သမိုင်းမှာ အမှားတွေ ကျူးလွန်ခဲ့ရင် ဒီအချိန်မှာ တရားဝင်နိုင်ငံတော်အဆင့်ထိ တောင်းပန်ဖို့ တာဝန်ရှိတယ်။
စိတ်ဓာတ်
********
ဂျပန်တစ်ယောက်နဲ့ အခင်အမင် ပျက်ချင်ရင်
" နင်တို့ဂျပန်တွေ စစ်တုန်းက ငါတို့မြန်မာတွေကို ဘယ်လိုနှိပ်စက်တာ၊ဘယ်၍အနိုင်ကျင့်တာ" စသဖြင့် ပြောကြည့်လိုက်။
"
တောင်းပန်ပါတယ်။ ငါတကယ်စိတ်မကောင်းပါဘူး။ အဲ့တုန်းက ငါတို့ဂျပန်တွေ တကယ်ပဲ မကောင်းဘူးနော် " ဆိုတဲ့စကားကို မျက်စိပျက် မျက်နှာပျက်နဲ့ ပြောပြီး ခေါင်းတငြိမ့်ငြိမ့် ခါးတကိုင်းကိုင်းနဲ့ တောင်းပန်လိမ့်မယ်။ ဒါကိုမှ ကိုယ်ဘက်က သိပ်ပြီး ဇာတိမာန်တွေ တက်ကြွပနေပြီး အခါအခွင့်သင့်တိုင်း ပြောနေသေးတယ် ဆိုရင်တော့ " သူက အဲ့လိုကြီးလား"လို့ တွေးပြီး ခပ်ခွာခွာ ဖြစ်သွားလိမ့်မယ်။ မယုံရင် လုပ်ကြည့်လိုက်။
ဂျပန်တွေအနေနဲ့ တချိန်က သူတို့အနိုင်ကျင့်ခဲ့တာကို အခုချိန်မှာ ဂုဏ်ယူစရာလို့ မမြင်ဘဲ၊ မလိုအပ်ဘဲ လွန်ကျူးခဲ့တဲ့ သူတို့ရဲ့ စိတ်ဓါတ်အောက်တန်းကျမှုလို့ပဲ မြင်တော့တယ်။
ဒါကြောင့် အဲ့သည့်အကြောင်း အပြောခံလိုက်ရတဲ့ ဂျပန်အားလုံးနီးပါးဟာ တဖက် မြန်မာအပေါ်၊ တရုတ်အပေါ်၊ကိုရီးယားအပေါ် ရှက်ခြင်း၊ အားနာခြင်း တို့နဲ့အတူ တောင်းပန်တတ်ကြတယ်။
ဒို့များဆီမှာတော့ မဖြစ်စလောက် အိမ်နီးချင်းနိုင်ငံလေးကို တကြိမ်တခါ အနိုင်ရဖူးတာလေးကို ဇာတိသွေးဇာတိမာန်တွေ တက်ကြွပနေလိုက်ကြတာ ယနေ့အချိန်အထိ မပြီးတော့ဘူး၊
" အလောင်းဘုရား ယိုးဒယားကို တက်သိမ်းတုန်းက ထိုင်းကလေးလေးတွေကိုဆို ဂုတ်ကဆွဲ မောင်းထောင်းဆုံထဲ ထည့်ထောင်းပစ်လိုက်တာ"
ဆိုတဲ့ စကားမျိုးကို ကိုယ်တိုင်လုပ်ရသလိုမျိုး အားရပါးရ မြိန်ရေယှက်ရေ ခံတွင်းတွေ့တွေ့ ပြောနေဆိုနေသူတွေ အများကြီး ရှိကြတုန်း။
ကိုယ့်ဘိုးဘေဘီဘင်တွေရဲ့ အင်အားကြီးရင်ကြီးသလို၊ အနိုင်ရရင် ရသလို မတရားအနိုင်ကျင့်တတ်တဲ့ ဆိုးရွားမှုကြီးဟာ ဖျောက်ဖျက်လို့ မရရင်တောင်၊ တတ်နိုင်သလောက် မထုတ်ဖေါ်သင့်တဲ့ ရှက်စရာလုပ်ရပ်လို့ မမြင်ဘဲ၊ အခါအခွင့် ကြုံလာတိုင်း မာန်ဖီပြချင်တာ လူသားဆန်တဲ့ စိတ်ဓါတ်တော့ မဟုတ်တန်ရာဘူးလို့ဘဲ မြင်တယ်။
ဒီလိုတွေကြောင့်လည်း ယနေ့ဂျပန်ဘာဖြစ်နေပြီလဲ၊ ယနေ့မြန်မာ ဘယ်လိုဖြစ်ကျန်ခဲ့လဲ ဆိုတာကို စာမေးပွဲတွေမှာ ခိုးမချဘဲ ၁၀တန်းလောက် ရောက်လာသူလောက်ဆိုရင်ပဲ မှန်မှန်ကန်ကန် မြင်တတ်တွေးတတ်ပါတယ်။
ဂျပန်တိုးတက်တာ အဲ့ဒါနဲ့ဆိုင်လို့လား မမေးနဲ့။
စိတ်ဓါတ်အဆင့်အတန်း မြင့်မားမှုကို အရင်ဆုံး မတည်ဆောက်နိုင်ဘဲ၊ ဘယ်ကိစ္စကိုမှ အမြင့်မားဆုံးဖြစ်အောင် တည်ဆောက်လို့မရနိုင်ဘူး။
# Credit
Thant Zin Aung


Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။