Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ကျောက်ဖြူမြို့ သမိုင်းအကျဉ်းချုပ် နှင့်​ ကံ့​ကော်​​တောဘုရားလင်္ကာ

ကျောက်ဖြူမြို့ သမိုင်းအကျဉ်းချုပ် နှင့်​ ကံ့​ကော်​​တောဘုရားလင်္ကာ
........... ..................

ကျောက်ဖြူမြို့သည်ကား ရခိုင်ပြည်ရှိ ရမ္မာဝတီခေါ် ရမ်းဗြဲကျွန်း၏မြောက်ဘက်ဖျားရှိ ဘင်္ဂလားပင်လယ် ကမ်းခြေ အနီးတွင် ရှိနေခြင်းကြောင့်ပင်ဖြစ်ပေသည်။ ရှေးအခါက ရခိုင်ပြည်ကြီးတွင် ၀တီလေးရပ်အပါအ၀င် တိုင်းကြီး(၁၂)တိုင်းရှိခဲ့ဘူးပေသည်။ ထိုတိုင်း များထဲတွင် ရမ္မာဝတီခေါ် ရမ္မာပူရ ကျွန်းသည်လည်း တိုင်းတတိုင်းအဖြစ်ပါဝင်ခဲ့လေသည်။

ရမ္မာပူရကျွန်းအား နောက်တနည်း အဆိုတရပ်မှာကား ကဿပဘုရားသခင်လက်ထက်တော်အခါက တပါးသောနေ့တနေ့တွင် ဘုရားသခင်သည် ရဟန္တာများနှင့် ကောင်းကင်ခရီး ကြွတော်မူရာတွင် ရခိုင်ပြည်၏အလယ်ဗဟိုကျသော ပင်လယ်ထဲတွင် ၀မ်းဘဲငှက် သဏ္ဍာန်ကဲ့သို့ ကျွန်းငယ်တစ်ခုပေါ်သို့ ဆင်းသက်ရပ်နား တော်မူပြီးကျွန်းငယ်ကားနောင် တွင် ၀မ်းဘဲကျွန်းဟု အမည်တွင်အံ့ဟု ဗျာဒိတ်တော် ထားခဲ့တော်မူသည်။

ယခုကာလကြာ ရှည်လာခြင်းကြောင့် ရမ်းဗြဲကျွန်းဟူပြောင်းရွှေ့ခေါ်ဆိုကြကြောင်းအဆိုရှိခဲ့လေသည်။
ထို့နောက်ကာလအလွန်ကြာမြင့်လာသောအခါတွင် ရခိုင်ပြည်အားမြန်မာမင်းတို့သိမ်းပိုက် အုပ်ချုပ်ခဲ့ လေသည်။ ထိုမှတဖန် ခရစ်သက္ကရာဇ် ၁၈၂၄-၂၆ ခုနှစ်တွင် အင်္ဂလိပ် မြန်မာတို့ ပထမအကြိမ် စစ်ပွဲကြီးဖြစ်ပွားရာ ရခိုင်ပြည်အားအင်္ဂလိပ် တို့သိမ်းယူရရှိသွားလေသည်။

ထိုအခါအင်္ဂလိပ်တို့သည် ရခိုင်ပြည်အားလေးခရိုင် ပြုလုပ်အုပ်ချုပ်ခဲ့လေသည်။ ၄င်းတို့မှာ (၁) စစ်တွေခရိုင်၊ (၂) အမ်းခရိုင်၊ (၃) ရမ်းဗြဲခရိုင်၊ (၄) သံတွဲခရိုင်များပင်ဖြစ်ပေသည်။ ခရစ် ၁၈၂၉ခုနှစ် ကျောက်ဖြူမြို့တွင် ရခိုင်တိုင်းစစ်ဌာနချုပ်အဖြစ်ချထားပြီး တပ်မြို့သဖွယ်ပြုလုပ်ထားခဲ့ကြောင်း သိရှိရပေသည်။ ခရစ် ၁၈၃၇ ခုနှစ်တွင် အမ်းခရိုင်ကို ဖျက်သိမ်းလိုက်ပြီးလျင်​ ကျောက်ဖြူခရိုင် အဖြစ် ပြောင်းယူအုပ်ချုပ်ခဲ့ လေ သည်။ ထို့နောက်တဖန်ခရစ် ၁၈၅၂ ခုနှစ်တွင်ရမ်းဗြဲ ခရိုင်ကိုဖျက်သိမ်းပြီး အမ်း ခရိုင်နှင့် ရမ်းဗြဲခရိုင်နှစ်ခုကို တခုတည်းအဖြစ်ပူးပေါင်း ကျောက်ဖြူခရိုင်အဖြစ် ပြုလုပ် အုပ်ချုပ်ခဲ့သည်။

ကျောက်ဖြူမြို့ဟုခေါ်ဝေါ်ခြင်းမှာ လှပ ဖြူဖွေးသောကျောက်စရစ်လုံးငယ်ပေါများစွာရှိ ခြင်းတို့ကြောင့် ကျောက်ဖြူမြို့ဟုအမည်ပေးခဲ့ခြင်းဖြစ်ပေသည်။ ကျောက်ဖြူမြို့သည်ကား အလွန်သာယာ လှပခြင်းတို့နှင့် ပြည့်စုံပေသည်။ မြင့်သောအရပ်မှကြည့်လျှင် ပင်လယ်ရေ ပတ်လည်ဝိုင်းလျက်ရှိနေပေသည်။ ကံ့ကော် တောဘုရားဘက်သို့သွားရန် လမ်းတမျက်နှာ သာလျှင်ကုန်းလမ်းဟူရှိပေသည်။ (ယခုကျောက်ဖြူ ရမ်းဗြဲလမ်းမကြီးဖြစ်သည်) သို့သော် ပင်လယ်ရေ ပတ်လည်ဝိုင်းသည်ကဲ့သို့ ရှိနေသော်လည်း မြို့တွင်းရှိသောက်သုံးရန်ရေများ မှာကားရေချိုတွင်းများသာဖြစ်ပေသည်။ လုံးဝငန်ခြင်း၊ နောက်ကျိခြင်းမရှိပေ။

ကြည်လင်အေးမြသန့်စင်သောရေချို ရေကောင်းများသာဖြစ်ပေသည်။ စားသောက်ဖွယ်ရာ ဆန်ရေစပါး များမှာလည်း မရှားမပေါရှိပေသည်။ အထူးသဖြင့် ပင်လယ်ငါးများပေါလွန်း အခြားမြို့ရွာများ မှာကဲ့သို့ ချိန်တွယ်ရောင်းချရန်မလိုပဲ ပုံတိုက်ကြည့်၎င်း၊ ကောင်ရေအ လိုက် ရေတွက်၎င်းရောင်းချလေ့ရှိကြပါသည်။ ရာသီဥတုမှာလည်းမပူလွန်းမအေးလွန်းခြင်း တို့ကြောင့်ညီမျှမှုရှိပေသည်။ ပင်လယ်ကမ်းခြေမြို့ဖြစ် သဘောင်္ရေယာဉ်များအချိန်မရွေးဝင် ရောက်ဆိုက်ကပ်သွားနိုင်သည်။

ရန်သတ္တရုနည်းပါးမှုတို့ကြောင့်အရာခပ်သိမ်းအန္တရာယ် အပေါင်းကင်းငြိမ်းခြင်းရှိပေသည်။ ထို့ကြောင့် လည်းရောက်ဘူးသူတိုင်းသည် စိတ်အေး ချမ်းသာပျော်ရွှင်မှုရှိကြပေသည်။ သည်တို့ကြောင့်ပင် ရှေးလူကြီးများက  မြို့အားထူးဆန်း သော နတ်ကျွန်းသာဟု​ခေါ်ဝေါ်ခဲ့ကြပေသည်။ ကျောက်ဖြူမြို့၏  အကျယ်အ၀န်းမှာအလျား(၂)မိုင်၊ အနံ(၁)မိုင်ခွဲခန့်ရှိပါသည်။ မြို့၏ မြေမျက်နှာမြင်မှာတောင်ကုန်းများ ချိုင့်ဝှမ်းများဟူလုံးဝမရှိပဲစည်မျက်နှာပြင်ကဲ့သို့ ညီညာပြန့်ပြူးလျက်ရှိပေသည်။
ဤကားကျောက်ဖြူမြို့၏ သမိုင်းအကျဉ်းချုပ်ဖြစ်ပေသည်။ ။

ကျောက်ဖြူ ကံ့ကော်တော ဘုရားဖွဲ့လင်္ကာ
---------------------------------------
ကံ့ကော်တောဘုရားမှာ ကျောက်ဖြူမြို့မှ ငါးမိုင်ကျော် ကွာဝေးသည်။
ထိုဘုရားတွင် အောက်ပါလင်္ကာ (ဘုရားသမိုင်း) ကို ကျောက်ပြားတွင် ရေးသားထားသည်။

သပြေဒီပါ ၊ ကျွန်းတောင်ညာထက် ၊ ရတနာထူပြော ၊ စည်ပင်ပေါသည် ၊ မနောရမ္မာ ၊ ကျွန်းအောင်ချာထက် ၊ ရှေးခါသူဟောင်း ၊ ရှေးလူပေါင်းတို့ ၊ ပျော်ကြောင်းလူ့ဘောင် ၊ သေလာတောင်ဝယ် ၊ ခေါ်ဆောင်မှန်ကူ ၊ ရွာကျောက်ဖြူထက် ၊ ရှေးဦးမောင်ဝမ်း ၊ တည်ထွန်းစဉ်လာ ၊ ရွာချခါဝယ် ၊ ခေါ်ရာမရှည် ၊ နေသည်လူများ ၊ အရပ်သားနှင့် ၊ တောင်သားနေခါ ၊ ငသထာဟု ၊ ခေါ်ရာမှန်စွာ ၊ ကွန်ဆရာသည် ၊ လင်းခါချိန်တောက် ၊ မိုးလင်းသောက်က ၊ မြစ်ဝယောင်ယောင် ၊ ငပြီတောင်နား ၊ ကွန်စွန့်သွားရာ ၊ ငသထာသည် ၊ ခေါ်ရာသို့လိုက်၊ ပိုက်လေဟူက ၊ ကွန်မှာထွေးယှက် ၊ ငြိလျက်ရှိရာ ၊ စမ်းလေပါက ၊ မြတ်စွာရုပ်ပွါး ၊ ဆင်းတုအားကို ၊ တွေ့ငြားသောခါ ၊ ပြန်သွားလာရောက် ၊ ကြောက်စရှင်ဖွယ် ၊ မြစ်ပင်လယ်မှာ ၊ ဘယ့်နှယ့်ကဲ့သို့ ၊ ဖြစ်သတို့ဟု ၊ ပုထိုးတစ်ဆူ ၊ ရှိကြတုံသား ၊ ရွာသူသိစေ ၊ ပြောပြလေသော် ၊ ကြီးထွေမောင်ဝမ်း ၊ ရပ်သားရွာသူ ၊ ပင့်လာယူသော် ၊ နမူတည်ရာ ၊ ရပ်ခန်းဝါက ၊ ပြောင်းခါတတည်း ၊ ပင့်ဖိတ်ကြရာ ၊ မရပါသော် ၊ လွန်သာတပ်ဆွဲ ၊ ကြိုးလည်းပြတ်ကျ ၊ မြတ်ဗုဒ္ဓ၏ ၊ တေဇာတောက်ထွန်း ၊ ဘုန်းရောင်လန်းသည် ၊ နေထွန်းပမာ ၊ စောမြတ်စွာကို ၊ တကာပဟေ ၊ တည်သည်သက္ကရာဇ် ၊ နှစ်၏ကောဇာ ၊ ၁၄ဝ ၊ စွန်းရေခုနစ်ခု ၊ ရတုဟေမန် ၊ ပျော်ညမ်သောင်းသည်း ၊ တပို့တွဲလ ၊ ဆန်းထပုဏ္ဏမီ ၊ ဒိဋ္ဌိခြောက်ရက် ၊ ဇီဝှါရက်တွင် ၊ တည်လျက်မှန်လှ ၊ မြတ်ဗုဒ္ဓကို ၊ ခေါ်ထမည်မော ၊ ဂန့်ဂေါ်တောဝယ် ၊ မနောသည်ညာ ၊ တည်ထားပါသည် ၊ ရောင်ဝါခြောက်သွယ် ပလင်းသောဝ် ။

............................................
Ref: 
ရွှေဖြူခင်မြတ်လှ(ကံ့ကော်တော ဘုရားသမိုင်း)
ရခိုင်​ယဉ်​​ကျေးမှုများ ၊ အမှတ်​ (၂)

(ကံ့​ကော်​​တောဘုရားသမိုင်းအကျယ်​ကို ရခိုင်​ယဉ်​​ကျေးမှုများ အမှတ်​(၂)မှာ​လေ့ ကြည့်​ရှုနိုင်​ပါ​ရေ ၊ Admin)

#ရခိုင့်​ဗဟိုပြုအ​တွေးအမြင်​နန့်​သိမှတ်​စရာ
https://www.facebook.com/thecentralconceptionforarakan/

Photo:Internet

Comments