Featured
- Get link
- X
- Other Apps
ပုဂံအင်ပါယာတွင် ရခိုင်မပါခဲ့ပါ
ပုဂံ အင်ပါယာတွင် ရခိုင်
ပုဂံအင်ပါယာတွင် ရခိုင်မပါခဲ့ပါ
ရခိုင်ပြည်တွင် ကျောက်ခေတ်လူသားများနေထိုင်မှု အထောက်ထားကို တွေ့ရှိရပြီးဖြစ်ပါတယ်၊ ရခိုင်ကျောက်ခေတ်သစ်ယဉ်ကျေးမှုကို ဒေါက်တာ ဘာနာဂျီက ဘီစီ ၂၀၀၀ ဝန်းကျင်လို့ပြောပါတယ် ဒေါက်တာနန်ဂိုက ဘီစီ ၁၀၀၀ မတိုင်မှီအချိန်ကလို့ ယူဆပါတယ်။
ဘီစီ ၁၅၀၀ ခန့်က မွန်ဂိုလွိုက်တို့သည် ဟန်လူမျိုးများတိုက်ခိုက်မှုကြောင့် အာရှတောင်ပိုင်းသို့ ဆုတ်ခွာခဲ့ကြရသည်။ ဘီစီ ၁၀၀၀ ခန့်တွင် ချန် မင်းဆက်တို့ ဆက်လက်တိုက်ခိုက်သဖြင့် မွန်ဂိုလွိုက်တို့သည် တောင်ဘက်သို့ရွေ့ပြောင်းခဲ့ကြရပြန်ပါတယ်။ ဘီစီ ၆၀၀ မတိုင်မှီ မွန်ဂိုလွိုက်အုပ်စု ကွဲထွက်သွားသူများမှာ တိဘက် ဟိမဝန္တာ မိရှမိခေါ် မြောက်အာသံ ချင်း သက် မြန်မာအနွယ်မှ ဓနု ရခိုင် ထားဝယ် တောင်ရိုး မြို လူမျိုးစုတို့ဖြစ်သည်ဟု ယူဆကြပါသည်။ ဒေါက်တာသန်းထွန်းက အေဒီ ၅ ရာစုမတိုင်မှီက ယခု စစ်တွေတဝိုက်မှ သက္ကဋဘာသာရေးထိုးသူတို့သည် အကယ်၍ တိဘက်မြန်မာအနွယ်ဝင်များဖြစ်လျှင် မြန်မာထက်စော၍ နီပေါဘက်မှ စစ်တကောင်းကိုဖြတ်၍ဝင်ရောက်လာတယ်လို့ တွေးဆဖွယ်ရှိတယ်ဟုဆိုပါတယ်။
ဇဗ္ဗူကွန်ခြာကျမ်းတွင်ဗုဒ္ဓမပွင့်မီခေတ် ဗြဟ္မာ ခေါ် ပျူတို့ရဲ့ ဟံသာနာဂရ ဟံလင်း၊ ရတနာပူရ သုနာပရန္တ ပြည်ကြီးပျက်တဲ့အခါ သုံးစုကွဲပြီး ရခိုင်ဓညဝတီ ဖြစ်လာမယ့် တစ်စု၊ တနင်္သာရီ ဖြစ်လာမယ့် တစ်စု၊ ထားဝယ်သား ဖြစ်လာမယ့် တစ်စု စသဖြင့် ဟံလင်း၊ ရတနာပူရ၊ သုနာပရန္တမှ ရွှေ့ပြောင်းသွားကြသူများ ဖြစ်ပါတယ်။
ဇဗ္ဗူကွန်ခြာကျမ်းတွင် ပျူမင်း၏ မရီး ခွေးနှင့်မှား၍ ရတနာမိုးမရွာ မြေမျိုတာတို့ သန်လျက်မိုးရွာတာတို့ဖြင့် ၃ အုပ်စုကွဲကြောင်းပြဆိုသည်မှာ ယုတိမတန် အားကိုးလောက်တဲ့ ကျမ်းမဟုတ်ပါ။
ရာဇဝင်မှာ ပျူတို့သည် ဝေသာလီကို အကြိမ်ကြိမ်စစ်ပြုခဲ့ကြောင်းတွေ့ရပါတယ်။ ပျူတွေအောင်နိုင်ခဲ့သည်ကားမတွေ့ရပါ။ သရေခတ္တရာနှင့်ဝေသာလီသည် စီးပွားရေး ဘာသာရေး ယဉ်ကျေးမှု အဆက်သွယ်များခဲ့ပါတယ်။ အေဒီ ၆ ရာစု ၇ ရာစု သရေခတ္တရာ အထွဋ်အထွပ်ရောက်ခဲ့တဲ့အချိန်ဝေသာလီမင်း နှင့် သရေခေတ္တရာပြူဘုရင်၏သမီးတစ်ပါးနှင့်လက်ထပ်ပြီး တောင်ကုတ် သံတွဲဒေသကို ကြားခံ၍ အိန္ဒိယအရှေ့ဘက်ကမ်းဒေသသို့ ဆက်သွယ်သွားလာခဲ့ကြဟု ပညာရှင်တို့ဖော်ပြကြပါတယ်။ ဝေသာလီသည် သရေခတ္တရာ၏ လက်အောက်ခံတိုင်းပြည်ဟုကား မည်သည့်ပညာရှင်မှ ဖော်ပြသည်ကိုမတွေ့ဖူးပါ။ ဝေသာလီတွင် သရေခတ္တရာ ပျူမင်းသမီး နေခဲ့သည့်အထောက်ထားကား ဝေသာလီရွာအနီး ဝန္တိတောင်မှ သီဟနာဒသုတ်တော်မှ အစိတ်အပိုင်းအချို့ကိုရေးသားထားသော ပျူ ကျောက်စာဖြစ်သည်။
ဘုရားထောင်တွေ့ အတိတျာမင်း ကျောက်အိုးစာ
ပိုင်ဆိုင်တဲ့ တိုင်းနိုင်ငံပေါင်း တစ်ရာကျော် ရေးထိုးထားပြီး တစ်ရာ့တစ်ပါးသော မင်းတို့ရဲ့ဘုရင်၊ ရာဇာဓိရာဇာ ဆိုတာ ဘုရင်တို့သည်ကျောက်စာရေးထိုးသည့်အခါ အလွန်အကြူး ဂုဏ်တင်ဖွဲ့ခြင်းသာဖြစ်တယ် တခြားပြည်ကမင်းတို့သည်လည်း ထိုနည်းလည်းကောင်းရေးကြပါသည်။ ဘာနဲ့တူလဲဆိုတော့ မင်းမျိုးမဟုတ်တဲ့မင်းတွေ ကိုယ့်ဂုဏ်ကို ပြာဖုံးမီးခဲ ရဲရဲတောက်မှာ အရင်းစစ်ကြည့် ဘုရားမျိုးဟေ့ ထိုသို့ဂုဏ်တင်ရေးဖွဲ့သလိုမျိုးပါပဲ။
ပုဂံခေတ် နှင့် လေးမြို့ခေတ်
အနော်ရထာမင်းသည် ရခိုင်သို့ စစ်ချီခဲ့တယ် မဟာမုနိဆင်းတုတော်ကိုပင့်ဆောင်ဖို့ကြိုးစားတယ် မအောင်မြင်ခဲ့ဟု ရာဇဝင်မှာတွေ့ရပါတယ်။ ပထမမြန်မာနိုင်ငံတော်ကိုတည်ထောင်သော အနော်ရထာမင်းသည် စစ်မက်ရေးရာ အောင်နိုင်ရာ အရပ်တိုင်း၌ထားရှိခဲ့သည့် အနိရုဒ္ဓ ဟူသော ဘွဲ့အမည်ဖြင့် မြေပုံဘုရားများကို ရခိုင်မှအပ မြန်မာနိုင်ငံမြောက်ဘက်စွန်းတွင် တကောင်း၊ငဆောင်ချမ်း၊ကလေးမြို့နှင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ မြောက်ဘက်အကျဆုံး ရွှေလီမြစ်ပေါ်မှ ငအိုရွာအနီး နွားတလည်ရွာဆိုး တောင်ဘက်တွင် တနင်္သာရီတိုင်း မြိတ်ဒေသ အောက်မြန်မာပြည် မွန်ဒေသတို့တွင် အနိရုဒ္ဓတံဆိပ်ခတ်နှိပ်ထားသော မြေပုံဘုရားများကို တွေ့ရှိရသည်။ ရခိုင်သည် ပုဂံအင်ပါယာတွင်ပါဝင်ကြောင်း အနော်ရထာမင်း အမည်ပါတံဆိပ်ခပ်နှိပ်ထားသော မြေပုံဘုရားများ တွေ့ရှိရခြင်းမရှိပေ။
ဒေါက်တာသန်းထွန်းကမူ အနိရုဒ္ဓနှင့် မင်းအဆက်ဆက်တို့အနီးအပါးကိုချဲ့ထွင်သိမ်းပိုက်သည့် ပုဂံနိုင်ငံ၏ အကျယ်အဝန်းကို ပုဂံခေတ် မြန်မာမင်းတို့ ဘုန်းအကြီးဆုံးအခါက ရေးထိုးခဲ့သည်ဖြစ်သည့် နရပတိစည်သူ/ စည်သူ_၂ (၁၁၇၄_၁၂၁၁) အေဒီ ၁၁၉၆ ခုထိုး ကျောက်စာအရ အကျယ်ပြန့်ဆုံး မြန်မာနိုင်ငံသည် ရခိုင်ကို ချန်လှပ်၍ ယနေ့မြန်မာနိုင်ငံမျှရှိသော်လည်း မြောက်ဘက်၌ ဗန်းမော်သာသာမျှသာ ဩဇာရောက်၍ တောင်၌မူကား မလေးနိုင်ငံအစပ်ထိ သိမ်းသွင်းမိသွားဟန်ရှိပါသည်။
အလောင်းစည်သူမင်းဟာ ရခိုင်မင်းမျိုး လင်္ကျာမင်းနန်ကို ထီးနန်းတင်ဖို့ ရခိုင်သို့ စစ်ချီခဲ့ပါတယ်။ သို့သော်လည်း လက်အောက်ခံ ဩဇာခံနိုင်ငံကားမဟုတ် ဒေါက်တာသန်းထွန်းက ပုဂံခေတ်ကျောက်စာတွေ အုတ်ခွက်ဘုရားတွေကိုးကားပြီး ပုဂံအင်ပါယာတွင် ရခိုင်မပါဝင် ပုဂံဩဇာ ရခိုင်သို့ မသက်ရောက်ကြောင်း ခေတ်ဟောင်းမြန်မာ ရာဇဝင်တွင် အတိအကျရေးသားခဲ့ပါတယ်။ စစ်ဘုရင်တို့သည် မိမိအင်အားသာသည့်အခါ စစ်ပြုလေ့ရှိကြသည့်အတိုင်း ရခိုင်ဘုရင်မင်းထီးသည် သရက်မြို့ထိတိုင်အောင် တိုက်ခိုက်သိမ်းပိုက်ပြီး သရက်မြို့တွင် မဟာမုနိစေတီကို တည်ထားခဲ့ပါတယ်။
မင်းစောမွန် နှင့် အင်းဝမင်းခေါင်
အင်းဝမင်းခေါင်သည် ရခိုင်သို့စစ်ချီပါတယ် လောင်းကြက်မြို့ထိတိုင် ပိုင်စိုးနိုင်ခဲ့ပြီး မင်းရဲကျော်စွာနှင့် သမီး စောပြည့်ချမ်းသာကို အစောင့်ထားခဲ့တယ်။ မင်းစောမွန်သည် ဘင်္ဂါမြို့သို့တိမ်းရှောင်နေခဲ့သည်။ ညီတော် မင်းခရီသည် မွန်ဘုရင် ရာဇဓိရာဇ်ထံ သွားရောက်အကူညီတောင်းရာ ရာဇဓိရာဇ်သည် တပ်နှစ်ဖွဲ့နှင့်ချီကာ ရခိုင်မြို့ကိုစောင့်ရသော ကာမဏိ (မင်းရဲကျော်စွာ) နှင့် သမီးစောပြည်ချမ်းသာ ရဲမက်သုံးသောင်း လက်ရဖမ်းဆီးရမိကြောင်း ဒေါက်တာ နိုင်ပန်းလှမှ ရေးသားသည်။ မင်းခရီနှင့်ရာဇဓိရာဇ် ချစ်ကြည်မှု မဟာမိတ်ပြုသည့် ကျောက်စာ လောင်းကြက်မြို့အနီး ခံတပ်ဟောင်းတစ်ခုမှ ရရှိ၍ ယခု မြောက်ဦးပြတိုက်တွင်ရှိသည်။
အေဒီ ၁၄၄၂ စစ်ကိုင်းထူပါရုံ ကျောက်စာတွင် အင်းဝဘုရင်နရပတိမင်း ဘိသိက်ခံပွဲအခမ်းအနားသို့ သက် မြို ချင်းတို့ကို အုပ်စိုးရသော ရခိုင်မင်းလည်းတက်ရောက်ကြောင်းပါရှိသည်။
မင်းခရီ(အလီခင်)နန်းစံနှစ်သည် (၁၄၃၃_၁၄၅၉)ဖြစ်သည် ထိုကျောက်စာရေးထိုးချိန်သည် မင်းခရီလက်ထက်သာဖြစ်သောကြောင့် အင်းဝမင်း၏ လက်အောက်ခံကားမဖြစ်နိုင် တော်လှန်တိုက်ခိုက်ပြီးချိန်ပဲရှိသေးသည် မင်းအသစ်တက်၍ စစ်မက်မလိုလားမှုပြသသည့်အနေဖြင့် တက်ရောက်ခြင်းသာဖြစ်ပေမည်။
မင်းဗာကြီး နှင့် တောင်ငူဘုရင်တပင်ရွှေထီး
တပင်ရွှေထီးသည် ခရစ်အေဒီ (၁၅၄၄) (၁၅၄၅)(၁၅၄၆) ၃ ကြိမ်တိုင် ရခိုင်သို့ ကျုးကျော်စစ်ဆင်နွဲခဲ့သည် ၊မြန်မာစစ်သည်များပိတ်မိနေစဉ် မင်းတရားရွှေထီး သည် မင်းစေတမန် ဘုရင့်နောင်အား စေလွတ်ပြီး ရွှေငွေများစွာနှင့်ဆင်မြင်းအစရှိသော ရတနာ ပဏ္ဏာကာရတို့ဖြင့် မဟာမိတ်ဖွဲ့ နောက် နောင်လာမတိုက်တော့ပါကြောင်း ကတိသစ္စာပြုလျက်အကြောင်းကြားတောင်းပန်လာလေသည်။ ဘဝရှင်မင်းဗာကြီးသည် မင်းတရားရွှေထီးအားကတိသစ္စာတည်ဟူသောကြိုးဖြင့်ချည်ဖွဲ့လျက်ခွင့်ပြုတော်မူလေသည်။ မင်းတရားရွှေထီးလည်းအလွန်ဝမ်းမြောက်သည်ဖြစ်၍ မယားဖြစ်သော ပြည်ဘုရင် နရပတိ နှမတော်ကို မင်းဆောင်မင်းယောင်ဖြင့်ဆက်သ၍တပေါင်းလဆန်း ၉ ရက်နေ့ ပြန်တော်မူလေသည်။
မင်းဖလောင်း နှင့် ဘုရင့်နောင်
ခရစ်အေဒီ(၁၅၈၁)တွင်ဘုရင့်နောင်ကျော်ထင်နော်ရထာသည် ကတိသစ္စာဖောက်ဖျက်ပြီး ယောက်ဖတော်မင်းတရားရွှေထီးအတွက်အရှက်ရဖူးသော ရခိုင်သို့ စစ်ချီလာသည်။ သံတွဲမြို့အရောက်တွင် ဟံသာဝတီ မင်းနေပြည်တော်၌ ဘုရင့်နောင် ကွယ်လွန်၍ မြန်မာစစ်သည်တို့ တပ်ဆုပ်ပြန်လာသည်ဟုတွေ့ရ၏။
ခရစ်အေဒီ ၁၅၉၄တွင် ရခိုင်ဘုရင် မင်းရာဇာကြီးသည်လည်း ဟံသာဝတီ ပဲခူးသို့ စစ်ချီတိုက်ခဲ့ပါသည်။
ခရစ်အေဒီ ၁၇၈၅ တွင် ရခိုင်ပြည်ကို ဘိုးတော်မောင်ဝိုင်း တိုက်ခိုက်သိမ်းပစ်လိုက်သည်မှ အာချုပ်အခြာဆုံးရှုံးသည်မှာ ယခုအချိန်ဆိုလျှင် နှစ်ပေါင်း ၂၃၄ နှစ်တိုင်ကြာခဲ့ပြီဖြစ်သည်။
ရခိုင်ဘုရင်များသည် လက်အောက်ခံ ဩဇာခံဘုရင်များမဟုတ် အခွင့်သာလျှင် နယ်မြေချဲ့ထွင်ဖို့ စစ်ပြိုင်မင်းပြုခဲ့သည့်ဘုရင်များသာဖြစ်သည်။
ပြည်ထူးစံ
ကိုးကား_
မောင်ပြူး_ရခိုင်နိဒါန်း
ဒေါက်တာသန်းထွန်း_ခေတ်ဟောင်းမြန်မာ ရာဇဝင်
ဒေါက်တာနိုင်ပန်းလှ ရာဇဓိရာဇ်အရေးတော်ပုံကျမ်း
ဦးရွှေဇံ_ရခိုင်သမိုင်းအလင်းပြကျမ်း
တက်ထွန်းနီ_မဟာမိတ်ဖွဲ့ကျောက်စာ
D.G.E Hall_မြန်မာရာဇဝင်သမိုင်း
မှန်နန်းရာဇဝင်
ဇဗ္ဗူကွန်ခြာကျမ်း
ပြည်ထူးစံ
မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
D.G.E Hall_မြန်မာရာဇဝင်သမိုင်း
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။