Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်စာပေ ရခိုင်စကားသည် ​ဗမာဘာသာစကားတို့၏ မိခင် ဘာသာစကား •

ရခိုင်စာပေ ရခိုင်စကားသည်
​ဗမာဘာသာစကားတို့၏ မိခင် ဘာသာစကား
•••••••••••••••
လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်က
ပုဂံဗမာကျောက်စာများနှင့်ရခိုင်ကျောက်စာများကိုကိုးကား၍ဗမာဘာသာစကား၏မိခင်(သို့)ပင်ရင်းဘာသာစကားသည်ရခိုင်ဘာသာစကားဖြစ်သည်ဟု အတိအကျ
ပြောနိုင်သည်။အဘယ်ကြောင့်ဆိုသော်
ယနေ့ရခိုင်တို့ပြောဆိုနေသော ဘာသာစကားများသည်ရှေးခေတ်ကျောက်စာပါဝေါဟာရများနှင့်တစ်ထပ်တည်းနီးပါးတူညီနေပြီး ဗမာဘာသာစကားမှာမူ
ကျောက်စာပါဝေါဟာရများနှင့် များစွာ
ကွာခြားနေသောကြောင့်ဖြစ်သည်။
ရခိုင်ဘာသာစကားသည်အနည်းငယ်ခန့်သောဘာသာစကားတစ်ချို့မှလွဲ၍နဂိုမူရင်းရှေးဟောင်းဘာသာစကားအတိုင်း ပြောဆိုနေသောရှေးဟောင်းမူလစကားဖြစ်ပြီးဗမာဘာသာစကားမှာမူ ရှေးဟောင်း
ကျောက်စာပါဘာသာစကားများနှင့်
အပြောင်းလဲကြီး ပြောင်းလဲနေပြီဖြစ်၍
ဗမာဘာသာစကား၏မူလဘူတဘာသာစကားသည်ရခိုင်ဘာသာစကားဖြစ်သည်
ဟုဆိုလျှင်မည်သူမျှငြင်း၍မရပေ။တစ်နည်အားဖြင့် ဗမာဘာသာစကားသည် ရခိုင်ဘာသာစကားမှ တစ်ဆင့်
ဆင့်ကဲပြောင်းလဲသွားသော ခေတ်သစ်ဘာသာစကားတစ်ခုသာ
ဖြစ်သည်။
ဗမာဘာသာစကားတွင် ရ သံ ၊ယ သံ
ရရစ်သံ၊ယပင့်သံ လုံးဝမကွဲပြားဘဲ
ယ သံ နှင့် ယပင့်သံ သာ ရှိသည်။
ရရစ်သံနှင့် ရ သံများမှာ မရှုမလှ ပျောက်ဆုံးနေသည်။ရှိပင်မရှိဟု
ပြောက ပို၍မှန်လိမ့်မည်။သို့သော်
ရခိုင်တို့တွင်မူရသံ၊ယသံ၊ရရစ်သံ၊ယပင့်သံ အစုံအလင်ရှိသည်။
ပမာပြရလျှင် ဗမာတို့သည် ကျားသတ္တဝါးကိုလည်း ကျား။နားဖြင့်
ကြားသည်ကိုလည်း ကျား ဟု ယပင့်သံ တစ်မျိုးတည်းသာရှိသည်။ထို့အတူ
ရိုးရာ၊ရင်ခုန်၊ရိုက်စား စသည့် ရ သံပါ ဝေါဟာရများကို ရ သံ ပီပီမထွက်တတ်ဘဲ
ယိုးယာ၊ယိန်ခုန်၊ယိုက်စား စသည့် ယသံများဖြင့်သာမှားယွင်းစွာထွက်နေကြသည်။စကားမပီသော လူမျိုးဟု ပြောဆိုရလျှင် လွန်အံ့မထင်။
ရခိုင်တို့တွင်မူ ကြားကို Krarr (ကြား)
ကျား ကို Kyarr (ကျား) ရိုးရာကို Roera(ရိုးရာ)၊ရိုက်စားကို ရိုက်စား(Rike Sarr) စသည်ဖြင့် မှန်ကန်စွာ ထွက်ကြသည်။
ဗမာတို့သည် ရခိုင်တို့ပြောဆိုနေသော ရခိုင်
ဘာသာစကားများကို ရခိုင်နှင့်အတူ နေထိုင်ဖူးသော ဗမာအနည်းငယ်မှလွဲ၍
ရခိုင်ဘာစကားအနည်းငယ် သင်ထားသူ
ဗမာတစ်ချို့မှလွဲ၍ရခိုင်ဘာသာစကားအပေါ်မည်သည့်ဗမာကမျှနားမလည်ကြပေ။လွန်ခဲ့သော နှစ် ငါးဆယ်ခန့်ကဆိုလျှင် ပို၍တောင်
နားမလည်ကြပေ။ရန်ကုန်တွင် ရခိုင်များ နည်းသေးချိန်က ဟု ဆိုရမည်။သို့သော်
ဗမာတို့ပြောဆိုနေသောဘာသာစကားများအပေါ်တွင်မူ ရခိုင်တို့အနေဖြင့် သင်စရာမလိုဘဲ
စကားပြောတတ်စအရွယ်ရခိုင်ခလေးငယ်များမှ အစ ရခိုင်လူမျိုးတိုင်း လွယ်လင့်တကူ
နားလည်ကြသည်။ဤသို့ ဖြစ်ရသည်မှာ ရခိုင်ဘာသာစကားသည်ရှေးဟောင်းဘာသာစကားဖြစ်နေသောကြောင့်ရခိုင်ဘာသာစကားအပေါ် ခေတ်သစ်ဘာသာစကားပိုင်ရှင်
ဗမာများက နားမလည်ကြခြင်း၊
ခေတ်သစ်ဗမာဘာသာစကားအပေါ်ရှေးဟောင်းဘာသာစကားပိုင်ရှင် ရခိုင်များက အော်တိုမစ်တစ် နားလည်နေကြခြင်းဖြစ်သည်။
ရှေးဟောင်းဘာသာစကားနှင့်ခေတ်သစ်ဘာသာစကားတွင် ခေတ်သစ်ဘာသာစကားကို သင်စရာမလိုဘဲ ရှေးဟောင်းကိုသာ ပြန်လည် သင်ယူရသည်မှာ သဘာဝ ဖြစ်သည်။ဥပမာ
ကျောက်စာသင်တန်းကို နမူနာပြရမည်။
ရှေးဟောင်းကျောက်စာများပါဝေါဟာရများအားစာဖတ်တတ်သူသာမန်ရခိုင်အများစု ဖတ်ရှုနိုင်ပြီးဗမာတို့အနေဖြင့်မူ သမိုင်း
စာပေလေ့လာလိုက်စားသူ အနည်းငယ်မှလွဲ၍ မဖတ်ရှုနိုင်ပေ။အကြောင်းမှာကျောက်စာပါဝေါဟာရများသည်ခေတ်သစ်ဗမာဝေါဟာရများနှင့် ကွာခြားနေသောကြောင့်ဖြစ်သည်။
ဤသာဓကိုကြည့်ခြင်းဖြင့် ရခိုင်တို့ နေ့စဉ်ပြောဆိုနေသောစကားများသည်
ရှေးဟောင်းမူလဘာသာစကားများ ဖြစ်ပြီး ဗမာတို့ပြောဆိုနေသော နေ့စဉ်သုံး စကားများသည် ရှေးဟောင်းစကား (သို့)
ရခိုင်ဘာသာစကားမှတစ်ဆင့် ပြောင်းလဲသွားသောဘာသာစကားဖြစ်သည်ဟု ၁၀၀%ပြောနိုင်သည်။
ထို့ကြောင့် ယနေ့ဗမာတို့ပြောဆိုနေသော
ဘာသာစကားများသည် ရခိုင်ဘာသာစကားမှတစ်ဆင့် ပြောင်းလဲ
သွားသော ခေတ်သစ်ဘာသာစကား (သို့)
ဗမာဘာသာစကား၏ မူလဒူတ ပင်ရင်းမိခင်ဘာသာစကားသည် ရခိုင်
ဘာသာစကားဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
အောက်တွင် ဦးခိုင်လင်း(မေဃဝတီ)
ရေးသားသည့်ရှေးဟောင်းဗမာကျောက်စာပါရခိုင်ဝေါဟာရများကို ထုတ်နှုတ် တင်ပြထားသည်။
ပုဂံကျောက်စာထဲက ရခိုင်ဝေါဟာရများ
-----------------------------------------------------------------------
ခိုင်လင်း( မေဃဝတီ)စုစည်းရေးသားတင်ပြသည်။
-----------------------------------------------------------------------
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ စာအုပ်မှာ ဒေါက်တာသန်းထွန်းက ဒုတိယစည်သူခေတ်က ကျောက်စာနဲ့ပတ်သက်လို့
ဆာဂျာ အဖုဝ် အဖိယ် အမိအဖ က္လည်စောပေဆပ်ဧအ် - လို့တွေ့တယ်။ အဖိုးအဖိယ် အမိအဖလို့ ရေးထားတော့ " အဖိယ် " ဟာ အဘွားကို ခေါ်တာဖြစ်နေပါတယ်။ ဒါလည်း ခုမှ သိရတဲ့ ဝေါဟာရအနေနဲ့ မှတ်ထားသင့်ပါတယ်။ လို့ ဒေါက်တာသန်းထွန်းက ရေးထားခဲ့ပါတယ်။
အမှန်က "အဖိယ် "ဟာ အဖိုး၊အဖွားရဲ့ အမေကို ခေါ်တာဖြစ်ပါတယ်။ ရခိုင်မှာ ဒီနေ့ အချိန်ထိ "အဖီး" လို့ခေါ်နေဆဲပါ။ ပုဂံကျောက်စာတော်တော်များများမှာ ရခိုင်ဝေါဟာရများရှိနေပါတယ်။ ပုဂံကျောက်စာတွေထဲက နောက်ပုဂံကျောက်စာတစ်ခုမှာ " က္လောင် နိယ်သော သ္ခိင်" ကို ဒီနေ့စာနဲ့ ပြန်ရေးရင် ( ကျောင်းနေသော သခင်)ဖြစ်ပါတယ်။ ရခိုင်လို ရေးရင်တော့ (ကျောင်းနီသော သခင်)ပါ။ " နိယ်" ဆိုတဲ့ " နီ" ကို ရခိုင်တွေ ဒီနေ့အချိန်ထိ သုံးစွဲနေဆဲပါ။
နောက်ထပ် ပုဂံကျောက်စာတစ်ခုမှာ --- " ကြိယ် သပိတ်၊ ကြိယ်ခြု ၊ ကြိယ်ကြာ ၊ ကြိယ်မုံ " လို့တွေ့ရပါတယ်။ ဒီနေ့ခေတ်လို ရေးရရင် (ကြေးသပိတ် ကြေးခြူ ကြေးကြာ ကြေးမုံ)ဖြစ်ပါတယ်။ ရခိုင်လိုရေးရရင် ( ကြီးသပိတ်၊ကြီးခြူ ၊ ကြီးကြာ၊ ကြီးမုံ)လို့ဖြစ်ပါတယ်။ " ကြိယ် " ဆိုတဲ့ " ကြီး" ကို ရခိုင်တွေ ဒီနေ့ အချိန်ထိ သုံးစွဲနေဆဲဖြစ်ပါတယ်။
နရသိင်္ဃ ဥစ္စနာမင်း(၁၂၃၀-၁၂၃၅)ရဲ့သမီးကျောက်စာမှာ " ငမဟိက မြက်နုရိယ်ကြည်ဟိရာ လာစိယ်သတေ" လို့ ကျွန်တွေကို လွှတ်ပေးခဲ့ပါတယ်(လှူ ခဲ့ပါတယ်)။ ဒီနေ့ စာနဲ့ ပြန်ရေးရရင် " ငါမရှိက မြက်နုရေကြည်ရှိရာ သွားစေသတည်း " လို့ဖြစ်ပါတယ်။
(ငမဟိက)မှာ "ဟိ" ဝေါဟာရကို ရခိုင်တွေ ဒီနေ့အချိန်ထိ (ဟိ)ကို သုံးစွဲနေတုံးဖြစ် ပါတယ်။(မြက်နုရိယ်ကြည်)မှာလည်း " ရိယ်" ကို မြန်မာလို (ရေ)လို့ ဒီနေ့အချိန်မှာ သုံးစွဲနေပေမယ့် ရခိုင်တွေကတော့ " ရိယ် " ကို (ရီ)လို့ ဆက်လက်သုံးစွဲနေဆဲဖြစ်ပါတယ်။
(လာစိယ်သတေ)မှာ “လာ”က လားကိုရေးတာ ထင်ရှားပါတယ်။ လားဆိုတဲ့ ဝေါဟာရကို ရခိုင်တွေ ဒီနေ့အချိန်ထိ သုံးစွဲနေပေမယ့် မြန်မာတွေကတော့(သွား)ကို သုံးနေကြပါတယ်။ (လာစိယ်သတေ)မှာဘဲ (စိယ်) အသံထွက်ကို ရခိုင်တွေက (စီ)လို့ ဒီအတိုင်းထွက်နေကြပေမယ့် မြန်မာတွေကတော့ (စေ)လို့ အသံထွက်ပါတယ်။
ကျောက်စာအပြင် ပေထက်အက္ခရာတင်တဲ့ အခါမှာလည်း ဒီနေ့ မြန်မာတွေ ရေးသလို " ပေ" လို့မရေးဘဲ " ပိယ်" လို့ ရေးပါတယ်။ " ပိယ်" ကို ရခိုင်တွေ ဒီနေ့အချိန်ထိ " ပီ" လို့ သုံးစွဲနေဆဲဖြစ်ပါတယ်။
နောက် ပုဂံကျောက်စာ ဆုတောင်းတစ်ခုမှာ " နိဗ္ဗန်မည်သော မသိယ်ပြည်လျှင် ၀င်ရလိုဝ်သတေ" ဖြစ်ပါတယ်။ အသေအချာ စူးစိုက်ဖတ်ရင် ဖတ်နိုင်တဲ့ အရေးအသားပါ။ အဲဒီဆုတောင်းမှာ (မသိယ်)ဆိုတာ (မသီ)ဆိုတဲ့ ရခိုင်ဝေါဟာရ တစ်ခုဖြစ်ပါတယ်။ ရခိုင်တွေ လက်ရှိအချိန်ထိ သုံးစွဲနေတဲ့ ဝေါဟာရတစ်ခုဖြစ်ပါတယ်။ မြန်မာတွေကတော့ “ မသေ” လို့ ပြောဆိုရေးသားပါတယ်။
" ငါဖ္လစ်လိယ်ရရ အရပ်" ဆိုတာကတော့ (ငါဖြစ်လေရာ အရပ်)လို့ ရေးခြင်းဖြစ်ပါတယ်။ အဲဒီ စကားရပ်မှာ " လိယ်" ကတော့ ရခိုင်တွေ ဒီနေ့ အချိန်ထိ သုံးစွဲနေတဲ့ (လီ)ဖြစ်ပါတယ်။ ပုဂံ အမိန့်ပြန်တမ်းတစ်ခုမှာတော့ " ခြိယ်လက်ဖြတ်သော" ဆိုတာ ပါရှိပါတယ်။ မြန်မာလို “ခြေလက်ဖြတ်သော” ဖြစ်ပါတယ်။ " ခြိယ်" ဆိုတဲ့ ဝေါဟာရကတော့ ရခိုင်တွေ ဒီနေ့ အချိန်ထိ " ခြီ " ကို ပြောဆို ရေးသားသုံးစွဲနေဆဲဖြစ်ပါတယ်။
ဓမ္မရံကြီးဘုရားမြောက်ဘက်မှာ ရှိတဲ့ အစေါဝ်လတ်ကျောက်စာမှာ " အမိ မရိယ်ခဘူသော က္လောက်စာ " လိုရှိပါတယ်။ ဒီနေ့စာနဲ့ ပြန်ရေးရရင် " အမိ မရေးခဲ့ဖူးသာ ကျောက်စာ " ဖြစ်ပါတယ်။ ဆိုတော့ ရခိုင်မှာ အများစုက အမေကို (အမိ)လို့ ဒီနေ့ အချိန်ထိ ခေါ်နေဆဲဖြစ်ပါတယ်။ စာ(မရိယ်), စာ(ရိယ်)ဆိုတဲ့ စာ(မရီး) စာ(ရီး)ဆိုတဲ့ အသုံးအနှုံးဟာ ဒီနေ့ ရခိုင်တွေ သုံးနေဆဲ ဝေါဟာရဖြစ်ပါတယ်။ (မရိယ်ခသော)မှာ ပါတဲ့ (ခ)ကလည်း ရခိုင်တွေ နေ့တဓူ၀ သုံးစွဲနေဆဲဖြစ်ပါတယ်။ ဥပမာ ( စာအုပ်ကို ထားခ)ဆိုတဲ့ ပုံစံမျိုးတွေဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ (စာအုပ်ကို ထားခဲ့)ဖြစ်ပါတယ်။
ပုဂံသက်စိုးတောင် မရှက်စန်ဖာ ငရောက်သင်ခေါ်တဲ့ ကံကုန်စာချီသမီးကျောက်စာမှာ 
" ရှုယ်တောင်တက်သကာ တိုင်သလင်လဆန် ၁၀ ၈ျက် ကြသပတိယ်နိယ် " ဆိုတဲ့ အရေးအသားမှာ (ကြာသပတိယ်)ဆိုတဲ့ ( ကြာသပတီး)ကိုရော (နိယ်)ဆိုတဲ့ (နိ)ကိုပါ ရခိုင်တွေ ဒီနေ့ အချိန်ထိ သုံးစွဲနေဆဲဖြစ်ပါတယ်။
ဖွားစောကျောက်စာမှာ " က္လောက်ဆည် မ္လိယ် ၁၀၀ ပိယ်တ်မူ၏ " ဖြစ်ပါတယ်။ " က္လောက်" မှာ အောက်က (လ) " မ္လိယ် " မှာ အောက်က(လ)တွေဟာ ယပင့်ရော ရရစ်အတွက်ပါ ပုဂံကျောက်စာတွေမှာ သုံးကြပါတယ်။ ဆိုတော့ ( ကျောက်ဆည် မြေ ၁၀၀ ပေးတော်မူ၏)လို့ ဖြစ်ပါတယ်။ ( မ္လိယ်)ဆိုတဲ့ (မြီ)ကိုရော (ပိယ်)ဆိုတဲ့ (ပီး)ကိုရော ရခိုင်အမျိုးသားတွေ ယခုပစ္စက္ခကာလမှာ သုံးစွဲနေဆဲဖြစ်ပါတယ်။
နောက်ပုဂံကျောက်စာတစ်ခုမှာ " ပုရှာလှူသောလဲ ပါလိယ်ဧအ် " မှာ (ပါလိယ်)ဆိုတဲ့ (ပါလီ)ကို ရခိုင်တွေ သုံးစွဲနေဆဲဖြစ်ပါတယ်။ ပုဂံခေတ်မှာ ပုရှာကတော့ ဘုရားလို့ ရေးပါတယ်။
ဖွားစောကျောက်စာတခုမှာ " တန်ဆောင်မှုန်လပ္လည် စနိယ်နိယ်" ဖြစ်ပါတယ်။ ဒီနေ့မြန်မာတွေ စနေနေ့ ဖြစ်သွားပေမယ့် ရခိုင်တွေကတော့ (စနိယ်နိယ်) “စနီနိ”လို့ သုံးစွဲနေဆဲဖြစ်ပါတယ်။ အဲဒီကျောက်စာမှာဘဲ (ရိယ် မ္လိယ်ခပ်သိမ်းသော) စတဲ့ အရေးအသားတွေ ပါရှိသေးပါတယ်၊ (ရိယ် မ္လိယ်)ဆိုတဲ့ ( ရီမြီ)ကို အထက်မှာ ဖော်ပြခဲ့သလို ရခိုင်တွေ “ ရီမြီ” ကို သုံးနေဆဲ ဖြစ်ပေမယ့် မြန်မာတွေကတော့ “ ရေမြေ” လို့သုံးပါတယ်။
အဲဒီ ဖွားစော ကျောက်စာမှာ နောက်ထပ်တွေ့ရတာက " ငါလင် သ္ခိင်မင်ကြီ ငါသာမင်ကြီ ငါ မ္လိယ်မင်ကြီး " ဖြစ်ပါတယ်။ အထက်က ပြောခဲ့သလို ဗျည်းအောက်က(လ)ဟာ ယပင့် ရရစ်ကို သုံးစွဲခြင်းဖြစ်ပါတယ်။ ဆိုတော့ (ငါ မ္လိယ်မင်ကြီး)မှာ( ငါ့မြေး)လို့ မြန်မာတွေ ဒီနေ့သုံးစွဲနေပေမယ့် ရခိုင်တွေကတော့ (ငါ မ္လိယ်) (ငါ့မြီး)လို့ ဒီနေ့အချိန်ထိ ယှဉ်သန်သုံးစွဲနေဆဲဖြစ်ပါတယ်။
သိင်္ဃသူသမီးကျောက်စာမှာ “ အချင်ချင် အမျက်အဤ တစိယ် မဟိယ်၊ ချတ်သုမ္ပက်စိဖ္လင် ရှုကြရစိယ်အေ်” မှာပါတဲ “ တစိယ် မဟိ စိယ်” ဆိုတဲ့ “ တစိ ၊ မဟိ ၊ စီ “ ဟူသော ဝေါဟာရများကို ရခိုင်နေ့စဉ်သုံး စကားလုံးများအဖြစ် ဒီနေ့ အချိန်ထိ တွေ့နေရပါတယ်။
လောကထိပ်ပန်ဘုရားနံရံက ရခိုင်ဝေါဟာရကို ဆွဲထုတ်ပြချင်ပါတယ်။ အထက်မှာ ပါ၀င်ခဲ့တယ် စကားလုံးတချို့လည်း ပါကောင်းပါနိုင်ပါတယ်။ ရခိုင်တွေ ဒီနေ့အချိန်ထိ နေ့စဉ်သုံး ဝေါဟာရများဖြစ်ပါတယ်။ စာမှာ ခြီ ၊ ခြီယ် (မြန်မာ ခြေ ၊ ရခိုင် ခြီ)။ စာမှာ “ နိ ၊ နီ ၊ နိယ် ၊ နီယ် ၊ ပိ ၊ ပီ ၊ ပိယ် ၊ ပီယ် ၊ ပ္လီ ၊ ပ္လီယ် “ ဝေါဟာရများကို ယနေ့ မြန်မာက “ နေ့ ၊ နေ ၊ ပေ ၊ ပေး ၊ ပြေး ၊ “ သုံးစွဲကြပါတယ်။ ရခိုင်တွေကတော့ ကျောက်စာပါ အသံထွက်အတိုင်း သုံးစွဲနေကြဆဲဖြစ်ပါတယ်။ 
အဲဒီ ဘုရားနံရံပေါ်မှာ “ ရိယ် ၊ ရီယ် ၊ ရှိ ၊ လီ ၊ လီယ်” ဝေါဟာရတွေကို မြန်မာတွေက “ ရေ ၊ ရှေ့ ၊ လေ “ လို့ ဒီနေ့အချိန်မှာ သုံးစွဲနေပေမယ့် ရခိုင်တွေကတော့ ကျောက်စာပါအတိုင်း “ ရီသောက်ဖို့ ၊ အရှိအရပ်က နီထွက် ၊ အေနိလီတိုက်ဖို့ “ လို့ နေ့စဉ်သုံးဝေါဟာရ အဖြစ် သုံးစွဲနေဆဲဖြစ်ပါတယ်။
အဲဒီ ဘုရားနံရံပေါ်မှာ နောက်ထပ်တွေ့ရှိတာကတော့ “ စီ ၊ စီယ် ၊ မိယ် ၊ ရသိ ၊ ရသိယ် ၊ သိယ်” တွေဖြစ်ပါတယ်။ ကနေ့မြန်မာတွေက “ စေ ၊ မေး ၊ ရသေ့၊ သေ “ လို့ နေ့စဉ်သုံးစွဲနေပေမယ့် ရခိုင်တွေကတော့ ဘုရားနံရံပေါ်က အသံထွက်အတိုင်း ယနေ့တိုင် ပြောဆိုနေကြပါတယ်။ 
နရသီဟပတိ(၁၂၅၆ - ၁၂၈၇ )မင်းကို ကျောက်စာတွေမှာ “ တရုတ်ပ္လိယ်” မင်းအဖြစ် မှတ်တမ်းတင်ပါတယ်။ တရုတ်ပြေးမင်းပေါ့။ ဒီနေရာမှာလည်း “ ပ္လိယ်” က ရခိုင်နေ့စဉ်သုံးဝေါဟာရဖြစ်ပါတယ်။ ဒီမင်းလက်ထက်က ၁၂၅၅ (အေဒီ)ထိုးကျောက်စာတစ်ခုမှာ “ သင်္ဃာတိုဝ်ကိုဝ် ခြီယ်ဆိယ် ၊ လက်ဆိယ်ရိယ်” ဆိုတဲ့ ဝေါဟာရ ပါ၀င်ပါတယ်။ မြန်မာလို “ သံဃာတို့ကို ခြေဆေး၊ လက်ဆေးရေ “ လို့ အဓိပ္ပါယ်ဖော်ကြပါတယ်။ သင်္ဃာစကားလုံးက ပါဠိဘာသာဖြစ်တဲ့အတွက် အငြင်းပွားနိုင်ပေမယ့် မြန်မာတွေ “ သံဃာ” လို့ ယနေ့ သုံးစွဲနေပေမယ့် ရခိုင်မြို့အတော်များများကတော့ “ သင်္ဃာ” လို့သုံးစွဲနေဆဲဖြစ်ပါတယ်။ ကျန်တဲ့ “ ခြီယ်(ခြီ)ဆိယ်(ဆီး)၊လက်ဆိယ်(ဆီး)ရိယ်(ရီ)” ကတော့ ရခိုင်တွေရဲ့ နေ့စဉ်သုံးဝေါဟာရ စစ်စစ်များဖြစ်ပါတယ်။
ရှင်ဒီသာပါမောက္ခကျောက်စာထဲမှာ အထက်က တင်ပြချက်တွေပါပေမယ့် ရှင်ဒီသာပါမောက္ခနာမည်က မြန်မာနိုင်ငံအတွက် ယဉ်ပါးတဲ့ နာမည်တစ်ခုဖြစ်တာကြောင့် သူ့ကျောက်စာထဲက ရခိုင်ဝေါဟာရတချို့ကို ထုတ်ပြချင်ပါတယ်။ “ လွှတ်ရသည် (မဟိ)၊ ဟန်လင်နှိုက် (နိယ်ရလိယ်)၏၊ တရုတ်ပြည် ရောက်(လိယ်)၏၊ (နိယ်စိယ်)သတေ။ တန်လင် (မ ္လိယ်)” စသဖြင့် ပါရှိပါတယ်။ ခုဖော်ပြခဲ့တဲ့ ဒီသာပါမောက္ခကျောက်စာထဲက ကွင်းစကွင်းပိတ်ထဲက ဝေါဟာရများဟာ ယနေ့ ရခိုင်များသုံးစွဲနေတဲ့ နေ့စဉ်သုံးဝေါဟာရများဖြစ်ပါတယ်။
ပုဂံခေတ်က အပင်တွေထဲက သပြေကို (သိပြိယ်)နှင့် ပေပင်ကို (ပိယ်)ဟု ယနေ့သုံး ရခိုင်အသံထွက် အတိုင်း ကျောက်စာတွေမှာ တွေ့ရပါတယ်။ ဆွေများတော်စပ်ပုံတွေမှာ အခေါ်အဝေါ်တူနေခြင်းက အငြင်းပွားစရာ ဖြစ်ပေမယ့် အငြင်းပွားစရာမလိုတဲ့ အခေါ်အဝေါ်တစ်ခု ထူးဆန်းစွာ တွေ့ရပါတယ်။ အဲဒါကတော့ ဒီနေ့မြန်မာတွေသုံးနေတဲ့ “ ချွေးမ” ဖြစ်ပါတယ်။ ပုဂံခေတ်ကျောက်စာမှာ “ ချွေးမ”လို့ မရေးပါ။ ချွေးမကို “ ခြုယ်မ” (ပုံ ၂၆၅၊ ၃၇)လို့ ရေးထိုးပါတယ်။ ရခိုင်တွေကတော့ ချွေးမကို “ ခြုပ်မ” လို့ ယနေ့တိုင် ပြောဆို ရေးသားနေပါကြောင်း … ။ ။ 
ခိုင်လင်း(မေဃ၀တီ)
ဧပရယ်(၂၂)၂၀၁၄ မှာ ရေးခဲ့သည့် အပိုင်းအစများကို တစ်ပေါင်းတည်း ပြုလုပ်ပြီး ဇန္နဝါရီ(၂၆)၂၀၁၅မှာ ဖြည့်စွက် ပြန်လည်ရေးသည်။
ရည်ညွန်း ။ ။ ဒေါက်တာသန်းထွန်း၊ ခေတ်ဟောင်းမြန်မာရာဇ၀င်
ဒေါက်တာသန်းထွန်း၊ တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲ
ဒေါက်တာသန်းထွန်း ၊ အစောဆုံးအက္ခရာတင် တိုင်းရင်းမြန်မာမှတ်တမ်းများ





Comments