Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ထိုင်းဘုရင် ဗြနရစ် ၏ တောင်ငူမြို့ကိုလုပ်ကြံခန်း နှင်

ထိုင်းဘုရင် ဗြနရစ် ၏ တောင်ငူမြို့ကိုလုပ်ကြံခန်း နှင့်
ယနေ့တိုင်မပြီးနိုင်သော အယုဒ္ဓယ၏ ငိုချင်းရှည်

==========================

အေဒီ ၁၅၈၁ ခုနှစ်တွင် ဘုရင့်နောင်မင်းတြားကြီး နတ်ရွာစံပြီးနောက် သားတော် နန္ဒဘုရင်က ထီးနန်းကို ဆက်ခံခဲ့သည်။ ထိုမင်းသည် ဘုရင့်နောင်မင်းကြီး၏ ကျယ်ပြန့်သော ဟံသာဝတီဧကရာဇ်နိုင်ငံတော်ကြီးကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ချေ။

ထို့ပြင် သားတော်များ၏ အရည်အချင်းညံ့ဖျင်းမှုနှင့် လက်အောက်ခံတို့၏ မခန့်လေးစား ရိုင်းပျ ပုန်ကန်မှုများကို မနှိမ်နင်းနိုင်မှုတို့ကြောင့် ဟံသာဝတီထီးနန်းသည် တန်ခိုးအင်အားများစွာ ယုတ်လျော့ခဲ့သည်။

အေဒီ၁၅၉၉ ခုနှစ်တွင် တောင်ငူဘုရင်သည် ရခိုင်ဘုရင်အား စစ်ကူတောင်းကာ ကြည်းတပ်၊ရေတပ် စုံလင်စွာဖြင့် ဟံသာဝတီကို လုပ်ကြံသည်။

အောင်မြင်သောအခါ တောင်ငူမင်းသည် ကတိအတိုင်း ရခိုင်မင်းကို ဆင်ကြီး၊မြင်းကြီး သမီးကညာ များ ပေးအပ်ခဲ့သည်။ ( ရတနာသေတ္တာများကို သယ်ရသည့် အမှုထမ်းပင် သုံးထောင်ခန့် ရှိသည် ဟု မှတ်တမ်းများက ဆိုသည်။ )

ရခိုင်မင်းသည် ဘုရင့်နောင်မင်းကြီး ယိုးဒယားမှ ယူဆောင်လာသော ဆင်ဖြူလေးစီး၊ ကြေးရုပ်ကြီးများ အပါအ၀င် ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးမှ သံတိုမယ်နပါမကျန် ခွာယူကာ ရခိုင်ပြည်သို့ သယ်သည်။ ( ပေါ်တူဂီတပ်သားများက အမိုးမှ ရွှေပြားအုတ်ကြွပ်များကို လိုချင်လျှင် နန်းတော်ကို မီးတိုက်မှသင့်မည် ဟု လျှောက်တင်သဖြင့် ရွှေနန်းတော်ကြီးကို မီးတိုက်စေကာ မရအရယူသည်)။

တောင်ငူမင်းက မူ နန္ဒဘုရင်နှင့်မိဖုရားများ၊ အခြား အရည်အချင်းရှိ အရာထမ်းအမှုထမ်းအများကို တောင်ငူသို့ယူဆောင်သွားခဲ့သည်။ ( ကျမ်းဂန်စာပေတတ် ရဟန်းများလည်း ပါဝင်သည်ဆို၏။ )

ထိုသတင်းကို ယိုးဒယားမင်း ဗြနရစ် ကြားလျှင် စစ်သည်အင်အားအမြန်စုဆောင်းကာ ဟံသာဝတီသို့ ချီလာခဲ့သည်။ ဟံသာဝတီသို့ရောက်လျှင် သူ့အတွက် ဝေစုခွဲစရာဟူ၍ ပြာပုံများသာ ကျန်သည်ကိုသာ တွေ့ရတော့သည်။

ခဲလေသမျှ သဲရေကျ ဖြစ်သွားသော ဗြနရစ်သည် ပြာပုံများကို ကျုံး၍ပြန်ရန်သာ ရှိတော့သဖြင့် မပြန်ခင် မြန်မာ့မြေမှ အမြတ်ထုတ်သွားမည်ဟု ကြံရွယ်ကာ တောင်ငူကို စစ်အင်အားကြီးစွာ ဖြင့်သွားရောက် ၀န်းရံပြီး နန္ဒဘုရင်ကို ထုတ်ပေးရန်တောင်းဆိုသည်။

" ဟံသာဝတီမင်းကို ဘုရားကဲ့သို့ ကိုးကွယ်လို၍ ငါချီလာသည်။ မင်းကြီးကို ငါ့လက်သို့အပ်လျှင် တောင်ငူကို ငါရန်မပြုဘဲ ပြန်စိမ့်မည် " ဟု ဗြနရစ်က တောင်ငူဘုရင်ထံ သံတမန်စေလွှတ်ကာ တောင်းဆိုသည်။

ထိုတောင်းဆိုချက်ကို တောင်ငူမင်းက " နောင်တော်နန္ဒဘုရင်ကို အဆွေတော် ယိုးဒယားမင်းသာ ဘုရားကဲ့သို့ ကိုးကွယ်လိုသည် မဟုတ်၊ ငါလည်းကိုးကွယ်လို၍ ပင့်လာသည်။ လုံးဝ မပေးနိုင် " ဟု တုံ့ပြန်သည်။

ဗြနရစ်သည် အမျက်ပြင်းစွာဖြင့် တောင်ငူကို လုပ်ကြံသည်။ တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင် ကိုယ်တိုင်ဦးစီးကာ ကျူးကျော်လာသူ ယိုးဒယားတို့ကို ဖိဖိစီးစီး ခုခံခဲ့သည်။

ယိုးဒယားတို့သည် တောင်ငူမြို့ရိုးအနီး တပ်များတည်ကာ အမြောက်ဖြင့်ပစ်သည်။ ကျုံးထဲမှ ရေများကို မြောင်းကြီးတူးကာ ပေါင်းလောင်းမြစ် အတွင်းသို့ ဖောက်ထုတ်သည်။ ( ထိုမြောင်းကို ယနေ့တိုင် ယိုးဒယားပေါက် ဟုခေါ်သည်။ )

ရေတိမ်သွားသော ကျုံးကို လက်ပစ်ကူးပြီး မြို့ရိုးပေါ်သို့ လှေကားထောင်၍ တက်ကြသည့်အခါ တောင်ငူသား တို့က ခဲ၊ လှံတံ၊ ရေနွေးကျိုက်ကျိုက်ဆူ၊ ပွဲလျက်ရည်ပူများ လောင်းချကာ ခုခံသဖြင့် ခရုများ တိုင်ပေါ်မှ လန်ကျသကဲ့သို့ ကျကာ ယိုးဒယားတို့ အထိနာခဲ့သည်။ ( သေသူများသေ၍ မသေသူများမှာလည်း နာလန်မထူနိုင်အောင် ဒဏ်ရာပြင်းစွာရကြသည်။ )

အသေအပျောက်များလာ၍ စိတ်ဓာတ်ကျလာသော တပ်သားများကို အားတက်စေရန် ဗြနရစ်သည် ဓါးကို ပါးစပ်တွင် ကိုက်ကာ မြို့ရိုးကို လှေကားထောင်၍ တက်သည်ဆို၏။ သို့သော်  မြို့ထိပ်ရောက်လျှင် ဗမာတပ်သား တစ်ဦးက လှံဖြင့် ထိုးရာ ဝဲဘက်ရင်ညွှန့်တွင် ဒဏ်ရာပြင်းစွာရသဖြင့် ယာယီနန်းသို့ ပြန်၍ ဆေးကုသရတော့သည်။

ထို့ပြင်  ယိုးဒယားတို့၏ ရိက္ခာတပ်များကို ရခိုင် ဘုရင်က ကြားဖြတ်ဝင်ဝင်တိုက်ကာ ယိုးဒယားတို့ကို ငတ်မွတ်ကျပ်တည်းစေသည်။ တောင်ငူတပ်ကလည်း မကြာခဏဆိုသလို မြို့ပြင်ထွက်၍ အလစ်အငိုက် ၀င်ဝင်တိုက်ရာ ယိုးဒယားတို့ အကျအဆုံးအရေအတွက်များလာသည်။

စိတ်ဓာတ်များလည်း ခြောက်ချားလာကြရာ ဒဏ်ရာကြီးနှင့် ဗြနရစ်က " ရှေ့ကို ချီကြ " ဟုအမိန့်ပေးပြီး၍မှ မကြာခင် ရှေ့တန်းမှ တပ်မှုးများက " ပြန် ဆုတ် ပြန် ဆုတ်" ဟု အမိန့်ပေးကြရသည်အထိ အခြေအနေဆိုးရွားခဲ့သည်။

အခြေအနေမဟန်တော့မှန်း သဘောပေါက်သည့်အခါ ဗြနရစ်သည် အယုဒ္ဓယသို့ ပြန်ဆုတ်ရတော့သည်။  ပြန်ဆုတ်သည့် အခါတွင်လည်း ကောင်းကောင်းမွန်မွန် မပြန်ဘဲ မွန်လူမျိုးခေါင်းဆောင်များအား "သင်တို့ကို ဗမာမင်း၏လက်အောက်မှ ငါလွတ်မြောက်စေပြီးပြီ။ ငါ့အမှုကို ကျေပွန်စွာထမ်းလေ " ဟုဆို၍ ဘွဲ့အမည်ကြီးစွာပေးကာ မော်လမြိုင်၊ တနင်္သာရီတို့ကို မိမိစိတ်တိုင်းကျ ခန့်ထားစီမံခဲ့သည်။ ( တစ်နည်းအားဖြင့် ထိုစဉ်က မွန်-ဗမာ စည်းလုံးမှုကို သပ်သျှို သွေးခွဲခဲ့ခြင်းလည်းဖြစ်သည်။)

ယိုးဒယားမင်းသည် အကြံကြီးစွာဖြင့် တောင်ငူကို လုပ်ကြံသော်လည်း မအောင်မြင်ရခြင်းမှာ- ရိက္ခာပြတ်လပ်မှု၊ တောင်ငူသားတို့၏ ကျစ်လျစ်တောင့်တင်းသော ခံစစ်ဗျူဟာ နှင့် ယိုးဒယားတို့၏ စိတ်ဓာတ်ကျဆင်းမှုတို့ကြောင့် ဖြစ်နိုင်သည် ဟု ထင်မြင်မိပါသည်။

ယနေ့တိုင်မပြီးနိုင်သော အယုဒ္ဓယ၏ ငိုချင်းရှည်

=================================

ကုန်းဘောင်ဧကရာဇ်နိုင်ငံတော် ကိုတည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး နတ်ရွာစံပြီးနောက် သားတော် နောင်တော်ကြီးမင်းက ထီးနန်းအရိုက်အရာကိုဆက်ခံသည်။

ဆက်ခံပြီးနောက် နိုင်ငံနှင့်အ၀ှမ်း ပုန်ကန်မှုများကို ခဲယဉ်းပင်ပန်းစွာ တိုက်ခိုက်ဖြေရှင်းခဲ့ရသည်။ ( အထူးသဖြင့် နယ်စပ်ဒေသများဖြစ်သော လင်းဇင်း၊ ဇင်းမယ်၊ မုတ္တမ၊ တနင်္သာရီ အောက်ပိုင်း ဒေသများကို ယိုးဒယားတို့က စစ်အင်အားဖြင့် သော် လည်းကောင်း လက်နက်အားဖြင့်သော် လည်းကောင်း ထောက်ပံ့ပေးကာ တို့မီးရှို့မီး လုပ်လျက်ရှိသည်။)

နောင်တော်ကြီးမင်းသည် ပုန်ကန်မှုများကို ဖြေရှင်းအပြီး တစ်နှစ်မပြည့်မီမှာပင် အဖျားရောဂါဖြင့် နတ်ရွာစံတော်မူပြီး ညီတော် ဆင်ဖြူရှင် မြေဒူးမင်း နန်းတက်သည်။

မြေဒူးမင်းလက်ထက်တွင် ယိုးဒယားတို့ ပြန်လည် မီးမွှေးပြန်သည်။ ( ထားဝယ်စားကို ပုန်ကန်ရန် မြှောက်ပေးခြင်း၊ မွန်သူပုန်များကို လက်နက်တပ်ဆင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။)

ထားဝယ်စား မင်းရှင်ဇော် ပုန်ကန်ကြောင်းသိလျှင် ဆင်ဖြူရှင်သည် ချက်ချင်းပင် နေပြည်တော်မှ အင်အားကြီးတပ်တစ်တပ်ကို စေလွှတ်ရာ မင်းရှင်ဇော် မခံဝံ့သဖြင့် မြိတ်မြို့သို့ ပြေးဝင်သည်။ ( မြိတ်မြို့တွင်ရှိနေသော ယိုးဒယားတို့က ထားဝယ်စားကို ထုတ်ပေးရန် ငြင်းဆန်သဖြင့် မြိတ်မြို့ကို ကုန်းဘောင်တပ်များ အကြမ်းနည်းဖြင့် သိမ်းပိုက်ခဲ့သည်။)

ဆင်ဖြူရှင်သည် ယိုးဒယားတို့၏ အကောက်ဥာဏ်ကို သိရှိပြီးနောက် နောက်ထပ်ဝင်၍ မရှုပ်နိုင်ရန် ယိုးဒယားနိုင်ငံအလုံးကို သိမ်း၍ ဘုရင်ကိုပါ နန်းချရန် ကြံစည်ပြီး ဗိုလ်ချုပ်မဟာနော်ရထာကို ထားဝယ်စစ်ကြောင်း၊ ဗိုလ်ချုပ်နေမျိုးသီဟပတေ့ကို ဇင်းမယ်စစ်ကြောင်း ချီစေကာ အယုဒ္ဓယသိမ်းစစ်ဆင်ရေး ကိုစတင်ခဲ့သည်။

ဗိုလ်ချုပ်မဟာနော်ရထာသည် ယိုးဒယားနိုင်ငံကို တောင်ဘက်မှ စတင်ထိုးဖောက်ကာ ယိုးဒယားမြို့များကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်ခဲ့သည်။ ဗိုလ်ချုပ်နေမျိုးကလည်း မြောက်ဘက်တစ်လွှား ယိုးဒယားနယ်မြေများကို အနိုင်အထက် စီးနင်းလွှမ်းမိုးနိုင်ခဲ့သည်။ ( အချို့မြို့များသည် မတိုက်ရမီကပင် မြန်မာတပ်များကို သစ္စာခံကာ ပူးပေါင်းလာကြသည်။)

ယိုးဒယားတို့၏ အားနည်းချက်မှာ ဗဟိုနေပြည်တော်နှင့် အဆက်အသွယ်မလုပ်ဘဲ တစ်သီးတစ်ခြား ခုခံကြခြင်းဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာဗိုလ်ချုပ်နှစ်ဦးတို့က ခံမြို့ပေါင်းများစွာကို တစ်မြို့ချင်းစီ ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ချေမှုန်းပြီးနောက် ကုန်းဘောင်တပ်များသည် အယုဒ္ဓယမြို့အနီးတွင် ပေါင်းမိကာ ယိုးဒယားတို့အား နွားကို ခြံလှောင်သကဲ့သို့ စပ်ဆက်ဝန်းရံမိကြလေ၏။

ဝန်းရံထားသည့် မြန်မာတို့ကို ယိုးဒယားတို့သည် မြစ်ကြိုချောင်းကြားမှ လည်းကောင်း ကုန်းကြောင်းမှလည်းကောင်း တိုက်ခိုက်ကြသည်။ ( ရွပ်ရွပ်ချွံချွံလည်း တိုက်ကြရှာပါသည်။ သို့ရာတွင် မည်သို့မျှ မယှဉ်နိုင်ဘဲ အသေအပျောက်များစွာဖြင့် မြို့တွင်းသို့သာ ပြေးဝင်ကြရသည်။)

မိုးရာသီသို့ရောက်တော့မည့်အခါ ယိုးဒယားတို့ ၀မ်းသာအယ်လဲ ဖြစ်ကြသည်။ အယုဒ္ဓယသည် ရေရစ်လည်ဝန်းရံထားသောကြောင့် မိုးကျလျှင် မြန်မာတို့ မ၀န်းရံနိုင်ဘဲ တပ်ပြန်ဆုတ်ရတော့မည် ကို သိသောကြောင့်ဖြစ်သည်။

သို့ရာတွင် ယိုးဒယားတို့ အထင်နှင့် အမြင်လွဲကြရသည်။ အကြောင်းမှာ မြန်မာတို့က ခံမြို့များကို ကုန်းမြင့်များတွင် တည်ဆောက်ကာ ဇင်းမယ်မှ အော်ဒါမှာထားသော လှေသင်္ဘောအမြောက်အများဖြင့် ဆက်လက်ဝန်းရံထားကြသောကြောင့် ဖြစ်သည်။ ( ယိုးဒယားမြေတွင် လယ်ထွန်ကာ စပါးပါ စိုက်လိုက်ကြသေးသည်။)

စိတ်ပျက်သွားသော ယိုးဒယားတို့သည် သူတို့၏ မြို့တံခါးဝကို အုတ်စီ၍ ပိတ်လိုက်ကြလေသည်။

ရေကျသွားသောအခါ ယိုးဒယားမင်းက စတင်၍ အရေးတောင်းလာသည်။ အ၀တ်ဖြူဝတ် ယိုးဒယားလေးဦးကို မြန်မာတပ်ထံ စေလွှတ်ကာ " စည်းစိမ်မပျက် အသက်မသေနေရပါလျှင် အင်းဝမင်းသစ္စာကို ခံပါ့မည်။" ဟုတောင်းဆိုလာသည်။

မြန်မာဗိုလ်ချုပ်တို့က " မြို့ကို မိမိတို့လက်သို့အပ်ပါ။ အမြောက်ညီနောင်ကိုလည်း ပေးရမည်။" ဟုတုံ့ပြန်သည်။

ယိုးဒယားတို့ကလည်း စစ်ကိုသာ ပြေငြိမ်းလိုပြီး လုံးဝ အညံ့ခံရန်ကိုမူ ငြင်းဆိုလိုက်သည်။ ထိုအတောအတွင်း ဗိုလ်ချုပ်မဟာနော်ရထာ နာမကျန်းဖြစ်ကာ ကွယ်လွန်သွားသဖြင့် နှစ်တပ်လုံးကို ဗိုလ်ချုပ်နေမျိုးကသာ ဦးဆောင်ရတော့သည်။

မြန်မာတို့ ဆက်လက်ဝန်းရံထားစဉ် ယိုးဒယားမင်းသားမက် ဗြမုန္ဒရီက အသေခံတပ်မ တစ်ခု ဖွဲ့စည်းကာ တောင်ဘက်ရှိ မြန်မာအုတ်မြို့များကို ၀င်ရောက်စီးနင်းခဲ့သည်။

မြန်မာတို့က ရေကြောင်းရော ကြည်းကြောင်းပါ အင်အားအဆမတန် သုံးကာ တိုက်ခိုက်ခဲ့သော်လည်း ဗြမုန္ဒရီ၏ ကွပ်ကဲမှုပြင်းသဖြင့် ယိုးဒယားရဲမက် တို့သည် သူတို့ဘက်မှသေသည့် ယိုးဒယားအလောင်းကောင်များကိုပါ နင်းခုန်၍ တိုက်ခိုက်ကြသည်။

အုတ်မြို့အတွင်းသို့ ယိုးဒယားအသေခံတပ်သား တစ်ထောင်ခန့် ၀င်ရောက်နိုင်ခဲ့ပြီး မြန်မာတို့နှင့် ထိုးခုတ်ကြရာ ရှစ်ရာကျော်သေ၍ နှစ်ရာကို အရှင်ရသည်။ အခြေအနေမဟန်သည်ကိုသိလျှင် ဗြမုန္ဒရီ ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ယိုးဒယားမင်းသိလျှင် ဒေါသထွက်ကာ-
" သင်တို့အားလုံးသည် ငါ့အမှုတော်ကို ထမ်းသည်ဆိုရာတွင် ရေပြင်ကို အရုပ်ရေးဘိသကဲ့သို့ မည်သည့်အခါမျှ ဖြစ်မြောက်အောင်မြင်သည် မရှိ။ ရှေးအယုဒ္ဓယမင်းတို့လက်ထက်ကတည်းက ထားရှိသည့် မြို့စောင့် အမြောက်ကြီးကို ထုတ်၍ မြန်မာတပ်ရှိရာသို့ ပစ်ခတ်ရန် ပြင်ဆင်ကြစေ။ မြို့နေ ယောကျာ်းမိန်းမ ဟူသမျှတို့လည်း ဘိုးတော်မင်းများ၊ မြို့စောင့်နတ်များ၊ လက်နက်စောင့်နတ်များ ကို နတ်ရကာပွဲအစုံနှင့် ပူဇော်ပသကာ အောင်မြင်စေကြောင်း ဆုတောင်းကြစေ။"

ယိုးဒယားတို့လည်း မြို့စောင့်အမြောက်ကြီးကို ထားရှိရာ တန်ဆောင်းမှ ထုတ်ကာ ပြောင်းစာကျည်ဆံသွတ်၍ ဗိုလ်ချုပ်နေမျိုး တို့စခန်းချရာ အရပ်သို့ချိန်ရွယ်ကာ ပစ်ခတ်သည်။

မီးမကူးသဖြင့် အမြောက်ကြီး၏ ပြောင်းဝကို ငဲ့စောင်းကြည့်ကြရာ ကျည်သွတ်ယမ်းများ အရည်ပျော်ကာ စီးကျလာသည်ကို တွေ့ရလေသည်။ အမြောက်ဆံလုံးကြီးလည်း ဘုတ်ခနဲ ပြန်လည်ပြုတ်ကျလာလေသည်။ ထိုအခါ ယိုးဒယားတို့က-
" အ၀ိဥာဏက ဖြစ်သော သက်မဲ့အမြောက်ကြီးသည်ပင် အင်းဝဆင်ဖြူရှင်ထံ ကျွန်တော် ခံချေပြီ။ သ၀ိဥာဏက ဖြစ်သောငါတို့မူကား ဆိုဖွယ်ရာမရှိ" ဟုတွေးမိကာ ကြောက်ရွံ့ခြင်းပြင်းစွာဖြစ်လေ၏။

များမကြာမီ မြန်မာတို့သည် အယုဒ္ဓယမြို့အောက်ခြေကို ဥမင်တူးကာ လောင်စာအပြည့်သွတ်၍ မီးရှို့လေ၏။ မြို့ရိုးကိုထောက်ထားသော ဖောင်ဒေးရှင်းသစ်လုံးများ မီးကျွမ်းကာ တာတစ်ရာကျော်နီးပါး ပြိုကျသည်။

ပြိုကျသည့်နေရာမှ ဆင်လုံးမြင်းရင်းအများဝင်ကာ အယုဒ္ဓယမြို့ကို စီးနင်းကာ အနှစ်ရှိသမျှကို လုယူကြသည်။ ( ယိုးဒယားတို့ကမူ မြန်မာတို့သည် ဘုရားပုထိုးများကို ဖောက်ကာ ရတနာများကို ယူကြသည် ဆိုသော်လည်း ရုန်းရင်းဆန်ခတ်အခြေအနေတွင် ထွက်ပြေးကြမည့် ယိုးဒယားတို့လည်း မဖောက်ယူပါဟု မဆိုနိုင်ပေ။)

ယိုးဒယားမင်းကို မြန်မာတပ်များလိုက်ရှာရာတွင် တံခါးအနီး စိန်ပြောင်းသင့်ကာ နတ်ရွာစံနေသည်ကို တွေ့သဖြင့် ၀တ်ကျောင်းတစ်ခုအနီးတွင် မွန်စစ်သူကြီး စုကီ ကိုယ်တိုင် ကောင်းစွာသဂြိုလ်ပေးခဲ့သည်။

အယုဒ္ဓယသည် မြန်မာတို့လက်အောက်တွင် လုံးဝပျက်သုဉ်းခဲ့သည်။ ( ယိုးဒယားတို့က မှတ်တမ်းတင်ရာတွင် ဟံသာဝတီဘုရင့်နောင်မင်းကြီးသည် အယုဒ္ဓယကို မင်းဧကရာဇ်ဆန်ဆန် သိမ်းပိုက်ခဲ့သော်လည်း အင်းဝဆင်ဖြူရှင်ကမူ သူခိုးဓါးပြဆန်ဆန် သိမ်းပိုက်ခဲ့သည် ဟု နာနာကျည်းကျည်း မှတ်တမ်းတင်ခဲ့သည်။)

မြို့ပျက်ကိုလည်း ယနေ့တိုင် လူငယ်ကျောင်းသားလေးများအား လေ့လာရေးခရီးအဖြစ်လည်းကောင်း၊ တိုးရစ်စ် များအတွက် လည်ပတ်ရာနေရာ အဖြစ်လည်းကောင်း ထားကာ မြန်မာတို့ ဤသို့ဤနှယ် ရက်စက်ခဲ့ပါသည်ဟု ယနေ့တိုင် အယုဒ္ဓယ ငိုချင်းရှည်ကြီးကို မပြီးနိုင်မစီးနိုင် အော်ညည်းလျက်ရှိကြလေသတည်း။

#အောင်ဆန်း
(ဗမာပြည်နယ်)

Comments