Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဂုဏ်ရှိန်မြင့်ခဲ့သည့် ရခိုင်သမိုင်း

ဒါကကျွန်နော်တို့ ရခိုင်တွေဖြတ်သန်းခဲ့တဲ့ 
သမိုင်းကြောင်းတွေဖြစ်တယ်။

ဂုဏ်ရှိန်မြင့်ခဲ့သည့် ရခိုင်သမိုင်း

“ဇာတိပုညဂုဏ်မာန” တို့နှင့် ပြည့်စုံလှသည်ဟု ဘင်္ဂလားပင် လယ်ကမ်းခြေတွင် နာမည်ထင်ရှားလှသည့် ရခိုင်လူမျိုးတို့၏ သမိုင်းသည် ဂုဏ်ယူ၀င့်ကြွားဖွယ်ရာများနှင့် ပြည် စုံကုံလုံလှပေသည်သာမက အာရှနှင့်အရှေ့တောင်အာရှတို့၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ တက်တက်ကြွကြွ ပါ၀င်ပတ်သက်နေခဲ့ပေသေးသည်။

ရှေးရခိုင်ကြီးတို့ နှစ်ပေါင်းရာစုများစွာ ပြုစုပျိုးထောင်ခဲ့သော ရခိုင်ပြည်ကြီးသည် အရှေ့တောင်အာရှဒေသသို့ ဗုဒ္ဓသာသနာတော် စတင်ဖြန့်ချိရာ ဘုမိနက်သန်အရပ်တစ်ခုလည်း ဖြစ်ခဲ့ပေ၏။ အေဒီလေးရာစုမှစ၍ ရခိုင်၌ လျှမ်းလျှမ်းတောက်ထွန်းကားခဲ့သော ဝေသာလီသည် အနောက်လက်တစ်ကမ်းရှိ အိန္ဒိယယဉ်ကျေးမှုကို အရှေ့အရပ်ရှိ ဧရာကမ်းသို့ရောက် ပေါက်အောင် တစ်နည်းတစ်ဖုံပျံ့နှံ့စေခဲ့ပေ၏။ ထို့အပြင် ကုန်သွယ်မှုကြား စခန်းတစ်ခုလည်း ဖြစ်ခဲ့ပေ၏။ ဓည၀တီသားတို့ ကြိုးစားလုံ့လပြုကာ ပြန်ဆိုခဲ့သော အန္ဒိယဂန္ဓ၀င် ၀တ္ထုပုံပြင်များ ကျမ်းဂန်များတို့ကိုလည်း အရှေ့အရပ်သို့ စေတနာဗလပွဖြင့် လက်ဆောင်ပေးခဲ့ပေ၏။ ရခိုင်ဘုရင် ပရိမ်ပြည်ရှင် ပဒေသရာဇာ(၁၁၂၃-၁၁၃၉) မင်းကြီး၏ ဗုဒ္ဓအဘိသိက်တော် မင်္ဂလာဆင်ယင် ကျင်းပခဲ့ပုံသည် နောင်တွင် ဗမာမင်းများတို့က စံနမူနာယူရလောက်အောင် ခမ်းနားပြည့်စုံလှသော မင်းခန်းတော်တစ်ခု ဖြစ်လာခဲ့ပေ၏။

နေရဉ္ဇပြည်ရှင် မဇ္စူသင်ခေါ် တိုင်းချစ်မင်း (၁၁၆၁ – ၁၁၆၆) သည် ဘုန်းလက်ရုံးတောက်ခဲ့ပြီး အရှေ့ဘက် မင်းတုံးနယ်အထိ ချီတက်ကာအောင် စေတီတစ်ဆူကို တည်ထား၍ နယ်ပိုင်းခြားခဲ့ပေ၏။ လောင်းကြက်ပြည်ရှင် မင်းထီး (၁၂၈၃ – ၁၃၈၉) ၏ တည့်မတ်သော အုပ်ချုပ်ပုံကျော်သတင်းသည် ရိုးမကျော်ကာ ဗမာသမိုင်း၌လည်း ဂုဏ်သတင်းသြဇာရှိလှပေ၏။ မင်းထီးလက်ထက် ရခိုင်နယ်သည် အရှေ့ဘက်တွင် သရက်မြို့၊ အနောက်ဘက်တွင် စစ်တကောင်းမြို့နှင့် မြောက်ဘက်တွင် မြူပြည်(တရိပူရအိန္ဒိယနယ်)အထိ ပါ၀င်ခဲ့ပေသည်။

၁၄၃၀ ပြည့်နှစ်တွင် ပေါ်ထွန်းခဲ့သော မြောက်ဦးရွှေမြို့တော်ခေတ်တွင် ရခိုင်ဘုရင်မင်းခရီ (၁၄၃၃-၁၄၅၆) နှင့် အင်း၀ဘုရင် နရပတိတို့သည် ဖိုးခေါင်တောင်၌ဆုံတွေ့ကြကာ မဟာမိတ်ပြုကြပြီး ရခိုင်-ဗမာနယ်မိတ်ကို အမြော်အမြင်ကြီးမားလှစွာ သတ်မှတ်ခဲ့ကြပေ၏။ ထိုနှစ်နိုင်ငံချစ်ကြည်မှုကို တောင်ငူဘုရင် တပင်ရွှေထီးက ချိုးဖောက်ကာ ရခိုင်ဘုရင် မင်းဘာကြီး (၁၅၃၁-၁၅၅၃) လက်ထက် ရခိုင်မြောက်ဦးကို လုပ်ကြံသော်လည်း အထမမြောက်ခဲ့ချေ။ ရခိုင်အင်အားသည် တဖြည်းဖြည်းတောင့်တင်း ခိုင်မာလာ၏။ ရခိုင်ရေတပ်မတော်သည် ဘင်္ဂလားပင်လယ်ပြင်ကို ကြီးစိုးလာပေ၏။ ၁၅၉၉ ခုနှစ်တွင် မြေးတော်မင်းရာဇာကြီး (၁၅၉၃-၁၆၁၂)က ပဲခူးကိုတောင်ငူနှင့် ပူးပေါင်းကာ အောင်မြင်လိုက်သဖြင့် ရခိုင်တို့၏ ဘုန်းတန်ခိုးသည် အထွက်အထိပ်သို့ ရောက်ခဲ့ပေ၏။ ရခိုင်တပ်မတော်တွင် လူမျိုးပေါင်းစုံ ပါ၀င်ခဲ့ပေသည်။ စစ်ရေးတောင့်တင်း အောင်မြင်မှုနှင့် စီးပွားရေး၊ လူမှုရေးတို့သည်လည်း ဒီရေတက်သကဲ့သို့ မြင့်မားလာခဲ့သည်။ ဤအကြောင်းကို ၁၆၃၂ – ခုနှစ်တွင် ရခိုင်သို့ရောက်ရှိခဲ့သော ပေါ်တူဂီဘုန်းတော်ကြီး မန်နရိကပြောင်မြောက်သော မှတ်တမ်းပြုခဲ့၏။

လက်ရုံးရည်စွမ်းအားနှင့်နှလုံး ရည်အုပ်ချုပ်မှုတို့ဖြင့် ကြီးကျယ်ထွန်း ကားလာခဲ့သော ရခိုင်အင်အားသည် ၁၆၃၈ – ခုနှစ်တွင် နရပတိကြီး (၁၆ ၃၈-၁၆၄၅)၏ ပရိယာယ်ေ၀၀ုဒ်တို့ဖြင့် အာဏာရလာပြီးနောက် တစ်စတစ်စ ဆုတ်ယုတ်လာ၏။ အာဏာစည်းစိမ်တို့ကို တပ်မက်သူ တစ်ဦးတစ်ယောက်ကြောင့် ပြည်အရေးသည် စတေးခံရ၏။ အမတ်ကောင်းများ လျှော့ပါးသွားလေ၏။ ပြည်ကို အမတ်ကြီးထိန်းလေသည်ဟူသော မင်းကောင်းမင်းမြတ်တို့၏ အစဉ်အလာသည်ပျက်ခဲ့ရ၏။ ရလဒ်ကား ၁၆၆၆ ခုနှစ်တွင် စစ်တကောင်းကို ရခိုင်က လက်လွှတ်သွားရခြင်းပင်ဖြစ်၏။ နောက်ဆက်တွဲကား ၁၆၈၅ ခုနှစ် မှ ၁၇၁၀ ပြည့်နှစ်အထိ မင်းမတည် ပြည်မရပ်ကာလဖြစ်ခဲ့ကာ ပြည်ဆုတ်ခဲ့၏။ ထိုအခြေအနေဆိုးကို ဝိဇယမင်း (၁၇၁၀-၁၇၃၁)ကရပ်တန့်စေကာ ပြန်လည် ဦးမော့လာအောင်ပြုခဲ့သော်လည်း ၄င်းလုပ်ကြံခံရပြီးနောက် မကြာမြင့်မီ ပျက်စီးယိုယွင်းလာလေတော့၏။ သို့ရာတွင် ရခိုင်ထီးနန်းမှာ တစ်မင်းဆင်းတစ်မင်းတက်ဖြင့် ကောင်းတလှည့် မကောင်းတလှည့် ကြုံတွေ့ရကာ သက်ဆိုးရှည်ခဲ့သည်သာ။ လူပယောဂကြောင့်ဖြစ်သော အနိဌာရုံတို့ကို သဘာဝဘေးအန္တရာယ်များဖြစ်ကြသော ငလျှင်ကြီး (၁၇၆၁) နှင့် ရေကြီး (၁၇၈၃) တို့က တစ်ပြန်ဖျက်စီးလာခဲ့ ကြပြန်၏။ ထိုစဉ် ရခိုင်၏အရှေ့ဘက်တွင် သွေးဆာနေသော ဗမာလူမျိုးက ရခိုင်ကိုမျက်စိကျလာ၏။ ရခိုင်၏ချမ်း သာကြွယ်၀မှုကိုလည်း လုယက်လိုကြသည်။ ထိုနှင့် ၁၇၈၆ ခုနှစ် မိုးအကုန်တွင် ဗမာအမရပူရတပ်တို့က ကျူးကျော်လာကြတော့၏။ ရခိုင်တို့က သူ့ကျွန်မခံလိုသော စိတ်ဓာတ်ဖြင့် ခုခံတွန်း လှန်လေရာ (၄၅) ရက်တိုင်တိုင် ကြာခဲ့ပေ၏။ အဆုံးတွင် ၁၇၈၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့၌ မြောက်ဦးမြို့တော် ကျဆုံးလေ၏။

မြောက်ဦးမြို့တော်ကျဆုံးခြင်းနှင့်အတူ ရခိုင်မြစ်၊ ချောင်းတို့တွင် သွေးရောင်လွှမ်းခဲ့သလို ကန်၊ ကျုံးတို့၌လည်း လူသေအလောင်းကောင်များဖြင့် ပြည့်လျှံခဲ့ပေ၏။ မျိုးပြုတ်ဝါဒစွဲကြောင့် ရခိုင်တို့၏အရိုးများ တောင်ပုံရာပုံ ရှိခဲ့ပေ၏။ ယခုတိုင် ခေါင်းဖြူပြင်၊ ပြင်ဖြူ မော်၊ ခြံပြင်စသည့် လူသတ်ကွင်းများသည် အရပ်အစွဲအမည်ဖြင့် ကျန်ရစ်နေဆဲဖြစ်ပေ၏။ ကြက်ပျံမကျစည်းကားခဲ့သော ရခိုင်ကုလားတန်လွင်ပြင်သည် လူသူကင်းမဲ့ကာ ကျီးနှင့်ဖုတ်လို ဖြစ်လာတော့၏။ ပြေးနိုင်သူ လွတ်ခဲ့သဖြင့် ယနေ့ရခိုင်လူမျိုးတို့မှာ မသေဘဲကျန်ရစ်ခဲ့သူ တချို့တစ်၀က်တို့၏ အဆက်အနွယ်များသာ ဖြစ်ကြတော့၏။ မျိုးဖြုတ်သတ်ခြင်းကို ခွင့်လွှတ်စရာ ကောင်းသောအရာမှာ ၀န်ခံခြင်းနှင့် တန်းတူအခွင့်အရေး ပေးခြင်းသာဖြစ်ပေ၏။

ရခိုင်ဘုရင့်နိုင်ငံတော်ကြီး ပျက်သုဉ်းသွားရခြင်းနှင့်အတူ အကာအကွယ်မဲ့သော ရခိုင်လူမျိုးတို့သည် သူ့ ကျွန်ဘ၀ ဖြစ်သွားရဘိသကဲ့သို့ ရခိုင်သမိုင်း၊ ရခိုင်ဇာတိမာန်တို့သည်လည်း နှိပ်စက်ကာ လူပြုခြင်းခံရသည် သာမက နယ်ချဲ့တို့၏ ရောကြိုခြင်းကိုလည်း လည်စင်းခံရလေတော့သည်။ ရခိုင်နှင့်ဗမာ ထီးပြိုင်နန်းပြိုင် ယှဉ်တွဲနေထိုင်ခြင်းကိုပင် သေးသိမ်နိမ့်ကျအောင် ပြုပြင်ဖန်တီးရပေသေးသည်။ ရခိုင်သည် ၀င်လျှင်ရေကမ်း၌ ပေါ်ထွန်းခဲ့သော ပျူ၊ သရေခေတ္တရာ၊ ပုဂံ၊ အင်း၀၊ ပဲခူး၊ အမရပူရစသည့် တိုင်းနိုင်ငံတို့၏ အစိတ်အပိုင်းမျှ လက်အောက်ခံမင်းနိုင်ငံ ငယ်သမျှဖြစ်သယောင်ယောင် လိမ်ညာ ဖန်တီးခြင်း ခံရပေသေးသည်ရှုလော့။

ရခိုင်ကျပြီးနောက် (၄၄) နှစ်အကြာ (ဝါ) တစ်နည်းအားဖြင့် ရခိုင်တို့ကို ဗြိတိသျှအင်္ဂလိပ်သို့ လွှဲပြောင်းပေးပြီးနောက် (၄) နှစ်အကြာတွင် ရေးသားသည့် ဗမာ့မှန်နန်းရာဇ၀င်တွင် ရခိုင်၏အတိတ်သမိုင်းကို နိုင်လိုနိုင်ထက် ပြုလုပ်ထားသေး၏။ အမှန်တရားများကို မျက်ကွယ်ပြုထား၏။

“ ဘုရားသခင်သည် အတိတ်သမိုင်းကို ပြောင်းပြန်မလုပ်နိုင်ပါ။ သမိုင်းဆရာကတော့ ရနိုင်ပေ၏ ” ဟု ၁၉၀၁ ခုနှစ်တွင် အင်္ဂလိပ်အတွေးအခေါ်ပညာရှင် ဆင်ဖြူရယ်ဘတ္တလာက ပြောခဲ့ခြင်းမှာ မှန်နန်းရာဇ၀င်မျိုးလို နောက်ပြင်ကျမ်းများကို ကြည့်ရှု၍ဆိုခဲ့သလို ဖြစ်နေပြန်ပါသည်။

ရခိုင်သမိုင်းမှာ ကံဆိုးလှပါပေစွ။ အင်္ဂလိပ် ကျွန်ဘဝခေတ် (၁၈ ၂၅-၁၉၄၈) တွင်လည်း နှစ်ထပ်ကွင်း လောင်းရိပ်မိခဲ့ရပေ၏။ မမှန်ကန်သော ရခိုင်သမိုင်းကိုသာ သင်ကြားခွင့်ရခဲ့ကြရပေ၏။ အင်္ဂလိပ်အပြန် ၁၉၄၈ ခု နှစ်တွင် ဗမာသမိုင်းဆရာတို့က ရခိုင်သမိုင်းကို အမြင်မကြည်လင်ဖြစ်ခဲ့ကြချေ၏။ ကိုယ့်မင်းကိုယ့်ချင်းနေရသည့် ဗမာတို့က မဟာဆန်လာ၏။ ပုဂံပျက်၍ ရခိုင်က တသီးတမင်းလု တောင်းသလိုရေးခဲ့ကြ၏။ အရေးကြီး ဂူတန်သာသနမှ ရုန်းထွက်ခါစ ပုဂံလောက်မစစ်မမှန်ဟု ထင်မြင်ယူဆကြ၏။ နိုင်ငံအချင်းချင်း သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြသည်ကို ဥပက္ခာပြုကာ နောင်တွင် အချင်းချင်း ဥမကွဲသိုက်မပျက် ကောင်းတူဆိုးဖက် စကားလုံးလှလှကလေးများကို နယ်ချဲ့တို့ကသုံးစွဲကာ ရခိုင်ကဲ့သို့သော လူမျိုးတို့၏ဇာတိသွေးများကို ချိုးနှိမ်ခဲ့ကြသေး၏။ ထိုပြင်မကသေး ရခိုင်အမျိုးသားသာသနာကို သိသူ၊ လိုက်စားသူတို့အားလည်း သူခိုးကလူသူဟစ်ဘိသကဲ့သို့ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒီများဟု မဟုတ်မဟတ် ကင်းပွန်းတပ်ခဲ့ကြပြန်၏။ ထိုထက်ပင် ဆိုးသေးသည်ကား ရခိုင်အသိုက်အမြုံ ထီးနန်းအချုပ်အခြာကို ဖျက်ဆီးသည်သာမက ရခိုင်လူပေါင်းများစွာကိုလည်း သေတွင်းပို့ကာ မျိုးဖြုတ်သတ်ခဲ့သည်။ မောင်ဝုိင်း (အမရပူရဘုရင်) သည်ပင် ရခိုင်တို့၏ ကယ်တင်ရှင်ဖြစ် သယောင် မဟာမုနိဆင်းတုတော်ကြီး၏ မူလဒါယကာ ရခိုင်ဘုရင် စန္ဒသူရိယ မင်း၀င်စားသယောင်ယောင် ခြယ်သအမွှန်းတင်ကြပြန်သေးသည်။ သောတပတ္တိဖိုလ်၌ တည်ခဲ့သော ဘုရင်စန္ဒသူရိယမင်း၏ ဂုဏ်သတင်းနာမကို လူသတ်ကောင် မောင်ဝုိင်းအဖြစ် ၀င်စားသည်ဟု အမွှန်းတင်ကြခြင်းမှာ သာသနာကိုစော်ကားရာသာဖြစ်၏။ ရခိုင်ဇာတိသွေးစိတ်ဓာတ်ဖြင့် သူကျွန်မခံလို၍ တော်လှန်ခဲ့ကြသော ငခွက်ပေါက်၊ ကျွဲတကောင်နိုင်၊ ဗိုလ်ချင်းပြန် စသည့် ရခိုင်အာဇာနည်ပုဂ္ဂိုလ်တို့အား သူပုန်သူကန်ဟု သတ်မှတ်ရေးသားကြသေး၏။ ရခိုင်တို့၏ ဝံသာနုရက္ခိတတရားတော်နှင့်အညီ အမျိုးကိုချစ်ခြင်း၊ စောင့်ရှောက်ခြင်း၊ တိုးတက်အောင်ကြံဆောင်ခြင်း၊ အားထုတ်ခြင်းတို့အား နယ်ချဲ့တို့က အပြစ်ဟုထင်မြင်လာကြ၏။ ရခိုင်နှင့်မြေပွေးတွေ့လျှင် ရခိုင်ကိုအရင်သတ်ဟု ဗမာစကားမှာ ထင်ရှားသည့် လက်သုံးစကားတစ်ခု ဖြစ်နေပေ၏။

ရခိုင်တို့ကမူ ဇာတိသွေးမကျသေး။ နန်းအသုံးအဆောင်ဖြင့် လျှံလျှံပြောင်၀င်းခဲ့ပြီး ရခိုင်ဂုဏ်ကို၀င်ကြွားအောင် ဆောင်ရွက်နိုင်ခဲ့သည်။ မြောက်ဦးနန်းရာ ဟာလာဟင်းလင်းရှိနေသေးခြင်းကို မြင်ရတိုင်း အတိတ်၏သမိုင်းကြွေးကို ပေးဆပ်ရန်ရှိသည်ဟုသာ မြင်ကြသေး၏။ သူ့ကျွန်မခံဘဲ ကျဆုံးခဲ့သော ရခိုင်သူရဲကောင်းတို့ အရိုးတွန်သံသည် ရခိုင်အနှံ့ပျံ့နေသည်ဟု ခံစားကြ၏။ ဗမာတို့မြေလှန်ခဲ့သော ရခိုင်နန်းရာတွင် နဂိုလ်လက်အတိုင်း ပြန်လည်တည်ဆောက်ပေးသည့်တိုင်အောင် ထို၀တ္တုသည်ပင် ခွင့်လွတ်စရာမဟုတ်။ နန်းရာ၌ ရခိုင်အောင်လံ တ၀င့်၀င့်ရှိနေမှသာ ခွင့်လွှတ်ရန် ဖြစ်လာပေလိမ့်မည်။

မတရားသိမ်းပိုက်မှုကို တနည်းတစ်ဖုံ လက်ခံထားကြသော နယ်ချဲ့သ မိုင်းဆရာတို့ကမူ ရခိုင်လူမျိုးဘ၀နှင့် ပြောင်မြောက်ထွန်းပြောင်ခဲ့သောအတိတ်သမိုင်း ပြန်လည်ပေါ်ထွန်းရေးကို အဘယ်မှာလျှင် လိုလားကြပါအံ့နည်း။ မတရားမှုကို ကျူးလွန်သူ သို့မဟုတ် လစ်လျူရှုသူ သို့မဟုတ် အားပေးသူသည် အမှန်တရားကို ကြောက်ရွံ့ကြသည်သာ။

မည်သို့ပင်ဆိုစေကာမူ ရခိုင်သမိုင်းကို ရခိုင်တို့၏ ဘိုးဘေးစဉ်ဆက်က ဖန်တီးပျိုးထောင်ခဲ့ကြ၏။ ထိုသမိုင်း ရုပ်လွှာများကို ရခိုင်တို့ကိုယ်တိုင် လေ့လာကြည့်ရှုခြင်းအားဖြင့် အတိတ်ကာလ ရခိုင်တို့၏ ဇာတိဘ၀၊ ယနေ့ပစ္စက္ခ ရခိုင်တို့၏ အနိမ်ခံဘ၀နှင့် နောက်ဖန်တီးလိုသည့် အနာဂတ်တို့ကို ပိုမိုပီပြင်စွာ သိမြင်လာကြမည် ဖြစ်ပါပေ၏။

အတိတ်က ရခိုင်တို့လျှောက် ခဲ့သောခရီးနှင့် အတိတ်သမိုင်းတို့ကိုမသိလျှင် ဆက်လက်၍ အလိမ်ခံရပါဦးမည်။ အနှိမ်ခံရပါဦးမည်။ အလိမ်ခံ၊ အနှိမ်ခံဘ၀သည် လွတ်လပ်သည်၊ တိုးတက်သည်၊ အေးချမ်းသည်ဟူ၍ ဤကမ္ဘာမြေမဟီပေါ်တွင် မပေါ်ထွန်းသေးပေ။

Khine Min Myint ' Facebook မှ ကူးယူသည်။





Comments