Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မဟာမုနိ အစဥ္အလာ

မဟာမုနိ အစဥ္အလာ
&&&&&&&&&&&&&&&&&&&
Pamela Gutman ၏ Burma's Lost Kingdoms ကို
KMS-MAZ-Tony က မြန်မာပြန်သည်။

အာရကန်လူမျိုးများက မဟာပညာရှိ ဗုဒ္ဓ၏ ဤကမ္ဘာမြေပြင်ပေါ်တွင် တစ်ခုတည်းသာရှိနေသော ပုံပွားအမှန်ဟု ယုံကြည်ထားကြသော မဟာမုနိရုပ်ပွားတော်ကြီးသည် အာရကန်ဒေသသမိုင်းကြောင်းအားလုံး၏ပင်မမဏ္ဍိုင်ပင်ဖြစ်ပေသည်။ ရခိုင်ရာဇဝင်များတွင် ပုဂံပြည်၏လွှမ်းမိုးမှုသြဇာအောက်တွင် ထေရဝါဒဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်လာကာ သီရိလင်္ကာရှိ ပါဠိစာပေကျမ်းဂန်များမှ ထင်ထင်ရှာရှား အရင်းခံသော ထေရဝါဒဆိုင်ရာအယူဝါဒများ တဖြည်းဖြည်းပေါင်းထည့်ကြီးထွားများပြားလာခြင်း၏ နောက်ဓလေ့ထုံးတမ်းအလျဉ်ကို ထည့်သွင်းရေးသားကြသည်။

အစဉ်အလာယုံကြည်မှုက မဟာမုနိရုပ်ပွားတော်ကြီးသွန်းလုပ်မှုကို ရခိုင်နိုင်ငံတွင် စန္ဒသူရိယဘုရင်အုပ်ချုပ်နေစဉ်ကာလ ဗုဒ္ဓ၏လက်ထက်တော်ဟု သတ်မှတ်ထားသည်။ စန္ဒသူရိယသည် ဗုဒ္ဓ၏သင်ကြားမှုကို နာယူကာ ၄င်းကိုပူဇော်ကန်တော့ဖူးမျှော်လိုသော ဆန္ဒပြင်းပြခဲ့သည်ဟုဆိုသည်။ အိန္ဒိယရှိ သာဝတ္ထိတွင် သီတင်းသုံးနေသော ဗုဒ္ဓရှင်တော်သည် ဤအခြင်းအရာကို သတိပြုမိကာ သူ၏တပည့် အာနန္ဒာကို ကြောက်မက်ဖွယ်ရာသော နဂါး (ခေါ်) မြွေမိစ္ဆာများစိုးမိုးအုပ်ချုပ်သည့် ပင်လယ်များနှင့် မြစ်ပြင်ကျယ်ကြီးများကို ဖြတ်ကူးလျှက် ဘုရားဖူးရန်လာမည့်ခရီးမှာ ဘုရင်အတွက် အန္တရာယ်ကြီးမားလွန်းလှသည်ဟု မိန့်ကြားခဲ့သည်။

သို့နှင့် သူ၏တပည့် ငါးရာနှင့်တူတကွ သူသည် လေကိုဖြတ်လျှက် ကောင်းကင်ခရီးဖြင့်ကြွကာ ကျောက်တော်မြို့၏တဖက်ကမ်းရှိ သေလာဂီရိတောင်ကုးပေါ်တွင် သက်ဆင်းလေ၏။ ဤနေရာ၌ ဗုဒ္ဓသည် သူ၏ရှေးဘဝများတွင် ၄င်းဒေသ၌ နေထိုင်ခဲ့စဉ်က နေရာများတွင် ပရိနိဗ္ဗာန်စံရာမှကြွင်းကျန်ရစ်မည့် ဓါတ်တော်မွေတော်များကို နိုင်ငံအနှံ့တွင် စေတီများစွာကိုတည်ထားလိမ့်မည် ဗျာဒိတ်ပေးခဲ့သည်။

ဤမြွက်ဟချက်ကြောင့် မြေပြင်သည် တုန်လှုပ်ကာ သမုဒ္ဒရာများ ဆူပွက်ကုန်သည်။ ဘုရင်စန္ဒသူရိယသည် ထိတ်လန့်ကာ သူ၏နက္ခတ်ဗေဒင်ပညာရှိတို့ကို ဤထင်ရှားသော နိမိတ်လက္ခဏာများအကြောင်းကို မေးလေ၏။

ဗုဒ္ဓရောက်ရှိမှုအကြောင်းကို ပြောပြသောအခါ သူသည် သူ၏မိဖုရားခေါင်ကြီး စန္ဒြမာလာနှင့် ရာပေါင်းများစွာသော အပျိုတော်များနှင့် သူ၏ ဝန်ကြီးများနှင့်အတူ သေလာဂီရိသို့ ကြွတော်မူ၏။ ဘုရင်သည် ဗုဒ္ဓကို ရိုသေစွာပူဇော်ကန်တော့၏။ေုဒ္ဓသည် သူ့ကို တရားဓမ္မကို ညွှန်ကြားပြသ၏။ ထို့နောက် သူသည် ဓညဝတီမြို့တော်သို့ ခုနစ်ရက်ကြာလာရောက်ရန် သဘောတူ၏။ သူပြန်မကြွမီ သူ၏နိဗ္ဗာန်နောက်ပိုင်း နှစ် ၅၀၀၀ ကြာအောင် ရိုသေလေးစားပူဇော်ခံရမည့် သူ၏ ဆက်ဆံသူအဖြစ် ပုံတူရုပ်ပွားတော်ထားရစ်ခဲ့မည်ဟု သဘောတူသည်။

တန်ခိုးကြီးမားသော ရုပ်ပွားတော်ကို သိကြားနှင့် ကောင်းကင်နှင့်ဆိုင်သော ဗိသုကာ ဗစ္စဗကာမန်တို့က နန်းတော်၏အရှေ့မြောက်ဖက်ရှိ သီရိဂုတ္တတောင်ကုန်းပေါ်တွင် တည်ဆောက်ကြသည်။ ပညာရှိကြီး ဗုဒ္ဓက ရုပ်ပွားတော်ကို အသက်သွင်းလိုက်သည့်အခါ ဗုဒ္ဓနှစ်ပါးရှိနေသကဲ့သို့ ပေါ်ပေါက်လာသည်။ ထူးဆန်းအံ့သြဖွယ်ရာသော လက္ခဏာများပေါ်ပေါက်လာသည်။ ကမ္ဘာမြေပြင်လှုပ်ခါသည်။ ထို့ပြင် ရုပ်ပွားတော်သည် အသက်ရှိဘိသကဲ့သို့ တဖြည်းဖြည်းထတော်မူကာ သူ၏အစ်ကိုကြီး ဂေါတမကို ကြိုဆိုသည့်အဟန်ဖြင့် မတ်တပ်ရပ်တော်မူသည်။ ဗုဒ္ဓသည် ထို့နောက်တွင် သူ၏တပည့်များနှင့်အတူ ထတော်မူ၍ သံတွဲမြိံဖက်ဆီသို့ ကောင်းကင်ခရီးကြွတော်မူသည်။

ထိုအချိန်တွင်ပင် ဘုရင်သည် သူ၏နန်းတော်နေလူများနှင့် လက်အောက်ခံများနှင့်အတူတကွ ပွဲသဘင်များ ဆင်ယင်ကျင်းပကာ သူ၏ ဤတစ်ဆူတည်းသော ရုပ်ပွားတော်အစစ်ကို ရှိခိုးပူဇော်ကြလေသည်။

မဟာမုနိရုပ်ပွားတော်၏ တန်ခိုးအာနုဘော်မှာ ယုံကြည်သက်ဝင်သူတို့ ချဉ်းကပ်လာလျှင် ၄င်းမှ ရောင်ခြည်တော် ခြောက်သွယ်ထွက်ပေါ်ကာ မယုံကြည်သူမိစ္ဆာဒတ္ထိတို့ရှိခိုးဖူးမျှော်သောအခါ အရောင်ညှိုးမှိန်သည်ဟူ၏။ ရုပ်ပွားတော်၏ အိမ်ဂေဟာပတ်လည်တွင် အရေးပါသောနေရာများ၌ နေရာချထားသော ကျောက်ရုပ်များသည် မသမာသော ကြံရွယ်ချက်ဖြင့် ချဉ်းကပ်လာသောပုဂ္ဂိုလ်တို့ကို ဖယ်ရှားပေး၏။

ဝေသာလီ၏ ပထမဆုံးဘုရင်သည် ကုန်းတော်ကို ပြန်လည်တည်ဆောက်ကာ ရုပ်ပွားတော်အတွက် ကျောက်တုံးပလ္လင် အသစ်တုခုကို တည်ထောင်ခဲ့သည်ဆိုခံချိန်ထိမှလွဲ၍ နောက်ထပ် ရှေးမှတ်တမ်းမရှိပေ။ သူ၏ဆက်ခံသူများလည်း မဟာမုနိကုန်းတော်ကို ပြုပြင်မှုများပြုကြပြီး ပုဂံနှင့် သီရီလင်္ကာမှ ရဟန်းများက ရှိခိုးဖူးမျှော်ရန်လာကြ၏။ ပျူ၊ ဗမာနှင့် မွန်ဘုရင်များသည် တန်ခိုးကြီးမားသောမဟာမုနိရုပ်ပွားတော်ကို ရယူလိုသည့်ရည်ရွယ်ချက်ဖြင့် အာရကန်ကို ကျူးကျော်တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုကြသည်။ ၄င်းတို့အနက် မည်သူမျှ မအောင်မြင်ခဲ့ကြပေ။ သို့သော် အချို့သည် ကုန်းတော်ကို ပြုပြင်မှုများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

တစ်ဆယ့်နှစ်ရာစုလောက်တွင် မဟာမုနိကျောင်းတော်နှင့် ရုပ်ပွားတော်ပျောက်ဆုံးခဲ့သည်။ သို့သော် လေးမြို့ဘုရင်တစ်ပါးက ရှာဖွေတွေ့ရှိခဲ့ပြီး ပြန်လည်တည်ဆောက်ခဲ့သည်။ သူ၏ဆက်ခံသူများက မဟာမုနိရုပ်ပွားတော်ကိုးကွယ်မှုဂိုဏ်းကို ဆက်လက်ထောက်ပံ့ခဲ့သည်။

မြောက်ဦးမင်းဆက်ကိုတည်ထောင်သူ မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိကုန်းတော်သို့ လမ်းမတစ်ခုဖေါက်လုပ်ခဲ့ကာ တော်ဝင်ဘုရားဖူးခရီးစဉ် အစဉ်အလာကို စတင်ခဲ့သည်။ တစ်ဆယ့်ခြောက်ရာစုတွင် ဘုရင်မင်းပင်သည် မူရင်းနှင့်ဆင်တူသော ရုပ်ပွားတော်အများအပြားကို ထုလုပ်၍ မြောက်ဦးရှိ သျှစ်သောင်းပုထိုးတော်အပါအဝင် နိုင်ငံပတ်လည်တွင်ထားရှိရန် အမိန့်ပေးခဲ့သည်။

AD 1784 တွင် ဗမာဘုရင် ဘိုးတော်ဘုရားသည် အာရကန်ကိုအောင်နိုင်ခဲ့သည်။ နိုင်ငံ၏ …… ဖြစ်သော မဟာမုနိရုပ်ပွားတော်ကို မန္တလေးသို့ ယူဆောင်သွားခဲ့ကာ ထိုမြို့တွင် ကောင်းမွန်စွာ ကျောင်းဆောက်လှူဒါန်းကာထားရာ ဗါးမားတွင် တန်ခိုးအကြီးဆုံးရုပ်ပွာတော်တစ်ဆူအဖြစ် ယနေ့တိုင်အောင် သတ်မှတ်ထားကြဆဲဖြစ်သည်။

ရှေးဟောင်းရတာကြီးကို ဆုံးရှုံးလိုက်ရခြင်းသည်၏ အကြာမြင့်မီတွင် ဗြိတိသျှအုပ်ချုပ်မှုကို လက်နက်ချလိုက်ရသော ရခိုင်လူမျိုးများကို နက်ရှိုင်းစွာခံစားရစေသည်။ 1867 တွင် ရခိုင်တွင်အခြေချခဲ့သော လာအိုတစ်ဦးသည် တောကြီးမျက်မည်းဖြစ်နေသည်ကို ရှင်းလင်းကာ မဟာမုနိကုန်းတော်၏ အနီတဝိုက်တွင်တွေ့ရှိရသော ကျောက်ရုပ်ထုများအတွက် ကျောင်းတော်တစ်ခုကို တည်ထောင်ခဲ့သည်။

နောင် အနှစ် ၈၀ ခန့်အကြာတါင် နောက်ထပ် ပြင်ဆင်မွမ်းမံမှုကိုဆောင်ရွက်ခဲ့ရာ အနိမ့်ပိုင်းပစ္စယံများကို ပြင်ဆင်မွမ်းမံခဲ့ပြီး မန္တလေးရှိ မူရင်းရုပ်ပွားတော်မှ ပုံတူကူးထားသော ကြေးညိုရုပ်ပွားတော်တစ်ဆူကို ထားရှိခဲ့သည်။ ယနေ့အခါတွင် ရခိုင်ဒေသမှ မူလကျောင်းတော်နေရာသည် ဘားမားနှင့် ထိုထက်ပိုဝေးသောအရပ်တို့မှ အဆင့်မြင့်ပုဂ္ဂိုလ်များ လာရောက်ဆင်းသက်ရန် လက်ခံသော ရဟတ်ယဉ်ကွင်းတစ်ခုနှင့်အတူ အရေးပါသော ဘုရားဖူးဌာနတစ်ခုအဖြစ် တဖန်ပြန်ဖြစ်လာသည်။

မဟာမုနိဘုရားဝင်းသည် ဓညဝတီနန်းတော်ရာ၏ အရှေ့မြောက်ဖက်ရှိ တောင်ကုန်းငယ်တခုကို ဝန်းရံပတ်ထားသည်။ ရာစုနှစ်များစွာကြာအောင် ၄င်းကုန်းတော်သည် ဗုဒ္ဓဘာသာဘုရားဖူးများ၏ ဗဟိုဌာနဖြစ်ခဲ့သလို ကျူးကျော်သူများလက်အောက်တွင် ရခိုင်နိုင်ငံခံစားရချိန်တွင် မေ့လျော့ခံခဲ့ရသည်။

မဟာမုနိဘုရားဝင်း၏ မူလပုံသဏ္ဍာန်၏ အကြွင်းအကျန် ဘာမျှမရှိပေ။ သို့သော် ကောင်းကင်ဓါတ်ပုံများမှ ဘုရားဝင်း၏ ယနေ့ရှိနေသောအခင်းအကျင်းပုံစံသည် ၄င်း၏ မူရင်းပုံစံနှင့် နီးကပ်စွာဆင်တူကြောင်း မြင်ရသည်။ ကျောင်းတော်သည် စတုဂံပုံနံရံ၏ အတွင်း၌ရှိနေကာ အဓိကနေရာလေးခု၌ ဝင်ပေါက်နေရာများရှိပြီး အရေးအပါဆုံးဝင်ပေါက်မှာ အရှေ့ဖက်ပေါက်ဖြစ်သည်။

ကျောင်းတော်ကိုယ်ထည်မှာ စတုရန်းပုံဖြစ်၍ အရှေ့ဖက်သည် လှည့်လျက်ရှိကာ စတုရန်းနီးပါးကျကျ ကျယ်ပြန့်သော စင်္ကြံနှစ်ခုပေါ်တွင် မြင့်တက်လျက်တည်ရှိသည်။ ပထမစင်္ကြံ၏ အရှေ့တောင်ဖက်နှင့် အရှေ့မြောက်ဖက်တွင် ပဓါနကျသောရုပ်ပွားတော်ကို ရေသပ္ပာယ်ခြင်းများပြုလုပ်ရန်အတွက် ရေလှောင်ကန်ကြီးများ(သို့) ရေအိုင်များရှိသည်။

ရုပ်ပွားတော်ထားရှိရာကျောင်းတော်တခုအတွက် အိန္ဒိယဆိုင်ရာစံနှုန်းပုံစံတခုမျှ အထက်စင်္ကြံများတွင် မရှိနေပေ။ သို့သော် အဖြစ်နိုင်ဆုံးသော မဟာမုနိကျောင်းတော်၏ မူလပုံစံကို အိန္ဒိယအရှေ့မြောက်ပိုင်းရှိ နာလန္ဒာမှ ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများတည်ရာ ဗဟိုဌာန၌ရှိသည့် ပင်မပုထိုးတော်၏ AD 6 ရာစုမတိုင်မီ ဗိသုကာအဆင့်များတွင်တွေ့ရှိနိုင်ပေလိမ့်မည်။

(ဆက်ရန်) Credit U Kyaw Tun Aung

Comments