Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်ဝေသာလီတိုင်းပြည်မှ အာနန္ဒစန္ဒြမင်း၏ ခြေတော်စုံကို ဦးတိုက်ခစားကာ သမီးကညာ ဆက်သပေးအပ်ကြခြင်း။

ရခိုင်ဝေသာလီတိုင်းပြည်မှ အာနန္ဒစန္ဒြမင်း၏  ခြေတော်စုံကို ဦးတိုက်ခစားကာ သမီးကညာ ဆက်သပေးအပ်ကြခြင်း။
============================
*******************************

ရခိုင်ပြည်နယ်မြောက်ဦးမြို့ သျှစ်သောင်းဘုရားတွင် ရခိုင်ဝေသာလီခေတ်မှ သက္ကတဘာသာဖြင့် မှတ်တမ်း တင် ရေးထိုးထားသည့် အာနန္ဒစန္ဒြမင်းကျောက်စာတိုင်ကြီးတစ်တိုင် ရှိပါသည်။ ထိုကျောက်စာ၏အရှေ့ဖက်၊ အနောက်ဖက်၊ မြောက်ဖက်တို့တွင် ကျောက်စာများရေးထိုးပါရှိသည်။ ထိုကျောက်စာ၏ အနောက်ဖက် မျက်နှာစာတွင် ရခိုင်ဝေသာလီပြည်၌ စိုးစံခဲ့သော မင်းဆက်(၃)ကို မှတ်တမ်းတင်ထားသည်ကိုတွေ့ရပေသည်။ ပထမမင်းဆက်တွင်(၁၅)ပါး၊ ဒုတိယမင်းဆက်တွင်(၁၃)ပါး၊ တတိယမင်းဆက်တွင်(၉)ပါး စုစုပေါင်းမင်း(၃၇) ပါး၊ နန်းစံနှစ်ပေါင်း (ကျောက်စာပါ နန်းစံနှစ်အရ ၁၄၁၉) နှစ် ဖြစ်ပေသည်။ ထိုကျောက်စာ၏ ဖတ်ရှု၍ရသော အနောက်ဖက်မျက်နှာစာကို အာနန္ဒစန္ဒြမင်း ရေးထိုးခဲ့သောကြောင့် အာနန္ဒစန္ဒြမင်းကျောက်စာဟု ခေါ်ဆိုကြ သည်။ ယင်းကျောက်စာပါ ဝေသာလီပြည်သည် နတ်ပြည်၏လှပခြင်းကို ပျက်ရယ်ပြုနိုင်လောက် အောင် လှပသော မြို့တော်ဖြစ်ကြောင်း စာကြောင်းရေ (၁၈-၁၉-၂၀) ဂါထာအမှတ် (၂၀-၂၁)တွင် ရေးထိုးထား ပေသည်။

                     ထိုအပြင် ကျောက်စာ၏ စာကြောင်းရေ ( ၄၁-၄၁-၄၃) တို့တွင် လက်အောက်ခံ တိုင်းပြည်များ မှ မင်းအပေါင်းတို့က အာနန္ဒစန္ဒြမင်း၏ ခြေတော်အစုံကို ဦးညွတ်ခစား လာကြ ရသည်။ ထိုသို့ ဦးညွတ်ခစား လာ ကြသော လက်အောက်ခံ တိုင်းပြည်များမှ မင်းအပေါင်းတို့ သည် အလွန်တန်ဖိုး ရှိသော ရတနာစိန်ကျောက် ပတ္တမြားတို့ စီချယ်ထားသည့် မကိုဋ်တော် တို့ကို ဆောင်းထားကြပေသည်။ ထိုသို့ ရတနာ စိန်ကျောက် ပတ္တမြား တို့ စီချယ်ထားသော မကိုဋ်တော်တို့ကို ဆောင်းကာ အာနန္ဒစန္ဒြမင်း၏ ခြေတော်အစုံကို  ဦးညွတ်ခစားကြ သော ကြောင့် ထိုရတနာတို့မှ ထွက်ပေါ်လာသော တောက်ပြောင်သည့် အရောင်တို့သည်  ရခိုင်ေ ၀သာလီပြည့်ရှင် အာနန္ဒစန္ဒြမင်း၏ ခြေတော်အစုံ ကြာပဒုံမာအား နီမြန်သော အရောင်သို့ ပြောင်းလဲသွားသည်အထိ ဖြစ်ပေါ် နေသည်ကို လွန်ခဲ့သော နှစ်ပေါင်း 1369 နှစ်  တိတိကျကျ ဆိုရလျှင် ခရစ်နှစ် 640- 649 အေဒီအတွင်းက ကျောက်စာဖြင့် မှတ်တမ်းတင်ထားသည်ကို တွေ့ရပေသည်။ (ပုံ-၁) ရှု
..

အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၄၄) ၏အနက် အဓိပ္ပါယ် ဖွင့်ဆိုချက်
*********************************************************************
တတ ထိုပြီးနောက် ၊ ယသ် အကြင် (သီရိဓမ္မစန္ဒြ)မင်း၏ ၊ သုတံ သားတော်ဖြစ်သော၊ အာနန္ဒစန္ဒြ- အာနန္ဒစန္ဒြ မင်းသည်၊ ၀ဲရိတမော- တိုင်းပြည်၏ ရန်သူအမိုက်မှောင်တို့ကိုလည်း ၊ဇယတိ-အောင်မြင်လေ၏၊ ယဂေါအတိ တုင်္ဂ- အလွန်ကြီးကျယ်မြင့်မြတ် ထင်ပေါ်ကျော်ကြားေ   သာ မင်းလည်းဖြစ်၏၊  (ဘုဝနဲက=ဘုဝန+ဧက)- လောက တစ်ခုလုံးကို ၊ ၀ိဘူမ - အစိုးရေ သာမင်းလည်းဖြစ်၏ ။ အာနန္ဒယံ (ပြည်သူ အပေါင်း တို့၏) ချစ်ခင်နှစ်သက်ခြင်း ကိုလည်း ခံရသောမင်းလည်းဖြစ်၏။ ပြဏတ- ဦးညွတ်ခစားသော၊ ဘူပတိ -လက်အောက်ခံ မင်းအပေါင်း တို့၏ ၊ မော်လိ - မကိုဋ်သရဖူရှိတို့မှ ၊ မာလာ- ပန်းကုံးသဖွယ် စီချယ်ထား သော၊ ရတ္န - ကျောက် မျက် ရတနာတို့မှ ၊ ပြသရ- ထွက်ပေါ်လာသော ၊ ဒျူတိ-တောက်ပြောင်လင်း လက် သည့် အရောင်တို့ကြောင့်၊ အာနန္ဒစန္ဒြ -အာနန္ဒစန္ဒြမင်း၏ ၊ ပါဒ ပဒ္မး-ခြေတော်အစုံ ကြာပဒုံမာ သည်၊ ရံဇိတ- နီမြန်းနေလေသည်။
..

ထိုပြီးနောက် အကြင် (သီရိဓမ္မစန္ဒြ)မင်း၏  သားတော်ဖြစ်သော အာနန္ဒစန္ဒြမင်းသည်  တိုင်းပြည်၏ ရန်သူအမိုက် မှောင် တို့ကိုလည်း အောင်မြင်လေ၏၊ အလွန်ကြီးကျယ်မြင့်မြတ် ထင်ပေါ်ကျော်ကြားသော မင်းလည်းဖြစ်၏၊  လောကတစ်ခုလုံးကို အစိုးရသောမင်းလည်းဖြစ်၏ ။ ပြည်သူအပေါင်းတို့၏ ချစ်ခင်နှစ်သက်ခြင်းကို ခံရ သော မင်းလည်းဖြစ်၏။ ဦးညွတ်ခစားသော လက်အောက်ခံ မင်းအပေါင်းတို့၏ မကိုဋ်သရဖူရှိတို့တွင် ပန်းကုံး သဖွယ် စီချယ်ထားသော ကျောက်မျက်ရတနာတို့မှ ထွက်ပေါ်လာသော တောက်ပြောင်လင်းလက် သည့် အရောင်တို့ ကြောင့် အာနန္ဒစန္ဒြမင်း၏ ခြေတော်အစုံ ကြာပဒုံမာသည်၊ နီမြန်းသော အရောင်ဖြစ်နေေ လသည်။
..

ထိုနောက်တဖန်  အာနန္ဒစန္ဒြကျောက်စာ ကြောင်းရေ (64-65-66) ဂါထာအမှတ် (၆၃)တွင်
ဘုန်းကျက်သရေရှိသော “တာမြပတ္တန”တိုင်းပြည်မှ  ပြည်ရှင်ဘုရင်မင်းသည် မိမိရင်၌်ဖြစ်သော အလွန်လိမ္မာကာ ဘာသာတရားကို ကိုင်းရှိုင်းသည့် သမီးတော် “ဓေန္ဒာ” ကို “မဟာရာ ဇာဓိ ရာဇာ သီရိဓမ္မရာဇဏ္ဍဇ၀ံသဇသျ”  ဘွဲခံ အာနန္ဒစန္ဒြမင်းထံသို့ ဆက်သပေးအပ်လာသည်ကို လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က ကျောက် စာ ၌ ရေးထိုးမှတ်တမ်းတင်ခံရသည်ကို တွေ့ရလေသည်။ (ပုံ-၂)

.
အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၆၃) အနက်အဓိပ္ပါယ်
****************************************************
ဒေ၀ါဏ္ဍဇာနွယသမုဒ္ဘ၀-သမုဒ်တိနတ်မင်းမျိုးနွယ်မှ ဆင်းသက်လာသောမင်းသည် ၊ဂုဏဓမ္မ ယဂေါ မင်းကျင့်တရားဂုဏ်နှင့်ပြည့်စုံသောကြောင့် ကျော်စော၏ ၊ ၀ိချာတဂေါ်ယ- ရဲစွမ်း သတ္တိရှိသောကြောင့် ထင်ရှားကျော်ကြား၏ ။ ဂြီ - ဘုန်းကျက်သရေရှိသော ၊တာမြပတ္တန နရာဓိပ -တာမြပတ္တနပြည်ရှင်မင်းသည် ၊ ဘက္တိနမြော-ဘာသာတရားကို ယုံကြည်ကိုင်းရှိုင်းေ သာ ၊ သွ- မိမိရင်၌ဖြစ်သည့် ၊ ဓေန္ဒာ-ဓေန္ဒာအမည်ရှိသော ၊ တနယာမ်-သမီးတော်အား ၊ ပရမာဒရေဏ- အလွန်ရိုသေလေးမြတ်စွာဖြင့် ၊ ပါထိဝသျ- (အာနန္ဒစန္ဒြ) မင်းထံသို့ ၊ဒဒေါ်- ဆက်သပေးအပ်လေသည် ။
*
သမုဒ်တိနတ် မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသောမင်းသည်  မင်းကျင့်တရား ဂုဏ်တို့နှ င့်ပြည့်စုံသောကြောင့် ကျော်စော၏ ၊ ရဲစွမ်းသတ္တိရှိသောကြောင့် ထင်ရှားကျော်ကြား၏ ။ ဘုန်းကျက်သရေရှိသော ပတ္တနပြည်ရှင်မင်း သည် ၊ ဘာသာတရားကို ယုံကြည်ကိုင်းရှိုင်းသော ၊ မိမိရင်၌ဖြစ်သည့် ၊ ဓေန္ဒာ အမည်ရှိသော ၊ သမီးတော်အား ၊ အလွန်ရိုသေလေးမြတ်စွာဖြင့် ၊ အာနန္ဒစန္ဒြ မင်းထံသို့ ဆက်သပေးအပ်လေသည် ။
.
ရခိုင်ဝေသာလီတိုင်းပြည်သည် ထိုခေတ်ထိုအချိန်က ပတ်ဝန်းကျင် တိုင်းပြည်များက ဦးညွတ်လေးစားရသော တိုင်းပြည် တစ်ပြည်ဖြစ်သည့်အပြင် နိုင်ငံတကာ ကုန်စည်ကူး သန်းရောင်းဝင်ရာတွင်လည်း အချက်အချာကျ သော ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်ကြောင်း ဝေသာလီကျောက်လှေကား ဆိပ်ကမ်းက ယနေ့တိုင် ခိုင်လုံစွာ သက် သေခံနေပေသည်။ ထိုအပြင် ယင်းခေတ်ယင်းအချိန် ရခိုင်ဝေသာလီပြည်တွင် ကုန်စည်ကူးသန်းရောင်းဝယ်ရာ တွင် အဓိက လိုအပ် သော ငွေကြေးယူနစ် စနစ်ကို ရွှေဒင်္ဂါး ငွေဒင်္ဂါးများဖြင့် တစ်ချပ်၊ ငါးမူး၊တမတ်၊ ပဲစေ့ မူးစေ့ များကို ကိုယ်တိုင် ထုတ်လုပ် သုံးစွဲနေကြသည်ကို ရခိုင်ဝေသာလီ မြေကြီးအောက် ရရှိကြသော ရွှေဒင်္ဂါး ငွေဒင်္ဂါးများက သက်သေ ခံနေသည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ရခိုင်ဝေသာလီပြည်တွင် ခပ်နှိပ်ခဲ့သော ဒင်္ဂါးအမျိုးအစားများ
-----------------------------------------------------------------------------

တစ်ချို့သော သက္ကတအက္ခရာစာလုံးများကို ရေးရန် ဖေါင့် မရှိသောကြောင့် ပုံများတွင်ပါသော စာလုံးအက္ခရာများနှင့် တိုက်ဆိုင်၍ ဖြည့်စွက် ဖတ်ရှုကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

မောင်ဖြူ(ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့
24.5.2018

Comments