပွဲတိုင်းကျော် အောင်ပွဲရသူရဲကောင်းကြီး ဒွန်မာတင်သည် ပင်လယ်ခရီးတွင် ပြင်းထန်စွာဖျားနာပြီး ဆေးကုမရသဖြင့် ကံကုန်သွားရှာသည် ။ ဤတွင် မြန်မာနယ်မြေ ရခိုင်ပြည်ကြီးအား လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းခဲ့သော ပေါ်တူဂီ ဘုရင်နှင့် သာသနာပြုတို့၏ ကြီးမားသောအကြံအစည်ကြီးတစ်ရပ် တစ်စခန်းသိမ်းသွားရလေတော့သည် ။ ဒွန်မာတင်သာ မကွယ်လွန်ခဲ့ပါလျှင် ရခိုင်ရာဇဝင်သာမက မြန်မာနိုင်ငံသမိုင်းပါ တမျိုးတဖုံ ပြောင်းလဲသွားမည် လောဟု တွေးတောစရာဖြစ်သည် ။





ရခိုင်မင်းသား ဒွန်မာတင်၏ သမိုင်းတစ်ရပ်

Comments