Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ၾကမၼဒတ္ခတ္ပံု

ကြမ္မဒတ်ခတ်ပုံ

ကြမ္မဒတ်မင်း နှင့် အသထုံမင်း၀တ္ထု

(အသထုံပြည်=သထုံပြည်) 



            ဗြာဟ္မဏရာဇာမင်းကြီးသည် ခတ်ရှိရာအခန်းသို့ ၀င်ရောက်သွားလေသည်။ နံ့သာဆီမီး တို့၏ အလင်းရောင် နှင့်အတူ ခတ်မှာ ပြောင်လက်တောက်ပနေကာ အိပ်စက်အနား ယူချင်စဘွယ်ရှိလှပေ သည်။ ကတိုး၊ နံ့သာ တို့ထက် မွှေးသော ရနံ့တို့မှာ တခန်းလုံး မွေးကြိုင်၍ လှိုင်နေလေသည်။ ဗြာဟ္မဏရာဇာ မင်းကြီးသည် စိတ် ၏ ချမ်းသာမှုကို ရလျှက် ခတ်တွင်စံရန် တလှမ်းချင်း တလှမ်းချင်း လှမ်းလျှက် လျှောက်၍ သွားလေသည်။ ဗြာဟ္မဏရာဇာ မင်းကြီးသည် အ၀တ်စကို သိမ်းလျှက် ခတ်တွင် ထိုင်လိုက်စဉ် ခတ်နှင့် ခန္ဓာကိုယ် မထိမှီ နောက်မှ တွန်းခြင်းကို ခံရကာ ခတ်နှင့် ၂ လံခန့် အကွာ နေရာသို့ ရောက်ရှိသွားလေသည်။ ဗြာဟ္မဏ ရာဇာမင်းကြီးသည် နောက်မှတွန်းသည်ကို လှည့်၍ ကြည့်သော အခါ လွန်စွာ လှပသော နတ်သမီး တပါးကို တွေ့ရလေသည်။

ရာဇာ။          ။ “အသင်မည်သူနည်း”။

နတ်သမီး။     ။ “ငါကား ခတ်စောင့်နတ်သမီးတည်း”။

ရာဇာ။   ။ “အသင်နတ်သမီး ငါ့အား ခတ်တွင်မစံနိုင်အောင် အဘယ်ကြောင့် တွန်းဘိ သနည်း”။

နတ်သမီး။       ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ဤခတ်တွင် စံလိုလျှင် ငါတို့အရှင် ကြမ္မဒတ်မင်း ကဲ့သို့ မိမိ၏ အသက်ကါး သေစေ၊ သူတပါးကါး အသပြာ ထောင်ထုတ်ရစေ၊ တည်းဟူသော သူတပါး ချမ်းသာမည့် အရေး အကြောင်း၌ မိမိ၏ အသက်ကို အသေခံရဲသည့် သဒ္ဒါစိတ် ဓါန သစ္စာပါရမီ တည်းဟူသော သူတပါးကို ချမ်းသာစေတတ်သော အကျိုးစီးပွား ဖြစ်စေတတ်သော ခန္ဓာဒါနအလျှူ အမှုကို ပြုကျင့်ဝံ့သော သစ္စာ ပါရမီ အကျင့်ကို ထါးရှိနိုင်ပါမည်လော အရှင်မင်းမြတ်ဟူ၍ မေးလေ၏။ ထိုသောအခါ၊ ဗြာဟ္မဏရာဇာမင်း သည်လည်း ဤသို့မေးပြန်၏။ 

ရာဇာ။      ။ “နတ်သမီး လောက၌ မိမိကါး သေစေ သူတပါးကါး အသပြာ ထောင်ထုတ်ရစေ ဤသို့ ပြုကျင့်သောသူလည်း ရှိတုံသေး၏လော ဤသည်ကို ခန္ဓာအလျှူ သစ္စာပါရမီ ဒါန အကျင့် ဟု သင်ဆိုသလော  နတ်သမီး” ဟုဆို၏။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် အမောအပန်း ဖြေဦးလော့၊ ဤနေရာတွင်ထိုင်ဦးလော့” ဟုဆိုကာ နူးညံ့သော ကမ္ဗလာခင်းသော ကာဒရာ (ကုလားထိုင်)တခုကို ဖန်ဆင်း ပေးလေသည်။ ဗြာဟ္မဏရာဇာ မင်းကြီး သည်လည်း နူးညံ့သော ကမ္ဗလာခင်းသော ကါဒရာပေါ်တွင် ထိုင်လျှက် နတ်သမီးကို တလှည့် ခတ်ကို တလှည့် အာသီသဖြင့် ကြည့်မြဲ ကြည့်နေလေသည်။ နတ်သမီး သည်လည်း ဤသို့ ဆိုပြန်၏။ 

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ငါတို့အရှင်ကြမ္မဒတ်မင်းကြီးသည် မိမိအသက်ကို ပဓါန မထားဘဲ မိမိ အသက်ကါး သေစေ သူတပါးကါး အသပြာထောင်ထုတ်ကို ရစေ၊ ချမ်းသာစေသော အမှု၌ အသထုံပြည် ဟုခေါ်သော သထုံပြည်ကို အစိုးရသော မွန်မင်းကြီး တလမေ နှင့်တကွ သထုံပြည် တခုလုံးကို ချမ်းသာအောင် ပြုခဲ့ဖူးလေပြီ တကါး အရှင် ပုဏ္ဏားဇရမင်းမြတ်” ဟု ဆို၏။ 

ရာဇာ။ ။ “နတ်သမီး လောက၌ မိမိ ချမ်းသာမည့် အရေးအကြောင်းကိုသာလျှင် လူအများ လုပ်ဆောင် တတ်ကြ၏ သင်ပြောသောစကါးမှာကါး မိမိ အသက်ကါး သေစေ သူတပါးကါး အသပြာထောင်ထုတ် ရ၍ ချမ်းသာစေ တည်းဟူသော မကြားစဖူး စကါးထူးပါတကါး နတ်သမီး သင်ဆိုတိုင်း လောက၌ ဖြစ်မြဲလော နတ်သမီး” ဟူ၍ မေးလေ၏။

နတ်သမီး။ ။ “အရှင် ပုဏ္ဏားဇရမင်းမြတ် လောက၌ လူမည်သည်၌ ကုသိုလ်နှင့် အကုသိုလ် တည်းဟူသော အကြောင်းတရားကို မှီ၍သာလျှင် အဆိုးအကေါင်း ရှိတတ်တုံ၏။ ယခုအခါ၌ အရှင်ပုဏ္ဏားဇရမင်းမြတ်သည် ဒါန ကုသိုလ် အကျိုးကျေးဇူးကို မျှက်မှောက်၌ ခံစားနေရသော မင်းစည်းဇိမ်ကြောင့် ဒွါရ၀တီသံတွဲမြို့မှ ဘီလူး ရန်ကြောင့် ထမင်းငတ် ဟင်းငတ် ပြေးလာရသည်ကို မေ့ဟန်ရှိစွတကါး အရှင်မင်းကြီး” ဟုဆိုလေ၏။

 ရာဇာ။ ။ “နတ်သမီး နင် ငါ့အကြောင်း အလုံးစုံကို သိဟန်ရှိစွ တကါး၊ ငါသင့်ကို ဝိတက် ဝိစာရ စကါး မဆိုပြီ ကြမ္မဒတ်မင်း၏ မိမိအသက်ကါး သေစေ သူတပါးကါး ချမ်းသာစေ တည်းဟူသော အကြောင်းတရား နှင့် ငါ့ ခတ်စံရမည့် အကြောင်းတရား တို့ကိုသာလျှင် ပြောလေလော့ နတ်သမီး” ဟုဆိုလေ၏။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ဤသို့ဆိုလျှင် နာဦးလောအရှင်၊ အရှင်မင်းမြတ် ကြမ္မဒတ် အမည်ရှိသော ကြမ္မ တိုင်းစနြ္ဒား မင်းသည် ရက္ခပူရ ဓည၀တီ ဝေသာလီပြည်တွင် မင်းစည်းဇိမ်ကို ခံစား စံစားသော အခါ၌ နည်းတူမယွင်း အသထုံပြည် ဟူ၍ လူတို့ခေါ်ကြကုန်သော ရာမညတိုင်း သထုံပြည်၌ တလမေ အမည်ရှိသော မွန်မင်းကြီးသည် စိုးစံလေသည် အရှင်မင်းကြီး။ ထိုသို့ဖြင့် အရှင် ညီနှင့် အကို တအူတုံဆင်း ပမာ မင်းနှစ်ပါးသည် ပြည်စည်းဇိမ် မင်းစည်းဇိမ်ကို ခံစား စံစားရင်းဖြင့် ၁၀ နှစ် ၁၀ မိုး ကြာလာလေသည် အရှင်မင်းကြီး။ ဤသို့ဖြင့် အရှင် ကြမ္မဒတ်မင်းကြီးသည် တနေ့သော ညီလာခံသဘင် အစည်းအဝေး၌ မင်းဘဏ္ဍာကို ထိမ်းသော ငွေတိုက်စိုး ၀န်ကြီးမှ  ၃၃ သိန်းသော အသပြာ ပိုကြောင်းကို အရှင်  ကြမ္မ တိုင်းစနြ္ဒားမင်းထံ လျှောက်တင်လေ၏၊ ဘုရင်မင်းမြတ်သည် ဘဏ္ဍာငွေ ပိုလျှံရသည့် အကြောင်း စာရင်းကို ကြည့်လတ်သော် အသထုံပြည်ခေါ် မွန်တိုင်း နိုင်ငံ သထုံတိုင်းပြည်မှ တနှစ်လျှင် ၅ သိန်း ယူနေကျ အထောက် အပန့်ကို မယူရုံမက တနှစ်လျှင် မွန်တို့သည် တသိန်းသော အခွံဘဏ္ဍာ ဆက်ရာမှ ၅ သိန်းသော အခွံ ဘဏ္ဍာငွေ ပို၍ဆက်သည့် အကြောင်းကြောင့် တနှစ်တွင် ၅ သိန်းစီ ပို၍ ၃ နှစ်တွင် ၁၅ သိန်း အခွံငွေ ၃ သိန်း၊ ကြမ္မဒတ်မင်းထံမှ မယူသည့် သုံးနှစ်ငွေ ၁၅ သိန်း ပေါင်းသော် ၃၃ သိန်းပိုငွေ ရှိနေကြောင်းကို တွေ့ရှိရလေသည် အရှင်မင်းကြီး၊ ထိုအထဲတွင် ဘီလူးခေါင်းတံဆိပ် ၁၅ သိန်းသော ငွေအဆန်း ပါရှိလေသည်တကါး အရှင်မင်းကြီး။ ထိုငွေကို ကြည့်တော်မူလတ်၍  ကြမ္မဒတ်မင်းကြီးသည် ဤသို့ စဉ်းစား တော်မူ၏ “ငါ့ထံမှ အထောက်အပန့် မယူရုံမက ငါ့အား အခွံဘဏ္ဍာပို၍ ဆက်သည့် အကြောင်းမှာ အသို့နည်း” ဟူ၍ သုခမိန် အမတ်မင်းတို့ကို မေးလေသည် အရှင်မင်းကြီး၊ အမတ်တို့လည်း “အသထုံပြည်ကို စိုးတော်မူသော တလမေမင်းကြီးသည် အရှင်မင်းကြီးအား ဘဏ္ဍာငွေ ပိုဆက်ရုံမက သထုံပြည်ရှိ ရှိရှိသမျှ မွန်လူမျိုး အပေါင်းကို လုပ်ငန်းဟူသမျှ မလုပ် မကိုင်စေဘဲ နေ့စဉ် နေ့တိုင်း အလျှူငွေ ပေးလျှက် စာစီးရိက္ခါ မှန်သမျှကိုလည်း တဖက်နိုင်ငံ ဂျွှမ်းလူမျိုးတို့ထံမှ ၀ယ်ယူစားသုံးကါ ပွဲလမ်းသဘင် ဆင်ယင်ကျင်းပလျှက် ပျော်ပါးစွာ နေကြောင်း ကြားသိရပါသည် အရှင်မင်းမြတ်” ဟူ၍ ပညာရှိ အမတ်သုခမိန်တို့ လျှောက်ထား ကြလေသည် အရှင်မင်းကြီး ငါတို့အရှင် ကြမ္မဒတ် မင်းကြီးသည်လည်း ဤသို့တွေးတော်မူလေသည် အရှင်မင်းကြီး “ငါထုတ်သော နွားလား ဥဿဘ တံဆိပ် ငွေ မွန်တို့သုံးသော ဟင်္သာတံဆိပ် ငွေ လည်းမဟုတ်တုံ ဤမျှ များပြားသော ဘီလူးခေါင်း တံဆိပ် ဂျွှမ်းငွေအသပြာ မြောက်များစွာကို ညီတော်မင်း အဘယ်အရပ်က ရလေဘိသနည်း” ဟူ၍ စဉ်းစားတော်မူလေသည် အရှင် မင်းကြီး။

ရာဇာ။ ။“နတ်သမီး ဘီလူးရုပ်တံဆိပ် ငွေသည်ကါး ဂျွှမ်းပြည်သုံးငွေ မဟုတ်တုံလော၊ အသထုံမင်းသည် တိုင်းသူပြည်သားတို့အား နေ့စဉ် ပေးလျှူသော ဘီလူးခေါင်းတံဆိပ် အသပြာငွေသည် အဘယ်အရပ်က ရလေဘိသနည်း နတ်သမီး” 

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် နာပါဦးလော့အရှင်၊ ကြမ္မဒတ်မင်းကြီးသည်လည်း ဤသို့စဉ်းစား တော်မူ၏ “ငါ့ထံမှ အထောက်အပန့်မယူရုံမက ငါ့အား အပိုငွေ ဆက်သော အကြောင်းမှာ တခုခုသော အကြောင်း ရှိချေမည် ငါကိုယ်တော်တိုင် လား၍ ကြည့်မှ တော်မည် အကြောင်းသော်ကါး မွန်တို့သည် ကိုယ့်လယ်ယာကို ကိုယ်မလုပ် သားငါးကို ရှာမစား မင်းပေးသော ငွေနှင့် နေ့စဉ် နေ့တိုင်း တိုင်းတပါးမှ ဆန် သားငါး ငပိ ငခြောက် အရက်သေစာမှ အစ မှာယူ စားသောက်လျှက် သီဆို တီးမှုတ် ကခုန်မြူးတူး ပျော်ပါး နေကြခြင်းသည် တနေ့သောအခါ မွန်လူမျိုးတို့ကို ပျင်းရိစေလျှက် လူဖျင်း လူသိမ် ဖြစ်ချေတော့မည် လူဖျင်းဖြစ်လေဘိမူ တပါးသူတို့ သိမ်းယူ အုပ်စိုးမှုကို ခံရလျှက် ငါမရှိသော တနေ့၌ မွန်လူမျိုးတို့ ပျက်စီး လေတော့မည်ဟု” စိုးရိမ်စိတ် ဖြစ်လျှက် နောက်ပါ အမတ် သူရွဲ ဗိုလ်ပါ တို့ကို ခေါ်ဆောင်လျှက် အသထုံပြည်သို့ ရွက်သင်္ဘောဖြင့် ခရီးထွက်လေတော့သည် အရှင်မင်းကြီး။”

ရာဇာ။ ။ “နတ်သမီး သင်သည် ငါခတ်စံရမည့် အကြောင်းကိုလည်း ဆိုဦးလော့” ဟု ဆိုပြန်လေ၏။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် အလျှင်စလိုရှိစွတကါး ငါဆိုသော ပုံ အဆုံးတွင် အရှင်မင်းကြီးကို အမေးပုစ္ဆာထုတ်ပါအံ့ ဖြေနိုင်မူ ခတ်တွင်စံပါရအံ့ အရှင်မြတ်” ဟူ၍ ဆိုလေ၏။

ရာဇာ။ ။ “အင်း နတ်သမီး သို့တပြီးကါး သင့်ပုံကို ဆက်၍ ဆိုဦးလော”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ကြမ္မဒတ်မင်းကြီးသည် ရွက်သင်္ဘောဖြင့် လားလတ်သော် တလခန့် ကြာသောအခါ လ္ဆန်း ၁၂ ရက် အခါကေါင်း အချိန်ကေါင်းသော နေ့တွင် အသထုံပြည် သင်္ဘောဆိပ်သို့ ဆိုက်ရောက် လေ၏။ အသထုံမင်းကြီးသည်လည်း ရက္ခပူရ ဓည၀တီ ဝေသာလီ တိုင်းရှင် ပြည်ရှင် ကြမ္မ တိုင်းစနြ္ဒား ဧကရာဇ်မင်း လာသည့်အတွက် ရာဇမတ်ကါ သဲဖြူခင်း အုန်းငှက်ပျောတို့ စိုက်လျှက် ဖျင်ဖြူ ဖျင်နီ ခင်းကါ ပွဲလမ်းသဘင်ခံ၍ ကြိုဆိုလေသည် အရှင်မင်းကြီး၊ ဤသို့ဖြင့်အရှင် ငါတို့အရှင်ကြမ္မဒတ်မင်းနှင့် တလမေ မင်းကြီးသည် တအူတုံဆင်း ညီနှင့်အကိုမခြား ဖြစ်လျှက် အံလာပ သံလာပ စကါးတို့ကို ဆိုကြလျှက် အေးချမ်းစွာ နေကြလေသည် အရှင်မင်းကြီး။

ရာဇာ။ ။ “နတ်သမီး သင်ဆိုခဲ့သော ပုံ၌ ယခုထက်ထိ မိမိအသက်ကါးသေစေ သူတပါးကါး အသပြာ ထောင်ထုတ် ရစေ ဟူသည့် အကြောင်းအရာကို ငါမကြားရချေသေး ငါခတ်စံရမည့် အကြောင်း အချက်လည်း ပါဟန် မတူစွတကါး” ဟူ၍ ဆိုလေ၏။ ထိုအခါ နတ်သမီးလည်း ဤသို့ ဆိုပြန်၏။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ၀တ္ထု အသွားကို ဆက်၍ နာပါဦးလော အရှင်” ဟုဆိုလျှက် ခတ်လှည့်ပုံ ၀တ္ထုသွားကို ဆက်၍ ပြောဆိုပြန်လေသည်။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ထိုနေ့ နေစောင်းလတ်သော် တလမေမင်းကြီးသည် ဂျွှမ်းပြည်ဖြစ် ဟင်းဦး ဟင်းရံ ဟင်းခွက်ပေါင်း များစွာကို အထူးထူး ချက်ပြုတ် ကြော်လှော် စီမံ၍ ကြမ္မဒတ်မင်းနှင့် ပွဲတော်စာ ဘောစဉ်ကို အတူတကွ သုံးဆောင်ကြလေသည် အရှင်မင်းကြီး၊ ဤသို့ဖြင့် ထမင်း ဟင်း သုံးစားပြီး၍ အချိုပွဲ တည်ပြီးနောက် အရှင် အိပ်စက် ချိန်သို့ ရောက်၍ လာလေသည် အရှင်မင်းကြီး။ ထိုသို့ဖြင့် အိပ်ဆောင်၀ယ် အစောင့်အရှောက်နှင့်တကွ ကြမ္မဒတ် မင်းကြီး သည်လည်း မိမိစားတော်ခေါ်ခဲ့သော ဂျွှမ်းပြည်ဖြစ် ဟင်းလျှာ တို့ကို အဘယ်ကြောင့် ဤမျှများပြားသော ဟင်းရံပေါင်း များစွာကို ဤမင်းကြီးစားဘိသနည်း ဟူ၍ စဉ်းစား နေစဉ် တခုသော မန္တရားဂါထါ ဆိုသံကို ကြားရလေသည်။ စေ့စေ့ စပ်စပ် နားထောင်သောအခါ တလမေ မင်းကြီး ရွတ်ဆိုသော “နန်းလုံး နန်ပြတ် သားတို့ အိပ်ကြကုန် အိပ်ကြကုန်” ဟူသော အသံဆုံးသည်နှင့် ငါတို့အရှင်ကြမ္မဒတ် မင်းလည်း တခန အတွင်း အိပ်ပျော်သွားလေတော့သည် အရှင်မင်းကြီး။

ရာဇာ။ ။ “နတ်သမီး ငါခတ်စံရမည့် အကြောင်းအချက်ကိုလည်း သင်ပြောရန်မေ့တတ်စွတကါး” ဟူ၍ ဆိုလေ၏။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ဆိုင်းပါဦးလော့ အရှင် ၀တ္ထုသွားကို နာပါဦးလော့ အရှင်မင်းကြီး၊ အရှင်ပုဏ္ဏားဇရမင်းမြတ်  ကြမ္မဒတ်မင်းသည် နေထွက်၍ နေရောင်ချည် နန်းတော်သို့ ကျရောက်ပြီးမှ သာလျှင် စက်တော်ခေါ်ရာမှ နိုးလာလေတော့သည် အရှင်မင်းကြီး၊ ထိုသို့ဖြင့် မြောက်များလှစွာသော လူသံ သူသံတို့ကို ကြားရသော နန်းရင်ပြင်ဘက်သို့ အသို့နည်း ဟူ၍ ကြည့်လတ်သော် လူပေါင်းမျာစွာကို တလမေမင်းကြီးသည် ငွေကြေး အလျှူ ပေးနေသည့် မြင်ကွင်းကို မြင်ရလေသည် အရှင်မင်းကြီး၊ ကြမ္မဒတ်မင်းကြီးသည်လည်း မင်းချင်းတို့ထံမှ သိရသော နေ့စဉ်မပြတ် တလမေမင်းကြီး၏ ငွေအလျှူကို ကြားရသောအခါ နေ့စဉ်လျှူသော ငွေကြေးကို အဘယ်အရပ်က ရသနည်း၊ လူတို့ကို မလုပ်မကိုင်စေဘဲ မင်းပေးသော ငွေကြေးဖြင့် တဖက်နိုင်ငံ ဂျွှမ်းတို့ထံမှ စားစဉ်းရိက္ခါ ၀ယ်ယူ စားသောက် နေခြင်းသည် တနေ့သောအခါ၊ ဤမင်း ဗြာဟ္မာပြည်သို့ သွားလတ်သော အခါ၌ တခြားသော မင်းတပါးတက်လတ်၍ လူအများ လုပ်ကိုင်စားသောက်ရသော် မွန် လူမျိုး တို့ မင်းကို အကြည်ညို ပျက်လျှက် လူတမျိုးလုံး စိတ်၀မ်းကွဲကါ ဒုက္ခရောက်လေမည်တည်း ငါ ဤ မင်းကြီး၏ ငွေကြေးရရှိရာ အကြောင်းရင်း ဇစ်မြစ်ကို ရှာလေအံ့ ဟူ၍ စိတ်မှ မှတ်လျှက် ရှိလေသည် အရှင်မင်းကြီး။

ရာဇာ။ ။ “နတ်သမီး တလမေမင်းကြီးသည် ငွေအသပြာကို အဘယ်အရပ်မှ ရကြောင်းကို သင်ဆိုဦးလော”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ၀တ္ထုသွားကို နာပါဦးလော့ အရှင်၊ အရှင်ပုဏ္ဏားဇရမင်းမြတ် တလမေ မင်းကြီးသည် လူအများကို ပေးလျှူပြီးနောက် စားတော်ဆောင်သို့ ရောက်လာလေသည် အရှင်မင်းကြီး။ ထိုအခါ အရှင်၊ ကြမ္မဒတ်မင်းကြီးသည်လည်း အချိုပွဲ၌ တလမေမင်းကြီးကို ဤသို့ မေးလေ၏ “အဆွေတော် မဟာရာဇာ မင်းမြတ် အလျှူပေးသော ဘီလူးခေါင်း တံဆိပ်ငွေ များကို အဘယ်အရပ်က ရလေဘိသနည်း” ဟူ၍ မေးလေသည် အရှင်းမင်းကြီး၊ ထိုသောအခါ အရှင်၊ တလမေမင်းကြီးသည်လည်း “အဆွေတော်ဧကရာဇ်မင်း အကျွှန်ုပ် ၀ဋ် ဒုက္ခခံ၍ ရလာသော ငွေတည်း အရှင်၊ အကျွှန်ုပ် ၀ဋ် ဒုက္ခကို အကျွှန်ုပ်ခံပါမည် ရှေ့ကိုဆက်၍ မေးတော်မမူပါလင့် သေးခံလော အရှင်” ဟူ၍ ပြောဆိုမှုကြောင့် ငါတို့အရှင် ကြမ္မဒတ်မင်းလည်း ဆိတ်ဆိတ် နေလေတော့သည် အရှင်မင်းကြီး။

ရာဇာ။ ။ “နတ်သမီး သင့်ပုံလည်း လျှို့ဝှက်လွန်းစွ တကါး ဆက်၍ ဆိုဦးလော”၊

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ဒုတိယနေ့ နေ၀င်၍ သူငယ်ခေါင်းချချိန် သို့ ရောက်လာလတ်သောအခါ ကြမ္မဒတ်မင်းကြီးသည်လည်း ငါအဘယ်သို့ ပြုပါရအံ့နည်း ဟူ၍ သလွန်၀ယ် စဉ်းစားနေစဉ် တလမေမင်းကြီး၏ “နန်းလုံးနန်းပြတ်သားတို့ အိပ်ကြကုန် အိပ်ကြကုန်” ဟူသော မန္တရား ဂါထါ အသံကို ကြားသည်နှင့် တပြိုင်နက် ငါတို့အရှင် ကြမ္မဒတ်မင်းကြီးသည်လည်း ခေါင်းငိုက်လျှက် အိပ်မောကျသွားလေတော့သည် အရှင်မင်းကြီး။

ရာဇာ။ ။ “နတ်သမီး သင်ပုံ၌ ငါခတ်စံရမည့် အကြောင်းအချက်ကိုလည်း သင်ဆိုဦးလော”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် နာပါဦးလော့ အရှင်သည် အလျှင်စလိုရှိစွ တကါး ပုံ ၀တ္ထု အသွားကို ပြီးသည်ထိ ဆိုပါဦးမည် အရှင်မြတ် နားစိုက်ပါလော၊ ထိုသို့ဖြင့် အရှင် ကြမ္မဒတ်မင်းကြီးသည်လည်း တမြန် နေ့က ကဲ့သို့ နေရောင် မြင်မှ နိုးလာလေသည် အရှင်မင်းကြီး၊ အိပ်ရာမှ နိုးလတ်သော် အရှင် ကြမ္မဒတ် မင်းကြီး သည်လည်း တမြန်နေ့က ကဲ့သို့ ဆူညံသော လူအုပ်စုအကြား စင်ထက်မှ နေ၍ ငွေကြေး အလျှူပေးနေသော တလမေ မင်းကြီးကို မြင်ရပြန်လေသည် အရှင်မင်းကြီး။

ရာဇာ။ ။ “နတ်သမီး မွန်မင်းကြီး၌ ငွေ အဘယ်အရပ်က ရသနည်း၊ တလမေမင်းကြီး ဂါထါ မန္တရား လွတ်လျှင်ပင် လူတို့ အိပ်မောခြင်း ဖြစ်လေသလော”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် နာပါဦးလော့အရှင်၊ ငါတို့အရှင် ကြမ္မဒတ်မင်းကြီးသည်လည်း ဤမင်းဂါထါ မန္တရား လွတ်သံ ကြားသည်နှင့် ငါအိပ်မောစွ မအိပ်အောင် ငါကြံအံ့ ဟူ၍ စဉ်းစားတော် မူလေသည် အရှင်မင်းကြီး၊ ထိုနေ့ နေ၀င်ပြီး၍ တလမေမင်းကြီး ဂါထါ မန္တရား တို့ကို မရွတ်ဆိုမှီ ငါတို့အရှင် ကြမ္မဒတ် မင်းကြီးသည် ဂါထါ မန္တရား အသံကို မကြားရစေရန် အလို့ငှါ ဝါဂွမ်းဖြင့် နားကိုလုံစွာ ပိတ်ကါ တလမေမင်းကြီးကို မြင်မည့် နေရာတွင် စဉ်းကြံသွားကါ နေလေသည် အရှင်မင်းကြီး။

အရှင်ပုဏ္ဏားဇရမင်းမြတ် ဤသို့ဖြင့် တလမေ မင်းကြီး၏ ပါးစပ်လှုပ်သည်ကို မြင်ရပြီးနောက် အစောင့် သူရွဲ သူခက် တို့လည်း အသီးသီး အသက အသက အိပ်မောကျသွားကြသည်ကို မြင်သောအခါ ငါတို့အရှင် ကြမ္မဒတ် မင်းကြီးသည်လည်း အများသူငါအတိုင်း တဖက်သို့ လှည့်လျှက် အိပ်မောကျ နေသကဲ့သို့ ဟန် ဆောင်ကါ နေလေတော့သည် အရှင်မင်းကြီး၊ တလမေမင်းကြီး ကြောခိုင်း၍ သွားလတ်သော် ကြမ္မဒတ်မင်းကြီးလည်း အသာအသာဖြင့် လိုက်၍ လားလေသည် အရှင်မင်းကြီး၊ ထိုသို့ဖြင့် အရှင် တလမေမင်းကြီးသည် နန်းတော်မှ ဆင်းလျှက် မြင်းဖြူတစီးကို စီးကါ အရှေ့ဘက် အရပ်သို့ ထွက်သွား လေသည် အရှင်မင်းကြီး၊ ထိုအခါ အရှင်ပုဏ္ဏားဇရမင်းမြတ် ငါတို့အရှင် ကြမ္မဒတ်မင်းကြီးသည်လည်း နားမှ ဂွမ်းကို ဖယ်လျှက် တခြားသော မြင်းတစီးကို မြင်းဇောင်းမှ ယူ၍ အသာအသာ နောက်ယောင်ခံ၍ မနီးမဝေးသော အရပ်မှ နေ၍ လိုက်ပါသွားလေသည် အရှင်မင်းကြီး”။

ရာဇာ။ ။ “နတ်သမီး သင့် ပုံ၀တ္ထုကါး ခုမှသာလျှင် ကေါင်းမည့် အခန်း စ ဟန်ရှိစွ တကါး ဆက်၍ ဆိုလော”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ဤသို့ဖြင့်အရှင် မင်းနှစ်ပါး ရှေ့ဆင့် နောက်ဆင့် သွားလတ်သော် နှစ် ဂါဝုတ်ခန့် အဝေးရှိ ကျောက်နန်းတောင် နှင့် သဏ္ဍာန် တူသော ဂူအထပ်ထပ် ရှိသော ကျောက် ထူထပ်သော နေရာတခုသို့ ရောက်ရှိသွားလေသည် အရှင်မင်းကြီး၊ အရှင်ပုဏ္ဏားဇရမင်းမြတ် ကြမ္မဒတ် မင်းကြီးလည်း မည်သည့် ဂူပေါက်မှ တလမေမင်းကြီး ၀င်ရောက်သွားသည်ကို မမြင်လိုက်ရ ရာကါး မြင်းပေါ်မှ ဆင်းလျှက် ခြေရာခံနေစဉ်  “ဆောက် ဆောက် ဆောက်” ဟူသော အသံကို ကြားရ ရာကါး ဘီလူးခေါင်း နှင့် သဏ္ဍာန် တူသော လှိုင်ခေါင်းပေါက်မှ ၀င်ရောက်ကါ ကြည့်လေသော် ကွင်းပြင်၀ယ် တလမေမင်းကြီး ရပ်နေသည်ကို မြင်ရလေသည် အရှင်မင်းကြီး၊ ကြမ္မဒတ်မင်းကြီးသည်လည်း အသို့နည်း သွားသင့် မသွားသင့်ကို မှောင်ရိပ်မှ စဉ်းစားကါ ခို၍ ကြည့်နေစဉ် “ ဘီလူးမတို့ အိုးဆောက်ကုန် အိုးဆောက်ကုန် အိုးဆောက်ကုန်” ဟူသော တဖန် တလမေမင်းကြီး၏ အသံကို ပီသစွာကြားရလေသည် ထိုအခါ အရှင်ပုဏ္ဏားဇရမင်းမြတ် ဧရာမ ဘီလူးခေါင်း လှိုင်ဂူကြီးထဲမှ ဘီလူးမ ၃ ကေါင်သည် ဧရာမ လူတယောက် ၀င်ဆန့်မည့် ကြေးအိုးကြီးတလုံး ထင်း ရေအိုး ဖျာ တို့ကို အသီးသီး သယ်ယူလျှက် ထွက်လာကြသည်ကို မြင်ရလေသည် အရှင်မင်းကြီး၊ အရှင်ပုဏ္ဏားဇရမင်းမြတ် ထိုသို့ဖြင့် အရှင် ဖျာခင်း ခွင်တည် မီးဖိုပြီးသောအခါ၌ ကြေးအိုးကြီးကို ရေထည့်ရန် မှောက်သွန်လိုက်သော အခါ မြောက်များစွာသော ဘီလူးခေါင်း တံဆိပ် ငွေဒင်္ဂါးများ ထွက်လာသည်ကို မြင်ရလေသည် အရှင်မင်းကြီး၊ ထိုအခါ အရှင်ပုဏ္ဏားဇရမင်းမြတ် ဘီလူးမ ၃ ကေါင်သည် ကြေးအိုးကြီးကို ခွင်ပေါ်တွင်တည် ရေထည့် မီးထည့် ပြီးနောက် ကြေးအိုးကြီး၏ အထက် နှုတ်ခမ်းသားနှင့် အညီရှိသော လေးထုစပ် ပုံစံ ကျောက်လှေကါး တခုကို ယူလျှက် အနီးတွင် ချထားလိုက်ကြလေသည် အရှင်မင်းကြီး။

ရာဇာ။ ။ “နတ်သမီး သင့်ပုံ၀တ္ထုကို ဆက်၍ ဆိုဦးလော့ ငါခတ်စံရမည့် အကြောင်း အချက်ကိုလည်း သင် ပါအောင် ဆိုလေလော့ နတ်သမီး”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် နာပါဦးလော့ အရှင်မြတ်၊ မီးအားကြောင့် ရေဆူ လတ်သော် ဘီလူးမ ၃ ကေါင်သည် တလမေမင်းကြီးကို တခုသော စကါးကို ပြောလေရာ တလမေမင်းကြီးသည် ကျောက်လှေကါး ထက်သို့ တက်လာလေသည် အရှင်မင်းကြီး”။

ရာဇာ။ ။ “နတ်သမီး တလမေမင်းကြီး အဘယ်သို့ ပြုပြန်မည်နည်း”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် နာပါဦးလော့ အရှင်မြတ် တလမေမင်းကြီး ကျောက်လှေကါး အထက်တွင် ရပ်နေစဉ် ဘီလူးမတကေါင်သည် နောက်နားသို့ သွားလတ်ကါ မင်းကြီးကို ပွက်ပွက်ဆူသော ရေပူအိုးထဲသို့ တွန်းချလိုက်လေသည် အရှင်မင်းကြီး”။

ရာဇာ။ ။ “နတ်သမီး ရေပူအိုးတွင် ကျသော တလမေ မင်းကြီးမူကါး ခန္ဓာတခြား အသက်တခြား ဖြစ်ချေပြီ မဟုတ်တုံလော နတ်သမီး”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် တလမေမင်းကြီးမှာ ပွက်ပွက်ဆူသော ရေပူအိုးတွင် ကျလေရကါး အသက်ကို အဘယ်မှာ ရှာ၍ ရတော့အံ့နည်း အရှင်၊ အရှင်ပုဏ္ဏားဇရမင်းမြတ် ရေဆူအိုးတွင် မြုတ်လိုက် ပေါ်လိုက်နှင့် ရှိနေသော တလမေမင်းကြီးကို ဘီလူးမတို့သည် ယောက်မတချောင်ဖြင့် မွှေလိုက် အိုးကို လှည့်ပါတ်ကါ သီခြင်းကပျာ ဆို၍ ကလိုက်နှင့် လူသားစားရမည့်အတွက် အထူး အားပါးတရ ပျော်ကြလေသည် အရှင်မင်းကြီး”။

ရာဇာ။ ။ “နတ်သမီး သို့ တပြီးကါး တလမေမင်းကြီးမှာ ဗြာဟ္မာပြည်ကို လားလတ်ပြီလော”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ပုံ၀တ္ထု အသွားကို နာပါဦးလော အရှင်၊ ဤသို့ဖြင့်အရှင် ငါတို့အရှင် ကြမ္မဒတ် မင်းကြီးသည်လည်း တဇောင်းမှ နေ၍ ကြည့်လတ်သော် အရှင်၊ ဘီလူးမတို့သည် အိုးကို ခွင်မှ ချကါ လက်ကါးရား ခြေကါးရားနှင့် ဖြစ်နေသော တလမေမင်းကြီးကို ဖျာပေါ်တွင် သွန်ချ၍ အားပါးတရ စားသောက် ကြလေတော့သည် အရှင်မင်းကြီး”။

ရာဇာ။ ။ “နတ်သမီး သံဝေဂယူစရာ ကေါင်းပေစွ သင့်ပုံကို ဆက်၍ ဆိုဦးလော”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ဘီလူးမတို့သည် အရည်ကိုသောက်လိုက် အသားကို စားလိုက် အရိုးတို့ကို တနေရာတည်းတွင် စုပုံထားလိုက်နှင့် မကြာမှီ တလမေမင်းကြီးမှာ လူကေါင်ပျောက်၍ အရိုး တပုံ သာလျှင် ဖြစ်သွား လေသည် အရှင်မင်းကြီး၊ အရှင်ပုဏ္ဏားဇရမင်းမြတ် ထိုသို့အခါ အရှင် ဘီလူးမ ညီအမ ၃ ဖေါ်သည် တလမေ မင်းကြီး၏ အရိုးစုပုံကို တခုသော မန္တရားဂါထါကို ရွတ်ပြီးသည့်နောက် ရေအိုးနှင့် လူကေါင်ပြုတ်သော ကြေးအိုး ဖျာတို့ကို ယူကါ ဂူထဲသို့ ၀င်သွားကြလေသည် အရှင်မင်းကြီး”။

ရာဇာ။ ။ “နတ်သမီး သို့တပြီးကါး စာကြွင်းအရိုးနှင့် ငွေတပုံသာ ကွင်းပြင်တွင် ကျန်ခဲ့လေပြီတကါး သင့်ပုံကို ဆက်၍ ဆိုဦးလော့”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ထိုသောအခါ အရှင် ငါတို့အရှင် ကြမ္မဒတ်မင်းကြီးသည်လည်း တလမေမင်းကြီး အရိုးစုအဖြစ် ရှိရာ ကွင်းပြင်သို့ ထွက်လာလေသည် အရှင်မင်းကြီး၊ ငါတို့အရှင် ကြမ္မဒတ် မင်းကြီးလည်း အရိုးစုကို လှည့်ပါတ် ကြည့်နေရင်းဖြင့် တလမေမင်းကြီး၏ အရိုးစု တို့မှ အစိမ်းရောင်အငွေ့တို့ ထွက်လာလတ်ကါ အသားအသားတို့ပြည်လျှက် တဖန် လူဖြစ်လာလေတော့သည် အရှင်မင်းကြီး”။

ရာဇာ။ ။ “နတ်သမီး ထူးဆန်းပေစွ သင့်ပုံကို ဆက်၍ ဆိုဦးလော”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် လူဖြစ်လာသော တလမေမင်းကြီးသည် ကြမ္မဒတ်မင်းကို မြင်သော်လည်း မမြင်သကဲ့သို့ ပြု၍ ဘီလူးမတို့ ထားရစ်ခဲ့သော ငွေတို့ကိုသာ မြင်းပေါ်တွင် တင်ယူလာသော အိတ်တို့တွင် ထည့်ကါ ပြန်မည်ဟု ပြုသောအခါ ကြမ္မဒတ်မင်းကြီးသည်လည်း အဆွေတော် ခေတ္တခနမျှ ဆိုင်းပါဦးလော့ ဟူ၍ ပြောဆိုပြီးနောက် “ဆောက် ဆောက် ဆောက်” ဟူ၍ တလမေမင်း ဦးစွာ ပါ့ထမ အော်သည့် အတိုင်း အော်လေသည် ထို့နောက် “ဘီလူးမတို့ အိုးဆောက်ကုန် အိုးဆောက်ကုန် အိုးဆောက်ကုန်” ဟူ၍ အော်လေတော့သည် အရှင် မင်းကြီး။ ထိုသောအခါ အရှင် ဘီလူးမ ၃ ကေါင်လည်း ယခင်ကအတိုင်း ထွက်လာလတ်ကါ မီးဖို ကြေးအိုးကို သွန် ငွေထွက် ထိုကြေးအိုတွင် ရေထည့် အိုးဆောက် ကျောက်လှေကါးထောင် စသည်ဖြင့် အိပ်မှုံစုံမွှားဖြင့် အလုပ်ရှုပ်နေကြလေသည် အရှင်မင်းကြီး။

ရာဇာ။ ။ “နတ်သမီး ရေပူအိုးတွင် ကြမ္မဒတ်မင်း ဆင်းမည့်ဟန်ရှိစွ အသို့နည်း”၊

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ပုံကို နာပါဦးလောအရှင်။ ဤသို့ဖြင့်အရှင်၊ ရေဆူလတ်သော် ကျောက် လှေကါးမှ တက်ကါ မပြောမဆိုကြမ္မဒတ် မင်းကြီးသည် ရေပူအိုးသို့ ခုန်ဆင်း လေတော့သည် အရှင်မင်းကြီး။

ရာဇာ။ ။ “နတ်သမီး တလမေ မင်းကါး အသက်ပြန်ရှင်၏ ကြမ္မဒတ်မင်းလည်း ထိုနည်းတူ အသက်ကို ပြန်ရလေသလော”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် တလမေမင်းနည်းတူ ကြမ္မဒတ်မင်းကိုလည်း ဘီလူးမတို့ အိုးမှချ၍ စားသောက်ကြပြန်လေသည် စားသောက်ပြီးသောအခါ အရိုးစုပုံကို တခုသော မန္တရားဂါထါကို ရွတ်ကါ အိုး ရေအိုး ဖျာတို့ကို ယူဆောင်ကါ ကျောက်ဂူထဲသို့ ၀င်သွားကြလေသည် အရှင်မင်းကြီး။

ရာဇာ။ ။ “အင်း နတ်သမီး ဆိုဦးလော”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် တလမေမင်းကြီးနည်းတူမယွင်း ကြမ္မဒတ်မင်းကြီးသည်လည်း လူပြန်ဖြစ် လာလေတော့သည် အရှင်မင်းကြီး”။

ရာဇာ။ ။ “နတ်သမီး ထူးဆန်းစွတကါး”၊

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် နာပါဦးအရှင်၊ ကြမ္မဒတ်မင်းကြီး လူပြန်ဖြစ်သည်နှင့် ဘီလူးမတို့ သွန်၍ ထားခဲ့သော ငွေကို လက်ညှိုးညွန်လျှက် ညီတော်မင်းမြတ် ဤငွေများကိုလည်း သင်ယူလော့ ဟု ဆို၍ တဖန် “ဆောက် ဆောက် ဆောက်” ဟူ၍ အော်ပြန်လေသည် အရှင်မင်းကြီး၊ ထိုမှတဖန်အရှင် “ဘီလူးမတို့ အိုးဆောက်ကုန် အိုးဆောက်ကုန် အိုးဆောက်ကုန်” ဟူ၍ ထပ်မံ အော်ပြန်လေသဖြင့် ဘီလူးမ ၃ ယောက် တို့သည်လည်း တဖန် ရှေးနည်းအတိုင်း ထွက်လာပြန်ကါ အိုးတည် ရေဆူ ကြမ္မဒတ်မင်း ဆင်း တဖန် ဘီလူးမစား စသည်ဖြင့် တကြိမ်မှ နှစ်ကြိမ် နှစ်ကြိမ်မှ သုံးကြိမ် သုံးကြိမ်မှ လေးကြိမ် သို့ရောက်လာသော အခါ အရှေ့ဘက်မှ နေရောင်ချည် လာသည့် အလင်းရောင်တို့ကို မြင်လာရလေသည် အရှင်မင်းကြီး။ ကြမ္မဒတ်မင်း ရေဆူအိုးသို့ ၄ ကြိမ် ဆင်းပြီးနောက် လူပြန် ဖြစ်လာသော အခါ ယခင်က အတိုင်း “ဆောက်ဆောက် ဆောက်” ဟူ၍ အော်ပြီးနောက် “ဘီလူးမတို့ အိုးဆောက်ကုန် အိုးဆောက်ကုန် အိုးဆောက်ကုန်” ဟူ၍ အော်လေ တော့သည်၊ ထိုအခါအရှင် ဘီလူးမ သုံးကေါင်သည် အူလျှားဖါးလျှားနှင့် နေရောင်အလင်း ကျမည်ကို ကြောက်လန့် စွာဖြင့် ဂူပေါက်၀မှ မထွက်၀န့်ရကါး အ၀တွင် မျှက်နှာမလှစွာဖြင့် ရပ်နေကြလေသည် အရှင်မင်းကြီး။

ရာဇာ။ ။ “နတ်သမီး ဆက်၍ ဆိုဦးလော့”၊

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ကြမ္မဒတ်မင်းကြီးသည်လဲ အရှင် “ဆောက် ဆောက် ဆောက်” ဟူ၍ အော်ပြီးနောက် တဖန် “ဘီလူးမတို့ အိုးဆောက်ကြကုန် အိုးဆောက်ကြကုန် အိုးဆောက်ကြကုန်” ဟူ၍ အော်ပြန်လေသော အခါ အရှင်မင်းကြီး ဘီလူးမ တို့သည် နေရောင်လာသည့်အတွက် ပြင်သို့ မထွက်ဝံ့ရကါး နားနှစ်ဘက်ကို ပိတ်ကါ ဂူထဲတွင် လူးလာ ဆန်ခတ် ပြေးလွားကါ နေကြလေသည် အရှင်မင်းကြီး၊ ကြမ္မဒတ်မင်းလည်း “ဆောက် ဆောက် ဆောက်” ဟူ၍ တဖန် အော်ပြန်လေလျှင် ဘီလူးမတို့လည်း နားကွဲလုမတတ် အခံရခက်လှသော အသံကြောင့်လည်းကေါင်း အပြင်သို့ ထွက်ပြန်လျှင်လည်း နေရောင်ကျလျင် အသက်သေမည့် အရေးကို မြင်သည်ကြောင့် တကြောင်း ကြီးစွာ ဒုက္ခ ရောက်ကြ လေသည် အရှင်မင်းကြီး၊ ကြမ္မဒတ်မင်းသည်လည်း “ဆောက် ဆောက် ဆောက်” ဟူ၍ အော်မည် ပြုသောအခါ ဘီလူးမ သုံးကေါင်သည် ရှေ့ခိုးလျှက် မအော်ရန် တောင်းပန်ကြလေသည်။ ထိုအခါ အရှင် ကြမ္မဒတ်မင်းကြီးသည် တလမေမင်းကို အနီးသို့ လာစေလျှက် ဂူထဲတွင် ဘီလူးမတို့ကို ဤသို့ ဆိုလေသည် အရှင်မင်းကြီး “သင်ဘီလူးမတို့ လူသားကိုစား၍ သင်တို့ ၀မ်း တရက်ချမ်းသာ တဘီဇနာ ချမ်းသာမည်တည်း သင်တို့ တ၀မ်းချမ်းသာမှုကြောင့် တိုင်းပြည်တပြည် ပျက်စီးလေအံ့၊ သင်တို့ထံမှ ရသောငွေဖြင့် ဤမင်းကြီးသည် ပြည်သူ ပြည်သား လူထုကြီးကို အလုပ် အကိုင် မလုပ် မကိုင်စေ၍ တပါးသော ဂျွှမ်းနိုင်ငံမှ ဆန်ရေ စပါး သားငါး ဟင်းသီးဟင်းရွက် အရက်သေစာမှ အစ ၀ယ်သူစားသောက်ကါ ပျော်ပါးလျှက် နေကြလေသည် ဤအခြင်း အရာကါး မွန်လူမျိုးတခုလုံးကို သိမ်ဖျင်း စေလတ္တံ့သာတည်း၊ သင်တို့ ဤအမှုကို နောင် မပြုနှင့် ငါဟန့်တား၏။ သင်တို့ကို ငါပြုခဲ့သော ဒါနအစုစု၏ အဖို့ပါကကို အမျှမောတ္တာ ပေးဝေ၏ သင်ဘီလူးမတို့ ကေါင်းရာဘုံသို့ ရောက်ကြစေသတည်း ဟူ၍ ဆုံးမစကါးကို ဆိုလေသည် အရှင်မင်းကြီး ဘီလူးမတို့သည်လည်း ကြမ္မဒတ်မင်း၏ စကါးကို လွန်စွာ နှစ်သက် ရကါး ရှိရှိသမျှသော ဘဏ္ဍာငွေတို့ကို ပေးလျှူကြလေသည် အရှင်မင်းကြီး။ အရှင် ပုဏ္ဏားဇရ မင်းမြတ် ကြမ္မဒတ်မင်းကြီး၏ အမျှမေတ္တာကိုရသော ဘီလူးမ ညီအမ သုံးယောက် တို့သည်လည်း သားစား ဘီးလူး ဘ၀မှလွတ်လျှက် နတ်ပြည်သို့ ရောက်လေသတည်း အရှင်မင်းကြီး၊

ရာဇာ။ ။ “နတ်သမီး မင်းနှစ်ပါးနှင့် ငွေကါး အသို့နည်း”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် ကြမ္မဒတ်မင်းကြီးသည် ဘီလူးမတို့ထံမှရသော ရှိရှိသမျှ ငွေတို့ကို တလမေမင်းကြီး၏ မင်းဘဏ္ဍာဖြစ်စေလေသည် အရှင်မင်းကြီး၊ ထိုပြီးနောက် အရှင်မင်းကြီး သိန်းသောင်းတမျှ များပြားလှသော မွန်လူမျိုးတို့ကို ကြမ္မဒတ် မင်းကြီးသည် နန်းရင်ပြင်ထက်မှနေ၍ ဤသို့ မိန့်၏ “ညီတော် တလမေမင်းနှင့်တကွ ပညာရှိ သုခမိန် အမတ် သူရွဲ ဗိုလ်ပါ ပြည်သူအပေါင်းတို့ သူတပါးထံမှ ပေးသော ငွေနှင့် စားရသော ထမင်းတလုတ်သည် သူ့အတွက် သူ့အဖို့သာလျှင်တည်း ထို့တင်မက သင်တို့ လူမျိုး တခုလုံးကို ပျင်းရိခြင်းကို ဖြစ်စေမည်တည်း ပျင်ရိခြင်း ဖြစ်လျှင် သင်တို့သည် တပါးသူကျွှန် တနေ့သောအခါ ဖြစ်လေ မည်တည်း သင်တို့ လိမ္မာကြကုန်၊ မိမိလက်နှင့် လုပ်ကိုင် ရှာဖွေ စားသောက် ရသော ထမင်း ဟင်းသည်ကါး သူတပါးကို ငဲ့စရာမလို မိမိရှာဖွေခြင်း တည်းဟူသော လုံ့လ ရှိသည့်အတွက် သူတပါးထံတွင် အောက်ကျို့ခယ တောင်းရမ်း စရာမလိုသော ဇာတိမာန် ရှိသည့်အတွက် မည်သည့်သူကိုမျှ မည်သည့်လူမျိုး ကိုမျှ ကြောက်စရာ အောက်ကျ ခံစရာမရှိ၊ သူတပါး ပေးစာ ကမ်းစာကို ရမှ စားရတတ် သောက်ရတတ် ဖြစ်ရမည့် သူတောင်းစား ဘ၀ကိုသင်တို့ စွန့်လော့၊ လူဖျင်း လူသုန် ဖြစ်မဲ့ ဘ၀ကို မက်မောခြင်း မရှိကြကုန်လော၊ မိမိလက်နှင့် လုပ်ကိုင် ရှာဖွေ စားသောက်ရသော အမျိုးသားမာန်ကို ထားကြလော့၊ ငါယောင်္ကျား တည်းဟူသော ကေါင်းသော မာန်မာနကို ထားကြကုန် လော့” ဟူ၍ ဆုံးမလေသည် အရှင်မင်းကြီး၊

“အရှင်ပုဏ္ဏားဇရမင်းမြတ် ကြမ္မဒတ်မင်း၏ အဆုံး အမတွင် တည်သော မွန်လူမျိုးသည်ကါး ထိုအချိန်မှ စ၍ အသိတရားရကါ စည်းလုံးညီညွတ်ကြလေသည် အရှင်မင်းကြီး၊ ထိုပြီးနောက်အရှင်  ကြမ္မဒတ် မင်းကြီး သည်လည်း ရက္ခပူရ ဝေသာလီပြည်သို့ ပြန်ကြွလာလေတော့သည် အရှင်မင်းကြီ၊ ဟားလား အရှင် ပုဏ္ဏားဇရ မင်းမြတ် အရှင်သည် ကြမ္မဒတ်မင်း စံသော ခတ်တွင်စံလိုအံ့ ကြမ္မဒတ်မင်းကဲ့သို့ သူတပါး အသပြာရစေသော အကြောင်းနှင့် သူတပါး ချမ်းသာမည် ဆိုလျှင် မိမိအသက်ကို အသက်ဟူ၍ ပဓါန မထားဘဲ သေ၀န့်သော မိမိအသက်ကါး သေစေ သူတပါးကါး အသပြာ ထောင်ထုတ် ရစေမည့် အရေး အကြောင်း ရှိလာခဲ့တုံအံ့ အရှင်ပုဏ္ဏားဇရမင်းမြတ်သည် မိမိအသက်ကို အသက်ဟူ မမှတ်ပါဘဲလျှက် သူတပါး ချမ်းသာမည့် အရေး အတွက် မိမိ အသက်ကို အသေခံ၀န့်သော ဒါန သစ္စာ ပါရမီ အကျင့်မြတ်ကို ကျင့်နိုင်ပါမည်လော အရှင် မင်းမြတ်” ဟူ၍ မေးလေ၏။

ထိုသို့ နတ်သမီး၏ အမေးကိုခံရသော ဗြာဟ္မဏရာဇာမင်းကြီးသည် ဤသို့ဆို၏

ရာဇာ။ ။ “နတ်သမီး ငါ့ အသက်ကို ငါ မပိုင်သည့်အတွက် ငါသည် သူတပါးချမ်းမည့် အရေးအတွက် ငါ့အသက်ကို ပေးလျှူရန် ခက်ခဲစွ နတ်သမီး”။

နတ်သမီး၊ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် အရှင်အသက်ကို အရှင်မပိုင်လျှင် အဘယ်သူ ပိုင်ပါသနည်းအရှင်” 

ရာဇာ။ ။ “နတ်သမီး ငါ့ကိုဗြာဟ္မဏရာဇာအဖြစ်သို့ မင်းမြှောက် ပေးသော အဉ္ဖနဒေဝီမိဖုရားမသည်သာလျှင် ငါ့အသက်ကို ပိုင်ပေ၏ နတ်သမီး”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် အရှင်သည် ရာဇာဓိရာဇာ ရက္ခပူရ တိုင်းကြီးအရှင် ပြည်ကြီးသခင် ဧကရာဇ် မင်းမဟုတ်ပါလားအရှင် အဘယ်ကြောင့် အရှင့်အသက်ကို မိဖုရားမ ပိုင်ပါသနည်း အရှင်”

ရာဇာ။ ။ “နတ်သမီး ငါသည် တိုင်းသူပြည်သားတို့အပေါ်၌ ဧကရာဇ်မင်း ဖြစ်သည် ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိ၊ သို့သော် ငါ့မိသားစု တွင်မူ အဉ္ဖနဒေဝီသာလျှင် ဧကရာဇ်မင်းတည်း ငါသည် သူတပါးကါး အသပြာ ထောင်ထုတ် ရစေ ငါ့အသက်ကါး သေစေ အမှု၌ အဉ္ဖနဒေဝီသည် ငါ့အသက်ကို အဆုံးအဖြတ် ပြုသူ ဖြစ်သည့်အတွက် မိဖုရားမ သေမိန့် ပေးမှသာလျှင် ငါသေရအံ့သာလျှင်တည်း”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် မယားကို လွန်စွာ စိုးထိတ်ဟန်ရှိစွ တကါး”

ရာဇာ။ ။ “နတ်သမီး သင်ကဲ့ရဲ့ ပြစ်တင် မပြုသင့် ငါ ပုဏ္ဏား ဗြာဟ္မအနွယ် ဆိုသည်ကို သင်သိ၏ ငါ့ကို ဧကရာဇ်မင်း အဖြစ်တင်မြှောက်ပေးသူမှာ အဉ္ဖနဒေဝီသာလျှင်တည်း မယားကို စိုးထိတ်သည် ကြောက်သည် ဟူ၍ သင်ဆိုလျှင်လည်း ဆိုနိုင်၏ သင်မသိသောအချက်တခုကါး ငါသည် မိဖုရားမ အဉ္ဖနဒေဝီကို အဘယ်မျှလောက် ချစ်သည် ဆိုသော အချက်ပေတည်း”။

နတ်သမီး။ ။ “အရှင်ပုဏ္ဏားဇရမင်းမြတ် အရှင်၏ မိဖုရားမအပေါ်၌ ထားသော မောတ္တာစိတ်ကို ငါ အသိ အမှတ် ပြု၏၊ သို့သော် အရှင်သည် ကြမ္မဒတ်မင်းစံသော ခတ်တွင် စံလိုလျှင် ကြမ္မဒတ်မင်း ကဲ့သို့ မိမိ အသက်ကါး သေစေ သူတပါးကါး အဿပြာထောင်ထုတ်ရစေ တည်းဟူသော အမှု၌ သူတပါးအတွက် မိဖုရားမကို ငဲ့ညှာ၍ အသက် မသေဝံ့သော အရှင်ပုဏ္ဏားဇရမင်းမြတ်သည် ကြမ္မဒတ်မင်း စံသော ခတ်တွင် စံရန် မထိုက်”ဟု ဆိုလျှက် လက်နှင့် တွန်းဟန် ပြုလိုက်သောအခါ ဗြာဟ္မဏရာဇာမင်းကြီးသည် အခန်းပြင်သို့ ရောက်ရှိသွားကါ အခန်းတံခါးလည်း အလိုအလျှေက် ပိတ်သွားလေသည်။

ဗြာဟ္မဏရာဇာမင်းကြီးသည်လည်း အခန်းပြင်မှ နေ၍  ဤသို့ဆို၏။

ရာဇာ။ “အို နတ်သမီး သင့်ခတ်တွင် မစံရလျှင် ငါမှာ စံစရာ တခြားသော ခတ် ရှိတုံသေး၏ ထိုခတ်တွင် ငါစံပေအံ့” ဟူ၍ နှုတ်မှ ပြောဆိုကါ တခြားသော ခတ် ရှိရာ အခန်းသို့ လျှောက်၍ သွားလေသတည်း။ ဆက်ရန်

ကျားကြီးကျော်ခိုင်အောင်











Comments