Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အာနန္ဒစန္ဒြမင်း ကျောက်စာ ရေးထိုးခုနှစ်ကို ရှာဖွေခြင်း

အာနန္ဒစန္ဒြမင်းကျောက်စာ ရေးထိုးခုနှစ်ကို ရှာဖွေခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မောင်ဖြူ (ကြွီတဲကျွန်း)

အယာနာစာပီအဖွဲ့

22.9.2015

ရှေးခေတ်ရခိုင်ဒေသသည် မြန်မာပြည်တွင် အခြားဒေသများနှင့်မတူ တမူထူးခြားသည့် ဒေသတစ် ခုဖြစ်သည်။ အကြောင်းမှာ ရခိုင်ဒေသ၌ သက္ကတဘာသာဖြင့်ရေးထိုးထားသောကျောက်စာ အတော်များများ တွေ့ရှိရ သောကြောင့်ဖြစ်ပေသည်။ ရခိုင်သည် ပထ၀ီ အနေအထားအရ အိန္ဒိယပြည်အရှေ့မြောက်ပိုင်းနှင့် နယ်မြေတစပ် တည်း နီးကပ်စွာတည်ရှိသောကြောင့် ရှေးခေတ်က ကူးလူးဆက်ဆံသွားလာမှု များပြားခဲ့ မည်မှာ အထူးတင်ပြစရာ လို မည်မဟုတ်ပေ။ ထိုအကြောင်းတရားများကြောင့် ရှေးရခိုင်တို့သည် အိန္ဒိယမှ စာပေ ဘာသာ ယဉ်ကျေးမှုတို့ကို တိုက်ရိုက်လက်ခံ ရရှိခဲ့ခြင်းဖြစ်သည်ကို အာနန္ဒစန္ဒြမင်းကျောက်စာက မှန်ကန်ကြောင်း သက်သေခံနေသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရန်အောင်ဇေယျ (ခ) သျှစ်သောင်းပုထိုးတော်ကြီးတွင် ရှေးဟောင်းကျောက်စာ တိုင်ကြီး တစ်ခုရှိပါသည်။ အဆိုပါ ကျောက်စာတိုင်၌ အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တို့တွင် ကျောက်စာများရေးထိုးပါရှိသည်။ တောင်ဘက်မျက်နှာတွင် ကျောက်စာမပါရှိပေ။ ယင်းကျောက်စာ၏ ပီ ပီပြင်ပြင် ဖတ် ၍ရသော အနောက်ဖက် မျက်နှာစာကို အာနန္ဒစန္ဒြမင်း ရေးထိုးခဲ့သောကြောင့် အာနန္ဒစန္ဒြ မင်းကျောက် စာ ဟု ခေါ်တွင်သည်။ ထိုအပြင် သျှစ်သောင်းဘုရားကျောက်စာတိုင်ဟုလည်းခေါ်ကြသည်။

အာနန္ဒစန္ဒြမင်းကျောက်စာတိုင်ပါ ကျောက်စာမင်ကူး ဓါတ်ပုံများကို ရန်ကုန်တက္ကသိုလ်ဗဟိုစာကြည့် တိုက်ရှိ မြန်မာတိုင်းရင်းကျောက်စာများ စတုတ္ထထုပ် စာအုပ်တွင် ကျောက်စာတစ်ဖက်စီကို ဓါတ်ပုံ(၂)ပုံ စီဖြင့် သုံး မျက်နှာ ကို ဓါတ်ပုံ (၆)ပုံဖြင့် ဖေါ်ပြပြီး ကျောက်တိုင်ထိပ်ရှိ ကျောက်စာကို ဓါတ်ပုံတစ်ပုံဖြင့် ဖေါ်ပြ ထားသည် ကိုတွေ့ရ၏။ အရှေ့ ဖက် မျက်နှာစာ အပေါ်ပိုင်းနှင့် အောက်ပိုင်းဓါတ်ပုံကို ၃၄၆-၃၄၇ ဖြင့်လည်းကောင်း၊ အနောက်ဖက် မျက်နှာစာရှိ အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ဓါတ်ပုံ ၃၄၈-၃၄၉ ဖြင့်လည်းကောင်း၊ မြောက် ဘက် မျက်နှာစာ အပေါ်ပိုင်းနှင့် အောက် ပိုင်း ဓါတ်ပုံကို ၃၅၀-၃၅၁ ဖြင့်လည်းကောင်း၊ ကျောက်တိုင် အပေါ် ထိပ်မှ ကျောက်စာဓါတ်ပုံကို ၃၅၂ (က) ဖြင့်လည်း ကောင်း သိမ်းဆည်းမှတ်တမ်းတင်ထားသည်။

အာနန္ဒစန္ဒြကျောက်စာအနောက်ဘက်စာမျက်နှာတွင် စာကြောင်း ရေ (၇၃) ကြောင်းပါရှိပြီး ဂါထာ အားဖြင့် (၆၅)ဂါထာ နှင့် စကားပြေတစ်ပိုဒ်ပါရှိသည်။ ဂါထာ(၆၅)ပိုဒ် ဆိုသည်မှာ အက္ခ ရာများ ဖတ်၍ မရသော အစ ဦး စာကြောင်း (၁-၂-၃) ကို ထည့်သွင်း ရေတွက်ထားခြင်းမဟုတ်ပေ။ ထို့အပြင် ဂါထာ ၆၂ နှင့် ဂါထာ ၆၃ ကြားတွင် ဂါထာလည်းမဟုတ်၊ စကားပြေလည်းမဟုတ်သော “ အပရံစ=ထိုမှတစ်ပါး” စာတိုလေးတစ်ပါဒ ပါရှိ သည်ကိုလည်း တွေ့ရပေသည်။

ထိုအနောက်ဘက်ကျောက်စာတွင် ရခိုင်ဒေသ ဝေသာလီပြည်၌ စိုးစံခဲ့သော မင်းဆက်(၃)ဆက် ကို ရေး ထိုးမှတ်တမ်း တင်ထားပေသည်။ ဂါထာ ၃ မှ ဂါထာ ၁၇ ထိသည် ပထမမင်းဆက်ဖြစ်သည်။ ထိုမင်း ဆက် တွင် မင်း(၁၅)ပါးရှိပြီး ထိုမင်းတို့၏ နန်းစံနှစ်ပေါင်းကို ဂါထာ(၁၈)တွင် ၁၀၀၀ နှစ်ထက် ဆယ်ခြောက်ခါ ပို သည်ဟု ရေးထိုး ထားပေသည်။

ဂါထာ ၁၉ မှ ဂါထာ ၃၁ ထိသည် ဒုတိယမင်းဆက်ဖြစ်သည်။ ထိုဒုတိယမင်းဆက်တွင် မင်း(၁၃) ပါး ရှိပြီး ထိုမင်းတို့၏ နန်းစံနှစ်ပေါင်းကို ဂါထာ ၃၂ တွင် တစ်ရာနှစ်ခါထက် သုံးဆယ်ပိုသည် ဟုရေးထိုးထားသည်ကို တွေ့ရသည်။

ထိုပြီးနောက် ဂါထာ ၃၃ မှ စကားပြေပုဒ်ထိ တတိယမင်းဆက်ဖြစ်သည် ။ တတိယ မင်းဆက်တွင် မင်း (၉) ပါးရှိပြီး မင်းတို့၏နန်းစံနှစ်ပေါင်းကို တစ်ဦးချင်းရေတွက်ကြည့်ရာ (၁၂၈ နှစ် ၉လ) ဖြစ်သည်။ စကားပြေပုဒ် ဆို သည်မှာ အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ ၄၅ နှင့် ၄၆ ကြားတွင် ရှိသော စာပိုဒ်ကို ဆိုလိုပါသည်။ အာနန္ဒစန္ဒြမင်း ကျောက်စာတစ်ခုလုံးတွင် မင်းပေါင်း(၃၇)ပါးရှိပြီး နန်းစံနှစ် စုစုပေါင်းမှာ ကျောက်စာပါ မင်း များ၏ နန်းစံနှစ်များအရ နှစ်ပေါင်း(၁၄၁၉) နှစ်ခန့် ဖြစ်ပေသည်။ ဂါထာ ၄၆ မှ ဂါထာ ၆၅ အထိသည် အာနန္ဒ စန္ဒြ မင်းကြီး၏ ဘာသာရေး ၊သာသနာရေး၊လူမှုရေးဆိုင်ရာ ကုသိုလ်ကောင်းမှုပြုလုပ်ပုံများ၊ ဘာသာ မတူေ သာ လူ မျိုးခြား များအား လည်း လူမျိုး ဘာသာ မခွဲခြားဘဲ ဆက်ဆံ ပေးကမ်းထောက်ပံ့ပုံများ၊ ပြည်ပနိုင်ငံ များမှ မဟာ မိတ် ဖွဲ့လာကြပုံ နှင့် အာနန္ဒစန္ဒြ မင်းအား သမီးကညာဆက်သလာသည်တို့ကို ရေးထိုး ထားခြ င်းဖြစ်ပါသည်။ အဆိုပါ ကျောက်စာကို ဒေ၀နာဂရီ အက္ခရာ၊ သက္ကတဘာသာ ပါဠိရော ဖြင့် ရေးထိုး ထားေ ပသည်။ ဤကျောက်စာသည် ရခိုင်ပြည်၌ရှိ သက္ကတ ကျောက်စာများတွင် စာလုံး ရေအများဆုံးနှင့် အရှည် ဆုံး အကြီးဆုံး ကျောက်စာတိုင်တစ်ခုလည်း ဖြစ်ပေသည်။

ကျောက်စာတွင် အာနန္ဒစန္ဒြမင်းကြီးသည် မျိုးရိုးစဉ်ဆက်ဆင်းသလာသည့် ဘိုးလောင်းတော် ဘေး လောင်းေ တာ် ဘုရင်များ၏ အမည် ၊ နန်းစံနှစ်များနှင့်တကွ တိတိကျကျ မှတ်တမ်းတင်ထားသည်အပြင် သူ၏ ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့မှုများ ၊ ၊ နိုင်ငံတကာဆက်ဆံရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာေ ရးများနှင့် အများ အကျိုးဆောင်ရွက် ခဲ့မှုများကို အသေးစိတ် မှတ်တမ်းတင်ရေးထိုး ထားပေသည်။ ဤကဲ့သို့ ဝေသာလီခေတ် အေဒီ (၇) ရာစုတွင် ဘုရင်များ၏ အမည် နန်းစံနှစ်များနှင့်တကွ သေသေချာချာ မှတ်တမ်း တင်သော ဤကျောက်စာ နှင့် ခေတ်ပြိုင်ပြဖို့ ကျောက်စာမှာ အလွန်ရှားပါး လိမ့်မည်ဖြစ်ပါသည်။

အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ပက်သက်၍ ပထမဆုံး အိန္ဒိယနိုင်ငံ ကမ္ဗည်းကျောက်စာပညာရှိ မစ္စတာ ဟီရာနန္ဒဂါသ္တြီ(သျှတ္တရီ) ရေးသားခဲ့သော မှတ်တမ်းတစ်စောင်ကို အိန္ဒိယကျောက်စာဌာနမှ 1925 -26 ခု နှစ်ချုပ် စာတမ်း စာမျက်နှာ ၁၄၆-၄၈ တွင် ထည့်သွင်းဖေါ်ပြခဲ့ပေသည်။ ထိုပုဂ္ဂိုလ်ပြီးနောက် အဓိပ္ပါယ် အပြည့် စုံဆုံး ဖေါ်နိုင် ဖတ်နိုင်ခဲ့သောပုဂ္ဂိုလ်မှာ အင်္ဂလန်နိုင်ငံ အောက်စဖို့စ့်တက္ကသိုလ် ဘေလီယောေ ကာလိပ်မှ အရှေ့တိုင်းပညာ ရပ်ဆိုင် ရာ ပါမောက္ခအင်္ဂလိပ်လူမျိုး E.H .Johnston ဖြစ်သည်။ ပါမောက္ခ ဂျွန်စတင်သည် အာနန္ဒ စန္ဒြမင်း ကျောက်စာကို (၁၉၃၅-၁၉၄၂) နှစ်အတွင်း ဖတ်ရှုခဲ့လိမ့်မည်ဟု ခန့်မှန်းကြေ ပသည်။ ဂျွန်စတင်သည် အာနန္ဒစန္ဒြကျောက်စာ တိုင် ကိုကြည့်ပြီး ကိုယ်တိုင်ဖတ်ယူခြင်း မဟုတ်ဘဲ ရန်ကုန် တက္ကသိုလ် မှ ပေးပို့သော ကျောက်စာ မင်ကူးပုံ ၂ ပုံနှင့် ဓါတ် ပုံရိုက်ယူထားသော အခြားပုံ အချို့မှနေ၍ ဖတ်ခဲ့ သည်ဟု ဆရာကြီးဦးစံသာအောင်ရေးသားခဲ့သော အာနန္ဒစန္ဒြ ရှစ် ရာစု ရခိုင်ဝေသာလီ မင်းစာအုပ် တွင် ရေးသားထားသည် ကိုတွေ့ရ၏။ ပါမောက္ခဂျွန်စတင်သည် (၁၉၄၂) အောက်တို ဘာလတွင် ကွယ် လွန်ခဲ့လေသောကြောင့် သူရေးသားခဲ့သော အာနန္ဒစန္ဒြကျောက်စာ စာတမ်းသည် စာမူကြမ်းအဖြစ် မျှသာ ကျန်ရှိနေခဲ့ပေသည်။ ၄င်းစာတမ်းကို အောက်စဖို့စ် တက္ကသိုလ် ဘေလီယောကောလိပ်မှ တာ ၀န်ရှိသူများက ပါမောက္ခဆာရစ်ချစ်ဘန်း နှင့် ပါမောက္ခ ဂျီအိပ်(ခ်ျ)လုပ်(စ်) ၏ အကူအညီဖြင့် စာချောအဖြစ် တည်း ဖြတ်ကာ 1944 ခုနှစ်ထုတ် Bulletin of the School of Oriental and African Studies, (University of London), XI,ii,357-385 အရှေ့တိုင်းနှင့် အာဖရိကပညာကျောင်းစာစောင် ၊အတွဲ ၁၁၊ အမှတ်၂၊ စာမျက်နှာ ၃၅၇-၃၈၅ တွင် “Some Sanskrit Inscriptions of Arakan” (ရခိုင်မှသက္ကတကျောက်စာအချို့) ခေါင်းစဉ်ဖြင့် ထည့်သွင်းထုတ် ဝေခဲ့ကြ သည်ကိုတွေ့ရ၏။

(ဆရာကြီး ဦးမြင့်ဆွေ၏ အာနန္ဒစန္ဒြ သက္ကတကျောက်စာ စာတမ်းတွင် မစ္စတာလုစ်နှင့် ဒေါက်တာ ဘားနက်တို့၏ ကြိုစားမှု ကြောင့်ဖြစ်သည်ဟု ဖေါ်ပြသည်။)

“Some Sanskrit Inscriptions of Arakan” စာတမ်းတွင် အာနန္ဒစန္ဒြမင်းကျောက်စာပါ အက္ခရာများကို ပါမောက္ခဂျွန်စတင် ဖေါ်ထုတ်ရာတွင် သက္ကတအသံထွက် အတိုင်းမူတစ်ခု၊ ထိုသက္ကတဘာသာဖြင့် ရေး သားထား သည်ကို အင်္ဂလိပ်ဘာသာဖြင့် အဓိပ္ပါယ် ပြန်လည်ဖွင့်ထားသောမူတစ်ခု နှစ်မျိုးပါရှိပေသည်။ ဂျွန်စတင်၏ အာနန္ဒစန္ဒြ ကျောက်စာ စာတမ်းကို တည်းဖြတ်ခဲ့သော သုတေသီပညာရှင်များသည် သက္ကတ ဘာသာ အသံထွက်အတိုင်း ရေး သားထားသောမူ၌ စာကြောင်းရေ(၇၃)ကြောင်း ပါရှိသော်လည်း အင်္ဂလိပ် လို ဘာသာပြန်ဆိုကြရာ၌ စာကြောင်းရေ အလိုက် နံပါတ်စဉ်တပ် ဘာသာပြန်ခြင်းမဟုတ်ဘဲ ဂါထာအပိုဒ် လိုက်သာ နံပါတ်စဉ်တပ်၍ ဘာသာပြန်ရေး သားခဲ့ ကြသည်ကို တွေ့ရသည်။ ထိုကြောင့် ကျောက်စာပါ ဂါ ထာအပိုဒ် (၆၅) နှင့် စကားပြေတစ်ပိုဒ်ကိုသာ အင်္ဂလိပ်လို ဘာ သာပြန် ရေးသားခဲ့ကြခြင်းဖြစ်၏။ အောက်ဆုံး စာကြောင်းတို နှစ်ကြောင်းကို ဂါထာ မဟုတ်လေသောကြောင့် ဘာ သာမပြန်ဘဲ ထားခဲ့ကြ ဟန်တူပေသည်။ ဂျွန်စတင်၏ မူလ သက္က္တတလို ရေးသားထားသောစာတမ်းတွင် အောက်ဆုံး စာကြောင်း များကို Line (72-73) ဟုသာ နံပါတ်တပ်ထားသည်ကိုသာ တွေ့ရပြီး ယင်း (Line 72-73) ကို အင်္ဂလိပ် လို ဘာသာ ပြန်ဖွင့်ဆိုထားသည်ကို မတွေ့ရပေ။ ထိုစာကြောင်းတိုများကို သက္ကတဘာသာဖြင့် ရေးသား ခဲ့သည့် အ တိုင်းသာ ဖေါ် ပြခဲ့ကြပြီး ဘာသာပြန်မှု မပြုခဲ့ကြချေ။ ယင်းဂျွန်စတင်၏ “Some Sanskrit Inscriptions of Arakan” စာတမ်း ထွက်လာပြီးနောက်ပိုင်း အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ပက်သက်၍ ဆောင်းပါးရေးသူ စာအုပ်ထုတ်ဝေ သူ များ အချိ့ချို့ပေါ်လာခဲ့ကြသည်။

အာနန္ဒစန္ဒြကျောက်စာကို လေ့လာလိုက်စားကြသူများသည် ဂျွန်စတင်၏ “Some Sanskrit Inscriptions of Arakan” စာတမ်းပါ အင်္ဂလိပ်လို ဘာသာပြန်ထားသော ဂါထာ(၆၅) ပိုဒ်အထိပါ အကြောင်းအရာများကိုသာ အဓိ က လေ့လာကြခဲ့သောကြောင့် အာနန္ဒစန္ဒြမင်းကျောက်စာတွင် ကြောင်းရေ(၇၁)ကြောင်း ဂါထာ(၆၅)ပိုဒ် ၊စကားပြေ တစ်ပိုဒ် ပါရှိသည်ဟုသာ သိရှိခဲ့ကြသည်။ တစ်ချို့သောသုတေသီများသည် သက္ကတလိုရေး သား ထားသော အောက် ဆုံးစာကြောင်းတို ၂ ကြောင်း (Lind 72-73) ကို တွေခဲ့ မြင်ခဲ့ကြသည် ၊သို့သော် ယင်း စာကြောင်းတို နှစ်ကြောင်း၏ အနက်အဓိပ္ပါယ်ကို မဖွင့်ဆိုခဲ့ကြပေ။

အာနန္ဒစန္ဒြမင်းကျောက်စာကို ဆရာကြီး မွန်ဘိုကေသည် ယဉ်ကျေးမှုစာစောင်တွင် “သျှစ်သောင်းဘုရား မှ သက္ကတကျောက်စာတိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးမင်းသုဝဏ်က ၁၉၅၁-၅၂ နှစ်ထုတ် ဓည၀ တီမဂ္ဂဇင်းတွင် “အာနန္ဒစန္ဒရ-ရှစ်ရာစုခေတ် ရခိုင်မင်းတစ်ပါး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆောင်းပါးေ ရး သားခဲ့ကြသည်။

ဦးအောင်သာဦးလည်း ၁၉၆၆ ခုနှစ် စက်တင်္ဘာလထုတ် ရခိုင်ယဉ်ကျေးမှုစာစောင် အတွဲ(၁) အမှတ်(၁)တွင် “ အာ နန္ဒစန္ဒြမင်းကျောက်စာတိုင် ” အကြောင်း ရေးသားခဲ့သည်ကို တွေ့ရ၏ နောက်ပြီး မန္တလေး ၀ိဇ္ဇာ - သိပ္ပံ တက္ကသိုလ် ပါဠိဌာနမှ ဆရာကြီးဦးမြင့် ဆွေ (သက္ကတ)သည် ၁၉၆၈ ခုနှစ် မတ်လ(၂၂) ရက်နေ့ တတိယ အကြိမ်မြောက် သုတေ သနဆွေးနွေးပွဲတွင် ဤအာနန္ဒစန္ဒြမင်းကျောက်စာ အကြောင်းကို စာတမ်းဖတ်ခဲ့ သည်ဟု သိရပြီး အဆိုပါ စာတမ်းကို ၁၉၆၉ ခုနှစ် စက်တင်္ဘာလတွင်ထုတ်ဝေသော ပြည်ထောင်စုမြန်မာနို င်ငံ စာပေနှင့်လူမှုရေးသိပ္ပံ ဂျာနယ်အတွဲ ၂ အမှတ် ၃ တွင် “အာနန္ဒစန္ဒြသက္ကတကျောက်စာ” ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကိုတွေ့ရသည်။ ယင်းနောက် ဒေါက် တာသန်းထွန်း M.A,.B.L.,Ph.D(London) ကထိက မြန်မာရာဇ၀င်ဌာန၊ရန်ကုန်တက္ကသိုလ်မှလည်း ခေတ်ဟောင်း မြန်မာရာဇ၀င်စာအုပ် 1969 ခုနှစ်တွင် စာမျ က်နှာ ၆၅ မှ ၈၀ ထိ ရခိုင်ခေတ်ဦး ခေါင်းစဉ်ဖြင့် အာနန္ဒစန္ဒြမင်းကျောက် စာ အကြောင်းကို ရေးသားခဲ့သည်။ ထိုအပြင် ဦးစံသာအောင် ဘီအက်စီ (ဂုဏ်ထူး-ရူပဗေဒ) မဟာဝိဇ္ဇာ (ရူပဗေဒ) ဟားဗက်တက္ကသိုလ်၊ ညွှန် ကြားရေးမှူချုပ် အ ထက်တန်းပညာဦးစီးဌာနသည်လည်း “အာနန္ဒစန္ဒြရှစ်ရာစု ရခိုင်ဝေသာ လီမင်း” စာအုပ် ကို ၁၉၇၅ ခုနှစ်တွင် ထုတ်ဝေခဲ့ကြသည်ကိုတွေ့ရှိရသည်။

ဤဆောင်းပါး၌ အဓိက တင်ပြလိုသည်မှာ ရှေးရှေးက အာနန္ဒစန္ဒြမင်းကျောက်စာကို ဖတ်ခဲ့ကြသော ရေး သားခဲ့ကြသော ပညာရှင်များသည် ပါမောက္ခဂျွန်စတင်၏ အင်္ဂလိပ်လို ဘာသာပြန် ရေးသားထားသည့် စာေ ကြာင်း ရေ (၇၁) ကြောင်းအပေါ်မှာသာ အယူအဆ အမျိုးမျိုးဖြင့် ဝေဖန်ရေးသား တင်ပြကြသည်ကိုတွေ့ရ၏။ အာနန္ဒ စန္ဒြမင်းကျောက်စာ အောက်ဆုံးစာကြောင်းရေ (၇၂-၇၃) ပါ အက္ခရာများကို ပါမောက္ခ ဂျွန်စတင်၏ သက္ကတအလို အင်္ဂလိပ်အက္ခရာဖြင့် ရေးသားထားသည်မှ အပ နောက်ပိုင်း ပညာရှင်တစ်ဦးတစ်ယောက်မျှ ယင်းစာကြောင်းတို၂ ကြောင်း၏ အဓိပ္ပါယ်ကို ရေးသားထားခြင်းမတွေ့ရပေ။ ထိုကြောင့် အာနန္ဒစန္ဒြမင်းေ ကျာက်စာ ရေးထိုးခုနှစ် ကို ခန့်မှန်းကြရာမှာ အိန္ဒိယမှ ယသောဝါရမန်ကျောက်စာနှင့် လက်ရေးလက်သား အတူတူဖြစ်သည်ဆိုကာ ထို ကျောက်စာနှင့် မရှေးမနှောင်းတွင် ရေးထိုးခဲ့လိမ့်မည်ဟုခန့်မှန်းသည့်နည်း၊ ဝေသာလီခေတ် ဒင်္ဂါးပါအက္ခရာများ ကို ကြည့်ပြီး ခန့်မှန်းသည့်နည်းတို့ဖြင့် ခန့်မှန်း ရေးသားကြသည်ကိုေ တွ့ရ၏။ ပါမောက္ခ ဂျွန်စတင်စာတမ်း က အာနန္ဒစန္ဒြမင်းကျောက်စာ ရေးထိုးခုနှစ်ကို ( 700-709 A.D) အိန္ဒိယကျောက်စာဝန်ဟောင်း ဒေါက်တာဆာကား (720-729 A.D) ၊ ဦးအောင်သာဦး B.A,B.E.S. ( 670-679 A.D) ၊ဆရာကြီးဦးမြင့်ဆွေ-သက္ကတ (720-729 A.D) ဆရာကြီး ဦးစံသာအောင် (705-714 A.D) ဟု ခေတ်ပြိုင်သမိုင်းအမြင်၊ လက်ရေးလက်သား၊ ဝေသာလီခေတ် ဒင်္ဂါးများကို ကြည့်ပြီး အယူအဆ အမျိုးမျိုး ခန့်မှန်းရေးသားကြသည်။ ယခုဤဆောင်းပါးတွင် ယခင်သုတေသီ ပညာ ရှင်များ အနက်အဓိပ္ပါယ် မဖွင့်ဖြစ် ခဲ့သော အာနန္ဒစန္ဒြကျောက်စာ အောက်ဆုံးစာကြောင်းရေ (၇၂-၇၃) ကို သက်သေ ထားကာ ရှင်းလင်ရေး သား တင်ပြသွားပါမည်။ ကျောက်စာပါ အောက်ဆုံးစာကြောင်းများအားမြင်ရပုံ (ပုံ-၁)

ပုံ-၁

ပါမောက္ခဂျွန်စတင်သည် သူ၏ “Some Sanskrit Inscriptions of Arakan” စာတမ်းတွင် အာနန္ဒစန္ဒြမင်း ကျောက်စာပါ အောက်ဆုံးစာကြောင်းရေ (၇၂-၇၃) စာကြောင်းတို နှစ်ကြောင်းကို သူ၏အမြင်အား အောက် ပါ အတိုင်း ရေးသားထားသည်။ ကျောက်စာ၏ အောက်ဆုံးစာကြောင်းပါ အက္ခရာများပုံနှင့် ပါမောက္ခဂျွန်၏ သက္ကတအသံထွက် အင်္ဂလိပ်အက္ခရာဖြင့် ရေးသားထားသည်ကို ပူးတွဲတင်ပြထားသည်။ ပုံ-၂ ရှုပါ။

ပုံ-၂

ပါမောက္ခဂျွန်စတင်၏ “Some Sanskrit Inscriptions of Arakan” စာတမ်းတွင် အာနန္ဒစန္ဒြကျောက်စာကို အင်္ဂလိပ် လို ဘာသာပြန်ဆိုရေးသားရာ၌ စာကြောင်းတစ်ကြောင်းချင်းမဟုတ်ဘဲ ဂါထာအပိုဒ်လိုက်သာ အာနန္ဒစန္ဒြ ကျောက် စာပါ အောက်ဆုံး ဂါထာများဖြစ်သော ဂါထာ(၆၃-၆၄-၆၅) အား အဓိပ္ပါယ်ဖွင့်ဆိုထားပြီး အဆုံးသတ်ထားသည်ကို ပူးတွဲတင်ပြလိုက်ပါသည်။ (ပုံ-၃)

ပုံ-၃

နောက်တစ်ခါ အာနန္ဒစန္ဒြ ရှစ်ရာစု ရခိုင်ဝေသာလီမင်း စာအုပ်ကို ရေးသားခဲ့သော ဆရာကြီးဦးစံသာအောင် သည် ဂျွန်စတင်၏ “Some Sanskrit Inscriptions of Arakan” စာတမ်းပါ သက္ကတအသံထွက်ကို အင်္ဂလိပ် အက္ခရာဖြင့် ရေးသားထားသော အောက်ဆုံးစာကြောင်းတို နှစ်ကြောင်းကို မြင်တွေ့ခဲ့သူဖြစ်သည့်အပြင် အာ နန္ဒစန္ဒြကျောက်စာပါ စာကြောင်းရေ ၇၂-၇၃ ကိုလည်း တွေ့မြင်ခဲ့သူတစ်ဦးဖြစ်ပါသည်။ သို့ရာတွင် ဆရာကြီး သည် ထိုအောက်ဆုံးစာ ကြောင်းများဖြစ်သော စာကြောင်းရေ(၇၂-၇၃)ကို ဆရာကြီးရေး သားခဲ့သော “အာနန္ဒစန္ဒြရှစ်ရာစုရခိုင်ဝေသာလီမင်း” စာအုပ်တွင် (ဤကျောက်စာ၏အောက်၌ ယင်းခေတ်နောက်ပိုင်း ၁၀ ရာစုက လက်ရေးမျိုးနှင့် ရေးထိုးထားသော စာ ကြောင်းတို ၂ ကြောင်းကိုတွေ့ရသည်။ မည်သည့်ရည် ရွယ် ချက်ဖြင့် ယင်းစာကြောင်းများ ရေးထိုးထား သည်ကို မသိ ရပေ) ဟု မှတ်ချက်ပြုခဲ့သည်ကိုသာ တွေ့ရ၏။ (ပုံ-၄) ရှု

ထိုစာကြောင်းတို နှစ်ကြောင်းသည် ( ၁၀ရာစု) တွင် ရေးထိုးခြင်းမဟုတ်ကြောင်းကို ၀ံသရက္ခိတမဂ္ဂဇင်း အတွဲ ( ) 2017 တွင် ဆောင်းပါးရေးကာ ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါသည်။ ကျောက်စာရေး ကညစ်တံ အချွန်၊ အတုံး ကွာဟသွားကြောင့် အက္ခရာစာလုံးအထူ အသေး ဖြစ်သွားသည်ကို အထင်မြင်မှားကာ လက်ရေးမတူဟု ယူဆခဲ့ကြ ခြင်းသာဖြစ်ပါသည်။ ယင်းကို အာနန္ဒစန္ဒြကျောက်စာပါ အထက်ပိုင်း စာလုံး အက္ခရာများဖြင့် ထပ်တူဖြစ်ကြောင်း အက္ခရာတစ်လုံးချင်းကို ထုတ်နှုတ်ကာ ၀ံသရက္ခိတ မဂ္ဂဇင်းမှာ သက်သေပြု ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါသည်။

ပုံ-၎

အာနန္ဒစန္ဒြကျောက်စာ အောက်ဆုံးစာကြောင်းတို နှစ်ကြောင်းကို ရှင်းလင်းဖေါ်ထုတ်တင်ပြခြင်း

ကျွန်တော်စာရေးသူသည် ပထမဆုံး အာနန္ဒစန္ဒြကျောက်စာ အောက်ဆုံးစာကြောင်းများဖြစ်သော စာကြောင်းရေ (၇၂-၇၃)ကို ပုံမှာမြင်ရသည့်အတိုင်း ကျောက်စာပါ အက္ခရာစာလုံးများကို ကွန်ပျူတာဖြင့် အပေါ်မှ ထပ်၍ရေးလိုက်ပါသည်။ ပြီးလျှင် ထိုရေးထားသော အက္ခရာစာလုံး ကွန်ပျူတာနည်းပညာဖြင့် ခွါချလိုက်သောအခါ ကျောက်စာပါ အက္ခရာစာလုံးများကို အောက်ပါအတိုင်း ရရှိလာပါသည်။ (ပုံ-၅) ရှု

ပုံ-၅

စာရေးသူသည် ကွန်ပျူတာဖြင့် အပေါ်မှထပ်ကာ ရေးကူးထားသော ကျောက်စာပါ အက္ခရာများကို ခွါချ လိုက်သော အခါ အောက်ပါအတိုင်း အက္ခရာစာလုံးများကို ရလာပါသည်။ ထိုရလာသော အက္ခရာ စာ လုံးများကို ယနေ့သုံး အက္ခ ရာ များဖြင့် တစ်ခါ ဖလှယ်လိုက်သောအခါ ( ပုံ-၆ ) တွင် မြင်ရသည့်အတိုင်း ရရှိလာပါသည်။

ပုံ-၆

အာနန္ဒစန္ဒြကျောက်စာပါ အောက်ဆုံးစာကြောင်းတို နှစ်ကြေင်းကို ကွန်ပျူတာဖြင့် ပုံဖေါ်၍ ရရှိလာသော ယနေ့သုံးအက္ခရာများကို ပါမောက္ခဂျွန်စတင် တင်ပြထားသော အောက်ဆုံးစာကြောင်းရေ (၇၂-၇၃) သက္ကတ အသံ ထွက်၊ အင်္ဂလိပ်အက္ခရာ ဖလှယ်ရေးသားထားသည်နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ အောက်ပါအတိုင်း တွေ့မြင် ရသည်။( ပုံ-၇)

ပုံ-၇

ဤကဲ့သို့ စာရေးသူမှ ကျောက်စာပါ သက္ကတဘာသာဖြင့် ရေးသားထားသော အက္ခရာများကို ယနေ့ သုံးမြန်မာအက္ခရာများဖြင့် ဖလှယ်ပြီး ရလာသောစာလုံးများ၏ အဓိပ္ပါယ်ကိုသိရှိစေဖို့အတွက် သက္ကတ အဘိဓါန်ကျမ်း ပါဠိအဘိဓါန်ကျမ်းများဖြင့် ညှိနှိုင်းတိုက်ဆိုင် အဓိပ္ပါယ်ဖေါ်ယူလိုက်သောအခါ အောက် ပါအတိုင်း ရရှိလာသည်။

စာကြောင်း(၇၂) ပါ “သီရိကီက္တိသံပုရဏ္ဏ၀ိဇယ” စကားလုံးများ၏ အဓိပ္ပါယ်

1။ သီရိ=ကျက်သရေရှိစွာ၊တင့်တယ်စွာ၊

2။ ကီရက္တိ=ပေါ်လွင် ထင်ရှား၊ကျော်စောခြင်း၊

3။ သံပုရဏ္ဏ=ပြည့်စုံစွာ ၊

4။ ၀ိဇယ= ပြီးမြောက်သည်၊ အောင်မြင်သည်။ တစ်ဆက်စပ်တည်းဆိုလျှင်

(ကျက်သရေရှိစွာ ပေါ်လွင်၍ ပြည့်စုံစွာ ပြီးမြောက်အောင်မြင်သတည်း) ဟု အဓိပ္ပါယ်ကိုရရှိလေသည်။

စာကြောင်းရေ(၇၃)ပါ “ဧကာဒဿမဗ္ဒေ” = ဧက+ဒဿမ ၊ ကို တစ်လုံးချင်း အဓိပ္ပါယ် ဖေါ်ရမည်ဆိုသော်

“ဧက” သည် = တစ်(၁) ၊“ဒဿမ” = တစ်ဆယ်(၁၀) ၊ နှစ်ခုပေါင်းသော် ( ၁၁ )ခုနှစ်

ဟူ၍ အဓိပ္ပါယ်ကို ဖေါ်ယူရရှိလေသည်။ (ပုံ-၈)ရှု

ပုံ-၈

ဖေါ်ထုတ်ရရှိသော ကျောက်စာအောက်ခြေပါ (ဧကာဒသမ=၁၁) ဂဏန်းသည် မည်သည့်ဂဏန်း ဖြစ်သ နည်း၊ ကျောက်စာရေးထိုးခုနှစ်လား ၊ ကျောက်စာရေးထိုးခုနှစ်ဆိုလျှင် ရှေးခေတ်ရခိုင်ပြည်တွင် မည်သည့် သက္ကရာဇ် နည်း၊ သာသနာသက္ကရာဇ်လား၊ ကောဇာသက္ကရာဇ်လား ဆန်းစစ်ဖို့လိုအပ်သည်။

ရှေးခေတ်ရခိုင်ဒေသတွင် သုံးစွဲခဲ့သော သက္ကရာဇ်များမှာ သာသနာသက္ကရာဇ် နှင့် ကောဇာသက္ကရာဇ်ဟူ၍ နှစ်မျိုး သုံးစွဲခဲ့ ကြသည်ကို ရခိုင်ဒေသတွင် တွေ့ရှိရသော ကျောက်စာပါသက္ကရာဇ်များ ဒင်္ဂါးပါသက္ကရာဇ်များက သက်သေ ခံနေပေသည်။ ကျောက်စာအောက်ခြေပါ (ဧကာဒသမ=၁၁) ဟူသော ဂဏန်းကို သာသနာသက္ကရာဇ်ပြုလိုရာတွင် သက္ကရာဇ်ဖြိုခဲ့ကြသောနှစ်များ ၆၂၂+၅၆၀=၁၁၈၂ နှင့်ပေါင်းက သာသနာနှစ် ဖြစ်သည်ဟုအဆိုရှိကြသည်။ ယင်း နည်းဖြင့်တွက်ယူသော် အာနန္ဒစန္ဒြမင်းကျောက်စာရေးထိုးခဲ့သည့် သာသနာနှစ်သည် ၁၁+၁၁၈၂ = ၁၁၉၃ ခုနှစ် ဖြစ်ပေမည်။ သာသနာသက္ကရာဇ်ကို ၅၄၄ နှုတ်လိုက်ပါက ခရစ်နှစ် ဖြစ်သည်ဟု အဆိုရှိကြသည့်နည်းအတိုင်းတွက် ယူလျှင် (၁၁၉၃ - ၅၄၄ = 649 A.D) ခုနှစ် ဖြစ်ပေသည်။ နောက်တစ်ခါ ကောဇာ သက္ကရာဇ်ကို ပုံသေနည်း ၆၃၈ ဂဏန်း ပေါင်းပါကလည်း ခရစ်ဖြစ်သည်ဟု ဆိုကြ၏။ ထိုနည်းဖြင့်တွက်ယူမည်ဆိုသော် (၁၁+၆၃၈=၆၄၉ ) ခရစ် နှစ်ကို ရလေ သည်။

မှတ်ချက် ။ ။ ( အိန္ဒိယတွင် သက္ကမင်း သက္ကရာဇ်ဖြိုသည့်ခုနှစ်နှင့် ခေတ်ပြိုင် ခရစ်နှစ် မှာ 78 A.D ဖြစ် သည် ဆိုသည်။ ထို 78 A.D သည် ရခိုင်ဒေသသုံးသက္ကရာဇ် ၆၂၂ ညီမျှသည်။ ထိုသက္ကရာဇ် တွင် တတိ ယဓည၀တီခေတ် သူရိယစိတြမင်းစိုးစံနေသည့်အချိန်နှင့် ခေတ်ပြိုင်ဖြစ်ပြီး ထိုမင်းသည် ယင်းသက္က ရာဇ် ကိုဖြိုခဲ့ သည်ဟု ရခိုင်ရာဇ၀င်သစ်ကျမ်း၌ ဖေါ်ပြသလိုမြန်မာရာဇ၀င်အစောင်စောင်ကလည်း ယင်းသက္က ရာဇ်ကို သုမုန္ဒရီမင်းဖြိုသည်ဟု ရေးသားကြ၏ ။ ယင်းမှ ရေတွက်လာသော သက္ကရာဇ် ၅၆၂ ကိုရောက်ေ သာအခါ ၅၆၀ နှစ် ကို တစ်ကြိမ် ရခိုင်၌ သီရိစန္ဒြမင်း ထပ်မံသက္ကရာဇ်ဖြိုသလို မြန်မာရာဇ၀င်တွင်လည်း ပုပ္ပါးစော ရဟန်းမင်း ယင်းသက္ကရာဇ် ၅၆၀ ကို ဖြိုသည်ဟု မြန်မာရာဇ၀င် အစောင်စောင်တို့က ရေးသား ကြသည်ကိုတွေ့ရ၏ ဤကား ရာဇ၀င်အဆိုတည်း။)

(78+ 560=638) ပုံသေဂဏန်း ၆၃၈ ကို ရရှိပေသည်။)

အာနန္ဒစန္ဒြကျောက်စာအောက်ခြေ စာကြောင်း ၇၃ တွင်ပါသော (ဧကာဒဿမ=၁၁)ဟူသော သက္ကရာဇ်တို ဂဏန်းသည် ယင်းခေတ်က ရခိုင်ဒေသတစ်ခုတည်းတွင်သာ အသုံးပြုသလား၊ ပတ်ဝန်းကျင် တိုင်းနိုင်ငံ ဒေသများ တွင် ထိုသက္ကရာဇ်အတိုမျိုး အသုံးပြုမှုရှိသလားဟု လက်လှမ်းမီသမျှ ခေတ်ပြိုင်ပြရန် ရှာဖွေ ကြည့် ရာ ရခိုင်ဝေသာလီပြည်နှင့် ခေတ်ပြိုင် အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်သော သရေခေတ္တရာပြည် တွင် လည်း သက္ကရာဇ်အတို အသုံးပြုသည် ကိုတွေ့ရ ၏။ ထွန်းဖေါင်ဒေးရှင်းမှ ကမကထပြုလုပ်ပြီး (၃၁-၇-၂၀၁၂ / ၁-၈-၂၀၁၂)ထိ ပျူလူမျိုးနှင့် ပျူနိုင်ငံတော် စာတမ်း ဖတ်ပွဲ တစ်ခုကျင်းပခဲ့သည်။ ထိုစာတမ်းဖတ်ပွဲမှ စာတမ်း များကို စုပေါင်း၍ ၂၀၁၆ ခုနှစ်တွင် ပျူလူမျိုးနှင့် ပျူနိုင်ငံ တော် စာတမ်း(၂) ဟူ၍ ထွန်းဖေါင်းဒေးရှင်းမှ စာအုပ် အဖြစ် စီစဉ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ် စာမျက်နှာ ၃၂၀ ၌ စာတမ်းရှင် “ငထက်ပြည့်” ရေးသားသော “ပျူအရိုးအိုးစာ” စာတမ်းတွင် သရေခေတ္တရာပြည်၌ မင်းတို့၏ စိုးစံခဲ့သော ခုနှစ် သက္ကရာဇ်များမှာ ဂဏန်း အငယ်များသာဖြစ်ကြောင်း ဖေါ်ပြထားသည်ကို တွေ့ရသည်။ အရိုးအိုးစာ (ပုံ-၉)

ပျူဖတ်စာ ပျူအက္ခရာသမိုင်းစာအုပ်မှ ပျူအရိုးအိုးပါ စာများ

ပုံ-၉

ငထက်ပြည့်ရေးသော “ပျူအရိုးအိုးစာ”စာတမ်းမှ မင်းတို့၏နတ်ရွာစံသက္ကရာဇ်နှင့် သက်တော်တို့ကို ဖေါ်ပြထားပုံ

၁။ ဟရိဝိကြမ အရိုးအိုးစာ၊

၄၂ ခု၊ ၂လ ၊၉ရက်နေ့တွင် ဟရိဝိကြမမင်းကြီး နတ်ရွာစံသည်။ သက်တော် ၅၂နှစ် ၇လ၊ ၂၄ ရက်။

၂။ သီဟ၀ိကြမ အရိုးအိုးစာ၊

၄၄ ခု၊ ၉လ၊ ၂၀ ရက်နေ့တွင် သီဟ၀ိကြမမင်းကြီး နတ်ရွာစံသည်။သက်တော် ၈၀ နှစ်၊ ၂လ၊ ၄ရက်။

၃။ သူရိယ၀ိကြမ အရိုးအိုးစာ

၆၄ ခု တွင် သူရိယ၀ိကြမ နတ်ရွာစံသည်။ သက်တော် ၅၀နှစ် ၊ ၅လ။

၎။ သူရိယ၀ိကြမ ဆွေမျိုးတစ်ဦး အရိုးအိုးစာ၊

သူရိယ၀ိကြမမင်း ညီတော်(ကျောက်တော်ကြီးဘုရားမှာပါသော ? တတိဒ္ဒိ) အသက် ၃၅ နှစ်တွင်နတ်ရွာစံသည်။

ထိုအရိုးအိုပါ ကျောက်စာများ၏ ခုနှစ်သက္ကရာဇ်များကို သီရိပျံချီ ဆရာကြီး ဦးသာမြတ် ရေးသားသော History of Pyu Alphabet . ပျူဖတ်စာ ပျူအက္ခရာသမိုင်း စာအုပ်၊စာမျက်နှာ ၅၀-၅၁ တွင် သက္ကရာဇ်အတို ဂဏန်း များကို ကမ္ဘာ သုံးသက္ကရာဇ် ခရစ်နှစ် A.D ပြောင်း၍ ဖေါ်ပြရာတွင် အောက်ပါအတိုင်း ပုံသေ ကိန်း (၆၃၈) ဖြင့် ပေါင်း၍ သည်ကို တွေ့ ရသည်။

1/ Year 57 (A.D 695) 2nd month 24th day, Harivikrama, died, aged 41 Years.7 month and 9 days.

2/ Year 80 (A.D 718), 2nd month 4th day, Sihavikrama died, aged 44 years 9 months and 20 days.

3/ Year 50 ( A.D 688), 5 months, Suriyavikrama himself died aged 64 years.

4/ Year 30 ( A.D 668) Suriyavikra’s relatives died. ဟုတို့ဖြစ်၏။

( ဆရာကြီး ဦးသာမြတ်၏ ပျူဖတ်စာပျူအက္ခရာသမိုင်း စာအုပ် နှင့် ပျူလူမျိုး ပျူနိုင်ငံတော်စာအုပ် ဆရာ ငထက်ပြည့် စာတမ်း(၂) စာအုပ်တို့၌ အရိုးအိုးစာ မင်းတို့၏ နန်းစံနှစ် ခုနှစ်သက္ကရာဇ်များကို ဖေါ်ပြကြရာတွင် အနည်းငယ်ကွဲလွဲမှု ရှိသည်ကိုတွေ့ရ၏။ ဤကားစကားချပ်။ )

ပျူအရိုးအိုးစာဂဏန်းများကို သရေခေတ္တရာသုံး(၀ါ) ဒေသသုံး နန်းစံခုနှစ်သက္ကရာဇ်ဟု ပညာရှင်များ ကေ ဖ်ါပြကြပြီး ထို သက္ကရာဇ်အတို ခုနှစ်များကို ကမ္ဘာသုံးသက္ကရာဇ်ဖြင့် ဖေါ်ပြကြရာတွင် ပုံသေကိန်း ( ၆၃၈ ) ဖြင့် ပေါင်းကာ ခရစ် A.D အဖြစ် ပြောင်းလဲ ဖေါ်ပြ ကြသည်ကိုတွေ့ရသည်။ ထိုနည်းတူ ယနေ့ ဘင်္ဂလားေ ဒခ်ျ့နိုင်ငံ ဒက္ကား မြို့ အမျိုသားပြတိုက် ၌ရှိ သော ကြေးနီးအိုးတစ်လုံး၌လည်း ဒေ၀ါတိဒေ၀မင်း၏ နန်းတက် သက္ကရာဇ် (၇၇) ရေးထိုး ပါရှိသည် ကိုတွေ့ရ ၏။ ထိုကြေးနီးအိုး၏ ရာစု သက်တမ်းကို ဖေါ်ပြရာ၌ (8 Century) ဟု ရေးသားဖေါ်ပြ ထားသည် ကိုတွေ့ရ၏။

( မှတ်ချက်- ၇၇ + 638=715 A.D=8 Century)

တော်ဝင်ဂါးဒင်းဟိုတယ် ရန်ကုန်၌ 24 January 2018 နေ့တွင် ဖတ်ကြားခဲ့သော Seminar on Sanskrit Literature of Rakhine နိုင်ငံတကာ စာတမ်းဖတ်ပွဲတွင် Prof,Dr Arlo Griffiths ဖတ်ကြားခဲ့သော New Perspectives on Arakan in the first millennium its name, Dynastic history and Buddhist culture. စာတမ်းပါ ကြေးနီအိုး တစ်လုံးပုံ၏ အောက်ခြေ၌ ဖေါ်ပြထားသော မှတ်စုမှာ (copper-vase grant of Devatideva, regnal year 77 (8 century) height c 70 cm, Devatideva, Courtesy Bangladesh National Museum.ဟူ၍ ရေးထားသည်ကို တွေ့ရ၏။ “ Regnal year 77 (8 century)” ဒေသသုံး နန်းစံ သက္ကရာဇ် (၇၇) ခုနှစ်သည် အာနန္ဒစန္ဒြမင်းကျောက်စာ အောက်ခြေပါ (ဧကာဒသမ=၁၁) သက္က ရာဇ် တို ဂဏန်းမှ ဆက်၍ရေတွက်လာသော သက္ကရာဇ်လော ဆိုသည်ကို ကြေးနီးအိုးပါ ဒေ၀နာဂရီ အက္ခ ရာဖြင့် ရေးသားထားသော စာများကို အဓိပ္ပါယ်ဖေါ်နိုင်ရန်အတွက် ကျွန်တော်တို့ ဆက်လက် သုတေသနပြုရန် လိုအပ်နေပေသည်။ (ပုံ-၁၀)

ပုံ-၁၀

နောက်တစ်ခါ အနီးစပ်ဆုံးအဖြေမှန် တစ်ခုရရှိဖို့ အတွက် အာနန္ဒစန္ဒြမင်းကျောက်စာမှ ဂါထာမဟုတ်ဘဲ စကားပြေတစ်ပုဒ်ကို စတင် ခြေရာခံမိပါသည်။ ထိုဂါထာပိုဒ်တွင် ရေးထားသည့် စာသားတစ်ခု၏ အဓိပ္ပါယ် ကား( အာနန္ဒစန္ဒြမင်းသည် မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြင့် မင်းဖြစ်သည့် ပထမနှစ်မှစ၍ န၀မ နှစ်မြောက် သည် အထိ ပရဟိတ အများအကျိုးအတွက် ဆောင်ရွက်သည်) ဟု စာတစ်ကြောင်း ပါရှိပေ သည်။ (ပုံ-၁၁ ရှုပါ)

ပုံ-၁၁

အထက်ကျောက်စာပါ စကားရပ်အတိုင်းဆိုလျှင် အာနန္ဒစန္ဒြမင်းကြီးသည် ကျောက်စာ ရေးထိုးသည့် အချိန် တွင် နန်းသက်(၉)နှစ် ရှိနေပြီးဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။ သူသာ ကျောက်စာ ရေးထိုး ချိန်၌ နန်းသက် (၂၀) ရှိနေမည်ဆိုပါက (မင်းဖြစ်သည့်ပထမနှစ်မှ နှစ်ဆယ်နှစ်မြောက်သည် အထိ) ဟု မလွဲမသွေ သူ၏ဂုဏ်ပုဒ်ကို ပို၍ ပေါ်လွင်အောင် ရေးထိုးခဲ့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအာနန္ဒစန္ဒြမင်း သည် သူ၏ ကု သိုလ်ကောင်းမှုပြုလုပ်ခြင်းများ၊ အများအကျိုးကိုဆောင်ရွက်ခြင်း အကြောင်းအရာများကို ဤကျောက်စာတွင် တစ်ခု မကျန် အပြည့်အစုံ မှတ်တမ်းတင်ထားသောကြောင့် ဖြစ်ပါသည်။ ယခုသော်ကား(မင်းဖြစ်သည့်ပထမ နှစ်မှ န၀မနှစ် မြောက်သည် အထိ)ဟု ရေးထိုးပါရှိသောကြောင့် ကျောက်စာရေးထိုးချိန်တွင် အာနန္ဒစန္ဒြမင်းကြီးသည် ဧကန်အမှန် နန်းသက် (၉)နှစ် ဖြစ်နေသောကြောင့်သာ ဤသို့ ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

စာရေးသူ၏အမြင်ကိုပြောရလျှင် အာနန္ဒစန္ဒြမင်းကျောက်စာ အောက်ခြေ စာကြောင်းရေ (၇၃) ပါ (ဧကာဒသမ=၁၁) ဂဏန်းသည် ရခိုင်ဒေသသုံး ကောဇာသက္ကရာဇ် (၁၁) ခုနှစ်မှ အပ အခြားမဖြစ်နိုင်ပေ။ ခြုံငုံ၍ သုံးသပ်ရလျှင် အထက်တွင်ဖေါ်ပြခဲ့သော ပျူအရိုးအိုးစာပါ သက္ကရာဇ်တိုဂဏန်းများ၊ဘင်္ဂလားဒေခ်ျ့နိုင်ငံ အမျိုးသား ပြတိုက်မှ ကြေးနီးအိုးစာပါ ဒေ၀ါတိဒေ၀မင်း နန်းတက်သက္ကရာဇ်အတို (၇၇) ဂဏန်များကို နှိုင်း ယှဉ်ထောက်ဆ၍ အာနန္ဒစန္ဒြမင်းကျောက်စာ ရေးထိုးခုနှစ်သည် ရခိုင်ဒေသသုံး ကောဇာသက္ကရာဇ် (၁၁) ခုနှစ်၊သာသနာနှစ် (၁၁၉၃) ခုနှစ်၊ ခရစ်နှစ် (649 A.D)ခုနှစ်ဟု ကောက် ချက်ဆွဲရခြင်းဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားရှိ ဤအာနန္ဒစန္ဒြကျောက်စာတိုင်သည် မြန်မာ့သမိုင်းအတွက်သာမက ရခိုင်ဒေသအတွက်သော်လည်းကောင်း၊ ရခိုင်သမိုင်းအတွက် သော်လည်းေ ကာင်း အဖိုးအနဂ္ဃထိုက်တန်သော ၊ သမိုင်းတန်ဖိုးကြီးမားသော ကျောက်တိုင်ကြီး တစ်တိုင်ဖြစ်ပါ ကြောင်း ၊ ဤအာနန္ဒစန္ဒြ ကျောက်စာတိုင်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အားလုံးဝိုင်းဝန်းထိမ်းသိမ်းကြရန် လိုအပ်ပါကြောင်း ရေး သားလိုက်ရပါသည်။

ကိုးကား-

ကုန်သာဆရာတော်-ရာဇမတန်ကျမ်း၊ငါးကျမ်းတွဲ ၈ကြောင်းပေမူ ၁၂၀၈၊တံဆောင်မုံးလ္ဆန်ဆယ်ရက် ၄ဟူးနေ့။

မြန်မာတိုင်းရင်းကျောက်စာများ-စတုတ္ထတွဲ။ ရန်ကုန်တက္ကသိုလ်-1956။

ဦးအောင်သာဦး-ရခိုင့်ယဉ်ကျေးမှု ဝေသာလီခေတ် အတွဲ၁- အမှတ် ၁-1966 စက်တင်္ဘာ။

ဦးမြင့်ဆွေ-အာနန္ဒစန္ဒြသက္ကတကျောက်စာ၊ စာပေနှင့်လူမှုရေးသိပ္ပံဂျာနယ်၊အတွဲ၂၊အမှတ်၃၊1969။

သန်းထွန်း-M.A,. B.L., Ph.D(လန်ဒန်) ခေတ်ဟောင်းမြန်မာရာဇ၀င်-၁၉၆၉။

ဦးစံသာအောင်-ဘီအက်စီ(ဂုဏ်ထူး) မဟာဝိဇ္ဇာ(ဟားဗက်တက္ကသိုလ်)အာနန္ဒစန္ဒြရှစ်ရာစုရခိုင်ဝေသာလီမင်း၊1974။

ဦးမြင့်ဆွေ-ဓမ္မာစရိယ၊၀ိဇ္ဇာ(ဂုဏ်ထူး) မဟာဝိဇ္ဇာ(လန်ဒန်) သက္ကတသဒ္ဒါကျမ်း။ 1983။

ဦးသာမြတ်-သီရီပျံချီ ၊ ပျူဖတ်စာ၊ပျူအက္ခရာသမိုင်း၊ဒု-ကြိမ်၊၂၀၁၁။

ငထက်ပြည့်-ပျူအရိုးစာ စာတမ်း၊ ပျူလူမျိုးနှင့်ပျူနိုင်ငံတော် စာတမ်း(၂) ၂၀၁၆။

ဦးဟုတ်စိန် ဘီအေ(ဂုဏ်ထူး) ဘီအယ်လ်၊ ပါဠိမြန်မာအဘိဓါန်

E.H Johnston-Some Sanskrit Inscriptions of Arakan.

Prof,Dr.Arlo Griffiths- New Perspectives on Arakan in the first millennium its name, Dynastic history and Buddhist culture.။24 January 2018

https://m.facebook.com/1323282174473094/posts/1328202693981042/

 

Credit >Razar Min

Comments