Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်သား ဖြစ်ပေါ်လာပုံ နှင့် မြမ္မာ

ရခိုင်သား ဖြစ်ပေါ်လာပုံနှင့် မြမ္မာ

ရှေးထုံးဟောင်းဒဏ္ဍာရီဆန်သောရခိုင်သားဖြစ်ပေါ်လာပုံသမိုင်း
ရှေးရခိုင်ကြီးများ၏ အဆိုအရ ဘတ္တကမ္ဘာဟု မဖြစ်ပေါ်မှီ ကမ္ဘာမီးလောင်၍ မီးငြိမ်းသောအခါ မြေသင်းနံ့ မွေးသည်ကို အကြောင်းပြု၍ ဗြာဟ္မာဘုံမှ ဗြာဟ္မာကြီးများဆင်းလာကါ မွေးသော မြေသင်းခဲကို စားသဖြင့် ကိုယ်ရောင်ပျောက်၍ လူဖြစ်သည်ဟူ၍ ပြောစမှတ်ပြုကြသည်။ ဤသို့ အယူရှိသော လူမျိုးတို့တွင် အိန္ဒိယ ဗြာဟ္မဏ များသည် အဓိကဖြစ်၍ ကမ္ဘာဦးကျမ်းကိုဘင် ဤသို့ဟူ၍ ရေးသားမှတ်တမ်းတင်ခဲ့ကြသည်။
ဗြာဟ္မာဟူသည် နူးညံ့ သိမ်မွေ့သည့် အတွက် ပါဠိဘာသာ အားဖြင့် မေ ရမ္မ ( မေ-ငါ၊ ရမ္မ-မွေ့ခြင်း၊ နှလုံးသိမ်မွေ့ နူးညံ့သည်ကို မြမ္မာဟုခေါ်သည်။) ဟုလည်းခေါ်ရာမှ မြမ္မာ ဟူ၍ ခေါ်ခြင်း ဖြစ်သည်။
ဤသို့ ဗြာဟ္မာမှ လူဖြစ်လာသည် ဆိုသည့် အယူအဆကို အိန္ဒိယနိုင်ငံ အပြင် ရခိုင်နိုင်ငံ၊ မွန်နိုင်ငံ၊ ကရင်နိုင်ငံ၊ ပျူနိုင်ငံ(ဗမာ)၊ တို့မှ ပညာရှိတို့ ရေးသားသော ကျမ်းမျိုးစုံတို့တွင်လည်း တွေ့ရသည်။  
(က)    လူနှင့်ဇာတ်
၁။ မူလ ။ ။ လူ၏အစမူလသည် ဗြာဟ္မာ သို့မဟုတ် မြမ္မာ ဖြစ်သည်။
၂။ ဇာတိ။ ။ ဗြာဟ္မာ (မြမ္မာ) မှ လူ ဇာတိ ဖြစ်လာသည်။
၃။ ဇာတ်။ ။ ဇာတိ ရ၍ ဇာတ် ဖြစ်လာသည်။ ဇာတ် = လှုပ်ရှားသည်ကို ဇာတ်ဟုခေါ်သည်။ လူတွင် လှုပ်ရှား၍ ရသော ဇာတ် အပိုင်း ၄ ပိုင်း ရှိသည်ဟု သတ်မှတ်သည်။
(က) ဦးခေါင်းပိုင်း
(ခ) ရင်ဖတ်နှင့်လက်အပိုင်း
(ဂ) ချက် ၀မ်းနှင့်အင်္ဂါစပ်အပိုင်း
(ဃ) ဒူးမှခြေဖျားပိုင်း
လူတွင် ဤအပိုင်း ၄ ပိုင်းကို လှုပ်ရှား၍ ရသည့်အတွက် ဇာတ် ဟုခေါ်သည်။ မလှုပ်သောသူသည် ဇာတ်ပျက်သည်။ ဇာတ်ကိုစောင့်ရှောက်မထားနိုင်သော လူမှာ လူသေသာ ဖြစ်သည်။ အပိုင်း ၄ ပိုင်းတွင် တခုသောအပိုင်းမှ မလှုပ်သော လှုပ်ရှားမှု မရှိသော သူသည် ဇာတ်ဆုံး၍ သေသူသာ ဖြစ်သည်။
(က) ဦးခေါင်းပိုင်း။ ။ ဗြာဟ္မာကြီး၏ ဦးခေါင်းပိုင်း ပါးစပ်မှ ဗြာဟ္မဏ ခေါ် ပုဏ္ဏားဇာတ် တို့ ဖြစ်လာသည်။
(ခ) ရင်ဖတ် နှင့် လက်အပိုင်း။ ။ ဗြာဟ္မာကြီး၏ လက်နှင့် ရင်ဖတ်အပိုင်းမှ ခတ္တိယ မည်သော  မင်းဇာတ် ဖြစ်လာသည်။ ခတ္တိယ=လယ်မြေတို့၏ အရှင်သခင်၊ လယ်မြေတို့ကို အစိုးရသော၊ လယ်ထွန်ရာတွင် ဇွဲရှိသော ဇွဲကေါင်းသော၊ ခတ္တိယဇာတ် ဖြစ်လာသည်။ ဗြာဟ္မာကြီး၏ ရင်ဖတ်နှင့် လက်မောင်းမှ ခတ္တိယ ဇာတ် ဖြစ်လာ သည်။
(ဂ) ချက် ၀မ်းနှင့် အင်္ဂါစပ်အပိုင်း။ ။ ဗြာဟ္မာကြီး၏ ချက် ၀မ်း အင်္ဂါစပ် အပိုင်းမှ တဏှာနှင့် ငွေကြေးကို လောဘရှိသော အလိုရှိသော ဗြိသ ကုန်သည်ဇာတ်သည် ဖြစ်လာသည်။
(ဃ) ခြေပိုင်း။ ။ ဗြာဟ္မာကြီး၏ ဒူးဂေါင်း ခြေထောက်ပိုင်းမှ ဒုသ(သုဒ္ဓိယ) ဆင်းရဲသောဇာတ် အနွယ်များ ဖြစ်လာသည်။
ဤ ဇာတ် ၄ မျိုး ရှိသောသူ ဇာတ် ၄ မျိုးတွင် ပါဝင်သောသူ အနွယ်ကို သာလျှင် မြမ္မာ သို့မဟုတ် မေ ရမ္မာ သို့မဟုတ် မရမာ အဖြစ် သတ်မှတ်သည်။ ခေါ်သည်၊ နာမည်ခံသည်။ ဘာသာခံရသည်။
ဤကါး ရခိုင်သားတို့ မိရိုးဖလာ ခံယူလာသော လူသည် ဗြာဟ္မာ သို့မဟုတ် မြမ္မာ မှ ဆင်းသက် လာသည် ဟူသော ရိုးရာ အယူအဆတည်း။( မှတ်ချက်။ ။ သုဒ္ဓိယ=ဆင်းရဲခြင်းရှိသောသူ၊ အစားကြမ်း၊ အနေအထိုင်ကြမ်း အသွားအလာကြမ်း၊ အပြောအဆိုကြမ်း၊ အလုပ်အကိုင်ကြမ်း၊ အမူအကျင့်ကြမ်း၊ စသည့် စရိုက်လက္ခဏာ ကြမ်းတမ်းစွာ ရှိသူတို့ကို သုဒ္ဓိယ ဇာတ် ဟု ခေါ်သည်။)
(ခ) ဇာတ်နှင့်ရခိုင်သား
၁။ မူလ။ ။ ရခိုင်လူမျိုးသည် ဗြာဟ္မာမှ ဆင်းသက်လာသည်။
၂။ ဇာတိ။ ။ ရခိုင်သားသည် လူဇာတိ ဖြစ်သည်။ (လူ=ငါ၊ ဗြာဟ္မမှ ဆင်းသက်မလာသော သူတို့ကို လူ ဟူ၍ မသတ်မှတ် )
၃။ ဇာတ်။ ။ ရခိုင်သားသည် ခတ္တိယဇာတ်ဖြစ်သည်။ ခတ္တိယ မှ၊ သာဂိယ နှင့်မရမာ ဟူ၍ ၂ မျိုး ဖြစ်လာသည်။ ရခိုင်သားသည် မြမ္မာဇာတ် အဖြစ်ခံယူ၍ ဗြာဟ္မာကြီး၏ နှလုံးမှ ဖြစ်လာသည်ဟု ခံယူသည်။ ပဖဘဗမ၊ ကြာသပတေး ရက်ကို အစိုးရသော မြမ္မာဇာတ် အနောက်ဖက်တွင်နေထိုင်သည်။
၎။ အဖသျှင်။ ။ ။ အဉ္ဖုနမင်း
၅။ အမိသျှင်။ ။ အိန္ဒမာယု(စာ့၊ ၊သက် မင်းသမီး၊ သက်ပဒေါင်း၊ အရှေ့သက်)
၆။ ဘာသာ။ ။ မရမာဘာသာ (ဘာသာ=ယုံကြည်မှု။ ဗုဒ္ဓ၀ါဒ ကို ဘာသာ အဖြစ်ဖြင့် လက်ခံလာကြသည်။)
၇။ လူမျိုးအမည်(၀ံသ)။ ။ ရခိုင်သား နာမည် အဖြစ်ကို ခံယူသည်။ (ရက္ခ၀ံသ=ရခိုင်)
၈။ အခြေစိုက်နေထိုင်ရာဒေသ။ ။ ရခိုင်ပြည် (အာလ၀ီတိုင်း၊ အယုဇ္ဇပူရတိုင်း၊ အ၀င်္ဂတိုင်း၊ အ၀န္တိတိုင်း၊ မဟာဝိဟိံကတိုင်း၊ ဓည၀တီတိုင်း၊ ရက္ခပူရတိုင်း၊ မဟိံသကတိုင်း နာမည်ပေါင်း များစွာရှိသည်။ အကျယ်အ၀န်းမှာ အနောက်ဖက်တွင် မဇ္ဈိမတိုင်းနှင့်  တစပ်တည်း ဖြစ်သည်။) ဤသည်ကါး ရခိုင်သားအစတည်း။    
(ဂ)လက်ဦးအစရခိုင်ကြီးများသို့မဟုတ်အာရီယာန်အနွယ်သုံးမျိုး
(၁) ရေကြည်သား (ရီကြိုင်သား)
(၂) မာ့ရိုးသား( ဗြာဟ္မဏများ)
(၃) ကေါက်ကတန်းသားများ(မရမာများ)
ဤအနွယ် သုံးခုသည် လက်ဦးအစ အာရီယာန် ရခိုင်သားများ ဖြစ်သည်။
(၁) ရေကြည်သား(ရီကြိုင်သားခေါ်မဂဓ တိုင်းသားများ)
သမိုင်းနောက်ခံ
ဗုဒ္ဓမြတ်စွာ မပွင့်မှီ ရှေးပဝေသဏီအချိန်က အိန္ဒြိယတိုက် မဇ္ဈိမဒေသ မာဂဓ တိုင်းပြည်ကြီးတွင် ဘိုးတော် ၀ရသင်္ခမင်းကြီး ထီးနန်းစိုးအုပ်လေသည်။ ထိုမင်းကြီးသည် သားငယ်ဖြစ်သော ရတနာ မင်းသားကို ခေါ်လျှက် မဂဓ တိုင်း၏ အရှေ့ဘက်ရှိ ဘာဂီရနဒီ (ဘာဂဲရနော်ဒီ၊ ဘာဂဲ=ကျား။ နော်ဒီ=မြစ်) အရှေ့ဘက် ခရိုင်ခြား၍ အပိုင်စားပေးလေ၏။
ထိုရတနာမင်းသားသည် နောက်လိုက်အသင်းသားတို့ကို ခေါ်ဆောင်ယူလျှက် အလ၀ီမည်သောမြို့ကိုတည်၍ စိုးစံလေ၏။ ထိုမြို့ကိုအစွဲပြု၍ ရခိုင်ပြည်ကို အာလ၀ီတိုင်း ဟူ၍ လူတို့ ခေါ်ကုန်၏။ လူအပေါင်းတို့မှာ နှလုံးသိမ်မွေ့သည့် အတွက် မရမာ ဟူ၍လည်း ပါဠိ ဘာသာဖြင့် တဖန် ခေါ်ကုန်၏။ ထို မရမာ ဟူသည်ကါး ရခိုင်တို့၏ ဘာသာစာကို ခေါ်သတည်း။ ထိုမရမာတို့ကို တဖန် ရေကြည်ရာ မြက်နုရာ ရှာ၍ နေထိုင် လာကြသည့် အတွက် ရေကြည်သား(ရီကြိုင်သား) ဟု ခေါ်ကုန်၏။ ရခိုင်သားအစ ရကြိုင်သား ဟူသည်ကါး မာဂဓ တိုင်းသား ခတ္တိယ အာရီယန်အနွယ် မင်းမျိုးများဖြစ်သတည်း။(မရမာ=မေ ရမ္မာ၊ မြမ္မာ၊ မေ=ငါ၊ ရမ္မ=မွေ့ခြင်း၊ ဘာသာပြန်လျှင် နှလုံးသိမ်မွေ့နူးညံ့သော ဇာတ် ဟူ၍ ရသည်။)
(၂) မာ့ရိုးသား ခေါ် ဗြာဟ္မဏများ
ဘီစီ ၃၃၂၅ ခု သို့ သက္ကရာဇ် ရောက်လတ်သောအခါ ကပိလ၀တ် ပြည်မှ ထွက်လာကြသော ၀ါသုဒေ၀ ဗလဒေ၀ အဉ္စနဒေ၀ီတို့သည် ရက္ခပူရတိုင်း အာကါပျံဝဲ ဒွါရာဝတီ သံတွဲမြို့တွင် ထီးနန်းစိုက်လျှက် နေစဉ် ဘီလူးရန်ကြောင့် အဉ္စဒေ၀ီနှင့် ပရောဟိတ် ပုဏ္ဏားတို့သည် မြောက်ဘက်သို့ ဆန်တက်ကါ ဝေသာလီ မြို့ဟောင်းတွင် ထီးနန်းစိုးစံ လေသည်။
ထိုမင်းဆက်သည်ကါး ခတ္တိယအနွယ် အဉ္စနဒေ၀ီနှင့် ဗြာဟ္မဏအနွယ် ပရောဟိတ် ပုဏ္ဏားဇာတ်တို့ ထိမ်းမြားရာမှ ဖြစ်ပေါ်လာသော ပုဏ္ဏားမင်းဆက် ဖြစ်သတည်း။
ထိုပုဏ္ဏားမင်းဆက်ကို မာ့ရိုး (လမ်းဟောင်းအတိုင်းလာသူ) သား ဟူ၍ ခေါ်ကုန်၏။ ဤသည်ကါး ဒုတိယအကြိမ် ရခိုင်ပြည်ကို တည်ထောင်သော အာရီယာန် အနွယ်တို့ ဖြစ်သတည်း။
(၃) ကေါက်ကတန်းသားများ(မရမာများ)
ကပိလ၀တ်ပြည်မှ အဉ္ဖုန မင်းကြီးသည် လူဝတ်ကြောင်ကို စွန့်လျှက် ရသေ့ပြုကါ ဂစ္ဆပနဒီ မြစ်ဖျားတွင် နေထိုင်၏။ ထိုရသေ့နှင့် အိန္ဒမာယု(သက်) စာ့မင်းသမီးတို့ သင့်မြတ်ရာမှ မာရယုကို မွေးသည်။ ထိုမာရယုကို မြို လူမျိုး သင်းထီး ရအောင်လာ ကေါက်ယူမွေးစားသည်။ ထိုမာရယု ကြီးမြင့် လာသောအခါ သင်းထီး ရအောင်လာ သမီး မြိုမ ပိန်ညှာနှင့် လင်မယားပြုသည်။ ထိုမာရယုသည် မင်းစိတ် ရှိ၍ မြို အသင်းသား လူမျိုးတို့ကို ခေါ်ယူ၍ ဓည၀တီ လွင်ပြင်သို့ ဆင်းလာကါ ဓည၀တီ မြို့ကို တည်ထောင် လေသည်။ မာရယု မင်းကြီး ဘိသိတ်ခံသော မိဖုရားမှာကါး ဗြာဟ္မဏရာဇာနှင့် အဉ္စနဒေ၀ီမင်းသမီး တို့မှ ဆင်းသက်လာသော ပုဏ်ဋေးမ ရုစိမာလာ (ရုစိ=အရသာရှိသော၊ မာလာ=ပုလဲသွယ် ပန်း) ဖြစ်သတည်း။ ထို့ကြောင့် ရခိုင်သားစစ်လျှင် မြို ချင်း ခမီး ဟူ၍ ပြောလေ့ရှိသည်။
ဤမာရယု အမျိုး အနွယ် အစဉ်အဆက်ကို မြိုတို့ ကေါက်ယူမွေးစားသဖြင့် လူလားမြောက်လာသည့် အတွက် ကေါက်ကတန်းသား ဟုခေါ်သည်။ ထိုကေါက်ကတန်း သား မင်းစဉ် မင်းဆက်သည် မရမာ ဟူ၍ မိမိကိုယ်ကို ပြောဆိုသဖြင့် မရမာအနွယ် ဟုလည်း ခေါ်သတည်း။
ဤသည်ကါး တတိယ အကြိမ် ရခိုင်ပြည်ကို အာရိယာန်တို့ တည်ထောင် အုပ်ချုပ်သော သမိုင်း နောက်ခံ ဖြစ်သတည်း။  
ရခိုင်သားအနွယ်များ၏မိခင်ကိုအခေါ်များ    
၁။ ချောင်းသား ………..အမိကို  အယောင်း ဟုခေါ် သည်။
၂။ ကလက်သား………အမိကို ………. အမင် ဟုခေါ်သည်။
၃။ ၀နွယ်သား…………… အမိကို ………….အမိုင်း ဟုခေါ်သည်။
၎။ ၀ယဉ်သား  ………. အမိကို………….အဒေါ် ဟုခေါ်သည်။
၅။ လေးမြို့သား …….. အမိကို……အမင် အမိုင် ဟုခေါ်သည်။
၆။ ကျောက်ဖျာသား ……. အမိကို…… အီးယောင် (မေမေ) ဟုခေါ်သည်။
၇။ မာ့ရိုးသား …….. အမိကို…..   အဒေါ် ဟုခေါ်သည်။
၈။ ရမ်းဗြဲသား …….. အမိကို……  အီးယောင်၊ အီးယေ ဟုခေါ်သည်။
၉။ စရိမ်းသား……. အမိကို……အဒေါ် ဟုခေါ်သည်။
၁၀။ ကောက်ကတန်းသား……. အမိကို……. အဒေါ် ဟုခေါ်သည်။
၁၁။ ဖရင်းသား……… အမိကို……..အဒေါ်မိ ဟုခေါ်သည်။
၁၂။ ဖလံသား ……….. အမိကို……….  အဒေါ် ဟုခေါ်သည်။
၁၃။ ခမဲထောင်သား………..အမိကို…………အမယ်၊ အမိုင်း ဟုခေါ်သည်။
၁၄။ ရေကြည်သား …………အမိကို………အဒေါ် ဟုခေါ်သည်။
၁၅။ သက်ပြည်ကျ ………….အမိကို ……..အမင် ဟုခေါ်သည်။
၁၆။ ရဘိန်းသား………. …….အမိကို……………အမေ ဟုခေါ်သည်။
၁၇။ လောင်းကတုန်းသား ….အမိကို………အဒေါ် ဟုခေါ်သည်။
၁၈။ မဇည်းသား…………. …..အမိကို…………. ၀ှာအမိ ဟုခေါ်သည်။
ဤသည်ကါး နေရပ်ဒေသ ကို အစွဲပြု၍ လည်းကေါင်း စကါးအပြော အဆို အသံ ကွဲပြားသည်ကို အစွဲ ပြု၍ လည်းကေါင်း ထေါင်တည် အစု ရွာတည် အစုတို့ကို အစွဲပြု၍ လည်းကေါင်း မြစ် ချောင်းကို အစွဲပြု၍ လည်းကေါင်း ကွဲပြားသော်လည်း ဤအစုငယ်မှန်သမျှသည် ရခိုင်စကါး ဝေါဟာရ မရမာတဘာသာကိုသာလျှင် ပြောသည့် အတွက် ရခိုင်ဟု ခေါ်၏။ (မှတ်ချက်။ ။ ကရင်ကို ရဘိန်းဟုခေါ်သည်။ အထူးသဖြင့် ရခိုင်နှင့် စပ်သော အနွယ်ဖြစ်သည်။ သံတွဲသားသည် ရဘိန်းသားပင်ဖြစ်ပုံရသည်။ ရဘိန်းမှ ကရင် အဘယ်သို့ ဖြစ်သွားသည်ကို သုတေသန ပြုသင့်သည်။ ဆက်ရန်
ဦးကျော်ခိုင် ရခိုင်ပြည်
___________
အင်တာနက် မော်ကွန်း
http://archive.fo/BaINX

http://archive.fo/7LQcR


Comments